ကျနော် စာပေပလက်ဖောင်းပေါ်ရောက်လာတာက (၂) နှစ်ကျော်လောက်ပဲရှိပါသေးတယ်။ ဒါပေမယ့် အခု ကျနော့်စာရေးလေ့ကျင့်မှုသက်တမ်းက (၁၀) ကျော်ရှိမှ ကျနော် စာပေပလက်ဖောင်းကို နင်းမိတာဖြစ်ပါတယ်။ ကျနော် ရသစာတွေ မရေးတတ်ဘူး။ ကျနော် သုတေသနစာတမ်းတွေ ကောင်းကောင်းမရေးတတ်သေးဘူး။ ကျနော် လူမှုဘဝသရုပ်ဖော်တွေ မရေးတတ်သေးပါဘူး။ ကျနော် စာအမျိုးအစားအနည်းငယ်ကိုသာ ရေးတတ် ပါသေးတယ်။ ဒါပေမယ့် ကျနော် စာရေးရင်း သိလာရတဲ့ စာရေးနည်းတချို့ကို ပြောချင်တယ်။
စာရေးတဲ့အခါမှာ ကျနော် နားလည်ထားတဲ့စာရေးနည်းတချို့ကို ပြောချင်ပါတယ်။ ဒီနည်းတွေကို ကျနော် စစ ရေးချင်းမှာ ကျနော် မသိထားဘူး။ နားမလည်ထားဘူး။ ကိုယ်ရေးချင်တာကိုပဲ အာရုံစိုက်ပြီးရေးတယ်။ ဒီလိုနဲ့ ရေးပါများလာတော့ စာဖတ်သူတွေဆီက မှတ်ချက်တချို့ကို ကျနော်ရတယ်။ ပြီးတော့ ကျနော့်အရေးအသားကို ကျနော် ပြန်ဖတ်ကြည့်တယ်။ တချို့နည်းတွေက ကျနော် မသိလိုက် မသိဖာသာနဲ့ သုံးမိနေပြီးသားဖြစ်နေတယ်။ တချို့နည်းတွေက စာဖတ်သူတွေရဲ့မှတ်ချက်ကနေ ရတဲ့ ကျနော့်သုံးသပ်ချက်ကနေရတဲ့နည်း။ တကယ့်စာရေး နည်းလမ်းညွှန်တွေမှာ ဘယ်လို ရှိသလဲဆိုတာတော့ ကျနော်မသိဘူး။ ကျနော် စာရေးနည်းလမ်းညွှန်တွေလည်း မဖတ်ဖူးဘူး။ စာဖတ်များလာလို့ သူ့ဘာသာ အလိုလို ရေးချင်တာပဲ သိတယ်။ ဒါပေမယ့် ကျနော်အခုတော့ စာရေးခြင်းကို ပိုပြီး စနစ်ကျအောင် အမြဲတမ်းလိုလို စဉ်းစားတယ်။ လေ့လာတယ်။ အခုပြောချင်တာက အဲသည့် ထဲက တချို့ဖြစ်ပါတယ်။

ပထမ

Simplified လုပ်တာ။

ကျနော်က စာရေးရင် လူထုလူအများကို ပစ်မှတ်ထားတယ်။ လူများများ နားလည်သဘောပေါက်ရေးဟာ အရေးကြီးတယ်လို့ ကျနော်ယူဆတယ်။ ခက်ခဲတဲ့ သီအိုရီတွေ၊ ပျင်းစရာကောင်းတဲ့ သဘောတရားတွေကို အတုံးလိုက်အတစ်လိုက် ချပြရင် ဖတ်ရသူ မျက်စိထဲ မဆန့်မပြဲဝင်သွားတယ်။ နားထဲမှာလည်း တစ်နေတတ် တယ်။ ဒါ့ကြောင့် အရိုးရှင်းဆုံးရေးသားနိုင်ရေးဟာ အရေးကြီးတယ်လို့ ကျနော် လက်ခံထားတယ်။

