ကျော်ဝင်းရဲ့ ဘဝတစ်ခုလုံးကို ခြုံငုံကြည့်ရင်၊ တစ်ခုတည်းသော အမှတ်သရုပ်နဲ့ ပိုင်းဖြတ်လို့ရမယ် မထင်ပါ။ အပိုင်း ကဏ္ဍအလျှောက်၊ ဖြစ်တည်ခဲ့တာတွေ ရှိတာတွေ့ရပါတယ်။ ပန်းစကြာမှန်ပြောင်းကို တစ်ဖက်ချင်းလှည့်ကြည့် သလို မျက်နှာစာတစ်ခုချင်းစီကြည့်မှ ရနိုင်ပါလိမ့်မယ်။

ကျော်ဝင်းဟာ ….

  • နိုင်ငံရေးသမားလား / တော်လှန်ရေးသမားလား
  • စာရေးဆရာလား / သုတေသီလား

ကျော်ဝင်းဟာ နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့ဖူးလို့ နိုင်ငံရေးသမားဖြစ်ခဲ့ဖူးတယ်လို့ ပြောချင် ပြောနိုင်တယ်။ သို့သော်လည်း နိုင်ငံရေးအာဏာကို ရယူဖို့ မျှော်မှန်းတဲ့နိုင်ငံရေးသမား မဟုတ်ခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ တော်လှန် သော နိုင်ငံရေးသမားဖြစ်ခဲ့တယ်လို့ ပြောရင်၊ မျှတနိုင်ပါတယ်။ သို့သော်လည်း ကျော်ဝင်းကိုယ်တိုင်ကတော့ – သူ ဟာ နိုင်ငံရေးမိုးသက်မုန်တိုင်းတွေကို ကာလတစ်ခု ဖြတ်သန်းဖူးခဲ့သူ ဖြစ်ပေမယ့်၊ နိုင်ငံရေးသမား​ မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

  • ကျွန်တော်သည် နိုင်ငံရေး မိုးသက်မုန်တိုင်းများကို ၊ ကာလတစ်ခု ဖြတ်ခဲ့ဖူးသည့်တိုင် နိုင်ငံရေးသမား မဖြစ်ခဲ့။ ဘယ်တော့မှလည်း ဖြစ်လိမ့်မည် မဟုတ်။ ဤသည်မှာ၊ တသီးတသန့်နေလိုသော ကျွန်တော့ စိတ်အခံနှင့် ဆိုင်မည် ထင်သည်။ ကျွန်တော်သည် နိုင်ငံရေးသမား မဟုတ်သည့်တိုင်၊ ကျွန်တော့်စိတ်ဝင် စားမှု အာရုံမှာ၊ နိုင်ငံရေးဒရမ်မာကြီးထဲက မထွက်နိုင်ခဲ့။ ဘယ်တော့မှလည်း ထွက်နိုင်လိမ့်မည် မဟုတ်။ ဤသည်မှာလည်း ကျွန်တော် ဖြတ်သန်းခဲ့ရသောဘဝနှင့် ဆိုင်ပါလိမ့်မည်။ (ဖွံ့ဖြိုးရေးသစ်ပင်နှင့် ရယ်ဒီကယ် သင်းသတ်ခြင်း – ဆောင်းပါးမှ၊ ၂၀၀၉ ဇူလိုင်)

ကျော်ဝင်းကို စာတွေ ရေးလို့စာရေးဆရာတစ်ယောက်လို့ သတ်မှတ်နိုင်လို့ ရပါတယ်။ သို့သော်လည်း စိတ်ကူးယဉ် ရသဝတ္ထုတွေကို ရေးတဲ့ စာရေးဆရာ မဟုတ်ပါ။ ကျော်ဝင်းဟာ “writer” နဲ့ “author” လို့ခေါ်တဲ့ အသုံးအနှုန်းအရ ဆိုရင် “author” ဘက်ကို ပိုယိမ်းပါတယ်။ ကျော်ဝင်းဟာ သုတေသီစစ်စစ်တစ်ယောက်မဟုတ်ပေမယ့်၊ သုတေသန လေ့လာဆန်းစစ်ချက်တွေကို အခြေခံတဲ့ နိုင်ငံရေးလေ့လာသုံးသပ်မှုတွေကို ရေးသားခဲ့ပါတယ်။ နိုင်ငံရေးသမိုင်းနဲ့ ပတ်သက်ပြီး ရေးသားချက်တွေမှာလည်း၊ အထောက်အထား အကိုးအကားနဲ့ အချက်အလက်ကို သုတေသနနည်း အားဖြင့် ချည်းကပ်သုံးစွဲပြီး ရေးသားတာတွေ့ရပါတယ်။ ဒါ့ကြောင့် ကျော်ဝင်းကို သုတေသီတစ်ပိုင်း နိုင်ငံရေးစာရေး ဆရာတစ်ယောက်လို့ ပြောရင် လွန်အံ့မထင်။

