မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာမျဉ်း (အတက် – အကျ)

စမှတ်။

၁၃၀၀ ပြည့်အရေးတော်ပုံ

မြန်မာ့တပ်မတော်ကို စတင်သန္ဓေတည်ပေးလိုက်တာကတော့၊ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှု နိုင်ငံရေး လှိုင်းကြီးနေနေတဆင့် ဖြစ်ပါတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံဟာ၊ အမျိုးသားရေးသမိုင်းမှာ အထင်ကရ နိုင်ငံရေး လှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။ အရေးတော်ပုံကို ဖြတ်သန်းရင်း၊ မြန်မာ့နိုင်ငံရေးအင်အားစုတွေအကြားမှာ ခိုင်မာတဲ့ နိုင်ငံရေးလမ်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ “အင်္ဂလိပ်နယ်ချဲ့ကို ထိထိရောက်ရောက်ပြတ်ပြတ်သား သားတော်လှန် တွန်းလှန်နိုင်ဖို့အတွက်ဆိုရင် အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခု မလွဲမသွေရှိရမယ်” ဆိုတဲ့ အယူအဆ ရပ်ခံချက်ဖြစ်ပါတယ်။ ဒီရပ်ခံချက်ပေါ်မူတည်ပြီးတော့၊ ပညာတတ်မျိုးချစ်လူငယ်ကျောင်းသားနိုင်ငံရေး သမားတွေဟာ ဗမာ့တပ်မတော်ကို သန္ဓေတည်ဖို့ စတင်ကြိုးစားလာခဲ့ပါတယ်။ အဲသည့်နေ စတင်ပြီးတော့ ရဲဘော် သုံးကျိပ်ဆိုတာ ဖြစ်လာခဲ့တယ်။ ထို့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ဖြစ်လာတယ်။ ထို့နောက် ဗမာ့ ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ရယ်လို့ ဆက်ဖြစ်လာခဲ့တယ်။ ထို့နောက် ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ) ဆိုပြီး ထပ်မံ ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးအကြိုကာလရောက်တဲ့အခါ ဗမာ့မျိုးချစ်တပ်မတော် (ပီဘီအက်ဖ်) ရယ်လို့ ဖြစ်လာပြီး၊ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့တယ်။ ဒီလိုနဲ့ ၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေး ရလာခဲ့တယ်။

မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်လုံးမှာ၊ သူ့ကျွန်လက်အောက်က ရုန်းထွက်ချင်စိတ်နဲ့ မျိုးချစ်စိတ်တို့ကို အရင်းခံပြီးတော့ ဗမာ့တပ်မတော်ဟာ တဖြည်းဖြည်းနဲ့ လူထုထောက်ခံအားရလာသလို၊ လူထုယုံကြည်ကိုးစားခံရမှုကိုလည်း ရခဲ့တယ်။ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်သည် လည်း၊ ဗမာ့တပ်မတော်ကို မွေးဖွားအစပြုတဲ့ သူတွေထဲက တစ်ဦးဖြစ်ခဲ့တယ်။ ဒီတော့ ဗမာ့တပ်မတော်ရဲ့ ဦးဆောင်မှုနဲ့ မြန်မာပြည်လွတ်လပ်ရေးရတယ်လို့ ရေးသားလေ့ရှိကြတယ်။ သို့သော်လည်း ဒါဟာ အပြည့်အဝ မမှန်ပါ။ တပ်မတော်ကို မွေးဖွားပေးလိုက်တာက ပြည်သူထဲက ဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုထဲက ဖြစ်ပါတယ်။ မျိုးချစ်နိုင်ငံရေးသမားတွေဟာ ကိုလိုနီနဲ့ ဖက်ဆစ်စနစ်ကို တော်လှန်ဖို့၊ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းခဲ့ တာဖြစ်ပါတယ်။ ဒီတော့ နိုင်ငံရေးသမားတွေဟာ စစ်သားတွေ ဖြစ်လာတယ်။ နောက်တော့ စစ်သားတွေ ကိုယ်တိုင် နိုင်ငံရေးအလုပ်တွေ ပြန်လုပ်လာကြတယ်။ ထားတော့။

ဖက်ဆစ်တော်လှန်ရေးအကြိုကာလမှာ ဗမာ့မျိုးချစ်တပ်မတော်နဲ့ အတူ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ အရေးတော်ပုံပါတီတို့ လက်တွဲပြီး ဖဆပလ အဖွဲ့ချုပ်ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ လက်နက်ကိုင်အင်အားစု ကို နိုင်ငံရေးအရ သိုင်းဝိုင်းမွမ်းမံတည်ဆောက်ခဲ့တယ်လို့ မြင်ပါတယ်။ လွတ်လပ်ရေးရဖို့အတွက် ဗမာ့တပ်မတော် ဟာ သန္ဓေဆိုရင်၊ အဲသည့် သန္ဓေအောင်ဖို့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့အရေးတော်ပုံပါတီတို့ဟာ သားအိမ် အနေနဲ့ ပံ့ပိုးမွေးမြူ အားပေးထောက်ကန်ပေးခဲ့ရတာဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်လွတ်လပ်ရေးကို အပြည့်အဝ ရအောင် ယူပေးနိုင်တဲ့နေရာမှာ – ဗမာ့တပ်မတော်ဟာ အဓိက အခန်းကဏ္ဍကနေ ပါခဲ့တယ်လို့သာ ပြောနိုင်တယ်။ ဗမာ့တပ်မတော် တစ်ဖွဲ့တည်းသက်သက်သာ ပါဝင်ခဲ့တာ မဟုတ်ဘူးဆိုတာကို သတိချပ် နားလည်သင့်တယ်။ ပြည် သူ လူထုတွေအတွင်းက ဝံသာနုလှုပ်ရှားမှုတွေနဲ့ လက်ဝဲတော်လှန်ရေးအတွေးအခေါ်တွေဟာ ဗမာ့တပ်မတော်ကို သိုင်းဝိုင်းတည်ဆောက်ပေးခဲ့တဲ့ သဘောလို့ နားလည်ရတယ်။ တစ်ဖက်က ကြည့်ရင်လည်း လက်ဝဲ နိုင်ငံရေးသမား တွေက ဗမာ့တပ်မတော်ကို ဝိုင်းဝန်း ပြုစုတည်ဆောက်ပေးလိုက်ကြတယ်လို့လည်း ပြောနိုင်တယ်။ ဒါပေမယ့် ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်သွားတဲ့ အလံနီကွန်မြူနစ်ပါတီခေါင်းဆောင် သခင်စိုးကတော့၊ ဖက်ဆစ် ဂျပန်ဆီကနေ စစ်ပညာသင်ယူပြီး ဗမာ့တပ်မတော်ဖြစ်လာတာကို ဝေဖန်တဲ့အနေနဲ့ ဗမာစစ်တပ်ဟာ ဖက်ဆစ် သန္ဓေပါတယ်ဆိုတဲ့ စကားမျိုးလည်း ပြောခဲ့ဖူးတယ်။ ဒါဟာ သတိချပ်စရာတွေထဲက တစ်ခုပါ။