အရိုးရှင်းဆုံးရေးတဲ့အခါမှာလည်း အမြဲတမ်း ရိုးနေလို့ မရဘူး။ ဆန်းသင့်ရင်တော့ ဆန်းရတယ်။ ဒါပေမယ့် ကလက်တက်တက် မဖြစ်စေရဘူး။ အရိုးထဲကနေ အဆန်းကို ထွင်တတ်ရတယ်လို့ ထင်တယ်။ ဆန်းတယ်ဆို တာ စကားလုံးအသုံးအနှုန်းနဲ့ ဝေါဟာရဖလှယ်ပုံ၊ အဓိပ္ပာယ်ဖော်ပြချက်… စသည်ဖြင့် ပါဝင်ရပါတယ်။ နောက် ပြီး ဝါကျ တည်ဆောက်ပုံ။ ဝါကျတည်ဆောက်ပုံမှာ ကိုယ်က ကလောင်သက်မရင့်သေးရင် သိပ်မကွန့်တာ အကောင်းဆုံးပဲ။ ဝါကျရှည်ကြီးတွေ ရေးတာ၊ ပုဒ်ဆက်တွေ နင်းကန်ထည့်တာ၊ နာမဝိသေသနတွေနဲ့ ထုံမွှမ်း လွန်းတာ…. ဒါတွေကို သတိထားရေးရတယ်။ ရေးပြီးရင်လည်း ပြန်ပြန်ဖတ်ပြီး တည်းဖြတ်မှကောင်းမယ်။

ပထမအချက်ဖြစ်တဲ့ Simplified လုပ်ခြင်းမှာ အရေးကြီတဲ့အချက်တွေ ရှိတယ်။ နံပါတ် (၁) ခင်ဗျားဟာ clear thinking လို့ခေါ်တဲ့ ရှင်းရှင်းလင်းလင်းတွေးခေါ်စဉ်းစားတတ်တဲ့ ဉာဏ်ရှိရမယ်။ နံပါတ် (၂) စကားလုံးရွေးချယ် မှုမှာ ထိရောက်၊ ပြတ်သား၊ ရှင်းလင်းမှု ရှိဖို့လိုတယ်။ ဒီ့အတွက် ခင်ဗျားမှာ ဝေါဟာရကြွယ်ဝမှု ရှိရမယ်။ ဝေါဟာရဘဏ်တိုက်မှာ နေ့စဉ် စာရင်းဖြည့်နေရမယ်။ ဒါမှကောင်းလိမ့်မယ်။ နံပါတ် (၃) Presentation Style ကို ကိုယ်ကိုင်တဲ့ကလောင်နဲ့ လိုက်ဖက်စွာ ရွေးနိုင်ရမယ်၊ ကိုယ်ရေးမယ့်အကြောင်းအရာနဲ့ လိုက်တဲ့ ရေးသားမှု ပုံစံကို ရွေးချယ်သုံးနှုန်းနိုင်ရမယ်။ နောက်ဆုံး နံပါတ် (၄) အချက်ကတော့ …. လူပိန်းတွေတောင် နားလည်လို့ လွယ်အောင် ရေးတတ်ရမယ် ဆိုတဲ့ မူကို ကိုင်ထားသင့်တယ်။ ဒါဆိုရင်တော့ စာရေးခြင်းမှာ Simplified လုပ် ခြင်း၊ ရိုးရှင်းစွာပြုလုပ်ခြင်းကို ကောင်းကောင်းလုပ်နိုင်မယ်လို့ ကျနော်ထင်တယ်။

