၁၉၃၈ ခုနှစ်၊ သူရိယသတင်းစာ၌ ဖော်ပြသောကာတွန်းတစ်ပုဒ်မှာ နိုင်ငံခြားသားဝင်ရောက်မှုများလာသော မြန်မာ ပြည်တွင် ဗမာများအတွက် နေရာမရှိပုံကို ရေးဆွဲထားသည်။ ဗြိတိသျှကိုလိုနီနယ်မြေဖြစ်သော မြန်မာပြည်သည် အိန္ဒိယ၏ ပြည်နယ်တစ်ခုအနေဖြင့် သွတ်သွင်းခံရသည်။ မြန်မာပြည်၌ ဗြိတိသျှများ၊ အိန္ဒိယ (ကုလားများ) နှင့် တရုတ်လူမျိုးများဝင်ရောက်နေထိုင်မှု အားကြီးလာသည်။ မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ရန်ကုန်မြို့သည် ပင် တရုတ် ၊ ကုလားများ ကြီးစိုးသည့်မြို့ဟု သတ်မှတ်ခံရသည်။ ကုလား – ဗမာ အဓိကရုဏ်းမတိုင်ခင် ကတည်းက ရန်ကုန်မြို့၌ ကုလား စကား ပြောမှ လူရာဝင် သည်ဟု သမိုင်းဆရာဒေါက်တာအောင်ခင်က မှတ်ချက်ပြုသည်။ ဗမာများနေရာ၌ တရုတ် ကုလားများဖြင့် အစားထိုးခြင်းသည် ဗမာတို့အတွက် ကျဉ်းကြပ်မှု၊ ကျပ်တည်းမှုဖြစ်ပေါ်စေသည်။ အထူးသဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်ပြီး ဗမာများ မကျေမနပ် ဖြစ်ရသည်။

၁၉၃၀ ခုနှစ်တစ်ဝိုက်မှာ ကုလား ဗမာ အဓိကရိုဏ်းများဖြစ်ခဲ့သည်။ မြန်မာပြည်၌ ကုလား – ဗမာ မုန်းတီးရေး အမျိုးသားရေးစိတ်ဓာတ်များ ရှိခဲ့သည်။ အမျိုးသားလွတ်မြောက်ရေးကို နိုင်ငံရေးနည်းဖြင့် ဖွဲ့စည်းထားသည့် တို့ဗမာအစည်းအရုံး၌လည်း ကုလား မုန်းတီးရေး အမျိုးသားရေးစိတ်ဓာတ်ဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်း၌ ကုလားမုန်းတီးရေးစိတ်ဓာတ်ကို ဖယ်ရှားနိုင်ခဲ့သည်။ အကြောင်းမှာ မြန်မာ့အမျိုးသားတော်လှန်ရေးအတွက် ကုလားများလည်း ပါဝင်လာသောကြောင့်ဖြစ်သည်။ ကုလား – ဗမာအဓိကရုဏ်းများသည် စီးပွားရေးအရ အပြိုင် ဖြစ်ရင်း လူမျိုးရေးအမြင်မကြည်မှုဘက်ကို လှည့်သွားသောဖြစ်ရပ်ဖြစ်သည်။ အင်္ဂလိပ်အစိုးရအနေဖြင့် နိုင်ငံရေး လမ်းလွှဲအောင်ပြုလုပ်သော အကြောင်းတရားများလည်း ပါသင့်သလောက်ပါသည်။ အမျိုးသားရေးစိတ်ဓာတ် ရှိသော ဗမာလူမျိုးတစ်ဦးအနေဖြင့်မူ မြန်မာပြည်၏ စီးပွားရေးကို ချယ်လှယ်စိုးမိုးထားသူများမှာ ကုလားများဖြစ် ၍ အခဲမကျေဖြစ်ကြရသည်။ မခံမရပ်နိုင်ဖြစ်ကြရသည်။ အင်္ဂလိပ်အစိုးရသည် အိန္ဒိယကို ကိုလိုနီနယ်ပြု၍ မြန်မာပြည်ကိုလည်း အိန္ဒိယ၏ ပြည်နယ်အဖြစ်သတ်မှတ်ကာ အုပ်ချုပ်သည်။ ထို့ကြောင့် မြန်မာပြည်အတွင်းသို့ အိန္ဒိယလူမျိုးများ၏ ဝင်ထွက်သွားလာမှုမှာ လွယ်ကူစွာ ဖြစ်ပျက်နေသည်။ အင်္ဂလိပ်က အိန္ဒိယလူမျိုးများကို ၎င်းတို့၏ ကိုလိုနီ အရာရှိအရာခံများအဖြစ် လက်ဝေခံတပည့်ကဲ့သို့ မွေးမြူသည်များလည်း ရှိသည်။

