မြန်မာ့နိုင်ငံရေးသမိုင်းကောက်ကြောင်းကို လေ့လာတဲ့အခါ၊ ကိုလိုနီခေတ်အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှု ကာလမှာ ထင်ရှားတဲ့သမိုင်းဖြစ်ရပ် အမြောက်အမြား ရှိခဲ့ပါတယ်။ သမိုင်းထဲက နိုင်ငံရေးအယူဝါဒတွေလို့ ပြောရင် ဘာတွေကိုတွေ့နိုင်ပါသလဲ။ ဝံသာနုမျိုးချစ်ဝါဒ၊ လက်ဝဲကွန်မြူနစ် ဆိုရှယ်လစ်အတွေးအခေါ်တွေကို ကိုလိုနီခေတ် မှာ ထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။ မျိုးချစ်ဝါဒ (တနည်း) အမျိုးသားရေးဝါဒနဲ့ လက်ဝဲဝါဒမှာ ဘယ်အရာက အရင် ကနဦး ဖြစ်ခဲ့ပါသလဲ။

ဝံသာနုလှုပ်ရှားမှု အစ

ကိုလိုနီအစိုးရကို ဘာသာရေးနဲ့ လူမှုရေးဘက်ကနေ လှည့်ပြီး အာခံဖီဆန်ဖို့ စတင်လိုက်တာကတော့၊ ‘ဝိုင်အမ်ဘီအေ’ အသင်းကြီး (၁၉၀၆) ဖြစ်ပါတယ်။ ဝိုင်အမ်ဘီအေ အသင်းရဲ့ ကြွေးကြော်သံနဲ့ ဆောင်ပုဒ်ကို ကြည့်ပြီးတော့ ဝိုင်အမ်ဘီအေအသင်းဟာ အမျိုးသားရေးဝါဒကို အခြေခံတယ်ဆိုတာ ငြင်းလို့ မရပါ။ အမျိုး – ဘာသာ – သာသနာ – ပညာ ဆိုတဲ့ ဆွဲကိုင်ချက်ရှိတယ်။ အမျိုးကို ချစ်ပါ၊ ဘာသာ သာသနာကို လေးစားပါ၊ ပညာကို တန်ဖိုးထားပါ ဆိုတာ၊ မျိုးချစ်ဝါဒရဲ့ အမှတ်သရုပ်အဖြစ် ထင်ရှားပါတယ်။

ဝိုင်အမ်ဘီအေဟာ နိုင်ငံရေးအရ တိုက်ရိုက်ဆန့်ကျင်တာမျိုး မလုပ်နိုင် သေးဘဲ၊ ဘာသာရေးနဲ့ လူမှုရေးအရ၊ ကိုလိုနီနယ်ချဲ့ကို ဆန့်ကျင်ဖို့ လှုပ်ရှားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အသင်းအဖွဲ့ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ဝိုင်အမ်ဘီအေဟာ ဂျီစီဘီအေ (မြန်မာအသင်းချုပ်ကြီး) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ ၁၉၂၀၊ အောက်တိုဘာနောက်ပိုင်းမှာ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးအတွက် နိုင်ငံရေးအဖွဲ့ အစည်းဆန်ဆန် ပိုဖြစ်လာခဲ့ပါတယ်။ အဲသည့်အခါ ဘာသာရေးနဲ့ လူမှုရေးမှာတင် ရပ်တန့်မနေတော့ဘဲ စီးပွားရေး အရ သပိတ်မှောက်မှုတွေပါ အပြိုင်းအရိုင်းပေါ်ထွက်ခဲ့ပါတယ်။

မျိုးချစ်ဝါဒနဲ့ စစ်ရေး ထိမှတ်

ဝိုင်အမ်ဘီအေနဲ့ ဂျီစီဘီအေတို့ကို ဥပမာအားဖြင့် ကြည့်ရင်၊ ဗမာ့အမျိုးသားရေးဝါဒဟာ ဘာသာရေးနဲ့ လူမှုရေး (တနည်း) လူမျိုးရေးကနေ သန္ဓေတည်စတင်ခဲ့ပြီး နောက်ပိုင်းမှာ စီးပွားရေးနယ်ပယ်မှာပါ အမျိုးသားရေးဝါဒကို ချဲ့ထွင်လာတဲ့သဘောကို တွေ့ရပါတယ်။ ဂျီစီဘီအေပေါ်ထွက်လာခဲ့တဲ့ ကာလမှာပဲ ပထမကျောင်းသားသပိတ်ပေါ် ထွက်ခဲ့ပါတယ်။ ဝံသာနုမျိုးချစ်စိတ်နဲ့ ကျောင်းသားလှုပ်ရှားမှုဟာ ပူးပေါင်းသွားခဲ့ခြင်းလို့ ပြောနိုင်ပါတယ်။ ထို့နောက် ၁၉၃၀ ခုနှစ်မှာ ဆရာစံဦးဆောင်တဲ့ လယ်သမားလက်နက်ကိုင်လှုပ်ရှားမှုပေါ်ခဲ့ပါတယ်။ ဆရာစံရဲ့ နိုင်ငံရေးအတွေးအခေါ်ကို လေ့လာကြည့်ရင် ရှေးရိုးစွဲအမျိုးသားရေးဝါဒ ရှိကြောင်း တွေ့ရပါလိမ့်မယ်။ ဆရာစံဟာ ဂျီစီဘီအေ အသင်းချုပ်ကြီးရဲ့ စည်းရုံးရေးမှူးတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာလည်း မမေ့အပ်ပါ။ ဆရာစံရဲ့ ဂဠုန်တပ်မကြီးဟာ လယ်သမားတွေကို အခြေပြုပြီး မျိုးချစ်စိတ်ဓာတ်ခံနဲ့ လက်နက်ကိုင်ပုန်ကန်တဲ့ သာဓက ဖြစ်ပါ တယ်။ ၁၉၃၀ ခုနှစ်မှာ ဝံသာနုလှုပ်ရှားမှုဟာ စစ်ရေးနဲ့ ပူးပေါင်းလာနိုင်ပြီလို့ ပြောနိုင်ပါပြီ။ သို့သော်လည်း ခေတ်မီ သော နိုင်ငံရေးအတွေးအခေါ် မကပ်နိုင်သေးပါ။ ထပ်မံထူးခြားချက်တစ်ခုကတော့ ဆရာစံရဲ့ လယ်သမားတော်လှန် ရေးပေါ်ထွက်ခဲ့တဲ့ ကာလမှာပဲ သခင်လှုပ်ရှားမှုပေါ်ထွက်ပြီး၊ တို့ဗမာအစည်းအရုံးပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။

