သီချင်းပဲဖြစ်ဖြစ် တရားတစ်ပုဒ်ဖြစ်ဖြစ် ကျနော် ကြိုက်ရင် ထပ်ခါထပ်ခါ ခဏ ခဏ နားထောင်နေမိတတ်တာ ကျနော့်အကျင့်ဖြစ်ပါတယ်။ ထပ်ခါထပ်ခါ နာဖြစ်တဲ့တရားတွေမှာ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒာမာလရဲ့ တရားတွေလည်းပါတယ်။ သီတဂူဆရာတော်ရဲ့တရားတွေလည်းပါတယ်။ ဆရာတော်ဦးဇောတိက ရဲ့ တရားတွေလည်းပါပါတယ်။ ပါချုပ်ဆရာတော်ကြီးရဲ့ မေတ္တာသုတ်အနှစ်ချုပ်တရားကို ကျနော် ဆယ်ကြိမ် မက နားထောင်ဖြစ်တယ်။ အဲဒီ့အထဲမှာ မေတ္တာသုတ်အကြောင်း ရှင်းလင်းရင်းနဲ့ လူတစ်ယောက်ရဲ့ ကိုယ်ရည် ကိုယ်သွေးကို တစ်ချက်ချင်းစီထောက်ပြတာဖြစ်လို့ ကျနော် ပိုကြိုက်တယ်။ သီတဂူဆရာတော်ရဲ့ ကြီးပွား ကြောင်း တရားတော်နဲ့ ဘဝ၏ ကျွန်းကလေး တည်ဆောက်ကြ… ဆိုတဲ့ တရားတွေကလည်း ကျနော် ထပ်ခါ ထပ်ခါ နားထောင်ဖြစ်တဲ့တရားတွေဖြစ်ပါတယ်။

ပါချုပ်ဆရာတော်ကြီး ဟောတဲ့ မေတ္တာသုတ်အနှစ်ချုပ်မှာပါတဲ့ အချက်တစ်ချက်ချင်းစီက စဉ်းစားစရာတွေ၊ လိုက်နာကျင့်သုံးရမှာတွေ၊ သတိထားဆင်ခြင်ရမှာတွေ၊ စနစ်တကျတည်ဆောက်ရမယ့်အရာတွေ အများကြီးပါ နေတယ်။ အဲသည့်ထဲက အချက်တစ်ချက်ကိုပဲ ကျနော် ထုတ်ပြောချင်ပါတယ်။

မေတ္တာသုတ်အနှစ်ချုပ်မှာပါတဲ့ အချက်တွေထဲက တစ်ချက်ကတော့ ၊ ပြောဆိုရလွယ်သောသူ ဖြစ်ရမယ်.. ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကို ကျနော် အရင်က သိပ်အရေးကြီးတယ်လို့ မတွက်ဘူး။ တကယ့်လောကထဲ ဝင်လာ လေလေ၊ ပြောရဆိုရလွယ်တဲ့သူဖြစ်ဖို့ ဆိုတာ တကယ်စဉ်းစားကြည့်ရင် တယ်ခက်လှပါ့လားလို့ မြင်မိတယ်။ အထူးသဖြင့် လူတစ်ယောက်ဟာ ပညာတစ်စုံတရာ တတ်မြောက်ထားတဲ့သူ၊ ကျွမ်းကျင်လိမ္မာရာ တစ်ခုခု ရှိထားပြီးတဲ့သူ၊ ငွေကြေးအားဖြင့် ထိုက်သင့်သလောက် ပိုင်ဆိုင်ထားသူ၊ ရာထူးဌာနန္တရအရ အဆင့်မြင့်နေရာကို ရထားပြီးသူ၊ လူအများရဲ့အသိအမှတ်ပြုခြင်းကို တစ်စုံတရာ ခံထားရပြီးသူ၊ ကိုယ်တိုင်က စာကြီးပေကြီးတွေ များများစားစားဖတ်ထားပြီးတဲ့သူ၊ ဂုဏ်ဒြပ်အားဖြင့်ကြီးကျယ်သူတွေနဲ့ နီးကပ်ထိတွေ့ပေါင်းသင်းနေသူတွေ…. စသည်ဖြင့် ဒီလိုလူတွေဟာ ပြောရဆိုရလွယ်တဲ့သူတွေ ဖြစ်နေတတ်ပါတယ်။ ဒီလို တွေ့တဲ့အချက်ကိုလည်း ကျနော့် ပတ်ဝန်းကျင်မှာ ကျနော်ကိုယ်တိုင် တွေ့နေရလို့ဖြစ်ပါတယ်။ ပြီးတော့ ကျနော်ကိုယ်တိုင်က ဆယ်ကျော်သက်ဘဝနဲ့ အသက် ၂၀ ကျော်လောက်မှာ ပြောရဆိုရအတော်ခက်တဲ့လူတစ်ယောက်အဖြစ် ဖြတ်သန်းခဲ့ဖူးပါတယ်။

