၂၀၂၀ ရွေးကောက်ပွဲ နှင့် ပါတီစုံစနစ် အသက်ဝင်ဖွယ်ရာ ရှိ / မရှိ

ရွေးကောက်ပွဲ မရှိရင် ဒီမိုကရေစီ မရှိဘူး လို့ ဆိုတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ရှိတိုင်း ဒီမိုကရေစီ ရှိတာတော့ မဟုတ်ဘူး။ အဲသည့်ရွေးကောက်ပွဲဟာ ဘယ်လောက် ဒီမိုကရေစီနည်းကျသလဲဆိုတာကို ပြန်တိုင်းတာရမယ်။ အာဏာရှင်တစ်ပိုင်းတစ်စဖြစ်တဲ့နိုင်ငံတွေမှာ၊ အစိုးရကို ရွေးကောက်ပွဲနဲ့ ရွေးတာပဲ။ ဒါပေမယ့် ရွေးကောက်ပွဲ ဟာ ဒီမိုကရေစီ အပြည့်အဝ မရှိဘူး။ အခြေခံအားဖြင့်တော့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ် သလားဆိုတဲ့ စံနဲ့ တိုင်းတယ်။

ထပ်ချဲ့ရင်၊ ရွေးကောက်ပွဲ စံတွေကို ထပ်တွေ့နိုင်သေးတယ်။ ဥပမာအားဖြင့် – အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့်ရှိသလား၊ လူတစ်ယောက် မဲတစ်မဲဖြစ်သလား။ လျှို့ဝှက်မဲစနစ်ဖြစ်သလား။ ကိုယ်စားလှယ်ကို တိုက်ရိုက်ရွေးကောက်လို့ ရသလား။ စတဲ့အချက်တွေ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကြည့်ရင်၊ မြန်မာပြည်မှာ ဒီအခြေခံနှုန်းစံတွေ ရှိတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့်အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ဒါကို ပစ်ထားလို့တော့ မရဘူး။ မဲစာရင်းတွေ မှန်မှန်ကန်ကန်နဲ့ ထုတ်ပြန်နိုင်ဖို့လည်း လိုတယ်။ လူတွေ မဲပေးချင်လောက်အောင် မျှော် လင့်ချက်ထားနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းမျိုးလည်း ရှိဖို့ လိုသေးတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာတော့၊ ရွေးကောက်ပွဲဆိုတာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အစိတ်အပိုင်းလို့ ပြောချင်ပါတယ်။ ရွေးကောက်ပွဲ တစ်ခုတည်းဟာ ဒီမိုကရေစီရှိခြင်း မရှိခြင်းကို အလုံးစုံ ကိုယ်စားပြုတာတော့ မဟုတ်သေးဘူး။ အဲသည်လိုဖြစ်ရင်တော့၊ ရွေးကောက်ပွဲ ဒီမိုကရေစီ အဆင့်ပဲ ရလိမ့် မယ်။ ရွေးကောက်ပွဲသာ ရှိပြီး တခြားသော ဒီမိုကရေစီ နှုန်းစံတွေ မရှိတဲ့ ပုံစံဖြစ်သွားမယ်။ Competitive Authoritarian လို့ခေါ်တဲ့ ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်သာဖြစ်မယ်။ ဒီမိုကရေစီ အစစ်မဟုတ်ဘူး။ ဒီတော့ ရွေးကောက်ပွဲ ဒီမိုကရေစီအဆင့်မှာပဲ ရပ်မနေဖို့ လိုတယ်။ တစ်ဖက်မှာလည်း ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ် မျိုး မဖြစ်ဖို့ လိုတယ်။

