ဘယ်လိုလူဟာ နှစ်လိုဖွယ်ရာဖြစ်သလဲ။ လူတစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ကိုယ့် ဓာတ်ခံနဲ့ ဘယ်လိုလူက ငြိသလဲဆိုတာ စိတ်ထဲက သိနေပါတယ်။ ခံစားမိနေတယ်။ သူနဲ့ ပေါင်းသင်းဆက်ဆံရ တာ၊ သူနဲ့အလုပ်အတူတူ လုပ်ရတာ၊ သူနဲ့ သွားလာရတာ၊ သူနဲ့ ပြောဆိုရတာ၊ သူနဲ့ ပူးတွဲရတာ… စတာတွေ ဟာ နှစ်လိုဖွယ်ရာဖြစ်တယ်ဆိုတာ ဘာ့ကြောင့်လဲ။ သူနဲ့ အပေးအယူတည့်နေတယ်။ သူနဲ့ ကိုယ်နဲ့အကြားမှာ အလိုက်သင့်ဖြစ်နေတယ်၊ နှစ်ဦးကြားဆက်ဆံရေးဟာ ထောက်မနေဘူး၊ တောင့်မနေဘူး၊ အခုအခံတစ်ခုခု ဖြစ်မနေဘူး၊ အဆင်ချောနေတယ်။ သက်သောင့်သက်သာဖြစ်နေတယ်။ ပြောရဆိုရတာတွေကလည်း စကား တွေက လေပေးဖြောင့်နေတယ်၊ တမင်တကာညှိစရာမလိုဘဲ သဘောတွေညီနေကြတယ်…။
ဒါတွေဟာ ဘယ်လိုကြောင့်ဖြစ်ရတာလဲ။ ကိုယ်ပေါင်းသင်းတဲ့လူတိုင်းနဲ့ အဲသည်လိုဖြစ်မနေနိုင်ဘူးနော်။ အဲသည်လိုဖြစ်တယ်ဆိုတာ ထူးဆန်းတယ်။ မဟာဂန္ဓာရုံဆရာတော်ကြီး ဟောသလိုဆိုရင် “ဓာတ်တွေက တူနေ တယ်၊ ဓာတ်ခံတွေက တူနေတယ်” ဒီသဘောလို့ ထင်ပါတယ်။

ဓာတ်ခံတူတာကလည်း တော်ရုံမဟုတ်ဘူး။ ရှေးရှေ့က အတူပြုခဲ့ဖူးတဲ့ အကြောင်းကံရှိတာ၊ အတိတ်မှာ စရိုက် ဓာတ်ခံတူစွာ ပြုခဲ့ဖူးတဲ့ အကြောင်းတရားတူနေတာ…. ဒါတွေကြောင့်ဖြစ်မယ် ထင်တယ်။ ကျွန်းပင်တွေ ပေါက် သလိုဖြစ်မှာပေါ့။ ကျွန်းပင်တွေဟာ မြေဝါအပေါ်မှာ ပေါက်ရင် အဲသည့်ကျွန်း အသားဟာ အဝါဖက်သမ်းတယ်။ မြေနီအပေါ်မှာ ပေါက်ရင် အဲသည့်ကျွန်းသစ်ရဲ့အသားအရောင်ဟာ အနီဖက်ကို သမ်းတယ်။ ဒီသေဘာဖြစ်ပါ လိမ့်မယ်။ ဓာတ်ခံတူတယ်၊ အုတ်မြစ်က တူနေတယ်။ လာရာတူတယ်၊ ရေခံမြေခံ တူနေတယ်ဆိုတဲ့သဘော။

ရေခံမြေခံ တူရာကနေ လာပေမယ့် နှစ်ဦးနှစ်ဖက် ပြောဆိုဆက်ဆံရာမှာ၊ လုပ်ကိုင်ဆောင်ရွက်ရာမှာ အဆင်မ ချောနိုင်သေးဘူး။ ကိုယ်ဟာ ဒီလူနဲ့ အလုပ်အတူတွဲလုပ်တဲ့အခါမှာ ပျော်နေတယ်၊ ကျေနပ်နေတယ်၊ အဆင်ပြေ နေတယ်၊ ဆွေးနွေးတိုင်ပင်တဲ့အခါမှာ စိတ်ပါလက်ပါဖြစ်နေတယ်၊ ကိုယ်ကလည်း သူ့ကို အလေးထားသလို၊ သူကလည်း ကိုယ့်ကို အလေးဂရုပြုနေတယ်။ တချို့စကားတွေက အလာပသလာပ ပြောတာဖြစ်ကောင်းဖြစ် မယ်။ တချို့စကားတွေက လွတ်လွတ်လပ်လပ် ရောက်တတ်ရာရာ စိတ်ထဲ ခံတွင်းတွေ့ရာ ပြောတာဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမယ့် ပြောတဲ့စကားတွေက အားရှိပါးရှိဖြစ်နေတယ်၊ အားရပါးရဖြစ်နေတယ်၊ ပြောရင်းနဲ့လည်း ပျော်နေသလို၊ ပြောရင်းနဲ့လည်း ကျေနပ်နေတယ်၊ ပြောတဲ့ အကြောင်းအရာတွေဟာ သူ့အတွက်ရော ကိုယ့် အတွက်ရော စိတ်ပျော်ရွှင်ဖွယ်ရာဖြစ်သလို၊ ကျေနပ်စရာလည်းဖြစ်နေတယ်။ တွေးစရာ စဉ်းစားစရာတွေလည်း ပါနေတယ်။ ဟာသတွေလည်းပါလိမ့်မယ်၊ ကြုံတွေခဲ့တာတွေအပေါ် မကျေမနပ်နဲ့ သရော်ပြီး ဟာသလုပ်ပစ် တာတွေလည်း ပြောဖြစ်လိမ့်မယ်။ ဒါပေမယ့် အဲဒါတွေက စိတ်ကို ကျေနပ်နေစေတယ်၊ ထပ်ပြီး ထပ်ပြီး ဆုံချင် ပြောချင်တယ်။ သူနဲ့ တွေ့ရဆုံရတာကိုက အလေးထားစရာဖြစ်နေတယ်။ ကျေနပ်စရာဖြစ်နေတယ်။ နှစ်လိုဖွယ် ရာဖြစ်နေတယ်။ နောက်ထပ်လည်း အကြောင်းတိုက်ဆိုင်ရင် ဆုံချင်စိတ်ဖြစ်မိတယ်။

