နောက်ကြောင်းပြန်အရေး သတိပေးချက်

ကျော်ဝင်းဟာ ဘယ်လိုအရာတွေကို ဇောင်းပေးပြောခဲ့ပါသလဲ။ ကျော်ဝင်းဟာ ဒီမိုကရေစီနဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးနည်းနာဖြစ်စဉ်၊ ဖြစ်အင်တွေကို ဇောင်းပေးပြောခဲ့ပါတယ်။ အထူးသဖြင့် လစ်ဘရယ်စိတ်အခံ ထုထည် ကြီးမားလာအောင် သူ့ကလောင်နဲ့ ကျေးဇူးပြုခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးဓလေ့အရ အစွန်းရောက်ဓလေ့ဟာ လစ်ဘရယ်စိတ်အခံနဲ့ ဖီလာကန့်လန့်ဖြစ်နေပါတယ်။ ဒါကို တတ်နိုင်သရွေ့ ပြန်ဆွဲတင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရယ်ဒီကယ်ချောက်ကမ်းပါးဆိုတဲ့ အသုံးအနှုန်းကို ကျော်ဝင်းဟာ သူ့ရဲ့နိုင်ငံရေးဆောင်းပါးတွေမှာ ထပ်လဲလဲ ရေးသားသတိပေးခဲ့တာတွေ့ရပါတယ်။ သို့သော်လည်း မြန်မာပြည်ရဲ့ ကံကြမ္မာဟာ ရယ်ဒီကယ်ချောက်ကမ်းပါးက နေ မတက်နိုင်အောင် တွန်းပို့စေတဲ့အကြောင်းအရင်းတွေ အပြည့်ဖြစ်ခဲ့ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ ဘယ်လိုပဲ လစ်ဘရယ်စိတ်အခံ ရှိနေပါစေ၊ စစ်အာဏာရှင်ရဲ့ ဆိုးယုတ်မှုကြောင့် ရယ်ဒီကယ်ချောက်ကမ်းပါးကို မဖြစ်မနေ ခုန်ဆင်းကြရတော့တာပါပဲ။ ဒါဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ကြမ္မာလို့ ပြောနိုင်မလား။ ကျော်ဝင်းဟာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးယှဉ်လာရင် ဘယ်အရာကို ဦးစားပေးအလိုရှိခဲ့ပါသလဲ။ ဒီနေရာမှာ – ဖရန်စစ်ဖူကူယားမားရဲ့ သဘောထား အမြင်ကို ရေးသားတင်ပြတာတွေ့ရပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေမှာ၊ နိုင်ငံရေးနဲ့ စီးပွားရေး ပူးတွဲ လာနိုင်တာတွေ ရှိသလို၊ ပူးတွဲပြီး မလာနိုင်တာတွေလည်း ရှိပါတယ်။ အကယ်၍ နိုင်ငံရေးနဲ့ စီးပွားရေးဆိုရင် ဘယ်အရာက ပိုဖြစ်နိုင်သလဲ။ ကျော်ဝင်းဟာ မြန်မာပြည်ရဲ့ အခင်းအကျင်းကို လက်တွေ့အားဖြင့် ကြည့်မြင်ခဲ့ပါတယ်။ ဖြစ်နိုင်ချေကို မျှော်လင့်ဟန်တူပါတယ်။ ဖူကူယားမားရဲ့ အယူအဆဖြစ်တဲ့ – အာဏာပိုင်စနစ်အောက်မှာ ဖွံ့ဖြိုးရေးဟာ တစ်စုံတစ်ရာဖြစ်နိုင်ချေ ရှိတယ် – ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ဥပမာ – တရုတ်ကို ဥပမာအားဖြင့် ယူလို့ ရနိုင်ပါတယ်။ ဒီနေရာမှာ အာဏာပိုင်စနစ်သက်သက်ချည်းတော့ မဖြစ်။ တစ်စုံတစ်ရာခိုင်မာပြီး အလုပ်ဖြစ် တဲ့ အင်စတီကျူးရှင်းကို တည်ဆောက်နိုင်မှ၊ ဖွံ့ဖြိုးရေး လာနိုင်တယ်ဆိုတာကို ရပ်ခံတင်ပြတာတွေ့ရပါတယ်။ သို့သော်လည်း လက်တွေ့မှာ မြန်မာပြည်က စီးပွားရေးထက် နိုင်ငံရေးပြုပြင် ပြောင်းလဲမှု အမြန်နှုန်းက ပိုခဲ့ပါတယ်။ အရပ်ဘက်က ဒီမိုကရေစီအမြန်နှုန်းကို မြှင့်ရင်း အရှိန်မထိန်းနိုင်ဘဲ၊ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့ မှာ စစ်ဘက်ရဲ့ အာဏာသိမ်းခြင်းကို ခံလိုက်ရပြီး နောက်ကြောင်းပြန်လှည့်ခဲ့ပါတယ်။ ကျော်ဝင်းဟာ နောက် ကြောင်းပြန်မလှည့် စေဖို့၊ သတိချပ်စရာတွေကို တဖွဖွ သတိပေးခဲ့ပါတယ်။ သို့သော် လူအနည်းစုသာ ဂရုမူမိဟန် တူပါတယ်။ အထူးသဖြင့် အရပ်ဘက်နိုင်ငံရေးသမားအတော်များများက စာမဖတ်ဘဲ စိတ်ကြီးဝင်တာ ပိုများနေတယ်လို့ ယူဆရပါတယ်။