၁၉၄၈ လွတ်လပ်ရေးရပြီ

၁၉၄၈ လွတ်လပ်ရေးရတဲ့အခါမှာ၊ ဗမာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာ အထွဋ်အထိပ်ကို ရောက်ခဲ့တယ်။ အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမှု အောင်မြင်ခဲ့ခြင်းဟာ တပ်မတော်သားတွေကို လူထုက ချစ်ခင် ကြည်ညိုသလို၊ ယုံကြည်လေးစားခံခြင်းလည်း ဖြစ်ခဲ့တယ်။ စစ်ဗိုလ်စစ်သားတွေရဲ့ အတိတ်သမိုင်းက အတ္ထုပ္ပတ္တိတွေနဲ့ သူတို့ရဲ့ ကိုယ်တိုင်ရေးဘဝဇာတ်ကြောင်း စာအုပ်တွေကို လေ့လာရင်လည်း သူတို့ ကိုယ်တိုင် တပ်မတော်သားအဖြစ် ဘယ်လောက် ဂုဏ်ယူခဲ့တယ်ဆိုတာကို အထင်းသားတွေ့မြင်နိုင်တယ်။ ဒါဟာ ငြင်းစရာ မရှိဘူး။ လူထုကိုယ်တိုင် ကလည်း တပ်မတော်သား၊ စစ်သား၊ စစ်တပ်၊ တပ်မတော်ဆိုရင် ချစ်ခင်တယ်၊ လေးစားတယ်၊ အားကိုးတယ်။ ဒါဟာ ပါလီမန်ဒီမိုကရေစီခေတ်တစ်လျှောက်လုံးမှာ ရခဲ့တာ ဖြစ်ပါတယ်။

ပါလီမန် ဒီမိုကရေစီခေတ်မှာ အရပ်သားနိုင်ငံတွေဦးဆောင်မှု အခန်းကဏ္ဍကို ကောင်းကောင်း ရခဲ့တယ်လို့ ပြောနိုင် တယ်။ သို့သော်လည်း နိုင်ငံရေးသမားတွေရဲ့ အားနည်းချက်နဲ့ ဉာဉ်ဆိုးဟာ မြန်မာပြည်နိုင်ငံရေးနယ်ထဲကို စစ်ဘောင်သွင်းသလို ဖြစ်ခဲ့တယ်။ ဒါတွေကတော့ ဖဆပလ အဖွဲ့ချုပ်အတွင်း ဂိုဏ်းဂဏ အကွဲအပြဲဖြစ်ပါတယ်။ ဂိုဏ်းဂဏ အကွဲအပြဲကို ပုဂ္ဂိုလ်ရေးအရှုပ်အထွေးတွေက ရေလောင်းပေါင်းသင်ပါတယ်။ နိုင်ငံရေးသမားတွေ ကိုယ်တိုင်က စစ်တပ်ကို နိုင်ငံရေးထဲ ခေါ်သွင်းလာတာမျိုး ဖြစ်ခဲ့တယ်။ ထိုနည်းလည်းကောင်း တပ်မတော်ကို နိုင်ငံရေးဇာတ် သွင်းခဲ့တယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စာရေးဆရာ၊ နိုင်ငံရေးသုတေသီ ကျော်ဝင်းဟာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ အခုလို ရေးသားတာတွေ့ရပါတယ်။

  • မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်လိုက်လျှင်၊ လက်နက်ကိုင်တပ်ကို နိုင်ငံရေးဇာတ်သွင်းခဲ့သည်မှာ၊ နိုင်ငံ ရေးပါတီများ ကိုယ်တိုင်ပင် ဖြစ်သည်။ ပထမဆုံး ကွန်မြူနစ်ပါတီက တပ်ထဲတွင် ကေဒါမွေးသည်။ အားကျ မခံ ဆိုရှယ်လစ်များကလည်း တပ်ထဲတွင် ကေဒါမွေးကြပြန်သည်။ အကျိုးဆက်ကား ၄၉ ၊ ၅၈၊ ၆၂ ကိစ္စ များပင် ဖြစ်တော့သည်။  (ကစ်ဆင်းဂျားအမြင်နှင့် မြန်မာ့နိုင်ငံရေးပြဿနာသုံးရပ် – ဆောင်းပါး မှ၊ ၂၀၀၉ ဒီဇင်ဘာ)

