စာရေးတတ်ခြင်းဟာ လွယ်သလိုလိုနဲ့ ခက်တယ်။ ခက်သလိုလိုနဲ့ လွယ်တယ်။ စာကို ဦးနှောက်ကနေ ရေးဖို့က လွယ်တယ်။ စိတ်ကနေ အလိုလို ရေးနေဖို့ကတော့ခက်တယ်။ လက်ကနေ အလိုလိုရေးနေဖို့ဆိုတာလည်း ခက်တယ်။ စိတ်ကနေ အလိုလိုရေးနေဖို့အတွက်၊ အရေးအကြီးဆုံးကတော့ ဈာန်ဖြစ်ပါတယ်။ ဈာန်ဝင်စားမှုဖြစ် ပါတယ်။ mood လို့ ပြောရင်လည်း ရနိုင်မယ်ထင်တယ်။ ဈာန်ဝင်စားမှုမရှိဘဲနဲ့ စာရေးတဲ့အခါ၊ ဖတ်ရတဲ့စာက တစ်ခုခုလိုနေသလိုလိုဖြစ်တယ်။ သွက်မနေဘူး။ ရင်ထဲ မရောက်ဘူး။ တခုခုလိုနေတယ်။ ဦးနှောက်က အဆီ အနှစ်တွေ ညစ်ထုတ်ပေးပေမယ့် စိတ်က ဈာန်ဝင်စားမှု မနက်နဲတဲ့အခါ၊ စာက ဖတ်သူရင်ထဲကို ဒိုင်းခနဲ မရောက်ဘူး။ စိတ်က ရေးနိုင်ဖို့အတွက် ဈာန်ဝင်စားမှုလိုတယ်။ ဒီ့အတွက် စာပေမှာ ဘယ်လောက်အထိ သမာပတ်ဝင်စားထားနိုင်သလဲဆိုတဲ့ အလေ့အကျင့်က စကားပြောလာတယ်။ စာပေသမာပတ်ကို ဘယ်လောက်ထိ ဝင်စားနိုင်သလဲဆိုတာ ဈာန်နဲ့ ဆိုင်တယ်။

နောက်တစ်ခုက လက်က ရေးတာ။ လက်က အလိုလို ရေးထွက်ဖို့ကျတော့၊ အရေးအကြီးဆုံးက အလေ့အကျင့်။ အလေ့အကျင့်ကို ထုံနေအောင်၊ အသားသေထားအောင် လေ့ကျင့်မထားရင် ဘယ်ေလောက် တွေးထားမြင်ထားတဲ့စာဖြစ်ဖြစ်၊ လက်ဆီရောက်တဲ့အခါ ရပ်သွားတယ်။ စက္ကူပေါ်ကို ကိုယ့်ရေးချင်တဲ့စာက မရောက်တော့ဘူး။ ကိုယ်တွေးထားတာ၊ ကိုယ်မြင်ထားတာ၊ ကိုယ်ယူဆထားတာ၊ ကိုယ်ဖန်တီးချင်တာဟာ တိုက်ရိုက် မရောက်တော့ဘူး။ စိတ်ထဲမှာ တွေးထားတာ၊ မြင်ထားတာ၊ ဖန်တီးထားတာက တစ်မျိုး။ စက္ကူပေါ်၊ စခရင်ပေါ်မှာ ရေးချင်လိုက်တော့ တစ်မျိုးကြီးဖြစ်တယ်။ ဒါက ဘာလို့လဲဆိုတော့ လက်ရဲ့ လေ့ကျင့်မှု အသား မသေသေးလို့ဖြစ်တယ်။ တနည်း၊ လေ့ကျင့်မှု အထုံလျော့ခဲ့လို့ ဖြစ်တယ်။ လက်က အလိုလိုရေးထွက်နိုင်အောင် ထိ လေ့ကျင့်ရည်ဝထားဖို့ လိုတယ်။ ဒါက စာ တကယ်ရေးမယ့်သူအတွက် သတိထားရမယ့် အလေ့အကျင့်။