ဒုတိယ

Generalization လုပ်တာ။

ယေဘုယျပြုတာလို့ ပြောချင်တယ်။ စာဆိုတာ အများနဲ့သက်ဆိုင်တဲ့ကိစ္စ၊ အများနဲ့ပတ်သက်တဲ့ကိစ္စ၊ အများကို ပစ်မှတ်ထားရေးသားတဲ့ကိစ္စဖြစ်လို့ ယေဘုယျပြုနိုင်ခြင်း၊ ယေဘုယျချနိုင်ခြင်းက အရေးကြီးတယ်။ ယေဘုယျ ချနိုင်ခြင်းဆိုတာ လွယ်လည်း လွယ်သလို ခက်လည်းခက်ပါတယ်။ လွယ်တယ်ဆိုတာ သာမန် common sense ရှိရုံနဲ့ သိနားလည်နိုင်လို့ လွယ်တယ်လို့ ပြောတာဖြစ်ပါတယ်။ ခက်တယ်ဆိုတာကတော့ ကိုယ်တင်ပြမယ့် အကြောင်းအရာရဲ့နက်နက်ကျယ်ပြန့်မှုအပေါ် မူတည်ပြီး ခက်တယ်လို့ ပြောတာဖြစ်ပါတယ်။ ကိုယ်က ယေဘုယျတော့ ပြုချင်တယ်။ ဒါပေမယ့် အကြောင်းအရာ/ ဘာသာရပ်ဟာ ခက်ခဲနေတယ်။ တစ်ဖက်မှာလည်း ကိုယ်က ဗဟုသုတချို့နေတယ်။ အသိအမြင်အားနည်းနေတယ်။ ဆွေးနွေးဖလှယ်မှု နုပ်နဲနေတယ်။ ဒါဆိုရင် တော့ သေချာပြီ။ ယေဘုယျချနိုင်ဖို့ ခက်လိမ့်မယ်။ သာမန်ကိစ္စတွေမှာ လက်လွှတ်စပယ် ယေဘုယျချပြီး ရေးရင် အဆင်ပြေနိုင်ပေမယ့် တကယ့်အကြောင်းအရာတွေမှာ ယေဘုယျကောက်ချက်ကို အလွယ်တကူချ လိုက်မိရင် စာဖတ်သူရှေ့မှာ “ဂွမ်း” နိုင်တယ်။ ဒါကို သတိထားဖို့ လိုမယ်ထင်တယ်။

တတ်နိုင်သရွေ့ အများကို ပစ်မှတ်ထားတဲ့စာတွေမှာ ယေဘုယျချပြီး ရေးနိုင်ရင် ပိုကောင်းတဲ့စာတွေ ရနိုင်မယ် လို့ ကျနော် ထင်တယ်။ ဒါကို ဆောင်းပါးရေးရင်ပဲဖြစ်ဖြစ်၊ ဝေဖန်ချက်အမြင်ယူဆချက်တစ်ခုကို တင်ပြတာပဲဖြစ် ဖြစ်၊ ရသဝတ္ထုတစ်ပုဒ်ရေးတာပဲဖြစ်ဖြစ် သုံးလို့ရပါတယ်။ စာတွေက လူ့လောကက ဖြစ်စဉ် ဖြစ်ရပ်တွေကို ရေးသားကြတာများတယ်။ စိတ်ဖြစ်စဉ်တွေ၊ အဇ္ဈတ္တတွေကို ပုံဖော်ကြတာဖြစ်လို့ လူ့အခြေခံဗီဇစိတ်တွေကို ယေဘုယျချပြီး ကြည့်မြင်နိုင်ရင် စာရေးတဲ့အခါ အင်မတန် အသုံးဝင်တယ်။ ဒါကို နည်းနည်း သိထားဖို့ လိုမယ် ထင်တယ်။

တတိယ

Critic လုပ်တာ။

ဝေဖန်ခြင်း ၊ သုံးသပ်ခြင်း၊ ကောက်ချက်ချခြင်းလို့ ပြောချင်တယ်။
ကိုယ်ရေးတဲ့အကြောင်းအရာမှာ အားပြိုင်မှု တစ်ခုကို ထည့်ထားရတတ်တယ်။ အားပြိုင်တဲ့ စာဟာ ဖတ်လို့ ကောင်းတယ်။ စာဖတ်သူကိုလည် စွဲစေတယ်။ အယူအဆနှစ်ခုအားပြိုင်တာဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုကို ဝေဖန်သုံးသပ်တာပဲဖြစ်ဖြစ် ထိထိရောက်ရောက် နှဲ့နိုင်ရင် စာဖတ်သူဟာ ဖတ်နေရင်း ရင်ခုန်နေရတယ်။ စာဖတ် သူဟာ သူဖတ်နေတဲ့စာက ရင်ခုန်မှုကိုရရင် စာကို အဆုံးထိ ဖတ်လေ့ရှိတာ ထုံးစံပဲ။ ဒါကို နားလည်ဖို့ လိုမယ် ထင်တယ်။

