လူဟာ ကိုယ်ဝါသနာပါတဲ့နယ်ပယ်မှာ ခြေလှမ်းတစ်လှမ်းပီပီပြင်ပြင် ချထားနိုင်ပြီဆိုရင် ဆန်းစစ်ရမယ့် ပေတံ (၃) ချောင်းရှိတယ်။ ဒါဟာ ရေရှည်ခရီးအတွက် အထောက်အပံ့ကောင်းဖြစ်လိမ့်မယ်လို့ ကျနော် ယုံကြည်ထား တယ်။

၁) အောက်သက်ကြေတာ
၂) ဝမ်းစာဖြည့်တာ
၃) ကိုယ်ခံအားကောင်းတာ
ဒီသုံးချက်ဟာ ပရော်ဖက်ရှင်နယ်ကို ကျကျနန လှမ်းနေတဲ့သူတွေအတွက် ပိုအရေးကြီးမယ် ထင်တယ်။

အောက်သက်ကြေတာ

လူတစ်ယောက်ဟာ ကိုယ်ရေရှည်မြုပ်နှံမယ့်နယ်ပယ်မှာ အောက်ခြေတန်းအလုပ်တွေ တော်တော်များများကို လုပ်ဖူးခဲ့ရမယ်။ ကြုံဖူးခဲ့မှ ကောင်းမယ်။ အဲသည်လိုမှ မဟုတ်ရင် အထက်လွှာတစ်ခုခုကို ရောက်လာပေမယ့် ပေါ့ရွှတ်ရွှတ်ဖြစ်နေလိမ့်မယ်။ အောက်သက်ကြေတယ်ဆိုတာကို မြန်မာတွေ ကောင်းကောင်းနားလည်ပါတယ်။ အောက်ခြေသိမ်းကိစ္စတွေမှာ ကြေလည်အောင်လုပ်ခဲ့ဖူးဖို့ လိုတယ်။ အခြေခံကိစ္စရပ်တွေကို ဖြတ်သန်းခဲ့ဖို့ လို တယ်။ ကြုံကို ကြုံရမယ့် အခက်အခဲ ပြဿနာတွေကို ရင်ဆိုင်ထားခဲ့ရဖို့ လိုတယ်။ အောက်ခြေမှာ ခါးသီးတဲ့ ဒဏ်ရာတချို့ကို ရဖူးခဲ့မှဖြစ်မယ်။

အဲသည်လိုမှ မဟုတ်ရင် အထက်ကို မြင့်မြင့်ရောက်လေလေ ၊ ကိုယ့်ရဲ့ အောက်သက်မကြေမှုက အားနည်းချက် အဖြစ် အသွင်ပြောင်းလာလေလေ ဖြစ်လိမ့်မယ်။ ဒါက ပုံသေဖြစ်မယ်လို့ ပြောတာတော့ မဟုတ်ဘူး။ တရားသေ မှတ်ဖို့ မလိုပေမယ့် ၊ တော်တော်များများ ဖြစ်နိုင်ချေရှိတဲ့ကိစ္စဖြစ်ပါတယ်။ ဒါ့ကြောင့် အထက်ကို မြင့်မြင့်သွားချင် လေလေ အောက်ကို နက်နက်တူးရလေလေ ဆိုတဲ့သဘောဖြစ်ပါတယ်။

အောက်သက်ကြေတယ်ဆိုတာ ကိုယ့်ရဲ့ဖြတ်သန်းမှုနဲ့ ဆိုင်သလို၊ ကိုယ့်ရဲ့ ရှုမြင်ချက်နဲ့လည်း ဆိုင်တယ်။ တချို့က ခါးသီးတဲ့ ဖြတ်သန်းမှုရှိခဲ့ပေမယ့် မရှုမြင်တတ်တဲ့အခါ၊ မခံယူတတ်တဲ့အခါမှာ အောက်သက်ကြေတယ် ဆိုတဲ့ အရည်အသွေးမျိုးကို မရဘူး။ ဒါက သတိထားပြီး နားလည်ဖို့ လိုတယ်။