ကွက်ကြည့်လို့ မရ

ကျနော်တို့က ရွေးကောက်ပွဲဖြစ်စဉ်ကို ကြည့်ရင်၊ ရွေးကောက်ပွဲ ကျင်းပတဲ့ကာလကိုပဲ ကွက်ကြည့်လို့ မရဘူး။ ရွေးကောက်ပွဲဖြစ်စဉ်ဆိုတာ စက်ဝိုင်းလို ဖြစ်စဉ်အနေနဲ့ ရှိတယ်။ ရွေးကောက်ပွဲ မတိုင်ခင်၊ ရွေးကောက်ပွဲ ကျင်းပနေဆဲ၊ ရွေးကောက်ပွဲ ကျင်းပ အပြီး၊ ရွေးကောက်ပွဲအလွန်ကာလတွေဆိုပြီး အပိုင်းတွေ ခွဲပြီး တစ်ဆင့် ချင်းစီ လုပ်ရမယ့် အရာတွေ ရှိတယ်။ မဲပေးပြီး ပြီးသွားတာ မဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့အစိုးရဟာ ဘယ်လောက်ထိ ဒီမိုကရေစီကို အသက်ဝင်အောင် ကျင့်သုံးသလဲ။ ဒီမိုကရေစီကျင့်ထုံးတွေကို ဘယ်လောက် အထိ အုတ်မြစ်ချနိုင်သလဲ။ အစိုးရကိုယ်တိုင်က ဘယ်လောက်ထိ ဒီမိုကရေစီအပေါ်တိမ်းညွှတ်မှုရှိသလဲဆိုတာ တွေ အကဲဖြတ်ဖို့ လိုသေးတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲကို အဓိကယှဉ်ပြိုင်တာက နိုင်ငံရေးပါတီတွေ။ အစိုးရဖြစ်လာတဲ့ နိုင်ငံရေးပါတီဟာ ပါတီမူဝါဒအနေနဲ့ရော၊ ပါတီကျင့်ထုံးအနေနဲ့ပါ ဒီမိုကရေစီအပေါ် ဘယ် လောက်ယုံကြည်သက်ဝင်သလဲဆိုတာပါ ကြည့်ရမယ်။

ပုံမှန်ရွေးကောက်ပွဲ

၂၀၂၀ ရွေးကောက်ပွဲဟာ ၁၀ နှစ်သက်တမ်းရှိလာတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးခရီးမှာ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဆိုတာမှာ နောက်ထပ်နှုန်းစံတစ်ခုရှိသေးတယ်။ အဲဒါကတော့ ပုံမှန်ရွေးကောက်ပွဲ ကျင်းပရမယ်ဆိုတဲ့ကိစ္စ။ Regular Election ပေါ့။ သမိုင်းမှာ ပြန်ကြည့်ရင်၊ အစိုးရတစ်ရပ်ဟာ ရွေးကောက်ပွဲနဲ့တော့ တက်လာတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနဲ့ တက်လာတဲ့အစိုးရကပဲ ရွေးကောက်ပွဲကို ဖျက်ပစ်တာ ရှိတယ်။ ဟစ်တလာဂျာမနီဟာ ဥပမာကောင်းပေါ့။ ဒီတော့ ကျနော်တို့ဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်၊ ငါးနှစ်တစ်ကြိမ် ကျင်းပရမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကျင်းပဖြစ်အောင်ကို လုပ်ရမယ်။ ကမ္ဘာစစ်ဖြစ်နေတဲ့အချိန်က လွဲလို့ပေါ့။ အဲသည်လိုမှ မဟုတ်ရင် ဘယ်လိုအကြောင်းပြချက်မှ မပေး နဲ့။ ရွေးကောက်ပွဲ လုပ်ချိန်တန်ရင် တည်ဆဲအာဏာရအစိုးရဟာ ရွေးကောက်ပွဲကို မဖြစ်မနေကို ကျင်းပပေး ရမယ်။ အဲဒါဟာ guarantee ဖြစ်တယ်။ အာမခံချက်ဖြစ်တယ်။ credit ဖြစ်တယ်။