ကိုယ်ရေးတဲ့စာဟာ ဖတ်သူကို ပျင်းလာစေရင် မဖတ်ဘူး။ စာဖတ်သူရဲ့စိတ်ကို နှိုးဆွဖို့လိုတယ်။ စာဖတ်သူရဲ့ ဦးနှောက်ကို နှိုးနိုင်ဖို့ လိုတယ်။ အဲသည်လိုမှ မဟုတ်ရင် စာဟာ လေးသွားတယ်။ မသွက်ဘူး။ စိတ်ဝင်စားစရာ မကောင်းဘူး။ ဖတ်သူအတွက် အသစ်မရဘူးလို့ ထင်နိုင်စရာရှိတယ်။ ဖြစ်ပြီးခဲ့တဲ့ သမိုင်းအချက်အလက်ကို တင်ပြရေးသားတာဖြစ်စေအုံးတော့ သမိုင်းအမြင်နဲ့ ဝေဖန်သုံးသပ်ချက် ထည့်မရေးရင် စုစည်းရေးသားပြုစုတင် ပြချက်သာဖြစ်မယ်။ သမိုင်းတန်ဖိုးမြင့်တဲ့စာ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် critic လုပ်တယ်ဆိုတာ စာရေးတဲ့အခါမှာ အရေးကြီးတယ်။

စာရေးသူဟာ ဝေဖန်ခြင်း၊ သုံးသပ်ခြင်း၊ ကောက်ချက်ချခြင်းဆိုတာကို လုပ်ချင်လိမ့်မယ်။ သို့သော် စာရေးသူမှာ ဂတိအစွဲ ထူနေရင် မဖြစ်ဘူး။ စာရေးသူမှာ ဘက်အစွဲမကင်းရင် မဖြစ်ဘူး။ တစ်ဖက်ဖက်ကနေ ရပ်ပြီး ဝေဖန်လို က ဝေဖန်နိုင်ပါတယ်။ အဲသည်လို တစ်ဖက်ဖက်ကို ရပ်ပြီး ဝေဖန်မယ်ဆိုရင်တောင် ကိုယ်ရပ်ထားတဲ့ထုထည်ရဲ့ သဘောတရားရေးကို ကျေညက်မှဖြစ်မယ်။ အဲသည်လိုမှ မဟုတ်ရင် ကြိုးဝိုင်းထဲမှာ အလဲထိုးခံရမှာပဲ။ critic လုပ်ဖို့အတွက် တဖက်ဖက်မှာ သဘောတရားရေးအရာ ‘ဇော်’ ဖြစ်မထားရင် မလွယ်ဘူး။ စာရေးတဲ့သူမှာ ပိုလို့ မလွယ်ဘူး။ ဘာလို့လဲဆိုတာတော့ စာရေးတဲ့သူဆိုတာ အများမြင်ကွင်းရှေ့မှာ ကိုယ့်အသိဉာဏ်ကို ပြသနေသူ ဖြစ်တာက တစ်ကြောင်း၊ တစ်ဖက်မှာလည်း ကိုယ့်အသိဉာဏ်ကို အစမ်းသပ်ခံနေရတာက တစ်ကြောင်း။ ဒီ အကြောင်း နှစ်ချက်ကြောင့်ဖြစ်နိုင်ပါတယ်။