အောက်သက်ကြေဖို့အတွက်ဆိုရင် ဖြတ်သန်းမှုလည်း လိုသလို၊ ဖြတ်သန်းမှု / တွေ့ကြုံခဲ့မှုအပေါ် ကိုယ့်ရဲ့ ရှုမြင် ယူဆချက်ကလည်း အရေးကြီးတယ်ဆိုတာ ပဏာမ ပြောချင်တယ်။

နောက်တစ်ခုက ဝမ်းစာ။

ဝမ်းစာဖြည့်တာ

ဝမ်းစာဖြည့်တာနဲ့ပတ်သက်ပြီး ဘယ်နယ်ပယ်မှာမဆို အရေးကြီးတယ်။ အထူးသဖြင့် သာမန် မည်ကာမတ္တ အဆင့်မှာ မနေဘူးဆိုတဲ့ လူတွေမှာ ပိုပြီး အရေးကြီးတယ်။ မရှိမဖြစ်လို့ ပြောလို့ရမယ်။

ဝမ်းစာဆိုတာ ကိုယ့်ကို မီးထိုးပေးနေတဲ့ လောင်စာပဲ။ လောင်စာရှိမှ ပြင်းအားရှိမယ်။ လောင်စာရှိမှ ရွေ့မယ်။ လောင်စာရှိမှ သက်တမ်းရှည်ကြာမယ်။ ဒီသဘောပါပဲ။ ဝမ်းစာဆိုတာ လိုအပ်တယ်။ ကိုယ့်ကိုယ်ကို အမြဲတမ်း ဖြည့်တင်းနေတတ်တယ်ဆိုတာ အရေးကြီးတယ်။ ဝမ်းစာဆိုတာလည်း တစ်လုံးတခဲတည်း တစ်ဘရိတ်တည်း တစ်ချိန်တည်း အကုန်ဖြည့်လို့ ရတာမျိုး မဟုတ်ဘူး။

• တစိုက်မတ်မတ် ဖြည့်နေတာ၊
• အမြဲတမ်း ဖြည့်နေတာ ၊
• မပြည် ဖြည့်တင်းနေတာ ၊
• စဉ်ဆက်မပြတ် ဖြည့်တင်းနေတာ ၊
• သတိထားပြီး ဖြည့်နေတာ ၊
• နေ့စဉ် ရေသောက်သလို ထမင်းစားသလို ဖြည့်နေတာ ၊
• အလေ့အကျင့် မပြတ် ဖြည့်နေတာ ၊
စသည်ဖြင့် ဖြည့်နေရပါမယ်။

ဝမ်းစာမဖြည့်တော့ရင် ဟုံသွားမယ်။ ဒါဟာ မကောင်းဘူး။ အထူးသဖြင့် ပညာနဲ့ အိုင်ဒီယာနဲ့ လုပ်ကိုင်နေတဲ့သူ တွေမှာ ပိုပြီး လိုတယ်။ နေ့စဉ် နေ့စဉ် တစ်နေ့ထက် တစ်နေ့ ပိုပြီး ကောင်းတာတွေ ပေးနိုင်ဖို့ ၊ မနေ့က ထက် ဒီနေ့ ။ ဒီနေ့ကထက် မနက်ဖြန် ပိုကောင်းတာတွေ ပေးနိုင်ဖို့ ဆိုတာ ဝမ်းစာကို ဘယ်လောက် ဖြည့်တင်းနေ သလဲ။ ဘယ်လိုဖြည့်တင်းနေသလဲ။ ဘယ်လိုဖြည့်ဆည်းနေသလဲ ဆိုတာ အရေးကြီးတယ်။ ပါရမီဆိုတာလည်း ဝမ်းစာကို ဘယ်လောက်ဖြည့်ခဲ့သလဲ ဆိုတာကို ပြောတာဖြစ်ပါတယ်။

ဒီအကြောင်းတရားမှာ စွမ်းနိုင်ဖို့ ၊ ဒီအကြောင်းဖြစ်နိုင်မယ့် ကိစ္စရပ်တွေကို ဘယ်လောက် လေ့လာခဲ့သလဲ၊ လေ့ကျင့်ခဲ့သလဲ ၊ ဘယ်လောက် အထုံရှိခဲ့သလဲ ဆိုတဲ့ အပေါ်မှာ အများကြီးမူတည်နေပါတယ်။