မျိုးချစ်ဝါဒနဲ့ နိုင်ငံရေး ထိမှတ်

တို့ဗမာအစည်းအရုံးကို သခင်ဘသောင်း ဦးဆောင်ပြီး ၁၉၃၀ မတ်လမှာ တည်ထောင်ဖွဲ့စည်းလိုက်ပါတယ်။ တို့ဗမာ အစည်းအရုံးရဲ့ ကြွေးကြော်သံနဲ့ ဆောင်ပုဒ်ကို ကြည့်ပြီး တို့ဗမာအစည်းအရုံးရဲ့ နောက်ကွယ်က ဒဿနတွန်းအား ကလည်း အမျိုးသားရေးဝါဒ (မျိုးချစ်ဝါဒ) ဝံသာနုရက္ခိတစိတ်နဲ့ တည်ထောင်ဖွဲ့စည်းလိုက်တယ်ဆိုတာ မငြင်းနိုင်ပါ။ ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား။ တို့ပြည်ကို ချစ်ပါ၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါ…. ဆိုတဲ့ ကြွေးကြော်သံဟာ ဗမာမျိုးချစ်လူငယ်တွေထဲမှာ အတော် ရေပန်းစားခဲ့ပါတယ်။ တို့ဗမာအစည်းအရုံးရဲ့ ကြွေးကြော်သံဟာ ဝိုင်အမ်ဘီအေလို မဟုတ်၊ အမျိုးထက် တိုင်းပြည်၊ ဘာသာ သာသနာထက် စာနဲ့ စကားဆိုတာကို ဗဟိုပြုပြီး လှုံ့ဆော်တယ်ဆိုတာကို သတိချပ်ပါ။ ဝိုင်အမ်ဘီအေထက် တို့ဗမာအစည်းအရုံးဟာ အမျိုးသားရေးဝါဒအတွေးအခေါ်မှာ ပိုကျယ်ပြန့်၊ ပိုအဆင့်မြင့်လာတဲ့သဘောကို တွေ့နိုင် တယ်။ အမျိုးသားရေးဝါဒ (မျိုးချစ်ဝါဒ) ဝံသာနုစိတ်ဓာတ်ကို အခြေခံပြီး ပေါ်ထွက်လာတဲ့  အဖွဲ့အစည်းတွေ ဖြစ် ပေမယ့်၊ လူမှုနိုင်ငံရေးအတွေးအခေါ်မှာ တစ်ဆင့်မြင့်စဉ်းစားပြီး လုပ်နိုင်တာကို ကြည့်ပါ။

၁၉၃၀ ခုနှစ်ဟာ မျိုးချစ်နိုင်ငံရေးသမိုင်းမှာ ထင်ရှားတဲ့ ခုနှစ်သက္ကရာဇ်ဖြစ်ပါတယ်။ ဝံသာနုမျိုးချစ်စိတ်နဲ့ စစ်ရေး လှုပ်ရှားမှုကို ပေါင်းစည်းနိုင်တဲ့သာဓက၊ ဝံသာနုမျိုးချစ်စိတ်နဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုကို ပီပီပြင်ပြင် တည်ထောင်နိုင်ခဲ့တဲ့ကာလ ဖြစ်ပါတယ်။ တို့ဗမာအစည်းအရုံးမှာ သခင်ဘသောင်းကဲ့သို့ သခင်ကိုယ်တော်မှိုင်းက လည်း ထင်ရှားတဲ့ မျိုးချစ်ခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါဟာ မျိုးချစ်ဝါဒနဲ့ တို့ဗမာအစည်း အရုံးနဲ့ ခွဲလို့ မရတဲ့အဓိက သာဓကတွေထဲက နောက်ထပ်သာဓက တစ်ခုဖြစ်ပါတယ်။