စာရေးခြင်းဆိုတာ၊ စိတ်ရယ် ဦးနှောက်ရယ် လက်ရယ် ၊ ဒီသုံးခုတဲ့ဆက်သွယ်မှုဖြစ်တယ်။ ဦးနှောက်ရယ်၊ လက်ရယ်၊ စိတ်ရယ် ဆက်သွယ်မှုဟာ ဟာမိုနီဖြစ်လေလေ စာဟာ သွက်လေလေ၊ ချောလေလေဖြစ်တယ်။ စိတ်ရဲ့ နက်နဲမှုနဲ့ ဦးနှောက်ရဲ့ ဖြည့်ကျင့်မှု ကောင်းလေလေ စာရဲ့ တန်ဖိုးက မြင့်လေလေပဲ။ တစ်ဖက်မှာလည်း လေ့ကျင့်ရည်ဝမထားတဲ့ ကလောင်ဖြစ်နေရင်၊ စာဟာ စိတ်ထဲမှာ ဖြစ်နေသလောက် ထုတ်ကုန်အနေနဲ့ ပေါ်မလာဘူး။ ထုတ်လိုက်တိုင်း မထွက်ဘူး။ တစ်ခုခုမှာ ချို့နေတတ်တယ်။ စာရေးတဲ့အခါမှာ၊ စာရေးသက် ပေါက်စဘဝက ဘယ်လောက်ထိ ကလောင်နဲ့ လက် တစ်သားတည်းကျအောင် အရေးအသားပိုင်းကို လေ့ကျင့် ခဲ့သလဲဆိုတာ စကားပြောတယ်။

စာရေးခြင်းဟာ အနုပညာတစ်ခုဖြစ်ပါတယ်။ စာရေးတဲ့နေရာမှာ အနုပညာ ဟာ အလိုလိုပါလာတယ်။ စာဆိုတာ စကားလုံးတွေ၊ အက္ခရာတွေနဲ့ စိတ်နဲ့ ဦးနှောက်ကို လွှမ်းမိုးပြုပြင်ကိုင်လှုပ်တာဖြစ်စေခြင်းကြောင့်၊ စာရေးခြင်း မှာ အနုပညာပါရတယ်။ ပါလည်း ပါနေတယ်။ အနုပညာကို နားမလည်တဲ့ စာရေးကောင်းတဲ့သူဆိုတာတောင် သူ့မသိစိတ်ထဲမှာ အလိုလိုအနုပညာကို နားလည်နေလို့ဖြစ်တယ်။ စာရေးခြင်းနဲ့ အတွေးအခေါ်တွေ၊ ခံစားချက် တွေ၊ အာရုံတွေကို နှိုးဆော်စီရင်ပေါင်းကူးရတာဖြစ်တာကြောင့် စာရေးခြင်းဟာ အနုပညာအလုပ်ဖြစ်သလို၊ အတတ်ပညာအလုပ်လည်းဖြစ်နေတယ်။ အဲသည့်အထဲမှာ အသိပညာလည်း ပါနေတယ်။

စာရေးခြင်း နည်းနာဆိုတာလည်း တကူးတက ရှာနေရတာ မဟုတ်ဘူး။ အာရုံစိုက်ပြီး နာနာဖတ်တာများလာရင် နည်းနာကို အလိုလို စိတ်ထဲက နားလည်နေတဲ့သဘော။ ဒီလိုဖြစ်လာတယ်။ နည်းနာကို သင်ပေးပြီး ရေးရင် ကောင်းလာချင်မှ ကောင်းလာမယ်။ စာရေးနည်းမှာ ရုံးစာရေးနည်း၊ အစီရင်ခံစာရေးသားနည်း၊ သတင်းရေးသား နည်းတွေမှာ သင်တန်းတွေ ရှိပေမယ့်၊ အနုပညာမြောက်စွာ ရေးခြင်းမှာတော့ သင်တန်း မရှိဘူး။ အဲဒါက ရေးသူ ရဲ့ ဖြည့်ကျင့်မှုနဲ့ပဲ ဆိုင်တယ်။ ရေးသူရဲ့ စာပေဈာန်သမာပတ်ဝင်စားမှုနဲ့ပဲ ဆိုင်တယ်။ စာပေပရိယတ်ကို ဘယ် လောက်အထိ ထုံမွှမ်းထားခဲ့သလဲဆိုတာနဲ့ပဲ ဆိုင်တယ်။ ပြီးတော့ ရေးသူရဲ့ ဖြတ်သန်းမှုနဲ့ဆိုင်သလို၊ ရေးသူရဲ့ အာရုံစူးရှထက်သန်မှု သဘာဝနဲ့လည်း ဆိုင်နေပြန်တယ်။