သည့်နောက်ပိုင်းကျမှ ကျနော် ပြန်စဉ်းစားကြည့်မိတယ်။ ကျနော်ဟာ သိပ်ကံကောင်းတဲ့သူပါ့လားလို့ တွေးမိ တယ်။ ကျနော်ဟာ ပြောရဆိုရခက်တဲ့သူအဖြစ်ကနေ ဖောက်ထွက်နိုင်ခဲ့တယ်။ ဒါတွေကလည်း ကျနော့်ကို မေတ္တာထားချစ်ခင်တဲ့ မိတ်ဆွေ သူငယ်ချင်းတချို့ရဲ့ ကျေးဇူးကြောင့်ဖြစ်ပါတယ်။ ပြောရဆိုရ ခက်တဲ့ကျနော့် စရိုက်ကို ထောက်ပြပြီး ကျနော့်ရဲ့တင်းမာမှု၊ ကျနော့်ရဲ့ ပြောရဆိုရ ကြပ်မှုတွေကို သတိပေးပြီး ပြင်ဆင်ဖို့ ပြောခဲ့ တဲ့ ကျနော့်သူငယ်ချင်းတစ်ယောက်ကို ကျနော် အခုအချိန်ထိ အမှတ်ရ ကျေးဇူးတင်နေပါတယ်။ ကျနော်ဟာ ပြောရဆိုရ ခက်တဲ့သူ ၊ နာလွယ်သောသူ၊ ဆိုဆုံးမရလွယ်သောသူ အဖြစ် မပြောင်းလဲနိုင်ခဲ့ဘူးဆိုရင် ကျနော့် ရည်မှန်းချက်ခရီးမှာ အတော်ခက်ခဲလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။

ပြောရဆိုရလွယ်သောသူ…. တဲ့။

ပါချုပ်ဆရာတော်ကြီးက ဘယ်လိုဟောသလဲဆိုရင် “ကိုယ့်အကျိုးကိုလိုလားတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ မိဘ မောင်နှမတွေ၊ ဆရာသမားတွေက ကိုယ့်အကျိုးအတွက် ထောက်ပြပြောဆိုလာတဲ့အခါမှာ နာယူတယ်၊ နာခံ တယ်၊ လက်ခံတယ်…. ဒီလိုလူကို ပြောရဆိုရလွယ်သောသူ”လို့ ပြောတယ်။

လူတစ်ယောက်မှာ ကိုယ့်အကျိုးလိုလားတဲ့ မိတ်ဆွေသူငယ်ချင်း ရှိဖို့လည်း ခက်တယ်။ ကိုယ့်အကျိုးလိုလားတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေထဲမှာကို ကိုယ့်ကို ဝေဖန်ထောက်ရှုပြီး အပြုသဘောဆောင်ပြီး အကြံပေးဖို့၊ ဝစီကံ မြောက် ပြောဆိုသတိပေးဖို့ ဆိုတဲ့သူဆိုတာလည်း အင်မတန်ရဖို့ ခက်ပါတယ်။ သူ့အကျိုးလိုလားတယ်ဆိုတာ မနောကံအဆင့်နဲ့တင် ရပ်နေလို့ မရပါဘူး။ ဝစီကံမြောက်၊ ကာယကံမြောက် သူ့အကျိုးကို လိုလားခြင်းကမှ ပိုပြီး တန်ဖိုးရှိပါတယ်။ ဒီလိုမိတ်ဆွေမျိုး၊ သူငယ်ချင်းမျိုး၊ ဆရာသမားမျိုးတွေ့ရင်လည်း တန်ဖိုးထားသင့်တယ်။ တန်ဖိုးထားဖို့ ကောင်းတယ်။