ကျော်ဝင်းဟာ သူ့ရဲ့ ပညာရှင်များခေတ်စာအုပ်မှာ ၊ ရှေ့ဆုံး စာမျက်နှာမှာ ဖရန်စစ်ဖူကူယားမားရဲ့ မြန်မာပြည် အတွက် မှတ်ချက်ကို ကောက်နုတ်ဖော်ပြထားတာ တွေ့ရပါတယ်။ 

  • မြန်မာနိုင်ငံအတွက် အမှန်တကယ်လိုအပ်နေသည်မှာ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ မဟုတ်တော့ပါ။ အင်ဒိုနီးရှား အပြောင်းအလဲတွင် အကြံပေးခဲ့ကြသည့် “ဘာဂလေ” ဂိုဏ်းလို စွမ်းဆောင်ရည်ပြည့် ဘောဂဗေဒသမားတွေသာ ဖြစ်ပါသည်။ (ဖရန်စစ် ဖူကူယားမား)

ပညာရှင်များခေတ် စာအုပ်အဖုံးမှ ကောက်နုတ်ချက်၊ ၂၀၁၈။

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး ဘယ်သင်းက အရင်လာနိုင် – ဆိုတဲ့ ကိစ္စမှာ၊ အကယ်၍ နှစ်မျိုးစလုံး ပြိုင်တူလာဖို့ မဖြစ်နိုင် ရင် ဖွံ့ဖြိုးရေးကို အရင်လာစေချင်စိတ် ရှိဟန်တူပါတယ်။ ဒါဟာ မြန်မာပြည်အတွက် လက်တွေ့ကျပါတယ်။ ဖွံ့ဖြိုး ရေးနောက်မှာ ဒီမိုကရေစီလိုက်ပါလာနိုင်ဖို့အတွက်တော့၊ လူ့အဖွဲ့အစည်းရဲ့ လစ်ဘရယ်စိတ်အခံ မြင့်လာအောင် ရေခံမြေခံကို ပျိုးထားပေးရမယ်လို့ ယူဆခဲ့ဟန်တူပါတယ်။ ဒီနေရာမှာ အနာဂတ် ဒီမိုကရေစီခရီးလမ်းအတွက် နံဘေးက ကူမ,နိုင်တဲ့ အင်စတီကျူးရှင်းတွေ အခိုင်အမာတည်ဆောက်ရေးကို ဇောင်းပေးရေးသားတာတွေ တွေ့ခဲ့ ရပါတယ်။ မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးကာလတစ်လျှောက်လုံးမှာ၊ အင်စတီကျူးရှင်းတွေ အားကောင်း သန်မာရေး၊ အင်စတီကျူးရှင်းအဟောင်းနေရာမှာ အသစ်နဲ့ အစားထိုး ပြုပြင်ပြောင်းလဲရေးကို ကျော်ဝင်းက တဖွဖွ ခဏ ခဏ ရေးသားခဲ့ပါတယ်။ သို့သော်လည်း မြန်မာပြည်ဟာ အင်စတီကျူးရှင်းအဟောင်းနေရာမှာ အသစ်ကို လည်း အစားမထိုးနိုင်၊ တစ်စုံတစ်ရာပွင့်လင်းလွတ်လပ်မှုကို ချဲ့ထွင်နိုင်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်အရောက်မှာတော့ နောက်ကြောင်းပြန်လည်သွားရင်း ဒီမိုကရေစီလည်း ဆုတ်သွားခဲ့ပါတော့တယ်။ ဖွံ့ဖြိုးရေးဆိုတာကလည်း ကိုဗစ် – ၁၉ ကပ်ဘေး၊ အာဏာသိမ်းမှုနဲ့ လက်နက်ကိုင်လမ်းစဉ်ထဲမှာ ပျောက်ချင်းမလှ ဆုတ်ယုတ်သွားခဲ့ပါတော့တယ်။

အင်စတီကျူးရှင်းတွေရဲ့ အရေးပါ အရာရောက်မှုကို ကျော်ဝင်းက ခပ်စောစောကာလတွေမှာကတည်းက သိမြင် နားလည်ထားသူဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး စမှတ်လို့ ပြောနိုင်တဲ့ ၂၀၁၁ ခုနှစ်မှာ ရေးသားထားတဲ့ ဆောင်းပါးပါ ရေးသားဖော်ပြချက်ကို ကြည့်နိုင်ပါတယ်။

  • အင်စတီကျူးရှင်းများမှာ မော်တော်ကား “ရှော့ခ်ဘား” (shock absorber) နှင့်တူသည်။ အားကောင်းသော အင်စတီကျူးရှင်းများမှာ၊ ပြည်တွင်းပြည်ပ ရှော့ခ်များကို ဝါးမျိုစုတ်ယူနိုင်၍၊ ၎င်းတို့ အားကောင်းလေ – တည်ငြိမ်မှုပိုရှိလေ…။ ရှော့ခ်ဘားမကောင်းသော ကားအိုကြီးများနှင့် ခရီးသွားဖူးကြပါလိမ့်မည်။ ဆန်ကောထဲ ဆီးဖြူသီးများ ထည့်လှိမ့်သလို၊ အလူးအလဲ ခံရဖို့ များပါသည်။ ရှော့ခ်ဘားကောင်းလျှင်မူ၊ လမ်းမည်မျှ ကြမ်းပါစေ၊ ငြိမ့်ငြိမ့်လေး ခရီးနှင်နိုင်စရာရှိသည်။ စာရေးသူက နိုင်ငံသားအားလုံး ရှော့ခ်ဘား ကောင်းသည့် ဒီမိုကရေစီ မော်တော်ကားကြီးကို စီးပြီး၊ ခေတ်မီနိုင်ငံတော်သစ်ဆီသို့ ပျော်ပျော်ရွှင်ရွှင် ငြိမ့်ငြိမ့်ညောင်းညောင်း ခရီးဆက်စေချင်သည်။ အားလုံးကိုလည်း လိုက်ပါစေချင်ပါသည်။ ဒရိုက်ဘာထိုင်ခုံ တွင် ဘယ်သူက နေရာယူယူ၊ စာရေးသူအတွက် ကိစ္စ မရှိ။ ညီအစ်ကိုမောင်နှမအားလုံး မကွဲတမ်း၊ မခွဲတမ်း၊ ရန်မဖြစ်ကြစတမ်း၊ လွတ်လွတ်လပ်လပ် ချစ်ချစ်ခင်ခင် ခရီးနှင်နိုင်ကြဖို့သာ အဓိကဖြစ်သည်။ (တတိယ လှိုင်းအလွန်ပုံစံ  အစကောင်းပြီ အနှောင်းသေချာစေဖို့ – ဆောင်းပါးမှ၊ ၂၀၁၁ ဧပြီ)

