ဘာလိုလိုနဲ့ ဒီဇင်ဘာကို ရောက်လာပြီ။ ၂၀၁၉ လည်း ကုန်တော့မယ်။ နှစ်သက္ကရာဇ်တစ်ခု ပြီးစီးခြင်း။ ပြီးစီးခြင်း ဆိုတဲ့ စကားလုံးကိုပဲ သုံးချင်ပါတယ်။ သာမန်ယေဘုယျပြောကြတဲ့ အသုံးကတော့ နှစ်တစ်နှစ်ကုန်ဆုံးခြင်းပေါ့။ ၂၀၁၉ ကို သုံးသပ်ကြည့်၊ ဆင်ခြင်ကြည့်လို့ လုပ်ချင်ပါလျက်နဲ့ မလုပ်လိုက်ရတဲ့အရာတွေ၊ သွားချင်ပါလျက်နဲ့ မသွားလိုက်ရတဲ့အရာတွေ၊ လုပ်ဖို့ ရည်ရွယ်ထားပေမယ့် မလုပ်လိုက်ရတဲ့အရာတွေ၊ ကိုယ့်ရည်မှန်းချက် စာရင်း မှာ မပြီးစီးလောက်တဲ့ အလုပ်တွေ၊ တွေ့ချင်တယ် တွေ့သင့်တယ်လို့ သတ်မှတ်ထားပြီး မတွေ့လိုက်ရတဲ့လူ တွေ…. ဆုံးရှုံးလိုက်ရတဲ့ ဂုဏ်သိက္ခာတချို့နဲ့ အရောင်မတင်မိတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ … စတာတွေ များပြား ရင်တော့ ၂၀၁၉ ကို နှစ်တစ်ခု ကုန်ဆုံးသွားတယ်လို့ ပြောရမှပေါ့။ ကုန်သွားတယ်။ ဆုံးသွားတယ်။ သတ်မှတ်ထားခဲ့တဲ့အချိန်မှာ ပြန်လုပ်လို့ မရတော့ဘူး။ ဘာပဲဖြစ်ဖြစ် အတိတ်ဟာ အတိတ်မှာကျန်ခဲ့ပြီ။

အတိတ်ဟာ သင်ခန်းစာယူစရာ ဆိုတာထက် ဘာမှ မပိုတော့ပါဘူး။ ပစ္စုပ္ပန်နဲ့ အနာဂတ်ကသာ ပိုပြီးအရေးကြီး တယ် မဟုတ်လား။ ၂၀၂၀ ကိုရော ဘယ်လိုဖြတ်သန်းမလဲ။ တစ်နှစ်ထက် တစ်နှစ်ပိုကောင်းအောင် လုပ်ရမယ့် အရာတွေက ဘာတွေလဲ။ ကိုယ့်ရဲ့စိတ်ဓာတ်တွေကို နဂိုအတိုင်း မထားဘူး။ ကိုယ့်စိတ်တွေက တစ်နှစ်ထက် တစ်နှစ် ပိုပြီး သိမ်မွေ့ရမယ်၊ နူးညံ့ရမယ်၊ နှစ်လိုဖွယ်ဖြစ်ရမယ်၊ ပိုတည်ငြိမ်ရမည်၊ ပိုပြီး ဆောက်တည်ရာရစေရ မယ်။ ဒါဟာ ၂၀၂၀ မှာ ကိုယ့်ကိုယ်ကို လေ့ကျင့်သင်ကြားမှုတွေ မဖြစ်နိုင်ဘူးလား။