ဒါတွေက ဘာ့ကြောင့်လဲ။

သူစိမ်းတစ်ယောက်နဲ့ ကိုယ်နဲ့ သွားမတော်သားမစပ်ပေမယ့် အဲသည်လို နှစ်လိုဖွယ် ပေါင်းသင်းဆက်ဆံရေးမျိုး လူတော်တော်များများ တစ်ကြိမ်မဟုတ် တစ်ကြိမ် ကြုံမိမယ်ထင်တယ်။ ကြုံဖူးကြမယ် ထင်တယ်။ ဒီလို ဆက်ဆံ ရေးမျိုးဟာ လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးမှာလည်း တွေ့နိုင်တယ်၊ မိတ်ဆွေ သူငယ်ချင်းဆက်ဆံရေးမှာလည်း တွေ့နိုင်လိမ့်မယ်၊ ဝါသနာတူ စရိုက်တူ အသိအကျွမ်းတွေထဲကလည်းတွေ့နိုင်တယ်။ တရားစခန်းသွားရင်း၊ ခရီးတစ်ခုသွားရင်း အတူဆုံမိတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လုပ်ဖော် ကိုင်ဖက်တိုင်း၊ မိတ်ဆွေ သူငယ်ချင်းတိုင်း၊ ဝါသနာတူ စရိုက်တူ အသိအကျွမ်းတိုင်းကိုတော့ အဲသည်လို နှစ်လို ဖွယ် ဆက်ဆံရေးမျိုး ရချင်မှ ရမယ်။ အဲဒါက ကိုယ်ရချင်တဲ့သူဆီမှာပဲ ရတယ်။

အဲဒါက ရေစက်လည်းဖြစ်နိုင်တယ်။ အတိတ်မှာပြုခဲ့ဖူးသော ကံတွေ တူညီနေတာ၊ ပြုခဲ့ဖူးတဲ့ အကြောင်းတရား တွေအပေါ်မှာ ခံယူချက်တူနေတာ၊ ယုံကြည်ချက်တူနေတာ၊ အာရုံပြုမှုတူနေတာ၊ ရည်စူးမှုတွေ တူနေတာတွေ ကြောင့်ဖြစ်ပါလိမ့်မယ်။
အဲသည်လိုလူတွေကို ကိုယ့်နဲ့ အနီးဆုံးလူတွေဆီက ရချင်မှလည်း ရလိမ့်မယ်။ ကိုယ်နဲ့ပေါင်းသင်းနေထိုင်တဲ့ ဇနီးမယား၊ လင်ယောက်ျားဆီက ရချင်မှလည်း ရလိမ့်မယ်။ ကိုယ့်မိသားစုထဲမှာ တစ်မိတည်းပေါက် ညီအစ်ကို မောင်နှမတွေဆီကလည်း ရချင်မှ ရလိမ့်မယ်နော်။ ရင်ချင်လည်း ရမှာပေါ့။ ဒါပေမယ့် ကိုယ်နဲ့ ဘာမှ သွေးမတော် သားမစပ်ဘဲ ၊ ငယ်ပေါင်းကြီးဖော်လည်း မဟုတ်တဲ့ သူတွေဆီကလည်း ရချင်ရနိုင်တယ်။ ဒါကတော့ အကြောင်းတရားတွေ ဘယ်လို ဆုံဆည်းသလဲဆိုတဲ့အပေါ်မှာ မူတည်မယ် ထင်တယ်။
အဲသည်လို နှစ်လိုဖွယ် ဆက်ဆံရေး ရှိနေတဲ့ သူနဲ့ ကြုံတယ်ဆုံတယ်လို့ ခံစားသိမြင်လိုက်တဲ့အခါမှာ အဲသည့်လူ ကို တန်ဖိုးထားပြီး လွတ်လွတ်လပ်လပ်၊ ဟန်ဆောင်မှု ကင်းစွာ သဘာဝအတိုင်း ပေါင်းသင်းဆက်ဆံပြောဆို တာကို လုပ်ဖြစ်အောင် လုပ်ဖို့ အရေးကြီးတယ်လို့ ကျနော်ထင်တယ်။

မင်းသေ့
နံနက် ၁၀ း ၃၉
၁ ၊ ဒီဇင်ဘာ ၊ ၂၀၁၉။
ပုသိမ် ၊ ငွေဆောင်။

Previous post ပြောဆိုဆုံးမရလွယ်ခြင်း
Next post ၂၀၂၀ ကိုကြိုတယ်