ဒီနေရာမှာ – ကျော်ဝင်းက “ဒရိုက်ဘာထိုင်ခုံတွင် ဘယ်သူက နေရာယူယူ၊ စာရေးသူအတွက် ကိစ္စ မရှိ” ဆိုတဲ့ စကား ကို သတိချပ်ပါ။ ကျော်ဝင်းဟာ လူအစွဲအပေါ်မှာ ကျော်ပြီး ကြည့်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။ လောလောဆယ် အားဖြင့် အရပ်ဘက်အတိုက်အခံအုပ်စု (၂၀၁၁ ခုနှစ်ကာလ) က အာဏာရအစိုးရမဖြစ်နိုင်သေးတဲ့အခြေအနေမှာ၊ တည်ဆဲအာဏာပိုင်တစ်ပိုင်း အစိုးရကို ပြုပြင်ပြောင်းလဲမှုတွေ ခပ်များများလုပ်ဖို့ လက်တွေ့ကျကျ ဆော်ဩနိုင်တာ ကိုတွေ့ရပါတယ်။ ဒါဟာ ဘာလဲဆိုတော့ – ဖြစ်နိုင်ချေရှိတာကို လုပ်တာ နိုင်ငံရေး ဆိုတဲ့ အနက်အဓိပ္ပာယ်ပဲဖြစ်ပါ တယ်။ ထိုနည်းလည်းကောင်း ဘယ်သူအုပ်ချုပ်တယ်ဆိုတာထက် ဘယ်လိုအုပ်ချုပ်တယ်ဆိုတာ ပိုအရေးကြီးတယ် လို့ မြင်တဲ့ အယူအဆလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ – ကျော်ဝင်းရေးသားခဲ့ဖူးတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စနဲ့ပတ်သက်ပြီး သဘောထားအမြင်ကို တင်ပြချင်ပါတယ်။ ကျော်ဝင်းရဲ့ ယူဆချက် အမြင် အကျဉ်းချုပ်က အခုလို ဖြစ်ပါတယ်။

  • ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ကြည့်ရင် space တွေလည်း ပါသလို၊ limitation တွေလည်း တွေ့ရတယ်။ တနည်းအားဖြင့် တစ်စုံတစ်ရာ လှုပ်ရှားနိုင်ဖို့ ခွင်(ဂွင်) တွေပါသလို၊ အခြေမဟန်ရင် ပြန်ရုတ် ဖို့ အကန့်အသတ်တွေကိုလည်း ထည့်သွင်းထားတယ်။ ဒီတော့ ၂၀၀၈ အခြေခံဥပဒေရဲ့ဘောင်ထဲမှာ ကိုယ့်ဘက်က space တွေ ကျယ်လာအောင် တဖြည်းဖြည်း လုပ်ရင်း ချဲ့သွားပြီးတော့ အကန့်အသတ်တွေ တဖြည်းဖြည်းနည်းလာအောင် လုပ်ဖို့ လိုတယ်။ တကယ်တော့ ၂၀၀၈ အခြေခံဥပဒေဟာ အရပ်ဘက်နဲ့ စစ်ဘက်အာဏာကို မျှခြေမှာထိန်းထားတဲ့ ကစားပွဲစည်းမျဉ်းပဲ (rule of the game) လို့ ယူဆခဲ့ပါတယ်။