နှစ်တစ်နှစ်ဟာ တဖြည်းဖြည်း ကုန်သွားကြရတာပဲ။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ငါနဲ့ အခါ ငါ ဘာကွာလာသလဲ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ငါနဲ့ အခု ငါ ဘာကွာသလဲ။ ပြီးခဲ့တဲ့ ၂၀၁၈ လောက်က ငါနဲ့ အခု ၂၀၁၉ က ငါ ဘာကွာသလဲ။ မထူးခြားနားလား။ သမာရိုးကျ သာမန်အတိုင်း မည်ကာမတ္တပေါင်းများစွာနဲ့ ဖြတ်သန်းနေသေး တယ်လား။ ၂၀၁၈ ထက် ၂၀၁၉ မှာ ပိုပြီး လေ့လာသင်ယူခဲ့တဲ့အရာတွေ ရှိသလား။ အဲဒါတွေက ဘာတွေလဲ။ ၂၀၁၈ ထက် ၂၀၁၉ မှာ ပိုပြီး သိမြင်နားလည်နိုင်ခဲ့တာတွေ ရှိသလား။ အရင်လိုပဲလား။ အရင်လိုပဲ ပြောတယ်၊ အရင်လိုပဲ တွေးတယ်၊ အရင်လိုပဲ လုပ်ကိုင်တယ်၊ မနှစ်ကထက် ဒီနှစ် ပိုထူးပြီး လုပ်နိုင်တာ မရှိဘူးလား။ ကိုယ့် ပတ်ဝန်းကျင်ကရော အရင်ကထက် ပိုကျယ်လာသလား။ ကိုယ်နဲ့ ပွင့်လင်းလွတ်လပ်စွာ ယုံကြည်မှုရှိရှိ ပေါင်း သင်းဆက်ဆံလို့ရတဲ့ ရင်ဘတ်တူ မိတ်ဆွေတွေ ဘယ်လောက် ရခဲ့သလဲ။ ဒါမှမဟုတ် ယခင်က ရှိခဲ့တဲ့ မိတ်ဆွေ ကောင်းတွေဟာ ဆုံးရှုံးသွားသလား။

မနှစ်က လုပ်ခဲ့တဲ့ အလုပ်ကိုပဲ အခု ဒီနှစ်မှာ ငါ ပိုကောင်းအောင် လုပ်နိုင်ခဲ့သလား။ မနှစ်က ပေါင်းသင်းခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေကို အခုဒီနှစ်မှာ ငါ ပိုရင်းနှီးကျွမ်းဝင်ခဲ့ရဲ့လား။ ငါ့ ပိုက်ဆံအိတ်ထဲမှာ ရှိနေတဲ့ ငါ့ဝင်ငွေ ဟာ ဘယ်လောက်လဲ။ အရင်လို ပိန်ကပ်ကပ်ပဲလား။ အရင်လိုသုံးဖြုံးနေတုန်းပဲလား။ ဘဏ့်အကောင့်ထဲမှာ ငွေ ဘယ်လောက်ရှိသလဲ။ ကိုယ့်ရဲ့လူမှုဘဏ့်အကောင့်ထဲမှာရော လက်တွဲ တိုင်ပင်ဆွေးနွေးလို့ ရအောင် ယုံကြည် လို့ ရလောက်တဲ့ မိတ်ဆွေတွေ ဘယ်လောက်တိုးပွားအောင် စုဆောင်းထားပြီးခဲ့ပြီးပြီလဲ။ ငါကိုယ်တိုင်ကရော မိတ်ဆွေ သူငယ်ချင်းကောင်း၊ ချစ်သူကောင်း၊ ဇနီးကောင်း၊ လင်ယောက်ျားကောင်းဖြစ်အောင် ဘယ်လောက် မွေးမြူထားနိုင်ပြီးပြီလဲ။