၁၉၅၈ ဖြစ်ရပ်ဟာ မြန်မာတပ်မတော်ဟာ နိုင်ငံရေးထဲ စတင်ခြေလှမ်းတာလို့ ပြောလို့ ရလောက်တဲ့ အနေအထား မှာ ရှိပါတယ်။ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးထဲ ဝင်ပါအောင်လည်း နိုင်ငံရေးသမားတွေ ကိုယ်တိုင်က သူတို့ အကျိုးစီးပွား အတွက် ကစားဖို့၊ တံခါးဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး တံခါးဖွင့်ပေးသူကတော့ ဖဆပလ ခေါင်းဆောင် ဝန်ကြီးချုပ် ဦးနုပဲ ဖြစ်ပါတယ်။ ဦးနုဟာ ၁၉၅၈ အိမ်စောင့်အစိုးရလက်ထက် ကျော်လွန်ပြီး ရွေးကောက်ပွဲနည်းနဲ့ အာဏာပြန်ရခဲ့ပေမယ့်၊ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာတော့ မြန်မာ့တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ အာဏာသိမ်းမှု ခံရပြီး၊ ပါလီမန်ဒီမိုကရေစီလည်း နိဂုံး စုန်းစုန်းချုပ်သွားတော့တာပါပဲ။

၁၉၆၂ အာဏာသိမ်းမှုကို ကြည့်ရင်၊ ဗိုလ်ချုပ်ကြီးနေဝင်းအပေါ် လူထုရဲ့ မကြည်ဖြူမှုဟာ သိပ် မရှိပါဘူး။ လူထု အကြားမှာလည်း အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးတော့ များများစားစား ဆန့်ကျင်ကန့်ကွက်တာမျိုး မလုပ်ခဲ့ကြပါ ဘူး။ အဲသည့်အထဲမှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေကသာ တူးတူးခါးခါး ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါ တယ်။ ဒါ့ကြောင့်လည်း ဆဲဗင်းဇူလိုင်လို သမိုင်းဖြစ်ရပ်မျိုးတွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ၆၂ အာဏာသိမ်းမှု ကို လူထုက အလုံးစုံကြည်ဖြူလက်ခံတယ်လို့ မပြောနိုင်ပေမယ့်၊ နှုတ်ဆိတ်နေခဲ့တယ်ဆိုတာ ဘာလို့ ထင်ပါသလဲ။ အဲဒါကတော့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ တပ်မတော်ရဲ့ ပါဝင်မှုနဲ့ ဦးဆောင်မှုအပေါ်မှာ လူထုက ယုံကြည် ကိုးစား လက်ခံနေသေးတဲ့ အမြင် ရှိနေဆဲမို့ ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း တပ်မတော်အပေါ် လူထုက ချစ်ခင် အားကိုးမြဲ ဖြစ်နေသေးတဲ့အချိန် ဖြစ်ပါတယ်။ တပ်မတော်ကိုယ်တိုင်ကလည်း သူ့ဂုဏ်သိက္ခာကို အမျိုးသား လွတ်မြောက်ရေးကြိုးပမ်းမှုကာလက အရှိန်နဲ့ ထိန်းသိမ်းထားနိုင်သေးတဲ့အခြေအနေမှာ ရှိပါတယ်။ ဒါ့အပြင် ဖဆပလ အကွဲအပြဲနဲ့ နိုင်ငံရေးသမားတွေရဲ့ အရှုပ်ထုပ်တွေကို ပြည်သူက ငြီးငွေ့နေပြီ၊ စိတ်ပျက်နေပြီ၊ စကားတွေ များနေပြီး တိုင်းပြည်တည်ဆောက်ရေးကို ကောင်းကောင်း မလုပ်နိုင်တာလည်း မကြိုက်တော့ဘူး။ ဒီကြားထဲမှာ ၁၉၅၈ – ၅၉ ကာလမှာ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက အိမ်စောင့်အစိုးရအဖြစ် နိုင်ငံတော် အုပ်ချုပ်စီမံရေးကို အစမ်းခန့်သဘောမျိုး တာဝန်ယူလိုက်တာမှာ၊ အရာရောက်ပြီး ကောင်းကောင်းမွန်မွန် စီမံ အုပ်ချုပ်နိုင်တဲ့ အနေအထားမှာ တွေ့ရတယ်။ ရှေ့ကနိုင်ငံရေးခေါင်းဆောင်တွေ လုပ်တာ တိုးလို့တန်းလန်းဖြစ်နေ တဲ့ ကိစ္စတွေကိုလည်း အလုပ်ဖြစ်အောင် စွမ်းဆောင်ခဲ့နိုင်တယ်။ လူထုကြားထဲမှာလည်း တည်ငြိမ်မှုနဲ့ မြို့ပြ စည်ပင် သာယာရေးလို ကဏ္ဍမျိုးတွေမှာ သူ့အစွမ်းအစကို ပြနိုင်ခဲ့တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ နိုင်ငံရေးသမားလို စကား သိပ်များများ မပြောဘဲ၊ လုပ်သင့်လုပ်ထိုက်တာကို အလုပ်တွင်အောင် လုပ်နိုင်စွမ်း ရှိတာကိုလည်း ပြည်သူက မြင်လိုက်ရတယ်။ ဒီတော့ ၁၉၆၂ အာဏာသိမ်းမှုဟာ လူထုအုံကြွမှုကြီးဖြစ်လောက်အောင် ဆန့်ကျင်ခံရတာမျိုး မဖြစ်ခဲ့ဘူး။ ထိုနည်းလည်းကောင်း ကမ္ဘာ့နိုင်ငံရေးအခြေအနေကလည်း စစ်အေးခေတ်ကာလမှာ ရှိနေတော့၊ အမေရိကန်ရဲ့ ကျောထောက်နောက်ခံနဲ့ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ၆၂ အာဏာသိမ်းမှုကို ခပ်ရဲရဲ လုပ်နိုင်တာတွေ လည်း ပါဝင်တယ်။ တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင်က လက်ဝဲလေထုအားကြီးတဲ့ မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်တိုင်းပြည်ကို တည်ဆောက်မယ်လို့ လေသံလွှင့်ပြီး ကျောသပ်ရင်သပ်လုပ်ထားနိုင်တာကိုလည်း ပြည်သူက ယုံကြည်ခဲ့ဟန်တူတယ်။ သူရဦးတင်ဦးလို ပုဂ္ဂိုလ်မျိုးကတောင် အခုလို ပြောခဲ့ဖူးတယ်။