စတုတ္ထ

Framing လုပ်တာ။

ရုပ်ရှင်တွေထဲကအတိုင်းဆိုရင် ဘယ်အကွက်ကို ပြမှာလဲ။ ဘယ်မြင်ကွင်းကို ပြမှာလဲ။ ဘယ်နေရာကို heightlight လုပ်မှာလဲလို့ပြောတာဖြစ်ပါတယ်။ ကိုယ်ဟာ နေရာတိုင်းကို ပြနေလို့ မရဘူး။ တစ်နေရာရာကို အများမြင်အား ထိုးပြမှ ရမယ်။ ဒီလိုဖြစ်ဖို့အတွက်ဆိုရင် စာရေးတဲ့သူဟာ Framing လုပ်မှရမယ်။ Framing လုပ်တာနဲ့ပတ်သက်ပြီး နည်းနာတချို့ရှိပါတယ်။ ရှာဖွေလေ့လာကြည့်ပါ။ အထူးသဖြင့်တော့ သတင်းစာဆရာ တွေ၊ ဂျာနယ်လစ်တွေ လုပ်တတ်ကြပါတယ်။ စာနယ်ဇင်းသမားတွေက framing လုပ်တာကို ကောင်းကောင်း ကျွမ်းကျင်ကြတယ်။ ဒါကို လေ့လာပြီး ကိုယ်စာရေးတဲ့ နေရာမှာ ယူသုံးနိုင်ရင် အတော်အသုံးဝင်လိမ့်မယ်။

လူအများကို ပစ်မှတ်ထားပြီးရေးတဲ့စာတွေဟာ ဝေဝါးနေလို့ မရဘူး။ ကိုယ်ပေးချင်တဲ့ အကြောင်းအရာနဲ့ မက်ဆေ့ချ်ကို ကွက်ကွက်ကွင်းကွင်း “ဒက်ခနဲ” မြင်အောင် ပြနိုင်ဖို့ လိုတယ်။ တခါတရံတော့ ဝေ့ခေါ်သွားပြီး စာဖတ်သူကို စဉ်းစားခိုင်းတာလည်း ပါချင်ပါမှာပေါ့။ တခါတရံ စာရေးသူဟာ ဝါဒဖြန့်ချိရေးတာဝန်ကို ယူတာဖြစ် လို့ အများကို မြင်စေချင်တဲ့နေရာကို ပေါက္ခရဝဿ လုပ်လိုက်ရတာလည်း ရှိတယ်။ ဒါက မရိုးသားတာတော့ မဟုတ်ဘူး။ အများမြင်သာစေဖို့ပဲ ရည်ရွယ်တာဖြစ်သင့်တယ်။

ပဉ္စမ

Evidence based ရေးတာ။

အကြောင်းအရာတွေကို ရေးတဲ့အခါမှာ ရမ်းသမ်းရေးနေလို့ မရဘူး။ အထူးသဖြင့် ရသစာ မရေးတဲ့ စာရေးသူ ဟာ အချက်အလက် အခြေပြုရေးသားတာကို တတ်ကျွမ်းရတယ်။ အချက်အလက်တွေကို ရေးသားတင်ပြတဲ့ အခါမှာလည်း မ,သီရဘူး။ ဆက်ရတယ်။ သီရင် မခိုင်ဘူး။ ဆက်မှ ခိုင်တယ်။ ဒါကို သုတေသနနည်းမှာလည်း သုံးတယ်။ ဒေါက်တာသန်းထွန်းကတော့ ပုတီးလို မသီနဲ့ ၊ သံကွင်းလို ဆက်လို့ ပြောတယ်။
အချက်အလက်ကို အခြေပြုပြီးရေးဖို့အတွက် အရေးကြီးတာကတော့ အကြားအမြင်များတာပဲဖြစ်တယ်။ ဗဟုသုတများတာပဲဖြစ်ပါတယ်။ ပြီးတော့ စာစုံအောင်ဖတ်ဖို့ လိုတယ်။ ကိုယ်ရေးမယ့်အကြောင်းအရာနဲ့ ဆက်စပ်အသိတွေကို နာနာရှာဖွေထားနိုင်မှ ဖြစ်လိမ့်မယ်။ စာကို အပျော်တမ်းနေသူအဖို့ သိပ်ဘာမှထူးထူးခြား ခြား ပြောဖို့လိုမယ် မဟုတ်ပေမယ့် အချက်အလက်ကို အခြေပြုရေးသားခြင်းဟာ စာကိုအစဉ်တစိုက်ရေးတဲ့သူ အဖို့ ပိုပြီး လိုအပ်တယ်။