ဆိုလိုရင်းကတော့ – လက်တွေ့အပြောင်းအလဲဖြစ်ဖို့ ၂၀၀၈ အခြေခံဥပဒေမှာ မကြိုက်တဲ့ ပုဒ်မ၊ ပုဒ်ထီးတွေ ပါနေ သည့်တိုင်၊ လက်တွေ့အားဖြင့် ရှေ့ရှုပြီး တဖြည်းဖြည်းချင်း စစ်ဘောင်ကျုံ့သွားအောင် လုပ်ဖို့လိုတယ်လို့ အရပ်ဘက်နိုင်ငံရေးသမားတွေကို ပါးပါးနပ်နပ် အသိပေးတာဖြစ်ပါတယ်။ အားလုံး ရာနှုန်းပြည့် မရနိုင်သေးသည့် တိုင် ရတဲ့ ခွင်(ဂွင်) space တွေကို ချဲ့ပြီး ဒီမိုကရေစီဘောင်ကို ချဲ့ဖို့ဖြစ်ပါတယ်။ သို့သော်လည်း “မစားရအလျင်း စားရ ဆီထမင်း” ဆိုတဲ့ စရိုက်ရှိတဲ့ မြန်မာ့လူမှုဓလေ့ဟာ ရာနှုန်းပြည့်ရဖို့ မပြတ် အလိုရှိနေပါတယ်။ ဒီစိတ်ဇော ကသာလျှင်၊ မြန်မာ့နိုင်ငံရေးကို နောက်ကြောင်းပြန်အောင် လုပ်လိုက်တဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါလိမ့်မယ်။

မြန်မာပြည်မှာ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေ များပြားနေခြင်းဟာ တစ်ဖက်က ကြည့်ရင် ကောင်းမွန်တယ်လို့ ထင်ရပေမယ့်၊ ဘေးထွက်ဆိုးကျိုးအနေနဲ့ စစ်ဘက်အပေါ်မှာ စိုးရိမ်သောက ကြီးစေတဲ့ အခြင်းအရာဖြစ်ပါတယ်။ စစ်ဘက်ဟာ အစိုးရိမ်လွန်ပြီး တည်ဆဲလွတ်လပ်ခွင့်တွေကို ပြန်ကန့်သတ်လိုက်မှာကို အထူးသတိထားမိဟန်တူ ပါတယ်။ ဒီတော့ လက်ရှိ အပြောင်းအလဲမှာ တချို့အရာတွေ ခပ်မြန်မြန် မပြောင်းနိုင်သည့်တိုင်၊ တည်ဆဲအခြေ အနေကို ထိန်းထားပြီး သတိနဲ့ ဆက်သွားနိုင်ခြင်းသည်ပင်လျှင် မြန်မာပြည်အတွက် အကျိုးများတယ်လို့ ကျော်ဝင်း က ယူဆခဲ့တာတွေ့ရပါတယ်။ ဒီတော့ – နောက်ကြောင်းပြန်တာထက်စာရင် လက်တွေ့မှာ အီခံနေတာ၊ အီလည် လိုက်နေတာဟာ မဆိုးဘူးလို့ ယူဆခဲ့ပါတယ်။  အကောင်းစားကြီး မဟုတ်ပေမယ့် အဆိုးကြီး မဖြစ်သေးတာ တော်သေးတယ်လို့ ယူဆဟန်တူပါတယ်။ ဒါဟာ ရောင့်ရဲတတ်သော စိတ်ကို ပြသနေသလို၊ တစ်ဖက်မှာလည်း အလွန်အကျွံ မဖြစ်ဖို့ ထိန်းထိန်းသိမ်းသိမ်း မျှတွေးတဲ့စိတ်အခံကိုလည်း တွေ့ရပါတယ်။ ထိုနည်းလည်းကောင်း လက်တွေ့အားဖြင့် မဖြစ်နိုင်တာကို – နှုန်းစံအားဖြင့် အသေဆုပ်ကိုင်မကြည့်ဘဲ၊ ဖြစ်နိုင်ချေရှိတာကို မျှော်လင့်တယ် လို့နားလည်ရပါတယ်။ ဒါဟာ ကျော်ဝင်းရဲ့ လက်တွေ့ကျတဲ့နိုင်ငံရေးအမြင်ကို ထင်ဟပ်နေပါတယ်။