ဒီတော့ ၂၀၂၀ ရွေးကောက်ပွဲ ဟာ ဒီမိုကရေစီအစဉ်ဇယားအတိုင်း လည်တဲ့သဘောဖြစ်တယ်။ ဒါကို ဆက်လှည့် ရမယ်။ ပြည်သူကလည်း ရွေးကောက်ပွဲရဲ့တန်ဖိုးကို သိရမယ်။ နိုင်ငံရေးပါတီတွေကလည်း ပြည်သူတွေ အိမ်ထဲ က အိမ်ပြင်ထွက် မဲပေးချင်စိတ်ရှိအောင် ကိုယ့်ဘက်က လောက်လောက်လားလား ရှိဖို့ လိုတယ်။ ပြည်သူဟာ သူနဲ့တန်တဲ့အစိုးရကို ရတယ်ဆိုတဲ့စကားရှိတယ်။ တချို့ကလည်း ဒီလိုပြောတာ မကြိုက်ဘူး။ မကြိုက်ပေမယ့်၊ ဒါက စဉ်းစားရမယ်။ “အကန်းကမ္ဘာမှာ တစ်ဖက်လပ်တွေ မင်းမူတာ မဆန်းဘူး” ဆိုတဲ့စကားလည်း ရှိတယ်။ ဒီတော့ ပြည်သူဟာ အ,လို့ မရဘူး။ လက်ရှိကျနော်တို့ မြန်မာပြည်သူတွေဟာ မ,အ ကြတော့ပါဘူး။ ဒါပေမယ့် ကာယကံမြောက် မ,အ ကြဖို့တော့ လိုနေသေးတယ်။ တော်တော်များများက အ,တော့ မ,အ ဘူး။ လက်တွေ့ မှာတော့ အလိမ်ခံနေကြသေးတာ တွေ့ရတယ်။ ဒါကို သတိထားဖို့တော့ လိုတယ်။

ပါတီစနစ် / ရွေးကောက်ပွဲစနစ်

မြန်မာပြည်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တာကို ကြည့်မယ်ဆိုရင်၊ အဓိက ပတ်သက်တာ (၂) ခု။