၂၀၁၉ ဟာ နှစ်သက္ကရာဇ်တစ်ခု ပြီးစီးတော့မယ်။ ၂၀၂၀ ဟာ ကြိုနေပြီ။ ၂၀၂၀ မှာ ငါ လေ့လာရမယ့် ဘာသာ ရပ်ဟာ ဘာဖြစ်မလဲ။ ၂၀၂၀ မှာ ငါ ထပ်တိုးပြီး အကောင်းဆုံးဖြစ်အောင် လုပ်ရမယ့် အလုပ်စာရင်းမှာ ဘာတွေ ကို ထည့်မှာလဲ။ အရင်လိုပဲ ဒုံရင်းဒုံရင်းအတိုင်းပဲလား။ အရင်လိုပဲ စားမယ်၊ အရင်လိုပဲ အိပ်မယ်။ အရင်လိုပဲ လုပ်မယ်၊ အရင်လိုပဲ စဉ်းစားမယ်၊ အရင်လိုပဲ တုံ့ပြန်ဆက်ဆံမယ်။ အရင်ကထက် ပိုကောင်းတဲ့ စားသောက် နေထိုင်နည်း၊ အရင်ကထက် ပိုကောင်းတဲ့ ကိုယ်ကျင့်၊ အရင်ကထက် ပိုကျယ်တဲ့ ဉာဏ်မြင်ကွင်းကို ရအောင် လုပ်ဖို့ ငါ့အစီအစဉ်ထဲမှာ မပါဘူးလား။ ကိုယ့်ကိုယ်ရည်ကိုယ်သွေးဟာ ဘယ်ကို ဦးတည်နေသလဲ။ ဘယ်ပလက် ဖောင်းပေါ်မှာ ရောက်နေသလဲ။ ကိုယ်ရည်ကိုယ်သွေးရဲ့ အရောင်ဟာ ဘယ်လောက်ထိ ပြောင်ရောင်သလဲ။ ကိုယ့်နှလုံးသားရဲ့ သိမြင်ခံစားမှု စွမ်းရည်ဟာ ဘယ်လောက်ထိ သိမ်မွေ့လာမလဲ။ ကိုယ့်နှလုံးသားစွမ်းရည်ဟာ ဘယ်လောက်ထိ နက်နက်နဲနဲ ခံစားနိုင်စွမ်းရှိလာမလဲ။

ဘဝဟာ နေပျော်ရင် ရင်ခုန်စရာကောင်းပါတယ်။ ကိုယ်ချစ်တဲ့အလုပ်ကိုပဲ လုပ်မယ်။ ကိုယ့်အသိဉာဏ်ကို ချဲ့ပေး နိုင်တဲ့ အလုပ်ကိုပဲ ရွေးမယ်၊ ကိုယ့်ကိုယ်ကျင့်တရားကို ထိန်းသိမ်းနိုင်မယ့် အလုပ်ကိုပဲ လုပ်မယ်၊ ကိုယ့်အတွေးတွေကို ရှင်းလင်းကျယ်ပြန့်စေမယ့် မိတ်ဆွေတွေနဲ့ပဲ ပေါင်းသင်းမယ်၊ ကိုယ်တန်ဖိုးထားတဲ့အရာ တွေကို ပိုတန်ဖိုးတက်လာအောင် ပံ့ပိုးမယ်၊ သဘာဝကို ချစ်တတ်တဲ့ ကိုယ့်စိတ်ကို တန်ဖိုးထားပြီး သဘာဝကြီး အမြဲတမ်းလှပနေအောင် ပံ့ပိုးကူညီမယ်။

အမြဲတမ်းဖတ်မိနေတဲ့ ဆရာတော် ဦးဇောတိကရဲ့ စာအုပ်ထဲက ဘဝဒဿနတစ်ခုကို အမြဲတမ်းအမှတ်ရနေ ပါတယ်။ “ငါ တန်ဖိုးအထားဆုံးအရာဟာ ငါ့စိတ်ပဲ၊ ငါ့စိတ်ကို ယုတ်နိမ့်သွားစေမယ့် အတွေးတွေ သဘောထား တွေကို အမြစ်တွယ်ခွင့်မပေးဘူး။ မကောင်းတဲ့အတွေးတွေ သဘောထားတွေကို သိ,သိပြီး ပယ်မယ်လို့ ဆုံးဖြတ်ပြီး အလေ့အကျင့်လုပ်ရင် တစ်နေ့တခြား စိတ်ထားမြင့်မားတဲ့သူဖြစ်လာမယ်၊ ဒီတစ်ခုကို ထိထိရောက် ရောက်လုပ်လိုက်ရင် ကိုယ့်ဘဝတစ်ခုလုံး အရည်အသွေးတိုးတက်လာမယ်။ ဘဝရဲ့အရည်အသွေးဟာ စိတ်ရဲ့ အရည်အသွေးပေါ်မှာ မူတည်တယ်….”တဲ့။