ကျော်ဝင်းရဲ့ နိုင်ငံရေးအတွေးအခေါ်တွေမှာ၊ သမိုင်းသင်ခန်းစာတွေအပေါ် ချင့်တွက်ပြီးရတဲ့ နိုင်ငံရေးဒဿန အမြင်တွေကို ခပ်များများတွေ့နိုင်ပါတယ်။ ကျော်ဝင်းဟာ ပစ္စုပ္ပန်နိုင်ငံရေးအခင်းအကျင်းတွေကို ရေးသားတင်ပြ ရာမှာ၊ အတိတ်သမိုင်းက ဖြစ်ပျက်ခဲ့ဖူးတဲ့ သမိုင်းသင်ခန်းစာတွေကို နားလည်ကြစေဖို့၊ သတိပေးရေးသားတာ တွေ့ ရပါတယ်။ သမိုင်းကို လမ်းပြမြေပုံတစ်ချပ်လို ကြည့်မြင်တာမျိုးကို မလုပ်ခဲ့ပါ။ သို့သော်လည်း သမိုင်းမှာ ဖြစ်ပျက် ခဲ့ဖူးတဲ့အတိတ်အကြောင်းခြင်းရာတွေကို သိနားလည်အောင်လုပ်ပြီး၊ အမှားတစ်ကျော့ပြန်လည်တာမျိုး မဖြစ်ဖို့ ကျော်ဝင်းက လိုလားဟန်တူပါတယ်။

အထူးသဖြင့် တိုင်းပြည်နဲ့ နိုင်ငံကို တည်ဆောက်ရာမှာ ကိုယ်စီကိုယ်စီ အစွမ်း ရှိကြတာကို လေးစားအသိအမှတ်ပြု ကြဖို့ ဖြစ်ပါတယ်။ ကဗျာစာဆို တင်မိုး ရေးသားတဲ့ “အလှကိုယ်စီ” ကဗျာကဲ့သို့ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးသမားမှာ လည်း နိုင်ငံရေးသမားအလျှောက်၊ အလင်းရောင်ရှိပါတယ်။ ဗြူရိုကရက်မှာလည်း ဗြူရိုကရက်အလျှောက်၊ တန်ဖိုး ရှိပါတယ်။ စစ်သားမှာလည်း စစ်သားအလျှောက်၊ အဓိပ္ပာယ်ရှိပါတယ်။ ဒီတော့ နိုင်ငံကို တည်ဆောက်တဲ့အခါမှာ၊ နိုင်ငံရဲ့အခြေခံအင်အားစုတွေ ဖြစ်တဲ့ ပညာတတ်တွေ၊ နိုင်ငံရေးသမားတွေနဲ့ စစ်သားတွေအကြားမှာ အပြန် အလှန် လေးစားသိမှတ်ပြုပြီး ပေါင်းစည်း ဖြစ်တည်ကြဖို့ လိုလားဟန်တူပါတယ်။ ကျော်ဝင်းဟာ “နိုင်ငံရေးသမားနှင့် နိုင်ငံပြုသမား” ဆောင်းပါးမှာ အခုလို တင်ပြခဲ့ဖူးပါတယ်။

  • အစဉ်အလာနိုင်ငံရေးသမားက၊ နိုင်ငံရေးနှင့်ဝေးသော ပညာအသိုင်းအဝိုင်းမှ လူများကို “အချောင်သမား တွေ”ဟု ထင်ကောင်းထင်နိုင်သည်။ အလားတူပင် ပညာအသိုင်းအဝိုင်းမှ နိုင်ငံပြုသမားများကလည်း၊ တက္ကသိုလ်နှင့်ဝေးသော နိုင်ငံရေးသမားများကို အထင်သေးစရာရှိသည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် အာဏာရပါတီကြီး တစ်ခုဖြစ်သော “ပထစ” အတွင်း၊ ဦး,ဗိုလ်,သခင် အကွဲမှာ ဤကိစ္စနှင့် တစ်စုံတစ်ရာ ဆက်စပ်နေမည်လား စဉ်းစားမိသည်။ (နိုင်ငံရေးသမားနှင့်နိုင်ငံပြုသမား – ဆောင်းပါးမှ၊ ၂၀၀၉ မေ)