မျိုးချစ်ဝါဒနဲ့ လက်ဝဲဝါဒ ထိမှတ်

၁၉၃၇ ခုနှစ် နိုဝင်ဘာ (၄) ရက်နေ့မှာ နဂါးနီစာပေအသင်းကို တည်ထောင်ပါတယ်။ နဂါးနီစာပေအသင်းကို တည်ထောင်သူတွေဟာ တို့ဗမာအစည်းအရုံးက မျိုးချစ်လူငယ်သခင်ပညာတတ်တွေက စတင်လိုက်တဲ့ စာပေ အသင်းဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မျိုးချစ်စိတ်ကို လှုံ့ဆော်ပေးဖို့နဲ့ လက်ဝဲနိုင်ငံရေးအတွေးအခေါ်ကို မြန်မာ့လူ့အဖွဲ့အစည်းထဲ ဝါဒဖြန့်ကြဖို့ ဖြစ်ပါတယ်။ နဂါးနီစာပေအသင်းကို ၁၉၃၇ ခုနှစ်မှာမှ စတင်ဖွဲ့စည်းတယ် ဆိုပေမယ့်၊ တို့ဗမာအစည်းအရုံးဝင် သခင်လူငယ်မျိုးချစ်နိုင်ငံရေးသမားတွေဟာ လက်ဝဲစာပေတွေကို လေ့လာပြီး လက်ဝဲနိုင်ငံရေးအတွေးအခေါ်တွေကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးထားပြီးသူ​တွေ ဖြစ်ကြောင်း သတိရပါ။ သူတို့ ယုံကြည်လက်ခံသလို၊ မြန်မာလူထုကိုလည်း ယုံကြည်လက်ခံစေအောင် ဝါဒဖြန့် ယန္တရားအနေနဲ့ နဂါးနီစာပေ အသင်းကို ဖွဲ့စည်းတာဖြစ်ပါတယ်။ နဂါးနီစာပေအသင်းရဲ့ ကြိုးပမ်းမှုကြောင့်၊ မြန်မာလူထုကြားထဲမှာ လက်ဝဲ အယူအဆနဲ့ ကွန်မြူနစ်အတွေးအခေါ်၊ ဆိုရှယ်လစ်အတွေးအခေါ်တွေ ပျံ့နှံ့လာခဲ့ပါတယ်။ နဂါးနီစာပေအသင်းဟာ လက်ဝဲအယူအဆနဲ့ တော်လှန်ရေးအတွေးအခေါ်ကိုလည်း ဖြန့်ချိသလို၊ မျိုးချစ်စိတ်ကို လှုံ့ဆော်ပေးတဲ့စာပေတွေ ကိုလည်း ဘာသာပြန်တာ၊ ရေးသားဖြန့်ချိတာတွေ လုပ်ပါတယ်။ တစ်ဖက်မှာလည်း စိတ်ဓာတ်မြှင့်တင်ရေးစာပေ တွေဖြစ်တဲ့ နိုင်ငံရေးတက်ကျမ်းစာအုပ်တွေကို ရေးသားပုံနှိပ်ဖြန့်ချိကြပါတယ်။ နိုင်ငံတကာက တော်လှန်ရေးသူရဲ ကောင်းတွေရဲ့ ဘဝအတ္ထုပ္ပတ္တိတွေကို ဘာသာပြန် ပုံနှိပ်ထုတ်ဝေရင်း၊ ဒီစာပေတွေကို ဖတ်ပြီး မြန်မာ့လူ့အဖွဲ့ အစည်းထဲမှာ သူရဲကောင်းဝါဒလည်း ဖြစ်ထွန်းလာခဲ့တယ်လို့ ပြောနိုင်ပါတယ်။

မျိုးချစ်ဝါဒ နဲ့ တပ်မတော် သန္ဓေတည်

နဂါးနီစာပေအသင်းပေါ်ထွက်လာတဲ့ ၁၉၃၇ ခုနှစ်ကာလဟာ၊ ဝံသာနုမျိုးချစ်ဝါဒနဲ့ လက်ဝဲဝါဒပေါင်းစည်းသွားတဲ့ သာဓကကို ပြနေပါတယ်။ တို့ဗမာအစည်းအရုံးဝင် သခင်မျိုးချစ်လူငယ်ပညာတတ်တွေက လက်ဝဲစာပေကနေ ခေတ်မီတဲ့ နိုင်ငံရေးအတွေးအခေါ်ကို ရခဲ့ပါတယ်။ ဒီကနေတစ်ဆင့် ကိုလိုနီနယ်ချဲ့တော်လှန်ရေးကို လက်နက်ကိုင် လမ်းစဉ်နဲ့တော်လှန်ဖို့ ဖြစ်လာပါတယ်။ နဂါးနီစာပေအသင်း မတည်ထောင်ခင် တစ်နှစ်အလိုလောက်မှာ၊ မြန်မာ့ နိုင်ငံရေးသမိုင်းမှာ အထင်ကရဖြစ်တဲ့ ဒုတိယကျောင်းသားသပိတ် (၁၉၃၆) ပေါ်ထွက်ခဲ့တာကိုလည်း သတိချပ်ပါ။ မျိုးချစ်ဝါဒဟာ တော်လှန်ရေးဝါဒဖြစ်တဲ့ လက်ဝဲဝါဒနဲ့ ပေါင်းစပ်ပြီး လက်နက်ကိုင်တော်လှန်ရေးအဖြစ် အသွင် ပြောင်းခဲ့ပါတယ်။ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုရဲ့ လက်နက်ကိုင် တိုက်ပွဲကို မျိုးချစ်လူငယ်ပညာတတ် ကျောင်းသားနိုင်ငံရေးသမားတွေက စတင်လိုက်ပါတယ်။ ဒီလိုနဲ့ ရဲဘော်သုံးကျိပ်ရယ်လို့ ဖြစ်လာပါတော့တယ်။ ဗမာ့တပ်မတော်ရဲ့ သန္ဓေဟာ ရဲဘော်သုံးကျိပ်ကနေ စတင်မွေးဖွားလာခဲ့ပါတယ်။