  • အာဏာသိမ်းတဲ့အချိန်တုန်းက ကျွန်တော့်စိတ်ထဲ နည်းနည်းပါးပါးဝမ်းသာမိတယ်။ ကြည်နူးမိတယ်ဆိုတာ အမှန်ပဲ။ ငါတို့ ကာကွယ်ရေးဦးစီးချုပ်ကြီးက တိုင်းပြည်ကို ကောင်းအောင် လုပ်မလို့တဲ့။ ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ ကယ်တင်တော့မယ်တဲ့ဟဲ့။ ဆိုတဲ့အခါ အနောက်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်အနေနဲ့ ပုခုံးထမ်းတင်ပြီး ကူညီချင်စိတ်တွေ ပေါက်ခဲ့တယ်။ လုပ်ခဲ့တယ်။ ဒါတွေက အမှန်ပဲ။ သို့သော်လည်း လုပ်ရင်းကိုင်ရင်း မှားတာတွေ မပြေလည်တာတွေ ဖြစ်လာတဲ့အခါကျတော့….. (ပြည်သူချစ်သော ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၊ ဖိုးစိုင်း ပြုစုချက်၊ ၂၀၁၅၊ စာ – ၇၁)

သို့သော် တော်လှန်ရေးကောင်စီလက်ထက်က စပြီး လွဲမှားခဲ့တဲ့ အုပ်ချုပ်စီမံမှုတွေနဲ့ အယောင်ပြ ဟန်ပြ လျှောက်လှမ်းခဲ့တဲ့ ဆိုရှယ်လစ်လမ်းစဉ်တို့ရဲ့ အားနည်းချက်တွေကြောင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာ တဖြည်း ဖြည်း ညှိုးရော်လာတယ်။ ပြည်သူပိုင်သိမ်းတာတွေအပြင်၊ ငွေကြေးဖျက်သိမ်းတာတွေကလည်း လူထုရဲ့ အရှိုက်ကို ထိစေတဲ့ကိစ္စရပ်တွေ ဖြစ်တယ်။ တံခါးပိတ်စီးပွားရေးစနစ် ကျင့်သုံးတာ၊ ပညာရေးနဲ့ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ ရပ်တွေကို ဖိနှိပ်ချုပ်ချယ်တာတွေဟာ တဖြည်းဖြည်းနဲ့ တပ်မတော်ဦးဆောင်တဲ့ နိုင်ငံတော်အုပ်ချုပ်မှုကို ပြည်သူ လူထုက အယုံအကြည်မဲ့လာစေတယ်။ ပေါ်လစီမှားတဲ့အပြင် လမ်းစဉ်လည်း လွဲခဲ့တယ်။ လမ်းစဉ်မှာ ပေါ်လစီ လွဲခဲ့ပေမယ့် နိုင်ငံတော်အုပ်ချုပ်ရေးတာဝန်ကို ယူခဲ့ခြင်းကြောင့် တပ်မတော်က စစ်ဗိုလ်တွေကိုယ်တိုင်မှာလည်း အကျင့်ပျက်တာတွေ ခြစားတာတွေ ဖြည်းဖြည်း များလာတယ်။ တကယ်တော့ ဆိုရှယ်လစ်ခေတ်မှာ တပ်မတော်က စစ်ဗိုလ်တွေအပြင် စပျက်လာတာ မဟုတ်ဘူး၊ တပ်နဲ့ ရင်းနှီးတဲ့ ပါတီကောင်စီ အရပ်သားတွေပါ အကျင့်ပျက်လာ ကြတယ်။ ခြစားတယ်။ လာဘ်စားတယ်။ ဉာဉ်ဆိုးတွေဖြစ်လာတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာ မြန်မာ့ တပ်မတော်ဟာ အရပ်သားတွေနဲ့ အတူ ပေါင်းပြီး ပျက်လာသလို၊ သူတို့ အုပ်ချုပ်တဲ့ ဗြူရိုကရေစီယန္တရားမှာလည်း မလုပ် – မရှုပ် – မပြုတ်၊ ကြုံ သလို ကြည့် ကျက် လုပ်၊ ခေါ်ရင်သွား ခိုင်းတာ လုပ် ခံမပြောနဲ့ ဆိုတာတွေ ဖြစ်လာ တယ်။ ကြိုးနီစနစ်ကလည်း ပိုလို့ ဆိုးရွား ပြင်းထန်လာတယ်။ တိုင်းပြည်ကို ခေါင်းဆောင်တဲ့ တပ်မတော်ခေါင်း ဆောင် ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင်ကလည်း ဦးနေဝင်း ဖြစ်လို့ ဖြစ်ပြီး၊ စရိုက် မမှန် ဖြစ်လာတယ်။ သန္ဓေယုတ် ပေါ်လာခဲ့တယ်။ ဒီဖြစ်ရပ်တွေကြောင့် ၁၉၆၂ နောက်ပိုင်း မြန်မာ့တပ်မတော် (မြန်မာစစ်တပ်) ရဲ့ ဂုဏ်သိက္ခာဟာ တဖြည်းဖြည်း အောက်နိမ့် ကျဆင်းလာတယ်။ လမ်းစဉ်ပါတီခေတ်မှာ တဟုန်ထိုး ထိုးကျလာတယ်လို့တောင် ပြောနိုင်တယ်။ ဘယ်လိုပဲ ထိုးကျတယ်လို့ပဲ ပြောပြော၊ ဗိုလ်ချုပ်ကြီးနေဝင်းခေတ်မှာ မြန်မာတပ်မတော် အတွင်းမှာ အကောင်းတွေ ကျန်နေသေးတယ်။ ပုပ်တဲ့အပိုင်းကတော့ ပြင်လို့ မရအောင် ပုပ်ပေမယ့်၊ တပ်အောက်ခြေအထိ လှိုက်စား ယိုယွင်းတာမျိုးတွေ မဟုတ်သေးဘူး။ အကောင်းကျန်သေးတယ်လို့ ပြောလို့ ရသေးတယ်။ ဘာလိုပဲ ဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးနေဝင်း ဖောက်ပြန်သွားလို့၊ နိုင်ငံရေး မိုင်းဗုံးတွေလည်း နင်းမိခဲ့တယ်။ ဒီလိုနဲ့ ၁၉၈၈ လူထုအုံကြွမှုကြီး ဖြစ်လာတယ်။ ဒီလူထုအုံကြွမှုမှာ စစ်တပ်ကို နိုင်ငံရေးထဲက ဆင်းပေးဖို့နဲ့ ဒီမိုကရေစီပေးဖို့ လူထုက တခဲနက် တောင်းဆိုလာခဲ့ကြတယ်။ ဒီလိုနဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး စစ်တပ်က နောက်ထပ် အာဏာထပ်သိမ်းလိုက်ပြန်တယ်။