ပါတီစနစ်နဲ့ ရွေးကောက်ပွဲစနစ်။ လူတော်တော်များများက ပါတီစနစ်နဲ့ ရွေးကောက်ပွဲကို ခွဲတောင် သိပ်မသိကြဘူး။ ရောနေကြတယ်။ ဒါကလည်း နိုင်ငံရေးရေချိန်နဲ့ ဆိုင်တယ်။ ပါတီစနစ်နဲ့ ရွေးကောက်ပွဲဆိုတာ ပေါင်းပြီး ပြောရတာ မဟုတ်ဘူး။ ခွဲပြီး ပြောရမယ့်ကိစ္စ။ Political System လို့ ခေါ်တဲ့ပါတီစနစ်ဆိုတာကို မြန်မာ ပြည် ကျင့်သုံးတာက “ပါတီစုံစနစ်” ။ multiparty စနစ်ပေါ့။ ရွေးကောက်ပွဲစနစ်ကိုတော့ electoral system လို့ ခေါ်တယ်။ အဲသည်မှာ FPTP (First pass the post) လို့ခေါ်တဲ့ နိုင်သူအကုန်ယူစနစ်ကို ကျင့်သုံးတယ်။ ဒီစကားလုံးက မြင်းပွဲက လာတဲ့စကားလုံးဖြစ်တယ်။ နှာတစ်ဖျားသာတာနဲ့ အကုန်ယူကြေး၊ အကုန်စားကြေး ဆိုတဲ့သဘော။ ဒီတော့ ကိုယ်စားပြုမှုမှာ မျှတမှုတော့ နည်းတယ်။ အများစုကို အသားပေးပြီး အနည်းစုကို ဗဟို ပြုတာ မဟုတ်ဘူး။ ပီအာ (PR – Proportional Representative) လို့ခေါ်တဲ့ ရွေးကောက်ပွဲစနစ်ကတော့၊ ကိုယ်စားပြုမှု မျှတတဲ့သဘောရှိတယ်။ လစ်ဘရယ်ဒီမိုကရေစီမှာ၊ အများစုဆန္ဒကို ဦးစားပေးပြီး အနည်းစုရဲ့ အခွင့်အရေးတွေကိုလည်း ကာကွယ်ပေးရမယ်ဆိုတဲ့ စံရှိတယ်။ ကျနော်တို့ နိုင်ငံက နိုင်သူအကုန်ယူစနစ် (FPTP) ကို သုံးတာဖြစ်ပေမယ့်၊ အနည်းစုကိုယ်စားပြုမှုကိုလည်း အလေးထားစဉ်းစားဖို့ လိုတယ်။ မြန်မာပြည်မှာ လူမျိုးစုပါတီတွေ အများကြီး ရှိတယ်။ ပြည်မမှာလည်း နိုင်ငံရေးပါတီငယ်တွေ အများကြီးရှိတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ဟာ မြန်မာပြည်မှာ ဘယ်လောက်အတိုင်းအတာအထိ ပါတီစုံစနစ် ဖွံ့ဖြိုးသလဲဆို တဲ့ အဖြေကို ထုတ်ပေးနိုင်လိမ့်မယ်။ သမိုင်းကို ပြန်ကြည့်ရင် မြန်မာပြည်မှာ ဘယ်တုန်းကမှ ပါတီစုံစနစ် ကောင်းကောင်းဖြစ်ထွန်းခဲ့တယ်ဆိုတဲ့ သာဓက မတွေ့ရဘူး။ ပါလီမန်ဒီမိုကရေစီခေတ်က ပါတီစုံစနစ်ကို ကျင့် သုံးတာပဲ။ တကယ်လက်တွေ့မှာ ဖဆပလသာ ကြီးစိုးတဲ့ စနစ်ဖြစ်ခဲ့တယ်။ တခြားသော ပါတီတွေ ပါဝင်မှု အားမကောင်းခဲ့ဘူး။ ပြီးတော့ ပါလီမန်ဒီမိုကရေစီကို စစ်အာဏာသိမ်းမှုနဲ့ နိဂုံးချုပ်သွားတယ်။ မြန်မာပြည်မှာ ပါလီမန်နိဂုံးရဲ့ စစ်အာဏာသိမ်းမှုကို ကြည့်ရင် ဗားရှင်းနှစ်မျိုးတောင် ထွက်တယ်။ အိမ်စောင့်အစိုးရ ဗားရှင်းနဲ့ တော်လှန်ရေးကောင်စီဗားရှင်း ဆိုပြီးတော့ ခွဲကြည့်နိုင်တယ်။ အိမ်စောင့်အစိုးရဗားရှင်း အာဏာသိမ်းမှုက စစ်တပ်အာဏာသိမ်းမှုကို တရားဝင်ဗားရှင်းဖြစ်အောင် လုပ်ထားတဲ့ ပုံစံ။ ၆၂ မတ်လ ၊ တော်လှန်ရေးကောင်စီ အာဏာသိမ်းမှုကတော့ တရားမဝင်တဲ့ဗားရှင်း ပုံစံ။ ဒီတော့ စစ်အာဏာရှင်က လက်ပြောင်း အသွင်ပြောင်းပြီး အုပ်ချုပ်လာတာ နှစ်ပေါင်း ၅၀ နီးပါး။ နှစ်ပေါင်း ၅၀ ဆိုတာ ရာစုနှစ်တစ်ဝက်။ ဒီတော့ ရွေးကောက်ပွဲလည်း သေ။ ဒီမိုကရေစီဆိုတာလည်း မမြင်ရ။ ဒီတော့ ရွေးကောက်ပွဲနဲ့ အဆက်ပြတ်နေတဲ့ မြန်မာလူထုဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြန်လည်း အသားကျဖို့ လုပ်ရအုံးမယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲ အလေ့အကျင့်နဲ့ မဲပေးတဲ့ဓလေ့ကို ပြန်လည် ထူထောင်တဲ့သဘော။ ဒီတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက် အရေးကြီးတယ်။