မျိုးချစ်ဝါဒနောက်ခံ သမိုင်း

ဗမာ့တပ်မတော်ဟာ မျိုးချစ်ဝါဒကနေ သန္ဓေတည်ပြီး လက်ဝဲတော်လှန်ရေးအတွေးအခေါ်ရဲ့ အပံ့အပိုးနဲ့ မွေးဖွား ကြီးပြင်းလာခဲ့ပါတယ်။ ဗမာ့တပ်မတော် သန္ဓေမတည်ခင်၊ ကနဦး ဝံသာနုရက္ခိတလှုပ်ရှားမှုတွေ အသီးသီးကို သမိုင်းဇယားစဉ်ချကြည့်ရင် အခုလို တွေ့ရပါတယ်။

အထက်ပါ သမိုင်းစဉ်ဇယားကို ကြည့်ရင်၊ ဗမာ့တပ်မတော်ဟာ မျိုးချစ်ဝံသာနုစိတ်ဓာတ်ရဲ့ တွန်းအားနဲ့ အမျိုးသားရေးဝါဒကို အခြေခံပြီး ပေါ်ထွက်လာတဲ့ တပ်မတော်ဆိုတာ ထင်ရှားပါတယ်။

ပိုစောသော ရက္ခိတလမ်းစဉ်

တို့ဗမာအစည်းအရုံးဝင် သခင်လူငယ်တွေဟာ လက်ဝဲဝါဒကို မြန်မာ့လူ့အဖွဲ့အစည်းထဲ ခေါ်ဆောင်လာတာဟာ ၁၉၃၇ ခုနှစ်နောက်ပိုင်းမှ ဖြစ်ပါတယ်။ ဒီတော့ လက်ဝဲကွန်မြူနစ် ဆိုရှယ်လစ်ဝါဒထက် အမျိုးသားရေးဝါဒဟာ ပို၍ စောတယ်၊ ပိုလို့ ရှေ့စော ရောက်နှင့်ပြီးသားဖြစ်တယ်လို့ ပြောနိုင်တယ်။ ဗမာ့တပ်မတော် သန္ဓေတည်တဲ့ကာလဟာ မျိုးချစ်ဝါဒကို အခြေခံပြီး ပေါ်ထွက်လာခြင်းလို့ တိတိကျကျ ဆိုနိုင်တယ်။ ယခုလက်ရှိ မြန်မာ့တပ်မတော်ဟာ မြန်မာအမျိုးသားရေးဝါဒ ဖြစ်ထွန်းတယ်ဆိုတာ ငြင်းဖွယ်ရာ မရှိပါ။ အတိတ်သမိုင်းနောက်ခံမှာကိုယ်က မျိုးချစ်ဝါဒကို တွန်းအားပြုပြီးပေါ် ထွက်လာတဲ့ တပ်မတော်ဖြစ်တာတွေ့ရပါတယ်။ ဗမာလူမျိုးကြီးစိုးတဲ့ မြန်မာ စစ်တပ်ကလည်း ယခင်က တည်ရှိခဲ့ဖူး ပြီးဖြစ်တဲ့ ဗမာ့အမျိုးသားရေးဝါဒကို ပြန်လည်တည်ဆောက် ဆွဲကိုင်တာ တွေ့ရပါတယ်။ ၂၀ ရာစု အလယ်လောက် မှာ စတင်မွေးဖွားခဲ့တဲ့ မြန်မာစစ်တပ်ဟာ ၂၁ ရာစု ထဲမှာလည်း အမျိုးသားရေးဝါဒ၊ မျိုးချစ်ဝါဒကို ဆက်လက်ဆွဲကိုင် ထားဆဲဆိုတာတွေ့ရပါတယ်။

တပ်၏ မူလဒဿန

မြန်မာစစ်တပ်ဟာ လွတ်လပ်မရခင်မှာ နာမည်အမျိုးမျိုး ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်မှ၊ ဘီအိုင်အေ။ ဘီအိုင်အေမှ ဘီအင်အေ။ ဘီအင်အေမှ ပီဘီအက်(ဖ်)။ ပီဘီအက်(ဖ်)မှ ဘားမားရိုင်ဖယ်။ ထို့နောက် ဗမာ့တပ်မတော်။ မြန်မာ့တပ်မတော်။ မြန်မာစစ်တပ်။