၁၉၈၈ ကာလ

၁၉၈၈ နဲ့ ၁၉၉၀ ကာလလောက်မှာ လူထုဟာ စစ်တပ်အပေါ် ယုံကြည်မှု လုံးဝ မရှိတော့ဘူးလို့ ဆိုတာထက် တစ်စုံတစ်ရာ ဖြစ်နိုင်မလားဆိုတဲ့ ယုံကြည်ချက်အကြွင်းအကျန်လေးတော့ ရှိသင့်သလောက် ရှိနေသေးတယ်။ ဒါ့ကြောင့်လည်း စစ်တပ်က ကြီးမှူးကျင်းပပေးတဲ့ ၁၉၉၀ ရွေးကောက်ပွဲကို လူထုကလည်း ယုံကြည်ခဲ့သလို၊ နိုင်ငံရေးအစုအဖွဲ့တွေကလည်း ယုံကြည်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့တယ်။ ဒါပေမယ့် အရာအားလုံးဟာ ၁၉၉၁ လောက်မှာ သဲထဲရေသွန် ဖြစ်ခဲ့တယ်။ တပ်မတော်အပေါ် လူထုရဲ့ ယုံကြည်မှုက ထပ်မံ ထိုးကျသွားတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်

၁၉၉၁ – ၉၂ လောက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ရှားပြီးတော့ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေက အာဏာကိုင်ထားပြီး တပ်အတွင်းမှာ မြန်မာ့အမျိုးသားရေးဝါဒကို တပ်ရဲ့ အိုင်ဒီယော်လိုဂျီ တစ်ခု အနေနဲ့ သွတ်သွင်းတည်ဆောက်ခဲ့ပါတယ်။ တကယ်တော့ မြန်မာ့စစ်တပ်ထဲမှာ အမျိုးသားရေးဝါဒဟာ ရှိနေပြီးသား ပါ။ သို့သော်လည်း ဗိုလ်ချုပ်ကြီးနေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်တွေ ဘာတွေ လုပ်တော့ ငုပ်လျှိုးနေသလို ဖြစ်နေတယ်။ ဒီတော့ ဗမာ့တပ်မတော် သန္ဓေတည်တဲ့ကာလမှာ နောက်ခံအဘိဓမ္မာအဖြစ် ကိုင်စွဲခဲ့တဲ့ ဗမာ့အမျိုး သားရေးဝါဒကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာ့အမျိုးသားရေးဝါဒအဖြစ် မြန်မာစစ်တပ်ထဲ ပြန်လည် တည်ဆောက်လာတယ်။ အမျိုး – ဘာသာ – သာသနာ ဆိုတဲ့ ကြွေးကြော်သံဟာ တပ်တွင်း အသိုင်းအဝိုင်းထဲတင် မက၊ မြန်မာနိုင်ငံတစ်ခုလုံးကိုပါ ညံလာတယ်။ အဲသည့်မှာ “ပညာ” ဆိုတာတော့ ပျောက်သွားပြီ။ (အတိတ် သမိုင်းက ဝံသာနုလှုပ်ရှားမှုရဲ့ ကြွေးကြော်သံဟာ – အမျိုး ဘာသာ သာသနာ ပညာ ဖြစ်ပါတယ်။ ဤကား စကားချပ်)။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အမျိုး – ဘာသာ – သာသနာ အယူဝါဒကို နိုင်ငံရေးလက်နက်တစ်ခုအနေ နဲ့ သုံးစွဲဖို့ ကြိုးစားခဲ့သလို၊ တပ်မတော်ကို ပြန်လည် စုစည်းကျစ်လစ်စေဖို့လည်း ရည်ရွယ်ခဲ့တယ်။ ဒါ့ကြောင့် အမျိုး – ဘာသာ – သာသနာကို ကာကွယ်စောင့်ရှောင် ထိန်းသိမ်းရမယ်ဆိုတဲ့ အမျိုးသားရေးဝါဒကို မြန်မာ စစ်တပ်ထဲမှာ အဓိက သွတ်သွင်း ဖြန့်ချိတယ်။ တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာနဟာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပေါင်းပြီး တော့၊ တပ်မတော်ထဲမှာရော၊ မြန်မာလူထုကြားထဲမှာရော အမျိုးသားရေးဝါဒ ပြန့်နှံ့အောင် ဝါဒဖြန့်ချိရေးကို စနစ် တကျ လုပ်ခဲ့တယ်။ ဒီလုပ်ဆောင်ချက်တွေနဲ့ ဖေးကူခဲ့နိုင်လို့ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်ကလောက် မြန်မာ စစ်တပ်ဟာ ဂုဏ်သိက္ခာအားဖြင့် ကျဆင်း ထိုးကျသွားတာမျိုး မရှိဘဲ၊ တချို့ အပိုင်းတွေမှာ တစ်စုံတစ်ရာတက်ရိပ် ပြတာတွေကိုတောင် တွေ့ခဲ့ရတယ်။ တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြီးသန်းရွှေဟာ နယ်စပ်ကုန်သွယ်ရေးတွေကို အနည်းငယ်ဖွင့်ပေးလိုက်ပြီး ပြည်သူကို အသက်ရှုပေါက်ဟ ပေးလိုက်တာတွေလည်း ပါဝင်တယ်။ ဒီတော့ စစ်တပ်နဲ့ စစ်တပ်နဲ့ နီးနွှယ်တဲ့ အသိုင်းအဝိုင်းတွေကိုတော့ မြန်မာစစ်တပ်ဟာ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန် တည့်မတ်အောင် လုပ်နိုင်တယ်ဆိုတာ ဖြစ်လာတယ်။ သို့သော်လည်း စစ်တပ်နဲ့ မနီးစပ်တဲ့ မြန်မာလူထုကြားထဲမှာတော့ မြန်မာ စစ်တပ်ကို ယုံကြည်လေးစားမှု မရှိတော့ဘူး။ မြန်မာစစ်တပ်ဟာ ဂုဏ်သိက္ခာအားဖြင့် အများပြည်သူကြားထဲမှာ အတော် ယုတ်လျော့ကျဆင်းလာတယ်။ ဒါကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း ရိပ်မိတယ်၊ နားလည်တယ်။ ဒါ့ကြောင့်လည်း တစ်ဖက်မှာ နိုင်ငံရေးအရ ထွက်ပေါက် ယူပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် တည့်မတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါကတော့ နိုင်ငံတစ်ဝှမ်းလုံးမှာ အောင်မြင်တယ်လို့ ပြောလို့ မရပေမယ့် တပ်တွင်းအသိုင်းအဝိုင်း မှာတော့ တစ်စုံတစ်ရာအောင်မြင်မှု ရှိခဲ့တယ်လို့ ပြောနိုင်ပါတယ်။ တပ်တွင်းအသိုင်းအဝိုင်းနဲ့ တပ်အကျိုးစီးပွားနဲ့ နှီးနွှယ်ဆက်စပ်ပတ်သက်နေသူတွေအကြားမှာတော့၊ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ဆွဲတင်နိုင်ခဲ့တယ်လို့ ဆိုနိုင်တယ်။ မြန်မာပြည်သူလူထုကြားထဲမှာတော့ မြန်မာစစ်တပ်ဟာ ဂုဏ်သိက္ခာအားဖြင့် ကျပြီးကျ ဖြစ်ခဲ့တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်ခဲ့တာတွေကလည်း မြန်မာစစ်တပ်ရဲ့ ဂုဏ်သိက္ခာကို ထိုးကျသွားစေခဲ့တယ်။ ဒါကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကောင်းကောင်းသိနားလည်ခဲ့တယ်လို့ ယူဆရပါတယ်။ ဒါ့ကြောင့်လည်း လမ်းပြ မြေပုံ (၇) ချက်နဲ့ အသွင်ကူးပြောင်းရေးကို ချောချောမွှေ့မွှေ့ ဖြစ်စေဖို့ စီမံနိုင်ခဲ့တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်ပြုတာ၊ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတာတွေက အားလုံးသဘောမညီနိုင်သည့်တိုင်၊ တစ်စုံတစ်ရာ အတိုင်းအတာအထိ အောင်မြင်ခဲ့တယ်လို့ ပြောနိုင်တယ်။

ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန် လက်ထက်

စစ်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန် လုပ်ဆောင်ခဲ့ တဲ့ နိုင်ငံရေးဖြေလျော့မှု လုပ်ငန်းစဉ်တွေကလည်း ထိရောက်သင့်သလောက် ထိရောက်ခဲ့တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံနိုင်လောက်တဲ့အထိ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေကို လုပ်နိုင်ခဲ့တယ်။ ဒါ့ကြောင့်လည်း သမ္မတဦးသိန်းစိန်လက်ထက်မှာ မြန်မာစစ်တပ်ဟာ ဂုဏ်သိက္ခာအားဖြင့် အနည်းငယ်တက်လာခဲ့တယ်။ အထူးသဖြင့် ဗမာလူမျိုး၊ ဗမာပြည်မက လူထုအကြားမှာ မြန်မာစစ်တပ်ရဲ့ အမှားတွေကို သိနားလည်သည့်တိုင်၊ နားလည်လက်ခံပေးတာ​တွေ ရှိခဲ့တယ်။ ဗမာလူထုကိုယ်တိုင်က မြန်မာစစ်တပ်အပေါ်မှာ တစ်ခုတည်းသော တပ်မတော်ဆိုတဲ့ ရပ်ခံချက်အပေါ်မှာ ယုံကြည်လက်ခံထားတာ ရှိခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ တပ်အသိုင်းအဝန်းနဲ့ တပ်နဲ့ နှီးစပ်တဲ့အကျိုးစီးပွား ရှိထားတဲ့ အသိုင်းအဝန်းကြားမှာ မြန်မာစစ်တပ်ရဲ့ ဂုဏ်သိက္ခာကို တစ်စုံတစ်ရာ ထိန်းသိမ်းထားနိုင်သလို၊ ဗိုလ်ချုပ်နေဝင်းလက်ထက်ကလောက် ထိုးကျမသွားအောင် အတန်ငယ် ထိန်းသိမ်းထားနိုင်တယ်လို့ တွက်ဆနိုင်ပါတယ်။ သို့သော်လည်း မြန်မာစစ်တပ်ရဲ့ ဂုဏ်သိက္ခာကတော့ လူထု အကြားမှာ တရိပ်ရိပ် ကျနေတာတွေ့ခဲ့ရပါတယ်။ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ နိုင်ငံတော်ယန္တရား တစ်ခုလုံးကို စစ်ဘောင်သွင်းလိုက်တဲ့အခါ၊ ဌာနဆိုင်ရာအားလုံးပါ အကျင့်ပျက် ခြစားတာတွေ ရှိခဲ့သလို၊ အရပ်ဘက် ပြောင်း စစ်ယူနီဖောင်းချွတ် စစ်ဗိုလ်တွေ ကိုယ်၌က အကျင့်ပျက်လာတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ၊ ဆိုရှယ်လစ်ခေတ်က ကြွင်းကျန်ထားတဲ့ အကောင်းတွေကအစ တဖြည်းဖြည်း ပျောက်ဆုံးကုန်တယ်။ ဒါကလည်း စစ်တပ်နဲ့ စစ်ဗိုလ်တွေရဲ့ လက်ထဲမှာ လုပ်ပိုင်ခွင့်အားလုံးဟာ ထုံးလိုချေ ရေလို နှောက် လုပ်နိုင်ခဲ့တာတွေ ကြောင့်လည်း ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်တုန်းက မြန်မာစစ်တပ်ဟာ ထိပ်ပိုင်းက လူတစ်စုလောက်သာ ပျက်ဆီးတာ ဖြစ်ခဲ့ပေမယ့်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာတော့ အောက်ခြောက် ဗိုလ်ကြီး၊ အရာခံဗိုလ်အဆင့်လောက်အထိ ခွင်ဖန်နိုင်တာ၊ ခြစားနိုင်တာ၊ လာဘ်စားနိုင်တာ၊ ငါတကောကောနိုင်တာတွေအထိ ဖြစ်လာတယ်။ ဒါဟာ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာတဲ့ မြန်မာစစ်တပ်ရဲ့ ဂုဏ်သိက္ခာကို မီးမောင်းထိုးပြနေပါတယ်။ ဒါပေမယ့် ဦးသိန်းစိန်ခေတ် ပြုပြင်ပြောင်းလဲရေးတွေကြောင့်၊ တိုင်းရင်း သားလူမျိုးစုတွေအကြားမှာ မြန်မာစစ်တပ်ရဲ့ ဂုဏ်သိက္ခာကို ဆွဲတင်တာမျိုး မလုပ်နိုင်ပေမယ့် ဗမာလူမျိုး၊ ပြည်မက ဗမာလူထုအကြားမှာတော့ အတန်ငယ်တက်ရိပ်ပြအောင် လုပ်နိုင်ခဲ့တာတွေ့ရတယ်။