ပါတီစုံအသက်ဝင်ပါ့မလား

အခု ၂၀၂၀ အလွန် အခင်းအကျင်းမှာလည်း ဘယ်လောက်ထိ ပါတီစုံအသက်ဝင်မလဲဆိုတာက အဖြေဖြစ် တယ်။ ၂၀၂၀ အလွန်အခင်းအကျင်းက တစ်ပါတီကြီးစိုးတဲ့စနစ်ဖြစ်လာမလား။ ပါတီစုံစနစ်ဖြစ်လာမလား။ သမိုင်းမှာတော့ မြန်မာ့နိုင်ငံရေးဓလေ့ဟာ ပါတီစုံစနစ်ဖြစ်ထွန်းခဲ့တဲ့ အခြေအနေ ရှိကို မရှိခဲ့ဘူး။ လက်ရှိမှာတော့ ပါတီစုံစနစ် ဖြစ်ထွန်းလာမလားဆိုတာ စောင့်ကြည့်ဖို့ လိုတယ်။ မျှော်လက်ချက်အနေနဲ့ကတော့ များများစားစား မျှော်လင့်လို့ မရသေးဘူး။ မြန်မာပြည်ဟာ တစ်ပါတီကြီးစိုးတဲ့စနစ်ပဲ ဖြစ်နေလိမ့်အုံးမယ်။ ပါတီစုံစနစ်ဖြစ်ထွန်း အသက်ဝင်ဖို့ အလားအလာ နည်းနေတယ်။ ပါတီစုံစနစ်ဖြစ်ထွန်းဖို့ ဆိုတာလည်း ကျေးဇူးပြုထောက်ပံ့မှုတွေ အများကြီး လိုတဲ့သဘောရှိတယ်။ တစ်ခုတည်းနဲ့ မရဘူး။ တစ်ချက်တည်းနဲ့ မရဘူး။ multifactors သဘောဖြစ် တယ်။

ပါတီစုံစနစ်ဖြစ်ထွန်းဖို့အတွက်၊ နိုင်ငံရေးဓလေ့နဲ့လည်း ဆိုင်တယ်။ မြန်မာပြည်သူလူထုဟာ အုံလိုက်ကျင်းလိုက် သောင်ပြုကမ်းပြို မဲပေးတတ်တဲ့အလေ့ရှိတယ်။ ပါလီမန်ခေတ် ဖဆပလခေတ်ကိုလည်း ကြည့်လို့ရတယ်။ ၉၀ ရွေးကောက်ပွဲကိုလည်း ကြည့်လို့ရတယ်။ ၂၀၁၅ ရွေးကောက်ပွဲကိုလည်း ကြည့်လို့ရတယ်။ ဒီအခြင်းအရာတွေ ကို ကောက်ကြည့်ရင် မြန်မာ့နိုင်ငံရေးဓလေ့ဟာ သောင်ပြိုကမ်းပြို အုံလိုက်ကျင်းလိုက်မဲပေးတတ်တဲ့ဓလေ့ကို မဖြောက်နိုင်သေးဘူး။ ဒါဆိုရင် သေချာတယ်။ ပါတီစုံစနစ်ဖြစ်ထွန်းဖို့ မလွယ်နိုင်သေးဘူး။ နောက်တစ်ချက်က ရွေးကောက်ပွဲစနစ်။ ရွေးကောက်ပွဲစနစ်မှာ၊ နိုင်သူ အကုန်ယူ စနစ် (FPTP) ကို ကျင့်သုံးတာကြောင့်၊ ပါတီငယ် တွေ အခွင့်အရေးရဖို့ မသေချာဘူး။ FPTP နဲ့ multiparty ပေါင်းခြင်းရဲ့ ရလဒ်ဟာ one-party dominant system လို့ခေါ်တဲ့ တစ်ပါတီကြီးစိုးတဲ့စနစ်၊ ဒါမှ မဟုတ် နှစ်ပါတီကြီးစိုးတဲ့စနစ် (two-party dominant system) ပဲဖြစ်ထွန်းလို့ တကယ်ပါတီစုံစနစ်ဖြစ်ဖို့ မသေချာဘူး။ မရေရာဘူး။ မြန်မာပြည်ဟာ ပြည်မမှာ လက်ရှိအာဏာရပါတီကိုပဲ အုံလိုက်ကျင်းလိုက်၊ သောင်ပြိုကမ်းပြို မဲပေးဖို့ အလားအလာရှိတယ်။ ပြည်နယ်တွေ မှာတော့ လူမျိုးစုပါတီတချို့ မဲယူနိုင်လိမ့်မယ်။ ဒါပေမယ့် ဒါကလည်း ပြည်နယ်တွေမှာ ရှိတဲ့ ဒေသခံပါတီတွေ၊ လူမျိုးစုပါတီတွေရဲ့ အားကောင်းချက်နဲ့ ဆိုင်နေသေးတယ်။ ဒေသခံပါတီနဲ့ လူမျိုးစုပါတီတွေရဲ့ ကိုယ်ခံအား၊ သက်လုံနဲ့ စုဖွဲ့မှုကို ဆန်းစစ်ဖို့ လိုနေသေးတယ်။ ရှမ်းနဲ့ မွန်ဘက်က လွဲရင် တခြားသော လူမျိုးစုပါတီတွေ၊ ဒေသခံပါတီတွေမှာ ကိုယ်ခံအား၊ သက်လုံ၊ စုဖွဲ့မှုနဲ့ စိုက်လိုက်မတ်မတ် ရှိမှုမှာ အားနည်းချက်တွေ အများကြီး တွေ့ရတယ်။ ဒီတော့ မြန်မာပြည်အတွက် ပါတီစုံစနစ် ဖြစ်ထွန်းဖို့ မရေရာဘူး။ မသေချာဘူး။