မြန်မာစစ်တပ်ဟာ မျိုးချစ်ဝါဒကို တပ်မတော်ရဲ့အိုင်ဒီယော်လိုဂျီတစ်ခုအနေနဲ့ မြှုပ်နှံထားသိုခဲ့ပါတယ်။ နိုင်ငံရေး အပြောင်းအလဲတွေကြားထဲမှာ မြန်မာစစ်ခေါင်းဆောင်တွေဟာ လိုက်ပါခဲ့ရတယ်။ နောက်တော့ မြန်မာစစ်ခေါင်း ဆောင်တွေကိုယ်တိုင်က မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို ဖန်တီးစီရင်တဲ့အနေအထားကို ရောက်လာတယ်။ ပထမဆုံးဖြစ်ရပ်ကတော့ ဗိုလ်ချုပ်ကြီးနေဝင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ၁၉၆၂ ခုနှစ် မတ်လမှာ၊ စစ် အာဏာသိမ်းခဲ့တယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့လူ့အဖွဲ့အစည်းနဲ့ မြန်မာ့နိုင်ငံရေးကို ပုံဖော်စီရင်နိုင်ဖို့ ကြိုးစားခဲ့တယ်။ လက်ဝဲအယူအဆလွှမ်းမိုးတဲ့ မြန်မာတွေကို စည်းရုံးဖို့အတွက်၊ သူကိုယ်တိုင် ယုံကြည်သက်ဝင် ခြင်း မရှိတဲ့ ဆိုရှယ်လစ်ဝါဒကို ပုံဖော်တည်ဆောက်ခဲ့တယ်။ ဆိုရှယ်လစ်ဝါဒကို ဗိုလ်ချုပ်ကြီးနေဝင်းက ယုံကြည် သက်ဝင်ရင်းစွဲ မရှိဘူးဆိုတာ  ထင်ရှားတဲ့သာဓကတွေ ရှိပါတယ်။ လက်ဝဲအယူအဆအားကြီးတဲ့ မြန်မာလူထုကို လက်ဝဲဟန်နဲ့ စည်းရုံးဖို့ အသုံးချခဲ့ခြင်းသက်သက်မျှသာ ဖြစ်ပါတယ်။

ဗမာ့နည်းဗမာ့ဟန် ဆိုရှယ်လစ်ဝါဒ

၁၉၆၂ ခုနှစ် မတ် (၆) ရက်နေ့ နံနက်ပိုင်း (၉) နာရီမှာ ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်မှူးကြီးစောမြင့်၊ ဦးစောဦးနဲ့ ဦးချစ်လှိုင်တို့ သုံးဦးကို ကာကွယ်ရေးဦးစီးချုပ်ရုံးခန်းမှာ ခေါ်ယူတွေ့ဆုံပြီး အခုလို ပြောခဲ့ဖူးပါတယ်။

ဒါဟာ ဗိုလ်ချုပ်ကြီးနေဝင်း (တနည်း) မြန်မာစစ်ခေါင်းဆောင်တွေရဲ့ သဘောထားနဲ့ စရိုက်ကို ပြနေတဲ့ သာဓက တွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးကို ကိုယ်အသုံးတည့်နိုင်ဖို့ ၊ လိုသလို ပြီးစလွယ် ကြုံသလို ကြည့်ကျက် လုပ်ကြည့်မယ်၊ မဟန်ရင်လည်း ပြန်ပြောင်းမယ်ဆိုတာကို ခပ်လွယ်လွယ် သဘောထားတဲ့ စရိုက်ကို တွေ့ရပါတယ်။ ဒါ့ကြောင့်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာပြီး မြန်မာစစ်တပ်အတွင်းမှာ လူနှင့် ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားကို ပို့ချသွတ်သွင်းတည်ဆောက်သော်လည်း၊ တကယ့်လက်တွေ့မှာ မြန်မာစစ်တပ်ရဲ့ အိုင်ဒီယော်လိုဂျီအဖြစ် ဆိုရှယ်လစ်ဝါဒက ရောက်ရှိမနေပါ။ ရောက်ရှိမလာပါ။ နဂိုမူလရှိရင်းစွဲ မျိုးချစ်ဝါဒသာလျှင် လက်ကျန်အနေနဲ့ ရှိတာတွေ့ရပါတယ်။

ဆိုရှယ်လစ်လမ်းစဉ် ကျဆုံးခန်း

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းဟာ နိုင်ငံရေးကို ပုံဖော်တဲ့အနေနဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒကို တည်ထောင်ပြီး၊ လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည သဘောတရားဆိုတာတွေကို တပ်ရဲ့ အိုင်ဒီယော်လိုဂျီအဖြစ် သွတ်သွင်းခဲ့တယ်။ သို့သော်လည်း မြန်မာ စစ်တပ်ထဲမှာ အမျိုးသားရေးဝါဒ (မျိုးချစ်ဝါဒ) ကသာလျှင် စွဲမြဲနေပြီး၊ ဆိုရှယ်လစ်ဝါဒဟာ မြန်မာစစ်တပ်ထဲမှာ သကာအနေနဲ့ပဲ ဖုံးထားနိုင်ခဲ့တယ်။ တကယ့်အ တွင်းအနှစ်သာရအထိ စွဲမြဲမဝင်ခဲ့ဘူး။ ဒါ့ကြောင့်လည်း ၁၉၈၈ ခုနှစ်၊ လူထုအုံကြွမှုဖြစ်တဲ့အခါ ဒီမိုကရေစီရေး ကြွေးကြော်သံတွေဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ကျဆုံးခန်း ရောက်အောင် ပို့ပေးခဲ့တယ်။ လမ်းစဉ်ပါတီ ကျဆုံးခြင်းဟာ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်ဝါဒ ကျရှုံးခြင်းလည်း ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ခေါင်း ဆောင်ဗိုလ်ချုပ်ကြီးနေဝင်းပါ နိုင်ငံတော်အာဏာကို လက်လွှတ်ခဲ့ရတယ်။