ကျော်ဝင်းဟာ သူ့ရဲ့ ဟောပြောချက်တွေထဲမှာ – လူမိုက်နဲ့ လူလိမ် ဆိုတာကို ဥပမာပေးပြီး ပြောပါတယ်။ မူရင်းဆိုလို ချက်က ဘာလဲဆိုတာ တင်ပြပါ့မယ်။ “လူမိုက်ရော ၊ လူလိမ်ရော နှစ်ယောက်စလုံးက မကောင်းပါ။ သို့သော်လက်တွေ့မှာ လူကောင်းကို မျှော်လင့်လို့ မရနိုင်သေးတဲ့အခြေအနေမှာ ရှိပါတယ်။ ဒီတော့ ဒီနှစ်ယောက်ထဲ က ဘယ်သူ့ကို ရွေးရမလဲဆိုတော့ လူလိမ်ကို ရွေးရတာက သက်သာမယ် ထင်ပါတယ်။ လူလိမ်ဆိုတော့ သူလိမ် ကိုယ်လိမ် ဆိုတော့ သက်သာလိမ့်မယ် ထင်ပါတယ်။ လူမိုက်တက်လာရင်တော့ မချောင်ဘူး။” ဒါဟာ ဘာကို ပြသလဲ နားလည်နိုင်မယ်လို့ ယူဆပါတယ်။ ဆီထမင်း မရနိုင်သေးတဲ့အခြေအနေမျိုးမှာ၊ ငရုပ်သီးဆားထောင်းနဲ့ လည်း ကျေနပ်ပြီး ဖြစ်နိုင်ချေရှိတာတွေကို ထပ်လုပ်ပြီး ပိုကောင်းအောင် လုပ်သွားဖို့ ဖြစ်ပါတယ်။ ရာနှုန်းပြည့် အကုန်ရမှ လုပ်မယ်ဆိုရင် နိုင်ငံရေးမှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ လက်တွေ့နိုင်ငံရေးအမြင်ဟာ ပိုမို ထင်ရှားလာတာတွေ့ရပါတယ်။

ကျော်ဝင်းဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေနဲ့ ဖြေလျော့ရေး ဖြစ်စဉ်တွေကို ကြည့်ပြီးတော့ တစ်ဖက်မှာလည်း ဝမ်းသာပျော်ရွှင်ရသလို၊ တစ်ဖက်မှာလည်း စိုးရိမ်သောကနဲ့ နေနေခဲ့ရပါတယ်။ အကြောင်းကတော့ မြန်မာ့နိုင်ငံရေးသမိုင်းနောက်ခံက ဖြစ်ရပ်တွေနဲ့ မြန်မာ့နိုင်ငံရေးဓလေ့မှာ တွေ့ရများတဲ့ အကျင့်တွေကြောင့် ရင်တမမ ဖြစ်ခဲ့ရဟန်တူပါတယ်။ ၂၀၁၁ ခုနှစ်မှာ ရေးသားတဲ့ နှင်းခဲပျော်ချိန် စိုးရိမ်သောက – ဆိုတဲ့ဆောင်းပါးကို (ဘေးကရပ်ကြည့်နေသူတစ်ဦး၏ စိုးရိမ်သောက) လို့ ဒုတိယခေါင်းစဉ်ငယ် တပ်ပြီး ရေးသားခဲ့တာတွေ့ရပါတယ်။ အဲသည့်ဆောင်းပါးမှာ အခုလို ရေးသားခဲ့ပါတယ်။