အနောက်တံခါးပြဿနာ နှင့် အိုင်စီဂျေ ဖြစ်ရပ်

တစ်ဖက်မှာလည်း အနောက်တံခါးပြဿနာ ပေါ်လာတယ်။ အနောက်တံခါးပြဿနာလို့ ဝိဂြိုလ်ပြုနိုင်တဲ့ ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးကိစ္စဟာ မြန်မာစစ်တပ်ရဲ့ ဂုဏ်သိက္ခာကို ထိုးချလိုက်သလို ကျဆင်းစေခဲ့ပါတယ်။ သို့သော် ကူရာ ကယ်ရာ တစ်ခု ထပ်မံ ရခဲ့ပါတယ်။ အဲဒါကတော့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က အနိုင်ရပြီး အရပ်သားအစိုးရဖြစ်ခွင့်ရလာခဲ့ခြင်း ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ မူကို ကိုင်ထားတဲ့ အန်အယ်ဒီအစိုးရလက်ထက်အတွင်းမှာ အိုင်ဒီဂျေမှာ တက်ပြီး ရှင်းလင်းရတဲ့အထိ ပြဿနာ ကြီးမားခဲ့ပါတယ်။ သို့သော်လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မြန်မာစစ်တပ်ဘက် မှာ ရပ်ခံပေးခဲ့လို့ အလွန်းအမင်း ကျဆင်းသွားရမယ့် မြန်မာစစ်တပ်ရဲ့ ဂုဏ်သိက္ခာဟာ၊ ထိုးကျသွားတယ်လို့ မဖြစ်ခဲ့ ပါဘူး။ မြန်မာစစ်တပ် မှားခဲ့တာတွေအတွက် အဖာအထေးတွေတောင် ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ဟာ သူတို့ကိုယ်သူတို့ အဟုတ်ထင်ခဲ့တာတွေ့ရပါ တယ်။ ၁၉၅၈ ကလိုအခြေအနေမျိုးလို့ ထင်ပြီး နိုင်ငံရေးသမားတွေကို ပြည်သူက စိတ်ပျက်နေပြီဆိုတဲ့ အမြင်တွေ အပေါ်မှာ မြန်မာစစ်တပ်ဟာ ယုံကြည်လက်ခံခဲ့တာတွေ့ရပါတယ်။ ဒါ့ကြောင့် ၅၈ အိမ်စောင့်အစိုးရလက်ထက်က မြန်မာ့တပ်မတော်လို အနေအထားမျိုး ရှိမလားဆိုပြီးတော့၊ ၂၀၂၁ အာဏာသိမ်းမှုကို ရဲရဲကြီး လုပ်ချလိုက်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ၊ စစ်ကောင်စီ

ဒါကလည်း အာဏာသိမ်းပြီးမှ အဖြစ်မှန်ကို သိလိုက်ရပါတယ်။ မြန်မာပြည်နဲ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ လက်ရှိ နိုင်ငံရေးသမားတွေကို အကြိုက်ကြီး ကြိုက်နေတာ မဟုတ်ပေမယ့်၊ စစ်အာဏာသိမ်းတာကိုတော့ လုံးဝ နားလည် လက်ခံပေးလို့ မရဘူးဆိုတာကို ၂၀၂၁ အာဏာသိမ်းပြီးလိုက်မှ မြန်မာစစ်တပ်ဟာ သိနားလည်ခဲ့ပါတယ်။ တိတိကျကျ ပြောရရင်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ခေါင်းဆောင်တွေဟာ သူတို့ တွက်ကိန်း လွဲသွားတယ်ဆိုတာကို အာဏာသိမ်းပြီးမှ သိလိုက်ရပါတယ်။ သို့သော်လည်း အာဏာက သိမ်းပြီးသွားတာ ဖြစ်တာကြောင့်၊ သူတို့ အာဂျင်ဒါအတိုင်း ရှေ့ဆက်တိုးဖို့ပဲ ရှိတယ်။ နောက်ပြန်ဆုတ်လို့ မရတော့ဘူး။ နောက်ပြီး တော့ ဆန္ဒပြသပိတ်တွေကိုလည်း အကြမ်းဖက် ဖြိုခွင်းပြီး၊ သတ်ဖြတ်တာ၊ ညှင်းဆဲတာ၊ ဖိနှိပ်တာတွေကို လုပ်တာ မှာ လက်လွန်သွားတာတွေကလည်း မြန်မာစစ်တပ်ကို မထူးဇာတ်ခင်းအောင် တွန်းပို့လိုက်ပါတယ်။ ဒါ့ကြောင့်လည်း မျက်ကန်းတစ္ဆေမကြောက်ဆိုသလို၊ တိုးပြီးရင်း ဇွတ်တိုးမိုက်ဖို့ပဲ ဆုံးဖြတ်ခဲ့ကြဟန်တူတယ်။ နောက်ဆုံး ပြည်တွင်းစစ်ကို ဗမာပြည်မကျေးလက် တောရွာတွေအထိ ဆင်နွှဲရလောက်တဲ့အထိ မိုက်တွင်းနက်နေ တာတွေ့ရပါတယ်။ ဒါဟာ မြန်မာစစ်တပ်နဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ မထူးဇာတ်ခင်းပြီး ဇွတ်တိုးမိုက်ကန်းနေ တာကို ထင်ထင်ရှားရှား ပြနေပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်လက်ထက်မှာ အတန်ငယ် တည် ဆောက်ထားနိုင်တဲ့ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာတောင် အဖတ်ဆယ်လို့ မရအောင် ထိုးကျသွားတာကို တွေ့နေရပါတယ်။