ပါလီမန်ဒီမိုကရေစီခေတ်မှာ၊ တိုင်းပြည်တည်ဆောက်ရေးကို မသွားနိုင်ရခြင်း အကြောင်းအရင်းဟာ နိုင်ငံရေးသမား နဲ့ နိုင်ငံတည်ဆောက်ရေးသမားတို့အကြား မညီမညွှတ်ဘဲ “ခွာပြဲမှု” ကြောင့် ဖြစ်ပါတယ်။ ဦး – ဗိုလ် – သခင် အကွဲ အပြဲဟာ ထင်ရှားသော သမိုင်းသင်ခန်းစာဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ – နိုင်ငံရေးသမားတွေချည်းပဲဆိုရင်လည်း မပြီးစီးနိုင်ပါဘူး။ စစ်သားတွေချည်းပဲ အုပ်ချုပ်ရင်လည်း တိုင်းပြည် မကောင်းနိုင်ပါဘူး။ ပညာတတ်တွေကိုချည်းပဲ မှီခိုလွန်းရင်လည်း အဆင်မပြေနိုင်ပါဘူး။ ဒီတော့ ပညာက နိုင်ငံရေးကို လေးစားဖို့၊ နိုင်ငံရေးကလည်း ပညာကို တန်ဖိုးထားဖို့ ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း –  ပညာကလည်း လက်နက်ရဲ့ တန်ဖိုးကို သိဖို့၊ နိုင်ငံရေးကလည်း လက်နက်ရဲ့ လိုအပ်ချက်ကို နားလည်ဖို့နဲ့ လက်နက်ကလည်း ပညာနဲ့ နိုင်ငံရေးရဲ့ အနှစ်သာရကို နားလည်သဘော ပေါက်ဖို့ဖြစ်ပါတယ်။ ဒီလို နားလည်သဘောပေါက်မှသာ၊ နိုင်ငံတည်ဆောက်ရေးကို သွားနိုင်လိမ့်မယ်လို့ ကျော်ဝင်း က ယူဆခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်နောက်ပိုင်း မြန်မာပြည်ဟာ ပြည်တွင်းစစ်ဝဲဩဃထဲကို တစ်ဖန်ပြန်ပြီး လည်ထွက် သွားပါတယ်။ ကမ္ဘာစစ်အပြီးမှာ ပြည်တွင်းစစ်နဲ့ ပြန်လည်အသက်ဆက်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်မီးဟာ အိပဲ့အိပဲ့နဲ့ ရှည်ကြာခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို လိုက်ခဲ့တဲ့ နိုင်ငံရေး သမားနဲ့ တော်လှန်ရေးသမားတွေဟာ – စစ်အာဏာရှင်ကို အမြစ် မဖြုတ်နိုင်သလို၊ စစ်အစိုးရကလည်း လက်နက် ကိုင် ပုန်ကန်မှုတွေကို အမြစ်ပြတ်အောင် မတိုက်ထုတ်နိုင်ပါဘူး။ ဒီလိုနဲ့ ပြည်တွင်းစစ်ဟာ ဇာတ်မျောကြီးဖြစ်ပြီး အီလည်လိုက်နေခဲ့ပါတယ်။ ပြည်တွင်းစစ်ရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ တိုင်းပြည်ဟာ ဆင်းရဲတွင်းက မတက်နိုင်ခဲ့ ဘူး။ နိုင်ငံရေးတည်ငြိမ်မှုဟာ ဖွံ့ဖြိုးရေးနဲ့တိုက်ရိုက်အချိုးကျနေပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးရေးနဲ့ နိုင်ငံတည်ဆောက် ရေးကို လုပ်နိုင်ဖို့ နိုင်ငံတည်ဆောက်ရေးအင်အားစုတွေကြားထဲမှာ အပြန်အလှန် ယုံကြည်မှု ခိုင်မာဖို့ အရေးကြီးပါ တယ်။