မြန်မာအမျိုးသားရေးဝါဒ ပင်မဒေါက်တိုက်

ဗိုလ်ချုပ်ကြီးနေဝင်းအပါအဝင် လမ်းစဉ်ပါတီနဲ့  ဆိုရှယ်လစ်ဝါဒလည်း မြန်မာစစ်တပ်ထဲမှာ ပုံကျပြိုလဲသွား တယ်။ သို့သော်လည်း မြန်မာစစ်တပ်ရဲ့ မူရင်းအိုင်ဒီယော်လိုဂျီဒေါက်တိုင်ဖြစ်တဲ့ အမျိုးသားရေးဝါဒ (မျိုးချစ်ဝါဒ) ဟာ ထောင်မတ်နေဆဲဖြစ်ပါတယ်။ မျိုးချစ်ဝါဒကို ပင်မဒေါက်တိုင်အဖြစ် ပြန်လည် ဆွဲကိုင်ပြီး နဝတအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာစစ်တပ်ထဲမှာ မြန်မာအမျိုးသားရေးဝါဒကို ပြန်လည်ခိုင်မာအောင် တည်ဆောက် ခဲ့ပါတယ်။ ဒီလို တည်ဆောက်မှုဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ၊ မြန်မာစစ်တပ်ကို ပြန်လည်စုစည်း နိုင်အောင် လုပ်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ မြန်မာတပ်မတော်ဟာ၊ ယခင် ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးခေတ်က ဝိုင်အမ်ဘီအေလျှောက်ခဲ့တဲ့ မူလလမ်းစဉ်ကို ပြန်လျှောက်ဖို့ ကြိုးစားခဲ့ပါတယ်။ အနောက်တိုင်းလေထုကို ခုခံဖို့နဲ့ ဒီမိုကရေစီရေး အတိုက်အခံနိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို တန်ပြန်နိုင်ဖို့အတွက်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ မြန်မာစစ်တပ်အတွင်းမှာ အမျိုး – ဘာသာ – သာသနာ ကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရမယ်ဆိုတဲ့ အမြင်အယူအဆတွေကို သွတ်သွင်း ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီကြီးစားမှုဟာ မြန်မာစစ်တပ်အသိုင်းအဝန်းနဲ့ တပ်နဲ့ နီးစပ်တဲ့အသိုင်းအဝန်းမှာ အတော်ထိ ရောက်ခဲ့ပါတယ်။ ဒီအကျိုးဆက်ကလည်း မြန်မာစစ်တပ်ကို မျိုးချစ်ဝါဒနဲ့ ပြန်လည် အစေးကပ်အောင် လုပ်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ မြန်မာ့လူမှုဓလေ့မှာ နဂိုရှိရင်းစွဲ ဝံသာနုမျိုးချစ်ဓာတ်ခံရှိတဲ့ မြန်မာလူထုကို လည်း တစ်ပါတည်း ဆွဲဆောင်ပြီးသား ဖြစ်သွားပါတယ်။ ဒီလိုနဲ့ ၂၀ ရာစုအလွန် မြန်မာစစ်တပ်ဟာ မြန်မာ့အမျိုးသားရေးဝါဒဆိုတာကို အမျိုး – ဘာသာ – သာသနာကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရမယ်ဆိုတဲ့ အယူအဆနဲ့ အတူ၊ ရပ်တည်ဖို့ ကြိုးစားလာခဲ့ပါတယ်။

မဟာဗမာလူမျိုးဝါဒ

ပါလီမန်ဒီမိုကရေစီခေတ် နိုင်ငံရေးအကွဲအပြဲကြောင့် တပ်တွင်းပြိုကွဲမှုကာ တပ်ရင်းလိုက် တောခို ပုန်ကန်ခဲ့မှုတွေ ဖြစ်ပြီးနောက်ပိုင်း မြန်မာ့တပ်မတော်ထဲမှာ တိုင်းရင်းသားလူမျိုးစုတွေကို ထိပ်ပိုင်းရာထူးတွေကနေ ဖြုတ်ချခဲ့ တယ်။ နောက်ပိုင်းမှာ တိုင်းရင်းသားမှန်ရင်၊ ဗုဒ္ဓဘာသာမဟုတ်ရင် ဘယ်လောက်အရည်အချင်းရှိရှိ တပ်ထိပ်ပိုင်း ရာထူးတွေကို မပေးတော့ဘူး၊ ရယူခွင့် မရှိတော့ဘူး။ ဒါဟာ ရေးသားထားတဲ့ စည်းမျဉ်းစည်းကမ်း မဟုတ်ပေမယ့်၊ တပ်တွင်းအသိုင်းအဝိုင်းမှာ ဗမာကြီးစိုးရေးဝါဒ၊ မဟာဗမာအယူအဆ တဖြည်းဖြည်းနဲ့ သွတ်သွင်းတည်ဆောက်လာ ခြင်းရဲ့ သက်သေအဖြစ် ရှိနေပါတယ်။ ယခုလက်ရှိမှာလည်း မြန်မာစစ်တပ်ထဲမှာ ဗမာလူမျိုးသာလျှင် ကြီးစိုးတဲ့ ဗမာစစ်တပ်၊ မြန်မာစစ်တပ် သက်သက်မျှသာ ဖြစ်နေတာ ကြာညောင်းပါပြီ။

အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်သော

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာလည်း မြန်မာမျိုးချစ်တပ်မတော်အဖြစ် တည်ဆောက်ပြီး၊ အမျိုး – ဘာသာ – သာသနာဆိုတဲ့ ကြွေးကြော်သံကို လွှင့်ပြီး တိုင်းပြည်တည်ဆောက်ရေးကို လုပ်ခဲ့ပါတယ်။ စစ်တပ်ဟာ အမျိုးကို ကာကွယ်စောင့်ရှောက်တဲ့ တပ်မတော် ဖြစ်တယ်။ မျိုးချစ်တပ်မတော်ဖြစ်တယ်ဆိုတဲ့ အယူအဆကို သွတ်သွင်း တည်ဆောက်ပါတယ်။ ဘာသာသာသနာကို စောင့်ရှောက်တဲ့ သာသနာဒါယကာမင်းဖြစ်တယ်ဆိုတဲ့ အမြင်ကို လူ့အဖွဲ့အစည်းထဲမှာ ရောက်စေပါတယ်။ ကိုလိုနီ နယ်ချဲ့ အင်္ဂလိပ်ခေတ်တုန်းက မျိုးချစ်ဝံသာနုပုံကို ဖမ်းပြီး အနောက်တိုင်းက လာတဲ့ ဒီမိုကရေစီကို ပြန်လည် တုံ့ပြန် ဆန့်ကျင်ဖို့ အမျိုးသားရေးဝါဒကို တည်ဆောက်တာ တွေ့ရပါတယ်။ အနောက်တိုင်းအတွေးအခေါ်လွှမ်းမိုးတဲ့ နိုင်ငံရေးအယူအဆအပြင်၊ စာပေ၊ ယဉ်ကျေးမှုနဲ့ အနုပညာမှာပါ မြန်မာ့လူ့အဖွဲ့အစည်းမှာ စွဲမြဲမလာအောင်၊ အမျိုး – ဘာသာ – သာသနာ ဆိုတဲ့ လေထုကို တည်ဆောက်တာတွေ့ရပါတယ်။ အနောက်နိုင်ငံတွေက ယဉ်ကျေးမှု နဲ့ နိုင်ငံရေးအတွေးအခေါ်က ကိုလိုနီခေတ်က နယ်ချဲ့နဲ့ အတူတူလို့ သမုတ်ပြီး၊ ဒီမိုကရေစီလည်း မြန်မာပြည် ရောက်မလာအောင် ဟန့်တားပါတယ်။ နယ်ချဲ့ အင်္ဂလိပ်ဟာ မိစ္ဆာဆိုရင်၊ အနောက်နိုင်ငံတွေကလာတဲ့ စာပေ ၊ ယဉ်ကျေးမှု၊ အတွေးအခေါ်တွေကလည်း မိစ္ဆာဝါဒပဲဆိုပြီး အမျိုးသားရေးဝါဒနဲ့ လှည့်တိုက်ပေးပါတယ်။ ဒီလိုနဲ့ မြန်မာ့လူ့အဖွဲ့အစည်းက အနောက်တိုင်း အတွေးအခေါ်နဲ့ အနောက်တိုင်း ယဉ်ကျေးမှုကို လက်မခံအောင် မိစ္ဆာ တံဆိပ်ကပ်ပြီး မြန်မာစစ်တပ်က ဝါဒဖြန့်ပါတယ်။ တစ်ဖက်မှာလည်း အနောက်နိုင်ငံတွေနဲ့ နှီးနွှယ်တဲ့ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ နိုင်ငံရေးအတွေးအခေါ်အားလုံးကို ဘာသာရေးမှိုင်းတိုက်ပြီး “ဓမ္မန္တရာယ်” စာရင်း သွင်းဖို့ ကြိုးစားအားထုတ်ခဲ့ ကြပါတယ်။