ယခု ၂၀၂၂ ခုနှစ် လက်ရှိ ကာလ အခြေအနေ

ယခု ၂၀၂၂ ခုနှစ် အခြေအနေကတော့ မြန်မာစစ်တပ်ရဲ့ ဂုဏ်သိက္ခာဟာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ဂုဏ်သိက္ခာအရ  အဖယ်ဆယ်လို့ မရအောင် ထိုးကျပျက်စီးသွားတာတွေ့ရပါတယ်။ လောလောဆယ် မှာ မြန်မာစစ်တပ်ဟာ ပြိုကွဲသွားတယ်လို့ မပြောနိုင်သေးပေမယ့်၊ စစ်တပ်အသိုင်းအဝိုင်းထဲမှာတောင် ငါတို့ဟာ တပ်အသိုင်းအဝန်းကလို့ ကြားထဲ ထုတ်ဖော် မပြောရဲအောင်၊ ငါတို့ဟာ တပ်အသိုင်းအဝိုင်းက ဖြစ်တယ်လို့ ထင်ထင် ရှားရှား မပြဝံ့တဲ့အနေအထားအထိ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာ အဖတ်ဆယ်လို့ မရအောင် ကျဆင်းသွား တာတွေ့ရပါတယ်။ အခုအတိုင်း ဆက်ပြီးလုပ်နေရင် မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာ နောက် နှစ်ပေါင်း ၃၀၊ ၄၀ လောက်အထိ ပြည်သူ့တံတွေးခွက်မှာ ဆက်ပြီး ပက်လက်မျောနေပါလိမ့်မယ်။ ဒါဟာ ကြိမ်းသေ ပြောနိုင်တဲ့ ကိစ္စ ဖြစ်တယ်။ ထိုနည်းလည်းကောင်း တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ဗိုလ်စစ်သား၊ အရာရှိအရာခံ၊ အကြပ်စစ်သည်၊ ပညာသည်တပ်မတွေကတောင် “ငါတို့ တပ်မတော်တော့ ဖာဖြစ်တော့မယ်” ဆိုတဲ့ အမြင်မျိုးထိ ရှိလာနေပါပြီ။ ဒါဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူကို လူမဆန်စွာ သတ်ဖြတ် ညှင်းဆဲ၊ စော်ကား၊ ရက်စက်၊ ဖိနှိပ်ခြင်းရဲ့ အကျိုးဆက်တွေကို ခံနေရပါပြီ။ နောက်ဆုံး မြန်မာ့တပ်မတော်နဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို နှစ်ပေါင်း ၂၀ ကျော်လောက် လေ့လာခဲ့တဲ့ ဒေးဗစ်စတိုင်းဘတ်လို ပညာရှင်ဂုရုကြီးက တောင်၊ “အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လုပ်လိုက်တာက မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ် လို့ မရအောင်အထိ လုပ်ချလိုက်ပြီ”  ပြောရလောက်တဲ့အထိ ဖြစ်နေပါပြီ။ ဒါ့ကြောင့် အာဏာသိမ်းမှု အစ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာပဲ ကျနော် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးတဲ့ အထဲမှာ၊ “လက်ရှိအခြေအနေမှာ မြန်မာ့ တပ်မတော် ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီး အဖတ်ဆယ်နိုင်တဲ့သူက မြန်မာ့တပ်မတော်အပြင် တခြား မရှိဘူး၊ တခြား ဘယ်သူကမှ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်လို့ မရနိုင်တော့ဘူး” လို့ ပြောခဲ့ပါတယ်။

အခုလည်း ပညာနဲ့ ကြည့်ရင် မြန်မာ့တပ်မတော်ဟာ ကိုယ့်ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်နိုင်နေသေးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါကို မြင်ဖို့၊ သတိချပ်ဖို့ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို မြန်မာ့ တပ်မတော်ကပဲ ပြန် အဖတ်ဆယ်နိုင်ပါတယ်။ အသီးထဲက ပုပ်နေတဲ့အပိုင်းကို ဖဲ့ထုတ်လိုက်ပါ။ အချိန် မှီနိုင်ပါ သေးတယ်။ ဆေးမှီနိုင်ပါသေးတယ်။ ၂၀၂၂ ခုနှစ် ကို လွန်သွားရင်တော့၊ ဒီ့လောက် မိုက်တွင်းနက်တဲ့သူ မရှိတော့ဘူး လို့ ပြောချင်ပါတယ်။

မင်းသေ့

ည ၈း၃၆

၁၉၊ ဖေဖော်ဝါရီ၊ ၂၀၂၂။

Previous post ၂၀၂၂ ခုနှစ်ထဲ စစ်ရေးရလဒ် ထွက်ပါ့မလား
Next post နိုင်ငံတစ်ခု မွေးဖွားခြင်း