နောက်တစ်ခုက ကိုယ်ခံအားကိစ္စ။

ကိုယ်ခံအားကောင်းတာ

ကိုယ်ခံအားကောင်းတယ်ဆိုတာ ကိုယ်လုံပညာတတ်ထားတာနဲ့ တူတယ်။ ကိုယ်လုံပညာဆိုတာ ကိုယ်မခံရ အောင် ကာပေးထားတဲ့ တံတိုင်းဖြစ်ပါတယ်။ ကိုယ်ခံအားကောင်းခြင်း မကောင်းခြင်းဆိုတာ ဘယ်နေရာမှာ သိသာသလဲ။ တကယ့်လောကထဲမှာ နင်လား ငါလား အပြိုင်ကြဲကြတဲ့အခါမှာ ဘယ်သူက ဘယ်လောက် ကိုယ်ခံအားကောင်းသလဲဆိုတာ အရေးကြီးလာတယ်။ ကြိုးဝိုင်းထဲမှာ ဘယ်သူဟာ ကျားဖြစ်သလဲ ဆိုတာ သိလာ ရတယ်။ ဒါဟာ ကိုယ်ခံအားနဲ့ ဆိုင်တယ်။

ကိုယ်ဟာ ကိုယ့်ကိုယ်ခံအားကို ဘယ်လောက်မြှင့်ထားနိုင်သလဲ။ ဒါဟာ အရေးကြီးတယ်။

• ကိုယ်ဟာ ဘယ်လောက်လေ့ကျင့်တည်ဆောက်ထားခဲ့သလဲ။
• ကိုယ်က ဘယ်လောက် နက်နက် နှိုက်ထားသလဲ။
• ကိုယ်ဟာ ဘယ်လောက် ဒူပေဒါပေ ခံခဲ့သလဲ။
• ကိုယ်ဟာ ဘယ်လောက် ဒဏ်ရာတွေ ရခဲ့သလဲ။
• ကိုယ်ဟာ ဘယ်လောက် အရေထူအောင် လေ့ကျင့်ခဲ့ရသလဲ။
• ကိုယ်ဟာ ဘယ်လောက် ဖြတ်သန်းမှု ရှိခဲ့သလဲ။
• ကိုယ်ဟာ ဘယ်လောက် အထုံဓလေ့ကို တည်ဆောက်ခဲ့သလဲ။
• ကိုယ်ဟာ ဘယ်လောက် ထုသားပေသားကျအောင် လုပ်ခဲ့သလဲ။
• ကိုယ်ဟာ ဘယ်လောက် ချွေးထွက်များခဲ့သလဲ ….
ဆိုတာ သိပ်အရေးကြီးတယ်။

မြင့်မြင့်တက်ချင်ရင် ၊ နက်နက်တူးဆိုတာကတော့ လော့ဂျစ်ပါပဲ။ ရိုးရှင်းတယ်။ မဖြစ်မနေ လုပ်ရမယ့်ကိစ္စပဲ။ အခြေခိုင်ခြင်းဟာ အရေးကြီးတယ်။ ကြိုးဝိုင်းထဲရောက်မှ စာအုပ်ပြန်လှန်အုံးမယ်၊ ပြန်လေ့ကျင့်လိုက်အုံးမယ် မရတော့ဘူး။ အချိန်မရှိဘူး။
အခွင့်အရေးဆိုတာ မစောင့်တတ်သလို ၊ စိန်ခေါ်မှုဟာလည်း စောင့်မနေတတ်ဘူး။ ဘယ်အချိန်မဆို ဝင်လာ တတ်တာပဲ။ အခွင့်အရေးကိုလည်း လက်ဦးမှု ရယူဖို့ ၊ စိန်ခေါ်မှုကိုလည်း နောက်တွန့် တုံ့ပြန်မနေဖို့ ဆိုရင် ဒီအချက် (၃) ချက်ကို ကောင်းကောင်း နားလည်သဘောပေါက်ထားရင် ကိုယ်လို တပါးသူတွေထက် နှာတစ်ဖျားသာနေလိမ့်မယ်လို့ ကျနော် ထင်တယ်။

မင်းသေ့
ည ၁၀ း ၀၂
၁၀ ၊ ဒီဇင်ဘာ ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post ကုလား ဗမာ အဓိကရုဏ်းများ
Next post ယုတ်သောသူနှင့် မပေါင်းအပ်ရာ