၂၀၁၀ နောက်ပိုင်း မြန်မာ့ဒီမိုကရေစီ အပွင့်ခရီးမှာ၊ တတ်နိုင်သမျှ ဖြူ – မည်း နိုင်ငံရေးလမ်းကြောင်းကို ရှောင်နိုင်ဖို့ ကျော်ဝင်းက တဖွဖွ သတိပေးရေးသားခဲ့ပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးသမားတွေ လူထုမဲ ရချင်ဇောနဲ့ ပေါ်ပြူလစ်ဇင်ဘက်ကို ယိမ်းမသွားအောင်လည်း သတိပေးပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွေ မှာ ၊ စစ်ဘက် – အရပ်ဘက် အကြား အကဲဆတ်တဲ့နိုင်ငံရေးမိုင်းဗုံးတွေ မနင်းမိအောင်၊ ဖြူ – မည်း နိုင်ငံရေးလမ်း ကြောင်းကို ရှောင်နိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် အမျိုးသားရင်ကြားစေ့ရေးနဲ့ အရပ်ဘက် – စစ်ဘက် ဆက်ဆံရေး ကောင်းမွန်ဖို့အတွက် ရန် – ငါ စည်း ပြတ်အောင် ကြည့်တတ်တဲ့ ဖြူ – မည်း နိုင်ငံရေးလမ်းကြောင်းကို ရှောင်ကြဖို့ ကျော်ဝင်းက တိုက်တွန်းခဲ့ပါတယ်။ ထိုနည်းလည်းကောင်း – လူထုနောက်မြီးဆွဲ ဖြစ်သွားနိုင်မယ့် နိုင်ငံရေးသမား ​တွေ ပေါ်ထွန်းလာနိုင်တာကိုလည်း သတိပေးပါတယ်။ ၂၀၁၀ ဧပြီလမှာ ရေးခဲ့တဲ့ “ဒီမိုကရေစီစနစ်နှင့် အန္တရာယ် နိုင်ငံရေးလမ်းနှစ်သွယ်” ဆိုတဲ့ ဆောင်းပါးမှာ – ကျော်ဝင်းက အခုလို ရေးခဲ့ပါတယ်။

  • ဖြူ-မည်းနိုင်ငံရေးမျိုး ထွန်းကားနေသမျှ၊ ဘုံ တူညီချက်ပျောက်ပြီး တစ်မျိုးသားလုံး အတိုင်းအတာ ပေါ်လစီမျိုး၊ အောင်မြင်စွာ ခင်းနိုင်ဖွယ်ရာ မမြင်။ အာဝဇ္ဇန်းနိုင်ငံရေးထွန်းကားလာသည်နှင့်၊ တကယ့် အချက်အလက်နှင့် အရှိတရားထက်၊ ပရိသတ်ကျလောက်သော အပေါစား အာစ,လျှာစများ ရှေ့ရောက် လာကာ၊ လူထုနိုင်ငံရေးဘဝကို အဆိပ်သင့်နိုင်စရာ ရှိသည်။ (ဒီမိုကရေစီစနစ်နှင့် အန္တရာယ်နိုင်ငံရေး လမ်းနှစ်သွယ် – ဆောင်းပါးမှ၊ ၂၀၁၀ ဧပြီ)

ဒီနေရာမှာ – အာဝဇ္ဇန်းနိုင်ငံရေးဆိုတာ – ပေါ်ပြူလစ်ဇင်ကို ညွှန်းတာဖြစ်ပါတယ်။ ဖြူ – မည်းနိုင်ငံရေးဆိုတာက တော့ ရန် – ငါ စည်း ပြတ်အောင် ကြည့်ကြတဲ့ နိုင်ငံရေးဓလေ့ကို ညွှန်းပါတယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီလမ်း ကြောင်းကို ဒီအချက် နှစ်ခုက အန္တရာယ်ပေးနိုင်တယ်လို့ ကျော်ဝင်းက တွက်ဆခဲ့ပါတယ်။