စိတ်ရဲ့အရည်အသွေးတဲ့နော်။ ကောင်းလိုက်တာ။ အင်မတန် ရိုးတာပဲ။ အင်မတန် ရှင်းတာပဲ။ ဒီစကားလုံးဟာ ပြတ်ပြတ်သားသား ရှိလိုက်တာနော်။ ငါ့စိတ်ကို ယုတ်နိမ့်သွားစေမယ့် အတွေးတွေ၊ သဘောထားတွေကို အမြစ် တွယ်ခွင့်မပေးဘူး၊ မကောင်းတဲ့အတွေးတွေ သဘောထားတွေကို သိ,သိပြီး ပယ်မယ်ဆိုရင် တစ်နေ့တခြား စိတ်ထားမြင့်မားတဲ့ သူဖြစ်လာမယ်တဲ့။ ဘဝရဲ့အရည်အသွေးဟာ စိတ်ရဲ့အရည်အသွေးပေါ်မှာ မူတည်နေတယ် တဲ့။ ဘဝဆိုတာ စိတ်ရဲ့ရောင်ပြန်ဟပ်မှုပဲတဲ့။ ဘဝအရည်အသွေးကို မြှင့်ချင်ရင် စိတ်ရဲ့အရည်အသွေးကို မြှင့်မှ ရမယ်တဲ့။ စိတ်အဆင့်အတန်းဆိုတာ ဘဝအဆင့်အတန်းပဲတဲ့။ ဘဝအဆင့်အတန်းဆိုတာ စိတ်အဆင့်အတန်း အပေါ်မှာပဲ မူတည်နေတယ်တဲ့။

တစ်နှစ်ထက် တစ်နှစ် ပိုသန့်စင်တဲ့ အတွေးဒဿနတွေ ရအောင် ပံ့ပိုးပေးထားခဲ့တဲ့ ဒဿနသမားတွေ၊ ဘုန်းတော်ကြီးတွေ၊ ရဟန်းသံဃာတွေ၊ စာရေးဆရာတွေ၊ ဆရာသမားတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိဘ ညီအစ်ကိုတွေ၊ ချစ်ခင်မြတ်နိုးတန်ဖိုးထားရသူတွေကို ကျေးဇူးတင်လိုက်တာ။ သူတို့တွေကြောင့်သာ ပတ်ဝန်းကျင်ကောင်းမှာ နေထိုင်ရပြီး ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို တစ်နှစ်ထက် တစ်နှစ်ပိုကောင်းအောင် တည်ဆောက်လာနိုင်ခဲ့တာ။

တစ်ဦးချင်း တစ်ယောက်ချင်းစီဟာ ပစ္စုပ္ပန်တည့်တည့်ကြည့်ပြီး အနာဂတ်မှာ ကိုယ့်ကိုယ်ရည်ကိုယ်သွေးကို ပိုကောင်းအောင် တည်ဆောက်နိုင်ကြရင် တဖြည်းဖြည်းနဲ့ လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံး ပိုကောင်းလာနိုင်မယ် လို့ ကျနော် ထင်တယ်။

မင်းသေ့
နံနက် ၁၀ း ၁၁
၂ ၊ ဒီဇင်ဘာ ၊ ၂၀၁၉ ။
ပုသိမ် ၊ ငွေဆောင်။

Previous post ရေစက်
Next post စာရေးခြင်း