ဒီလို ဝါဒဖြန့်မှုကလည်း မြန်မာစစ်တပ်အသိုင်းအဝိုင်းနဲ့ တပ်နဲ့ နှီးနွှယ်တဲ့အသိုင်းအဝိုင်းမှာ အတော် ခိုင်ခိုင်မာမာ ပြန့်နှံ့တာတွေ့ရပါတယ်။ ဒီလိုအမျိုးသားရေးဝါဒကို ဝါဒဖြန့် တည်ဆောက်ခြင်းဟာ မြန်မာစစ်တပ်အနေနဲ့ ဒီမိုကရေစီကို ဟန့်တားပြီးသားဖြစ်သလို၊ နိုင်ငံရေးအရ အတိုက် အခံ လုပ်နေတဲ့ နိုင်ငံရေးအင်အားစုကိုလည်း ကန့်သတ်ထားပြီးသားဖြစ်တယ်လို့ ယူဆခဲ့ဟန်တူပါတယ်။ ဒီမိုကရေစီနဲ့ အနောက်တိုင်းအတွေးအခေါ်၊ ယဉ်ကျေးမှုတွေဟာ ဗမာတွေကြီးစိုးထားတဲ့ မြန်မာစစ်တပ်အတွက် ရန်သူဖြစ်နေရုံ သာမက၊ မြန်မာလူထုနဲ့ပါ ရန်သူဖြစ်ကြောင်း လုပ်ဆောင်လိုက်တဲ့ကိစ္စဖြစ်ပါတယ်။ ဒါကို လူအတော်များများက မသိပါဘူး။ မြန်မာတွေဟာ အမျိုး – ဘာသာ – သာသနာ ဆိုတဲ့ ပညာပျောက်နေတဲ့ ဝါဒဖြန့်ချိရေးထဲမှာ ဝဲလည်လိုက် ပြီး မျောပါသွားကြ ပါတယ်။ ဒါ့ကြောင့်လည်း ၂၀၁၁ ခုနှစ် နိုင်ငံရေးဖြေလျော့မှုတွေ ဖြစ်လာသည့်တိုင်၊ “မဘသ” လှုပ်ရှားမှုဟာ တန်ပြန်နိုင်ငံရေးလှုပ်ရှားမှုအဖြစ် ပေါ်လာခဲ့ပါတယ်။

ဗမာဗုဒ္ဓဘာသာလူမျိုးကြီး အယူအဆ

၂၀၁၁ – ၂၀၁၂ ခုနှစ်မှာ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စစ်ခေါင်းဆောင်အဖြစ်ကနေ အနားယူလိုက်ပြီး ငယ်ရွယ်သေး တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထဲ မြန်မာစစ်တပ်ကို လွှဲအပ်လိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အမျိုး – ဘာသာ – သာသနာ (မဘသ) အယူအဆကို ဆက်လက်စွဲကိုင်ပြီး ရှေးရိုးစွဲမျိုးချစ် ဝါဒနဲ့ မြန်မာစစ်တပ်ကို ထပ်မံ ဦးဆောင် ပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးထဲ ယူနီဖောင်းချွတ်ပြီး ဝင်ပါနေတဲ့ တပ်အသိုင်းအဝိုင်းကို အမျိုးသားရေး ဝါဒဟာ – ဗမာမျိုးချစ်ဝါဒသာ ဖြစ်တယ်ဆိုတဲ့ မဟာဗမာအယူအဆနဲ့ ဗမာဗုဒ္ဓဘာသာလူမျိုးကြီးအယူအဆကို ကိုင်ဆွဲပြီး၊ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ လှုပ်ရှားလာတာတွေ့ရပါတယ်။

တိုးတက်မလာဘဲ အတိတ်ကို လည်ထွက်သွား

လက်ရှိ မြန်မာစစ်တပ်အနေနဲ့ ကျယ်ပြန့်၍ အပြုသဘောဆောင်သော၊ တိုးတက်သော အမျိုးသားရေးဝါဒကို မတည်ဆောက်နိုင်ဘဲ၊ သွေးသားဗီဇနဲ့ ဘာသာရေး ကို အခြေခံတဲ့ သေးကျုံ့သောမျိုးချစ်ဝါဒအဖြစ် ပြန်လည်သွား တာကို တွေ့ရပါတယ်။ လက်ရှိ မြန်မာစစ်တပ်ကိုယ် တိုင်ကလည်း အတွေးအခေါ်အားဖြင့် မြင့်မားကျယ်ဝန်းတဲ့ အမျိုးသားရေးဝါဒကို ကိုင်ဆွဲနိုင်စွမ်း မရှိတော့ပါဘူး။ သေးကျုံ့တဲ့ မျိုးချစ်ဝါဒ၊ မျိုးချစ်တပ်မတော်အဖြစ်သာ အတိတ်ဆီကို ပြန် လည်ထွက်သွားတာတွေ့ရပါတယ်။ ဒီတော့ မြန်မာစစ်တပ်ဟာ နိုင်ငံတစ်ဝှမ်းလုံးကို အမျိုးသားရေးတပ်မတော်အဖြစ် ဦးဆောင်နိုင်ရမယ့်အဆင့်ကို ရောက်မလာဘဲ၊ လူမျိုးတစ်မျိုး၊ လူတစ်စု၊ လူတစ်ဖွဲ့နဲ့ ဘာသာတစ်ခုရဲ့ အကျိုးစီးပွားကိုသာ ကိုယ်စားပြုတဲ့ လက်ဝေခံ၊ လက်ကိုင်တုတ် အဆင့်ထိ လျှောကျသက်ဆင်းသွားတာကို အထင်အရှားတွေ့မြင်နေရပါတော့တယ်။

မင်းသေ့

နေ့လယ် ၂း၄၉

၂၅၊ ဖေဖော်ဝါရီ၊ ၂၀၂၂။

Previous post နိုင်ငံတစ်ခု မွေးဖွားခြင်း
Next post လူ့အောက်ကျို့ဖို့ သင်ကြားခံရဖူးသလား