၁၉၈၈ လူထုအရေးတော်ပုံမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ – ဂန္ဒီ လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ထိုင်ထားပါတယ်။ အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးကို အားမပေးတဲ့ ဒီမိုကရေစီ ဦးဆောင်မှုအခန်းကဏ္ဍမှာ ရှိပါတယ်။ သို့သော်လည်း မြန်မာလူထုဟာ လမ်းပေါ်နိုင်ငံရေးကနေ စားပွဲ ဝိုင်းနိုင်ငံရေးကို ကူးပြောင်းနိုင်ဖို့ ကျော်ဝင်းက မျှော်လင့်ခဲ့ပါတယ်။ များသောအားဖြင့် မြန်မာ့နိုင်ငံရေး အဝန်းအဝိုင်း ထဲက အပြိုင်အင်အားစုတွေ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းပါတယ်။ လက်နက်ကိုင်လမ်းစဉ်က နေ လမ်းပေါ်နိုင်ငံရေး၊ လမ်းပေါ်နိုင်ငံရေးကနေ စားပွဲဝိုင်းနိုင်ငံရေး၊ စားပွဲဝိုင်းနိုင်ငံရေးကနေ လွှတ်တော်နိုင်ငံရေး လမ်းကြောင်းထဲကို တဖြည်းဖြည်း ဝင်ရောက်ပြီး ယဉ်ကျေးတဲ့နိုင်ငံရေးဓလေ့ ထွန်းကားစေဖို့ ရေးသားခဲ့တာတွေ့ရ ပါတယ်။ ဒီနေရာမှာ – မြန်မာ့နိုင်ငံရေးဓလေ့မှာ အချင်းချင်းအကြား ယုံကြည်မှု နည်းတာကို တွေ့ရပါတယ်။ ကျော် ဝင်းကတော့ “ယုံကြည်မှုအချင်းဝက်တိုတယ်” လို့ သုံးနှုန်းပါတယ်။ ယုံကြည်မှု အချင်းဝက်တိုရင်၊ လှုပ်ရှားနိုင်တဲ့ စက်ဝန်း ကျဉ်းမယ်၊ သေးမယ်။ ယုံကြည်မှုအချင်းဝက် ရှည်ရင်၊ လှုပ်ရှားနိုင်တဲ့ စက်ဝန်း ကျယ်မယ်၊ ကြီးမယ်။ ဒီတော့ နိုင်ငံရေးခွင်တွေ ကျယ်အောင် ချဲ့နိုင်ဖို့အတွက် အချင်းချင်းအကြား ယုံကြည်မှုအချင်းဝက် ရှည်အောင် လုပ်ပြီး၊ လှုပ်ရှားမှု ခွင်တွေကို ကျယ်အောင် ချဲ့ကြဖို့ ၊ ကျော်ဝင်းက ရေးသားခဲ့ပါတယ်။ အထူးသဖြင့် အချင်းချင်း အကြား ယုံကြည်မှု ခိုင်မာဖို့အတွက်ဆိုရင်၊ နိုင်ငံရေးအမြော်အမြင်နဲ့ လက်တွေ့ကျတဲ့ မဟာဗျူဟာကို ကိုင်ဆွဲ ချဉ်းကပ်ဖို့ လိုတယ်လို့ ကျော်ဝင်းက ယူဆခဲ့ပါတယ်။

  • လမ်းပေါ်နိုင်ငံရေးမှ စားပွဲဝိုင်းနိုင်ငံရေးသို့ ကူးပြောင်းဖို့ဆိုသည်မှာလည်း၊ အပြိုင်အင်အားစုအသီးသီးတွင် စေ့စပ်ညှိနှိုင်း အဖြေရှာတတ်သော ဒီမိုကရက်တစ်ယဉ်ကျေးမှု ထွန်းကားဖို့ လိုပါလိမ့်မည်။ ဤသို့သော ယဉ်ကျေးမှုဓလေ့ထွန်းကားဖို့ဆိုသည်မှာလည်း၊ ယုံကြည်မှုဝင်ရိုး ခိုင်မာဖို့ လိုသည်။ တစ်လုံးတည်းဆိုရ လျှင်၊ ပလေယာတိုင်းတွင် ရင့်ကျက်သော နိုင်ငံရေးအသိနှင့် လက်တွေ့ကျသော မဟာဗျူဟာတို့ ရှိဖို့ပင် ဖြစ်သည်။ (နိုင်ငံရေးအပြောင်းအလဲ၏ အကွေ့အကောက်လောကဓံများ – ဆောင်းပါးမှ၊ ၂၀၁၁ ဇူလိုင်)