လူထုကို လွှမ်းမိုးနိုင်တဲ့စာမျိုးရေးနိုင်ဖို့အတွက် ထူးခြားသော နည်းလမ်း မရှိပါ။ ဦးနှောက်ဟာ အသိအကြောင်း အချက်ကို လိုလားတောင့်တနေတဲ့ အာသာချင်ခြင်း မပြတ်ရှိနေဖို့ လိုတယ်။ ဒါက တစ်ချက်။ စိတ်မှာ စာပေ ဈာန်သမာပတ်ကို ဝင်စားနိုင်တဲ့ သမာဓိမျိုး မွေးမြူထုံမွှမ်းထားနိုင်ဖို့ လိုတယ်။ ဒါက နောက်တစ်ချက်။ ကလောင် ကို ကိုင်ထားတဲ့လက်ဟာ စုတုပြုရင်း တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင် ဖန်တီးရေးသားလေ့ကျင့်ရည်ဝ ထားနိုင်ခြင်းဖြစ်တယ်။ ဒါကတော့ နောက်ဆုံးတစ်ချက်။ ဒီသုံးချက်လုံလုံလောက်လောက်ရှိရင်၊ စာကို တစိုက် မတ်မတ် မပြတ်ရေးနေရင်း အလိုလိုကောင်းလာနေမှာပဲ။ သူ့အလိုလိုကို ကောင်းလာနေတာ။ တမင်တကာ ဂရုစိုက်ပြီး ရေးနေစရာ မလိုအောင်ကို ကောင်းနေလိမ့်မယ်။ ကျနော့် ယူဆချက်ကတော့ ဒီသုံးချက်ပဲ လိုတယ် ထင်တယ်။

စာရေးခြင်းဟာ အနုပညာအလုပ်ဖြစ်ပါတယ်။ အနုပညာအလုပ်ဖြစ်ခြင်းကြောင့် စိတ်မပါရင် ဘယ်တော့မှ မရဘူး။ စိတ်က အရေးကြီးတယ်။ စိတ်ရဲ့ အခြေအနေက အရေးကြီးတယ်။ စိတ်ရဲ့ တိမ်းညွှတ်ချက်က အရေးကြီးတယ်။ စာရေးခြင်းဟာ စိတ်မှတ်တမ်းလည်းဖြစ်တယ်။ ကိုယ်ဘာကို တွေးသလဲ၊ ကိုယ်ဘာကို မြင်သလဲ၊ ကိုယ်ဘာကို ကြည့်သလဲ၊ ကိုယ်ဘာကို ခံစားသလဲ၊ ကိုယ်ဘာကို နားလည်ထားသလဲဆိုတာကို မှတ်တမ်းတင်ထားခြင်းဖြစ်တယ်။ စိတ်မှတ်တမ်းကို အက္ခရာနဲ့ စကားလုံး ဝေါဟာရတွေ သုံးပြီး လူတွေရဲ့ ဦးနှောက်၊ စိတ်နဲ့ နှလုံးသားတွေဆီ ပေါင်းကူးဖြစ်တည်စေလိုက်ခြင်းဖြစ်တယ်။ ဒါဟာ စာရေးခြင်းဖြစ်ပါတယ်။

စာပါ ဖော်ပြတဲ့ ခံစားချက် အတိမ်အနက်နဲ့ အကြောင်းအရာ အကျယ်အပြန့်ကို ကြည့်ပြီးတော့ ရေးသူရဲ့ အဇ္ဈတ္တဓာတ်ခံကို မှန်းဆနိုင်တယ်။ ပုံဖော်နိုင်တယ်။ အဓိပ္ပာယ်ဖွင့်နိုင်တယ်။ ကျနော် ဘာတွေးသလဲ၊ ကျနော် ဘာမြင်သလဲ၊ ကျနော် ဘယ်လို ခံယူသလဲ၊ ကျနော် ဘယ်လို ခံစားသလဲ၊ ကျနော် ဘယ်လိုကြည့်သလဲ၊ ကျနော် ဘယ်လိုနားလည်သလဲဆိုတဲ့ မှတ်တမ်းဟာ ကျနော်ရေးတဲ့စာတွေဖြစ်လာပါတယ်။ ဒီလိုနည်းနဲ့ စာရေး ခြင်းနဲ့ ကျနော် အသားကျလာပါတယ်။

မင်းသေ့
ည ၁၁ း ၃၂
၂၇ ၊ ဇွန်၊ ၂၀၂၀။

Previous post ၂၀၂၀ ရွေးကောက်ပွဲ နှင့် ပါတီစုံစနစ် အသက်ဝင်ဖွယ်ရာ ရှိ / မရှိ
Next post ယောင်ဝါးလူ့အဖွဲ့အစည်း (အသံထွက်ဆောင်းပါး)

One thought on “▄ စာပေဈာန်သမာပတ်

  1. ခက်တယ်အကိုရာ။translation 4days
    လောက်လုပ်တာ။unicode ကလည်းစာမမှ န်သေး။

Comments are closed.