ကုလား – ဗမာအဓိကရုဏ်းများသည် သူအသေအပျောက်များခဲ့သည်။ လူမျိုးအချင်းချင်းသတ်ဖြတ်မှုများရှိခဲ့ သည်။ ကုလားများကလည်း ဗမာတွေ့လျှင် ဝိုင်းဝန်းရိုက်နက်သလို၊ ဗမာများကလည်း ကုလားများကို အုပ်စုဖွဲ့ ၍ ဝိုင်းဝန်း ရိုက်နှက်သည်။ ကုလားနှင့် ဗမာသည် လူမျိုးရေးအရ အသားအရောင်အားဖြင့် ကွဲပြားသလို၊ ကိုး ကွယ်ယုံကြည်မှုအရလည်း ခြားနားသည်။ ဘာသာရေးအဓိကရုဏ်းအသွင်၊ လူမျိုးရေးအဓိကရုဏ်းအသွင် ဖြစ်ခဲ့ သည်။ တစ်ဖက်ကလည်း နယ်ချဲ့ဆန့်ကျင်ရေးအင်အားစုကို လမ်းလွှဲပေးချင်သော ဖန်တီးလုပ်ကြံမှုများလည်း ရှိသင့်သလောက်ရှိသည်။ ကုလား ဗမာ အဓိကရုဏ်းများသည် တို့ဗမာ သခင်များ၏ အပျော်တမ်းတပ်ဖွဲ့များ ဖွဲ့စည်းထားရန် လိုအပ်သည်ဟူသော ဆန္ဒကို ပေါ်ပေါက်စေသည်ဟု ဒို့ဗမာအစည်းအရုံးသမိုင်းစာအုပ်၌ ရေး သားထားသည်ကိုတွေ့ရသည်။

၁၉၃၁ ခုနှစ်၊ မြန်မာပြည်ရှိ ကုလားဦးရေ ငါးပုံတစ်ပုံမှာ ရန်ကုန်မြို့တွင် နေထိုင်သည်။ ရန်ကုန်မြို့သည် ကုလား အများဆုံးနေထိုင်ရာမြို့ဖြစ်သည်။ သီပေါမင်းနန်းကျအပြီးမှ ၁၉၃၄ ခုနှစ်အတွင်း ရန်ကုန်မြို့အတွင်း ရောက်ရှိ နေသော ကုလား ဗမာဦးရေအချိုးအစားသည် တစ်ဖက်စောင်းနင်းနိုင်လာသည်။ ရန်ကုန်မြို့၌ အင်္ဂလိပ်၊ တရုတ်၊ ကုလား စသည့်နိုင်ငံခြားသားများ နေရာတကာလွှမ်းမိုးခဲ့သည်။ ၁၉၃၀ ၊ မေလ ၌ ကုလား ဗမာ ရိုက်ပွဲ ကြီး ဖြစ်ပွားသည်။ ကုလား ဗမာရိုက်ပွဲသည် လူမျိုးရေး အဓိကရုဏ်းအသွင်သို့ ဆောင်လာသည်။ ရန်ကုန်သည် စီးပွားရေးအရ အချက်အခြာမြို့ဖြစ်သည်။ ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်၍ ကုန်စည်ဝင်ထွက်မှုများပြားသည်။ စီးပွားရေးအခွင့်အလမ်းလည်း ပေါများစွာ ရှိသည်။ ကုလား- ဗမာ အဓိကရုဏ်းသည် စီးပွားရေးအရ ကျပ်တည်း ခက်ခဲခြင်းကြောင်း လူမျိုးရေးပဋိပက္ခအသွင်သို့ဆောင်လာခြင်းဖြစ်သည်။
ကုလား – ဗမာအဓိကရုဏ်းသည် ရန်ကုန်ပင်လယ်ကူးဆိပ်ကမ်းမှာ အလုပ်လုပ်သော ကူလီကုလားများနှင့် ဗမာကူလီများအကြား ဖြစ်ပွားသော ပဋိပက္ခဖြစ်သည်။

တော်လှန်သောအမျိုးသားရေးဝါဒ (Revolutionary Nationalism) ဖြင့် အခြေတည်ခဲ့ရာ လူမျိုးရေးမုန်းတီးမှု မျိုးစေ့ပါလာသည်ဟု ဆိုနိုင်သည်။

ကုလား – ဗမာ အဓိကရုဏ်းသည် ဆိပ်ကမ်းအလုပ်သမားဗမာများ လုပ်ခလစာနှင့်ပတ်သက်၍ သပိတ်မှောက် ရာ ဗမာနေရာ၌ ကုလားဖြင့် အစားထိုးသည်။ ဤအချက်ကို မကျေနပ်၍ ကုလား – ဗမာရိုက်ပွဲများဖြစ်ပွားသည်။

မင်းသေ့
ဗမာ့အမျိုးသားရေးဝါဒ စာတမ်းမှ /

Previous post သပ္ပာယ်ခြင်း ဓမ္မတရား
Next post ဤသုံးချက်