အထူးသဖြင့် မြန်မာ့နိုင်ငံရေးဓလေ့မှာ တွေ့ရတာက “နှုန်းစံအခြေပြုချဉ်းကပ်မှု” ဖြစ်ပါတယ်။ နိုင်ငံရေးမှာ နှုန်းစံကို အသေကိုင်ထားပြီး နိုင်ငံရေးလုပ်ရင် အလုပ်မဖြစ်ဘူးလို့ ကျော်ဝင်းက ယူဆပါတယ်။ ထိုနည်းလည်းကောင်း နှုန်းစံ ကို အသေကိုင်ထားတဲ့အခါမှာ မဖြစ်သင့်တဲ့နိုင်ငံရေးမိုင်းဗုံးတွေကို နင်းမိတယ်လို့ ကျော်ဝင်းက ယူဆပါတယ်။ ဒါဟာ လက်တွေ့အားဖြင့်လည်း မှန်ကန်နေတာတွေ့ရပါတယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို လုပ် ဆောင်တဲ့နေရာမှာ၊ အစိုးရအပြောင်းအလဲ တစ်ခုတည်းကိုသာ ကြည့်လို့ မရပါ။ လူ့အဖွဲ့အစည်းပြုပြင်ပြောင်းလဲ ရေးကိုလည်း ရှေ့ရှုရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အစိုးရအပြောင်းအလဲကိုသာ အာရုံစိုက် ပြီး လူ့အဖွဲ့အစည်းပြောင်းလဲရေးကို မလုပ်နိုင်ခဲ့တဲ့နိုင်ငံတွေဟာ နောက်ကြောင်းပြန်လှည့်သွားတာကို တွေ့ရပါ တယ်။ မြန်မာပြည်ရဲ့ နောက်ကြောင်းပြန်အလှည့်အပြောင်းမျိုးကို ကျော်ဝင်းက မကြုံစေလိုပါ။ အထွေထွေ အကျဉ်းအကျပ်ထဲမှာ အားလုံးရောက်သွားရင်၊ လူထုအတွက် လှုပ်ရှားဖို့ ခက်နိုင်ပါတယ်။ မြန်မာပြည်မှာ နိုင်ငံရေး အပြောင်းအလဲနဲ့ အတူ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ အမူအကျင့် ပြုပြင်ပြောင်းလဲ ရေးတွေပါ လုပ်ဖို့ လိုအပ်ပါတယ်။ လူမှုတော်လှန်ရေးအထိ ဖြစ်မြောက်အောင် လုပ်ဆောင်ဖို့ ကျော်ဝင်းက မတိုက် တွန်းခဲ့ပါ။ သို့သော်လည်း လူ့အဖွဲ့အစည်းအတွင်းက အခြေခံစိတ်ဓာတ်တွေ ပြုပြင်နိုင်ဖို့ ဆော်ဩတာတွေ့ရပါ တယ်။ သမိုင်းပညာရှင်ဒေါက်တာအောင်ခင်ကတော့ – မြန်မာ့လူ့အဖွဲ့အစည်းကို စိတ်ဓာတ်တော်လှန်ရေးအထိပါ ဖြစ်မြောက်ဖို့ ရေးသားတာတွေ့ရပါတယ်။

  • ဒီမိုကရက်တိုင်ဇေးရှင်းကို ချည်းကပ်နည်း နှစ်မျိုးနဲ့ ဖိအားပေးကြတယ်။ “အစိုးရအပြောင်းအလဲ” (regime change) နဲ့၊ “လူ့အဖွဲ့အစည်းအပြောင်းအလဲ” (society change) ပါ။ တတိယလှိုင်းကို ဖြတ်ခဲ့တဲ့ နိုင်ငံတွေ မှာ အစိုးရပြောင်းပေမယ့်၊ လူ့အဖွဲ့အစည်း မပြောင်းတာတွေ ရှိတယ်။ နောက်တော့ အဲဒီနိုင်ငံအများစု အာဏာရှင်ဘက် ပြန်လည်သွားတာတွေ တွေ့ရတယ်။ … လက်ရှိပြုပြင်ပြောင်းလဲရေးတွေကိုသာ နောက် မပြန်တမ်း ဆက်လုပ်မယ်ဆိုရင်၊ ကျွန်တော်တို့နိုင်ငံရဲ့ ဥပဓိဟာလည်း၊ မြင့်သထက် မြင့်လာမှာပါ။ (မြန်မာ့ဒီမိုကရေစီ အနာဂတ် – အင်တာဗျူးဆောင်းပါးမှ၊ ၂၀၁၁ ဧပြီ)