  • စာရေးသူ (ပြောရလျှင်၊ စာရေးသူတို့မျိုးဆက် တစ်ခုလုံး) တို့အတွက်၊ “နွေဦး”မှာ၊ တစ်သက်တာ အိပ်မက် ပင်ဖြစ်သည်။ (နွေဦးအတွက် အသက်ပင် ပေးဆပ်ခဲ့ကြသည့် သူငယ်ချင်းတွေ ရှိသည်။) သို့နှင်အမျှ နှင်းခဲ ပျော်ချိန်ကို ရင်ခုန်မောလျစွာ စောင့်ဆိုင်းနေခဲ့ကြသည်မှာ၊ ကြာတောင့် ကြာရှည် ရှိခဲ့ပါပြီ။ “ဒီတစ်သက် မကြုံလောက်တော့” ထင်ထားသည့်ကြားမှ၊ နှင်းခဲပျော်စပြုလာပြီကို မျက်ဝါးထင်ထင်မြင်လိုက်ရရာ၊ ဘယ်မှာ အားမတက်ဘဲ ရှိပါမည်နည်း။ ခက်နေသည်က “ကယောက်ကယက်ဆောင်းအိပ်မက်” ဒဏ်ရာက မကျက်တကျက် ရှိနေပြန်ရာ၊ စိတ်လွတ်ကိုယ်လွတ် အားမတက်နိုင်။ “အပျော်တစ်ဝက် သောကတစ်ဝက်” ဆိုရလေမည်လား မသိ။ (နှင်းခဲပျော်ချိန် စိုးရိမ်သောက – ဆောင်းပါးမှ၊ ၂၀၁၁ အောက်တိုဘာ)

ဒီနေရာမှာ ကျော်ဝင်း ရပ်ခံတင်ပြချက် တစ်ခု ရှိနေပါသေးတယ်။ အပြောင်းအလဲရဲ့ အမြန်နှုန်းဖြစ်ပါတယ်။ တနည်း အားဖြင့် “စပိ” ပြဿနာဖြစ်ပါတယ်။ အထူးသဖြင့် အရပ်ဘက်အတိုက်အခံအုပ်စုဟာ အပြောင်းအလဲကို မြန်ချင် ဇောနဲ့ အကန့်အသတ်မထားဘဲ ဇွတ်တွန်းခဲ့ရင် ဖြစ်လာနိုင်တဲ့ နိုင်ငံရေးမိုင်းဗုံးတွေကို ကျော်ဝင်းက ကြိုတင် တွက်ဆခဲ့ပါတယ်။ ယေဘုယျအားဖြင့် မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကို တော်လှန်သောအပြောင်းအလဲ ဖြစ်တဲ့ ရီဗော်လူးရှင်းအသွင်နဲ့ မသွားစေချင်တာကို ထင်ထင်ရှားရှားတွေ့ရပါတယ်။ တဖြည်းဖြည်းချင်း တစ်ဆင့်ချင်း ပြုပြင် ပြောင်းလဲနိုင်မယ့် အီဗော်လူးရှင်းနည်း (တနည်း) “Gradual change” သဘောမျိုးနဲ့သာ ထိန်းထိန်းသိမ်း သိမ်း ပြောင်းစေချင်ဟန်ရှိတယ်။ ဒီသဘောထားအမြင်ကလည်း ကျော်ဝင်းရဲ့ စာတွေ၊ စကားတွေထဲမှာ ထင်ထင် ရှားရှားတွေ့ခဲ့ရတဲ့ အမြင်သဘောထားဖြစ်ပါတယ်။ ချက်ချင်းလက်ငင်း တော်လှန်သောအပြောင်းအလဲမျိုးဟာ မြန်မာပြည်အတွက် ဘေးထွက်ဆိုးကျိုးများနိုင်ကြောင်း – ရပ်ခံတင်ပြတာကို တွေ့ရပါတယ်။ သို့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှာ ကျော်ဝင်း မတွေ့မမြင်လိုတဲ့ ဘေးထွက်ဆိုးကျိုးတွေကို တသီတတန်းကြီး မြင်တွေ့ခဲ့ရပါတော့တယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာလကတည်းက ကျော်ဝင်း စိုးရိမ်ခဲ့သော သဘောထားအမြင်ဆောင်းပါးတစ်ပုဒ်ကို ကြည့်ပါ။ နှင်းခဲပျော်ချိန် စိုးရိမ်သောက – ဆောင်းပါးဖြစ်ပါတယ်။