အချက်အလက်ကို ရှာတဲ့အခါမှာ စာအုပ်ထဲက ရှာဖို့ လိုသလို၊ လူတွေထဲကိုလည်း ခေါင်းတိုးရှာဖို့လိုတယ်။ ခြေထောက်နဲ့သွားတန်သွား၊ အကြားနဲ့ ရောက်အောင်လျှောက်ချင်လျှောက်။ သေချာကျကျနန လုပ်ဖို့တော့ လိုလိမ့်မယ်။ ခေတ်သစ်မှာဆိုရင် အင်တာနက် ဂူးဂဲလ်ကို ကောင်းကောင်းသုံးတတ်ရတယ်။ ယူကျူ့(ထ်) ထဲမှာ ကောင်းကောင်းမွှေနှောက်နိုင်ရတယ်။ မကုန်ခမ်းနိုင်တဲ့ အသိအချက်အလက်တွေ အင်တာနက်အွန်လိုင်းပေါ်မှာ အများကြီးရှာဖွေလို့ ရနိုင်တယ်။ သုံးတတ်ရင် အားလုံး ဆေးတွေချည်းပါပဲ။

ဆဌမ

Specific ဖြစ်အောင်ရေးတာ။

အခု ကျနော်ပြောနေတဲ့ စာရေးသားခြင်းနိဿယတချို့က ဆောင်းပါးရေးသူတစ်ယောက်အဖို့ ပိုကိုက်ညီပါလိမ့် မယ်။ ဆောင်းပါးတစ်ပုဒ်မှာဖြစ်ဖြစ်၊ စာတစ်ပုဒ်မှာဖြစ်ဖြစ် မက်ဆေ့ချ်ဆိုတာကိုတော့ ချန်ထားခဲ့ကြလေ့ရှိတယ်။ ဒီဘက်ခေတ် လွတ်လပ်စွာရေးတဲ့ အက်ဆေးပုံစံတွေ၊ သရော်စာရေးသူ တချို့ကတော့ မက်ဆေ့ချ်ဆိုတာကို ငြင်းပယ်ကြ တာတွေ့ရတယ်။ ဒါကတော့ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ အမျိုးမျိုးရေးကြတာဖြစ် ပါလိမ့်မယ်။ ဒါပေမယ့် စာတစ်ပုဒ်ဟာ စာဖတ်သူအများကို ပစ်မှတ်ထားတဲ့ မက်ဆေ့ချ် အသိစက်ဝန်း တစ်ခုခု ကို ချိန်ပြီးပစ်ကြရတာဖြစ်လို့ ၊ ကိုယ်ပေးစရာကို ကောင်းကောင်းပေးနိုင်ဖို့ လိုတယ်။ ကိုယ်ပေးမယ့်အရာကို အရောက်ပေးနိုင်ဖို့ လိုတယ်။ ဒါက သိပ်အရေးကြီးတယ်။ ဒီလို ပေးနိုင်ဖို့ဆိုရင် specific ဖြစ်အောင်ရေးဖို့ လိုတယ်။
အကြောင်းအရာတွေဟာ ဝေဝါး ထွေပြားလို့ မရဘူး။ အကြောင်းအရာ အချက်အလက်တွေကိုလည်း နင်းကန် ထိုးသိပ်ထည့်လို့မရဘူး။ မူလတည်ထားတဲ့ အဆိုကို ဖြည်တာ၊ ဖြည့်တာ လုပ်ရမယ်။ သိုင်းတာ ဝိုင်းတာလုပ်ရ မယ်။ ဆက်စပ်တာ၊ ကြောင်းကျိုးပြတာ လုပ်ရတယ်။ ဝေဖန်ချက် ၊ ထောက်ပြသုံးသပ်ချက်ဆိုတာတွေကို ထိထိ မိမိ လုပ်ဖို့ လိုတယ်။ ကိုယ်ဆွဲထုတ်တဲ့အစကို ထိထိမိမိဆွဲထားဖို့ လိုတယ်။ အဲသည်လိုမှ မဟုတ်ရင် ကိုယ်ရေးတဲ့စာဟာ စုပေါင်းစပ်ပေါင်း စာပေါင်းသိုက်ဖြစ်နိုင်တယ်။ ဗြဲလရမ်းကြီးဖြစ်နိုင်တယ်။ တတ်နိုင်သမျှ အထူးပြု ဗဟိုချက်ထားပြီး တစ်ခုခုကို တည်ပြီး ရေးနိုင်ရင် ကိုယ်ရေးတဲ့စာ ပုံပေါ်နိုင်တယ်။ မဟုတ်ရင် ပုံဖော် ဖို့ ခက်နေလိမ့်မယ်။