ကျော်ဝင်း ရေးခဲ့ဖူးတဲ့ “မြန်မာ့ဒီမိုကရေစီအနာဂတ်” ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ ကျော်ဝင်းဟာ ဆောင်းပါး အများစုမှာ “လွတ်လပ်စွာသဘောကွဲလွဲခွင့်” ဆိုတဲ့ စကားလုံးကို ခပ်များများ သုံးနှုန်းတာတွေ့ရပါတယ်။ အထူးသ ဖြင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ ကိုယ်နဲ့ သဘောထား မတိုက်ဆိုင်ရင်၊ ရန်သူ စာရင်း သွင်းလိုက်ခြင်းဟာ ဓလေ့တစ်ခု လို အမြစ်တွယ်နေပါတယ်။ ဒီမိုကရေစီရဲ့အခြေခံစံတန်ဖိုးမှာ၊ “agree to disagree” ဆိုတာ ပါဝင်နေပါတယ်။ ကိုယ့်နဲ့သဘောထား မတိုက်ဆိုင်ပေမယ့် ပူးပေါင်းဆောင်ရွက်တတ်၊ ညှိနှိုင်းလုပ်ဆောင်တတ်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ “ငါနဲ့ မတူ ငါ့ရန်သူ” ဆိုတဲ့ စရိုက်အားကြီးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ၊ ဒိုင်ယာလော့ခ် ယဉ်ကျေးမှု ဖြစ်ထွန်းဖို့ အရေးကြီးပါတယ်။ ဒိုင်ယာလော့ခ်ယဉ်ကျေးမှုဖြစ်ထွန်းဖို့ ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် လွတ်လပ်စွာသဘောကွဲလွဲခွင့်ကို လေးစားဖို့ ဖြစ်ပါတယ်။ ဒါဟာအရေးကြီးတယ်လို့ ကျော်ဝင်းက ရေးသားခဲ့ပါ တယ်။ တစ်ယောက်နဲ့ တစ်ယောက် စေ့စပ်ညှိနှိုင်းဆောင်ရွက်တဲ့ ဓလေ့ဟာ မြန်မာပြည်မှာ မထွန်းကားပါ။ “ငါ တကောကော လုပ်တာ” “တစ်ကိုယ်တော်ကျိတ်လုပ်တာ” တွေဟာ အားကြီးပါတယ်။ အထူးသဖြင့် နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားမှာ၊ အထက်ဆုံးက အကြီးပိုင်းခေါင်းဆောင်တစ်ဦးတည်းက ဗဟိုဦးစီးချုပ်ကိုင်မှုနဲ့ အုပ်ချုပ်တဲ့ အခါ၊ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေ ဖြစ်လာပါတယ်။ ဗဟိုဦးစီးစနစ်ကို ကြိုးနီစနစ်လို့လည်း ခေါ်တယ်။ အထက် – အောက် အဆင့်ဆင့် အုပ်ချုပ်ရေးစနစ်မှာ အသားကျလာတဲ့ မြန်မာဓလေ့ဟာ – အချင်းချင်းအကြား သဘောထား အမြင်တွေကို မျှဝေမှု အားနည်းပါတယ်။ ထိုနည်းလည်းကောင်း မတူတဲ့အုပ်စုတွေအကြား စကားပြောတဲ့ ဒိုင်ယာလော့ခ်လမ်းကြောင်း ပျောက်နေတတ်ပါတယ်။ ဒါတွေဟာ အနာဂတ်ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်း ရပ်တွေမှာ အခုအခံ အတားအဆီးတွေဖြစ်လာနိုင်ကြောင်း ကျော်ဝင်းက ရေးသားတင်ပြခဲ့ပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးရာသီဥတုဟာ အမြဲတမ်းလိုလို ပြောင်းလဲနေပါတယ်။ တည်ငြိမ်တယ်လို့လည်း မရှိပါ။ နေသာတယ်လို့လည်း မရှိပါ။ မုန်တိုင်းထန်တာတွေ ရှိသလို၊ အုံ့မှိုင်းညှို့ဆိုင်းနေတာတွေလည်း ရှိခဲ့ပါတယ်။ အထူး သဖြင့် မြန်မာ့နိုင်ငံရေးနှင်းခဲပျော်ချိန်မှာလည်း အစွန်းရောက်နိုင်ငံရေးအယူအဆတွေ ပြန်လည် အားကောင်းလာ မှာကို ကျော်ဝင်းက အထူးစိုးရိမ်ခဲ့ဟန်တူပါတယ်။ မြန်မာပြည်ဟာ ကမ္ဘာစစ်အပြီးမှာ ပြည်တွင်းစစ်နဲ့ နှစ်ပါးသွားခဲ့ ရလို့၊ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ဟာ ဖွားဖက်တော်အနေနဲ့ ပါလာခဲ့တယ်လို့တောင် ဆိုပါတယ်။ ကျော်ဝင်း ဟာ မြန်မာပြည်ရဲ့ “ချသမိုင်းကြီး” ကို နိဂုံးချုပ်စေချင်ခဲ့တယ်။ နိုင်ငံရေးရာသီဥတု တစ်စုံတစ်ရာပွင့်လာချိန်မှာ၊ မုန်တိုင်းတွေ ပြန်မထန်စေဖို့ တိုက်တွန်းရေးသားတာတွေ့ရပါတယ်။  