သွေးသစ်လောင်း

တစ်ဖက်မှာလည်း ရွေးကောက်ပွဲဟာ အပြောင်းအလဲသစ်ဖြစ်တယ်။ မျှော်လင့်ချက်အသစ်ဖြစ်တယ်။ motivation အသစ်ဖြစ်တယ်။ သွေးသစ်လောင်းခြင်း၊ သွေးဟောင်းလှယ်ခြင်းလို့လည်း ပြောလို့ ရတယ်။ ၂၀၂၀ အလွန်နိုင်ငံရေးသစ်က သိပ်စိတ်ဝင်စားစရာကောင်းတယ်။ လက်ရှိ သိပ်တက်ကြွပြီး၊ သိပ်ကြွတက်နေတဲ့ပါတီ တွေရဲ့ ကိုယ်ခံအားနဲ့ စွဲမြဲမှု သက်လုံကိုလည်း မျက်ဝါးထင်ထက် ထပ်မြင်ရမယ်။ မြန်မာ့နိုင်ငံရေးဓလေ့ကိုလည်း အကဲဖြတ်လို့ ရမယ်။ တည်ဆဲအာဏာရပါတီရဲ့ လုပ်ရပ်နဲ့ စွမ်းဆောင်ချက်အသစ်တွေကိုလည်း ခြေစ လက်စ ဘယ်လောက်ရှိသလဲ၊ ခြေဘယ်လောက် ပေါ်သလဲဆိုတာကို တိုင်းတာလို့ရမယ့် အခင်းအကျင်းဖြစ်လိမ့်မယ်။
နောက်ပြီးတော့ ရွေးကောက်ပွဲကိစ္စဆိုတာ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ quality of society ကို အဆင့်တစ်ဆင့်အနေနဲ့ ပြဌာန်းမယ့်ကိစ္စဖြစ်တယ်။

မင်းသေ့
ည ၇ း ၂၈
၂၀ ၊ ဇွန်လ၊ ၂၀၂၀။
ရန်ကုန်မြို့။

Previous post Covid – 19 and 2020 Election (Panel Discussion)
Next post ▄ စာပေဈာန်သမာပတ်