မိုက်မဲသော ကျက်သရေဟူသည် မရှိပါ။ ကြည်နူးဖွယ် ကျက်သရေဟုသာ ရှိပါသည်။ ကျက်သရေသည် မိုက်ခြင်းနှင့် မတွဲ။ ကြည်နူးဖွယ်၊ သာယာဖွယ်၊ နူးညံ့ဖွယ်၊ မင်္ဂလာရှိဖွယ်…. စသော အနက်သဘောနှင့်သာ ယှဉ် တွဲပါသည်။

ညနေခင်းသည် သာယာပါသည်။ လေပြေသည် တိုး၍ တိုက်ခတ်နေသည်။ လူများ ပျားပန်းခတ်အောင် သွား လာနေသော်လည်း မကျပ်တည်း။ မရှုပ်ထွေး။ မဆူညံ။ အားလုံးသည် ပကတိ တည်ငြိမ်လျက်။

တရားဓမ္မ၏ အထိအတွေ့အောက်တွင် ဝပ်ဆင်းသိမ်မွေ့သွားကြခြင်းဖြစ်ဟန်တူသည်။
ကျနော်သည် ရင်ပြင်ပေါ်၌ ခြေအစုံကို တလှမ်းချင်း တိုး၍ လျှောက်ခဲ့သည်။ အထိအတွေ့သည် အေး၏။ နွေး၏။ စကျင်ကျောက်ပြား၏ ငြိမ်သက်ခြင်းသည် အိန္ဒြေရနေသည်။
ကောင်းကင်သည် ကြည်နေသည်၊ လင်းလင်းချင်းချင်း ရှိနေသည်။ ရွှေထုထည်သည် တည်ငြိမ်ခိုင်ကြည်သော သဏ္ဍာန်ဖြင့် မိုးသို့ မျှော်ထိုးနေသည်။ “လ” သည်ကား အဝေးက ခပ်လွင့်လွင့်။

• သင်္ကေတဝါဒီတို့က မည်သို့ ဖွင့်ဆိုကြမည် ထင်သနည်း။
• ဒဿနိကဝါဒီတို့က မည်သို့ ရှုမြင်ကြမည်နည်း။

ချစ်ခြင်းကင်းသော နိဗ္ဗာန်ဟူသည် ရှိသလား။ ငြိမ်းအေးခြင်းဖြင့် နွေးထွေးသော အေးချမ်းရာ တရားသည် ဘယ်ဝန်းကျင်၌ တည်သနည်း။

ရှေးဟောင်းစေတီတို့၏ အသွင်သဏ္ဍာန်ကို ကြည့်၍ ၎င်းခေတ်၏ လူမှုစီးပွား အခြေအနေကို တိုင်းတာနိုင်၏။ ၎င်းခေတ် ၊ လူ့အဖွဲ့အစည်း၏ စိတ်နေသဘောကို မှန်းဆ၍ ရနိုင်၏။

အသွင်သဏ္ဍာန်ဟူသည် စိတ်အခြေအနေ ၏ ပုံရိပ်ပန်းချီလော။
သို့တည်းမဟုတ် စိတ်၏ ကြေးမုံလော။

ကျနော့်စိတ်သည် ငြိမ်းအေးနေပါသည်။ သန့်စင်သော လေပြေကို ဝလင်စွာ ရှုရှိုက်လိုက်သည်။ နဘေးနားနားက အဖော်ကို တီးတိုးလက်တို့ လိုက်သည်။ အသက်ဝဝ ရှု။ ဤလေသည် ရှားပါးသည်။ ဤလေသည် သန့်သည်။ ဓမ္မရင်ပြင်မှာ ကူးလားခတ်ပျံခြင်းကြောင့် ဖြစ်လိမ့်မည်။
ကောင်းကင်၌ လသည် မပေါ့တပေါ်။ ဝန်းကျင်၌ ထန်းရိပ်ညိုတချို့က သင်္ကေတပြုထားသည်။ စေတီအိုကြီး သည် ခိုင်ခံ့ပျိုမြစ်နေသေးသည်။ ရွှေအဆင်းဖြင့် ခန့်ထည်နေသည်။ သိမ်မွေ့သော ကောက်ကြောင်းများဖြင့် တရားဓမ္မဆီ ဆွဲငင်ခေါ်ယူနေသည်။ အခြံအရံစေတီငယ်များသည် တကိုယ်တော် ငြိမ်းအေးခြင်းကိုယ်စီဖြင့် စုပေါင်းပျော်ဝင်နေသည်။ စောင်းတန်းများ၌ ရှေးဟောင်းအသွင်အပြင်များ မြင်နေရသည်။ သို့သော် ရှေးဟောင်း ပေမယ့် မဟောင်း။ ကြည့်သူ၏ စိတ်ကို သစ်လွင်စေ၍ ဖြစ်သည်။