အဲဒါနဲ့ပတ်သက်ပြီး ကျနော် နည်းနည်းကံကောင်းခဲ့တယ် ထင်တယ်။ ကျနော့်အကျိုးကို တကယ်လိုလားတဲ့ ကျနော့်ကို ချစ်ခင်တဲ့သူ၊ ကျနော့်ကို တန်ဖိုးထားပြီး သတိပေး ထောက်ပြ ပြောဆို အကြံပေးခဲ့တဲ့ မိတ်ဆွေ တချို့၊ သူငယ်ချင်းတချို့၊ ဆရာတချို့ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကျနော် သိပ်ကံကောင်းပါ့လားလို့ ကျနော်အမြဲ တမ်းလိုလို အောက်မေ့မိတယ်။
ကျနော်ဟာ အယူအဆနဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ အမြင်ခံယူချက်နဲ့ပဲဖြစ်ဖြစ်၊ ကျနော်စွဲကိုင်ထားတဲ့ နည်းနာ လုပ်ထုံးနဲ့ ပတ်သက်ပြီးဖြစ်ဖြစ် အင်မတန် ခေါင်းမာတဲ့သူဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင် အယူအဆတစ်ခုကို အလွယ်တကူ မဆုပ်ကိုင်တတ်ဘူး။ အကယ်၍ ဆုပ်ကိုင်ထားပြီးပြီဆိုရင်လည်း တော်ရုံနဲ့ စွန့်ပစ်တတ်တဲ့ ထုံးစံ မရှိပါဘူး။ ဒါ့ကြောင့်ပဲ ကျနော်ဟာ သိပ်ခေါင်းမာတဲ့သူ၊ ပြောရဆိုရ ခက်တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။ အကြော သိပ်မာတဲ့ လူတစ်ယောက်ဖြစ်ခဲ့တယ်။ တစ်ဖက်က ကိုယ့်ကိုယ်ကို ဖော့ပြောရင်တော့ ယုံကြည်ချက်ခိုင်မြဲတယ်၊ စွဲစွဲမြဲမြဲရှိတယ်လို့ ဖော့တွေးမိမှာပေါ့။ ဒါပေမယ့် ကျနော့်အပေါ် ဝေဖန်ထောက်ပြမှုတွေကို ကျနော် လျစ်လျှူရှုပြီး လည်း မနေဘူး။ အမြဲတမ်းလိုလို ဂရုစိုက်လက်ခံနေတတ်တာလည်း မဟုတ်ပါဘူး။ နားထောင်သင့်တဲ့သူရဲ့ စကားကိုတော့ ကျနော် ချက်ချင်းလက်ခံနိုင်ရင်တောင် နောက်ပိုင်းမှာ ကျနော် တဖြည်းဖြည်း စဉ်းစားပါတယ်။ ဒီလိုစဉ်းစားရင်း ကျနော့်မှာ သူပြောတဲ့အချက်က တကယ်ဟုတ်နေတာ မှန်ရင် ကျနော် ပြင်ဆင်ဖို့ ကြိုးစား တယ်။ အချိန်ကာလတစ်ခုရောက်တဲ့အခါမှာ အဲဒီ့ ဗီဇစရိုက်အပြုအမူက နောက်ဆုံးတော့ ပျောက်အောင် ဖျောက်နိုင်ခဲ့တာချည်းပါပဲ။ ဒါ့ကြောင့်လည်း ကျနော့်အတွက် အကျိုးကျေးဇူးတွေ အများကြီးရခဲ့တယ်။ ဒီလို အကျိုးကျေးဇူးတွေကို ပြန်ပြန် သတိရအောက်မေ့မိတိုင်းလည်း အမုန်းခံပြီး ဝေဖန်ထောက်ပြခဲ့တဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ဆရာသမားကို ကျနော် ကျေးဇူးတင်နေမိတတ်တယ်။

လူတစ်ယောက်မှာ ကိုယ်ရည်ကိုယ်သွေးကောင်းတစ်ခုတည်ဆောက်နိုင်ဖို့ ၊ ပြောရဆိုရလွယ်တဲ့သူ တစ်ယောက် ဖြစ်ခြင်းဟာ ပထမဆုံး အရေးကြီးတဲ့အချက်ပဲလို့ ကျနော်ထင်တယ်။ ဒါ့ကြောင့် ကျနော် ကိုယ်တိုင် အရာအားလုံး ငါသိငါတတ် ဆိုတဲ့ အပြုအမူတွေကို တော်တော်ရှောင်နိုင်လာတယ်။ လူတွေ မျက်စိစပါးမွှေးစူး စရာဖြစ်အောင် ထောင်ထောင်ထောင်ထောင် နေတတ်တဲ့ အကျင့်တွေကို တော်တော်များများ ရှောင်နိုင်လာ တယ်။ ကိုယ့်အကျိုးလိုလားပြီး ထောက်ပြ သတိပေးတဲ့ အကြံဉာဏ်တွေ၊ သတိပေးစကားတွေနဲ့ မှတ်ချက်တွေ ကိုလည်း ကျနော် အမြဲတမ်းတန်ဖိုးထားတယ်။ ကျနော်တစ်ယောက်တည်း ရှိတဲ့ ညတွေမှာဆိုရင် နဖူးပေါ် လက်တင်ပြီးလည်း စဉ်းစားတယ်။ လက်ပေါ် နဖူးတင်ပြီးတော့လည်း စဉ်းစားတယ်။ ဒီလိုနဲ့ လူတစ်ယောက်ဟာ ကိုယ်ရည်ကိုယ်သွေးကောင်းကို တဖြည်းဖြည်းနဲ့ ပိုအားကောင်းလာအောင် တည်ဆောက်လာနိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ထားတယ်။
ကျနော့်အကျိုးကို လိုလားပြီးတော့ အမုန်းခံပြီး ထောက်ပြ ဝေဖန် အကြံပြု သတိပေး လက်တို့ခဲ့ဖူးကြတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာသမားတွေကို ကျေးဇူးတင် အောက်မေ့ပြီး ကျနော် ဒီစာကို ရေးဖြစ်ပါတယ်။

မင်းသေ့
ည ၁၀ း ၀၇
၁ ၊ ဒီဇင်ဘာ ၊ ၂၀၁၉
ပုသိမ် ၊ ငွေဆောင်။

Previous post မင်းသေ့ အမှာစာ
Next post ရေစက်