  • တိုင်းပြည်လွတ်လပ်ရေးကြေညာအပြီး သုံးလမျှ မပြည့်သေးမီမှာပင်၊ အပြုတ်တိုက်ရေး ရယ်ဒီကယ် အယူအဆများ အားပြိုင်ခဲ့ကြရာမှ၊ ပြည်တွင်းစစ်ကြီးနှင့် တိုးခဲ့ရသည်။ ကွယ်လွန်သူ နိုင်ငံရေးသမားကြီး ဝိဓူရသခင်ချစ်မောင်၏ “စစ်ဘောင်ကျယ်လာရာမှ ဒီမိုကရေစီဘောင် ကျဉ်းကျုံ့သွားခဲ့ရသည်” ဆိုသော၊ ပြည်တွင်းစစ်၏ ခါးသီးသည့်အတွေ့အကြုံများမှ ထွက်ပေါ်လာသော သတိပေးစကားကိုလည်း မမေ့ မလျော့ နှလုံးသွင်းသင့်သည်ထင်သည်။ လွတ်လပ်ရေးနှင့် အပြိုင် ဖြစ်တည်လာခဲ့ရသော၊ မလှပသည့် “ချသမိုင်းကြီး”ကို အသုံးသတ်ကြဖို့ ကောင်းပါပြီ။ ဤ “ချသမိုင်း”ကြီးကို သက်ဆိုးရှည်ကြာစေမည့် တူရှု ချက်ဟူသမျှကိုလည်း ၊ သတိကြီးကြီးနှင့် ရှောင်ရှားကြစေလိုသည်။ (ရွေးကောက်ပွဲလွန် ရယ်ဒီကယ် အငွေ့အသက်များ – ဆောင်းပါးမှ၊ ၂၀၁၀ ဒီဇင်ဘာ)
  • ကျွန်တော်တို့နိုင်ငံအနေနှင့် အပြုတ်တိုက်ရေး၊ အပြန်အလှန် ဖယ်ထုတ်ရေး ရယ်ဒီကယ်လမ်းကြောင်း၏ ခါးသီးသော အကျိုးဆက်များကို ကြုံခဲ့ရပြီးဖြစ်ပါသည်။ နောက်ကြောင်း ပြန်မလှည့်သင့်တော့ဟု သဘော ရသည်။ ဒီမိုကရက်တစ်နိုင်ငံရေး အစကောင်းဖို့ဆိုလျှင် စိတ်ရှည်မှု၊ သည်းခံမှု၊ အချိန်စောင့်နိုင်မှုတို့ကို အရင်းတည်ဖို့ လိုမည် ထင်ပါကြောင်း….။ (ကစ်ဆင်းဂျားအမြင်နှင့် မြန်မာ့နိုင်ငံရေးပြဿနာသုံးရပ် – ဆောင်းပါး မှ၊ ၂၀၀၉ ဒီဇင်ဘာ)

မင်းသေ့

၁၄၊ နိုဝင်ဘာ၊ ၂၀၂၁။

Previous post မြန်မာ့နွေဦးတော်လှန်ရေးထီးရိပ်အောက်က စစ်ရေးတပ်ပေါင်းစု
Next post အနာဂတ္တိဆရာတစ်ဦး၏ စိုးရိမ်သောက