သတ္တမ

လွတ်လွတ်လပ်လပ်ရေးတာဖြစ်ပါတယ်။

လွတ်လပ်တာကို ပြောတာဖြစ်ပါတယ်။ လွတ်ထွက်တာကို ပြောတာ မဟုတ်ပါဘူး။ လွတ်လပ်တယ်ဆိုတာ စိတ်အားဖြင့် ၊ အတွေးအခေါ်အားဖြင့် လွတ်လပ်တာကို ဆိုလိုတာဖြစ်ပါတယ်။ စိတ်အားဖြင့် လွတ်လပ်၊ အတွေးအခေါ်အားဖြင့် လွတ်လပ်ပြီး ရေးသားမှုအားဖြင့် စနစ်တကျဖြစ်ဖို့ လိုတယ် ထင်ပါတယ်။ အတွေးအား ဖြင့်မလွတ်လပ်ရင် စာဟာ ချောမနေဘူး။ တောင့်နေတယ်။ ထောက်နေတယ်။ ဒါက မကောင်းဘူး။
လွတ်လပ်စွာ ရေးနိုင်ဖို့ဆိုရင် ပြောလို့သာ လွယ်တယ်။ တကယ်တမ်းရေးရင် မလွယ်ပါဘူး။ လွတ်လွတ်လပ်လပ် တရပ်စပ် တောက်လျှောက်ရေးချနိုင်ဖို့ ဆိုရင် အလိုအပ်ဆုံးက ဝမ်းစာ။ နောက်တစ်ခုက မု(ထ်) (mood)။ စာရေးတဲ့အလုပ်ဟာ စိတ်အလုပ်လည်းဖြစ်တယ်။ ဉာဏ်အလုပ်လည်းဖြစ်တယ်။ ကာယအလုပ်လည်းဖြစ်တယ်။ အနုပညာအလုပ်လည်းဖြစ်တယ်။ ဒါ့ကြောင့် မု(ထ်) နဲ့ အလုပ်လုပ်မှ တွင်တယ်။ မု(ထ်) မပါရင် ပေါ့ရွှတ်ရွှတ်ကြီး။ ဖတ်ရတဲ့သူက စိတ်ထဲ အလိုလိုသိနေတယ်။ စာရေးသူက ဝမ်းစာလည်း ပြည့်မှ ၊ မု(ထ်)လည်း ဝင်မှ၊ လက်တွေ့လည်း ချရေးမှ ၊ ရေးနေရင်းလည်း အနှောက်အယှက်ကင်းမှ၊ ကိုယ့်စိတ်ကလည်း လွတ်မြောက်နေမှ ဖြစ်လိမ့်မယ်။ တစ်ဘက်ဘက်ကို တွယ်ငြိနေရင်လည်း ရေးဖို့ ခက်လိမ့်မယ်။ စိတ်လွတ်ကိုယ် လွတ်မဟုတ်ရင်လည်း ရေးဖို့ မဖြောင့်ဘူး။

ဒီလောက်ပါပဲ။

မင်းသေ့
နံနက် ၉ း ၅၇
၆ ၊ ဒီဇင်ဘာ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post ၂၀၂၀ ကိုကြိုတယ်
Next post သပ္ပာယ်ခြင်း ဓမ္မတရား