  • ယနေ့ မြန်မာ့နိုင်ငံရေး ခေတ်ပြောင်းချိန်တွင်၊ အသိမ်မွေ့ဆုံး ကိုင်တွယ်ကြဖို့ လိုမည်မှာ၊ “စပိ” (speed) ပြဿနာ ဖြစ်လေမည်လား တွေးမိသည်။ အချို့သောကိစ္စရပ်များမှာ အချိန်ဆိုင်းလို့ ဖြစ်ချင်မှ ဖြစ်မည်။ ချက်ချင်းလက်ငင်း ကိုင်တွယ်ဖြေရှင်းဖို့ လိုနိုင်သည်။ သို့အတွက် စပိတင်ရသည်များ ရှိလိမ့်မည်။ သို့နှင့်တိုင်၊ အရာရာ စပိတင်လို့လည်း မဖြစ်ပြန်။ “စပိ” မြန်လွန်းလျှင်၊ “ရှော့(ခ)” ရှိနိုင်သည်။ “ရှော့(ခ)ရိုက်ကုထုံး” (Shock therapy) မှာ ရောဂါကုဖို့ ဖြစ်သော်လည်း၊ လူနာက ရှော့(ခ)ဒဏ်မခံနိုင် လျှင် ကတိမ်းကပါး ဖြစ်နိုင်သည်။ ဆရာဝန်ကောင်းမည်သည် မိမိလူနာ၏ အခြေအနေကို ကြိုတင်ဆဝါး နိုင်ဖို့ လိုပါလိမ့်မည်။ စာရေးသူအထင်၊ အပြောင်းအလဲတွင် အရေးအကြီးဆုံးမှာ၊ “အနှေး” “အမြန်” မဟုတ်။ နောက်ပြန်မလည်စေဖို့ ဖြစ်သည်။ ရှေ့သို့ ချီနိုင်ရေး ဖြစ်သည်။ ဤသည်တို့မှာ စာရေးသူ၏ ဝေဖန်ချက် မဟုတ်ပါ။ အကြံပြုချက်ပင် မဟုတ်ပါ။ အကြောက်ကြီးသူတစ်ဦး၏ သွေးပျက်ချောက်ချား စကားများဟု ယူလိုက ယူနိုင်ပါသည်။ ဝန်ခံပါသည်။ စာရေးသူ ကြောက်သည်။ အကြောင်းတစ်ခုခုကြောင့်၊ လက်ရှိအနေအထားမှ နောက်ပြန်လည်သွားမည်ကို အမှန်ပင် ကြောက်ပါသည်။ (နှင်းခဲပျော်ချိန် စိုးရိမ်သောက – ဆောင်းပါးမှ၊ ၂၀၁၁ အောက်တိုဘာ)

ဤကား၊ အနာဂတ္တိဆရာတစ်ဦးရဲ့ လွန်ခဲ့သော (၁၀) နှစ်တိတိက စိုးရိမ်သောကများလို့လည်း ပြောနိုင်သလို၊ အနာဂတ်သွေးလန့်မှုရဲ့ စိုးရိမ်ထိတ်လန့်မှုများလို့လည်း ပြောနိုင်ပါတယ်။

မင်းသေ့

နိုဝင်ဘာ၊ ၂၀၂၁။

Previous post ကျော်ဝင်းရဲ့ နိုင်ငံရေးအတွေးအမြင်
Next post ဗမာ့စိတ်ထား