ဆီမီးသည် ဉာဏ်ပညာ၏ သင်္ကေတဖြစ်သည်။ ထို့ကြောင့် ဆီမီးဖြင့် ပူဇော် ဝပ်တွားခြင်း အမှုကို ကျနော်တို့ ပြုခဲ့ ကြသည်။ ပန်းသည် ထုံသင်းမွှေးပျံ့၍ ကြည်နူးဖွယ် ဂုဏ်အင်ကို ဆောင်ကြဉ်း၏။ ထို့ကြောင့် မြတ်နိုးဖွယ် ထားနှံ ထုံမွှမ်း၍ အကြည်ဓာတ်ကို လှူဒါန်းခြင်းဖြစ်သည်။ သို့အတွက် ကျနော်တို့အားလုံး ကြည်သည်၊ လင်သည်။ စိတ်ဝယ်ကြည်နူး သာယာသည်။

လူ့ဘဝ၌ ငြိမ်းအေး လွတ်လပ်ခြင်းကို မည်သည့်နေရာ၌ ရှာဖွေရပါမည်နည်း။
ချစ်သောသူ၏ မေတ္တာငွေ့ကို ရ၍ မေတ္တာဖလှယ် ကြည်နူးသာယာဖွယ်ဖြစ်ရပါသည်။ တွယ်ငြိခြင်းကင်းသော ချစ်ခြင်းမေတ္တာဖြင့် ငြိမ်းအေး၍ ရနိုင်ပါသည်။ တုပ်နှောင်ခြင်းကင်းသော ချစ်ခြင်းသံယောဇဉ်က အကျိုးလိုလား သောဆန္ဒတရားကို တိုးမြှင့်ချီးမြှောက်နိုင်ပါသည်။ နားလည်မှုကို ဉာဏ်ပညာဖြင့် ယှဉ်တွဲတည်ဆောက်၍ သတိ ဖြင့် သိနေသော စိတ်သည် လောကီဝိပဿနာဖြစ်ပါလိမ့်မည်။

သံသရာ၌ ငြိမ်းအေးခြင်းတရားသည် အသိဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာတို့၏ နှစ်ပါးသော ပေါင်းစည်းခြင်း ကြောင့်သာ ရနိုင်ပါသည်။ ဉာဏ်ပညာမဲ့သော မေတ္တာသည် ပူ၏။ လောင်၏။ မေတ္တာကင်းသော ချစ်ခြင်းသည် ပူ၏ လောင်၏။

• ဉာဏ်ပညာကို ကျနော်တို့ ကိုးကွယ်ကြ၏။
• ချစ်ခြင်းမေတ္တာကို ကျနော်တို့ ကိုးကွယ်ကြ၏။
• သန့်စင်သော ဓမ္မတရား၌ ကျနော်တို့ ဝပ်တွားကြ၏။
• သိသော အသက်ရှုမှုဖြင့် ကျနော်တို့ လက်တို့သတိရှိကြ၏။
• နိဗ္ဗာန်ဈေး၌ ကျနော်တို့ လှမ်းလျှောက်ကြ၏။
• ငြိမ်းအေးခြင်း လှေကားမှာ ကျနော်တို့ ဖြတ်သန်းကြ၏။
• မေတ္တာအစုံကို ထုံမွှမ်း၌ ကျနော်တို့ လက်အုပ်ရှိခိုးမြတ်နိုးကြ၏။

ဖြစ်စဉ် တရားသည် ရိုးရှင်း၏။ ဘယ်သို့သော ပူလောင်ခြင်းမျှ စိုးစဉ်း မရှိ။ စေတီရင်ပြင်ပေါ်က အခိုက်အတန့် များသည် ပစ္စုပ္ပန်မှသည် အနာဂတ်ဆီသို့ လူးလားခေါက်တွန့် ပျံ့သန်းလာသည်။

• ငြိမ်းအေးခြင်းဓမ္မသည် နှလုံးသွင်းမှု၌ တည်၏။
• ဉာဏ်ပညာသည် နက်နဲမှု၌ တည်၏။
• ချစ်ခြင်းသည် နွေးထွေးခြင်း၌ တည်၏။
• မေတ္တာသည် အေးမြခြင်း၌ တည်၏။

သံသရာ၌ ရှင်သန်မှုအရ လိုအပ်ချက်သည် များများစားစား မရှိ။ ဉာဏ်ပညာစစ်စစ် နှင့် ချစ်ခြင်း စစ်စစ်သာရှိ လျှင် အရာအားလုံး လုံလောက်ပြည့်စုံပါသည်။

စေတီ၌ သပ္ပာယ်ခြင်း စစ်မှန်မှုကို တွေးခေါ်စဉ်းစားရင်း ဉာဏ်အလင်းကို ဖြန့်ကျက်ပါသည်။ မေတ္တာဓာတ်ကို ရှစ်ခွင်ပတ်လည်သို့ ပို့လွှတ်နွေးထွေးစေပါသည်။ နီးလျှင် နွေး၍ ဝေးလျှင် အေးသည်မို့ ၊ ငြိမ်းအေးခြင်းနှင့် နွေး ထွေးခြင်း၏ ရစ်ဖွဲ့ဖြစ်တည်မှုကို ညီညွှတ်စွာ ကျနော် ရှုမှတ်ခဲ့ပါသည်။

မင်းသေ့
ည ၁၀ း ၂၂
၉ ၊ ဒီဇင်ဘာ ၊ ၂၀၁၉
ရန်ကုန်မြို့။

Previous post စာရေးခြင်း
Next post ကုလား ဗမာ အဓိကရုဏ်းများ