ကျနော့်ဘဝမှာသင်ယူနိုင်ခဲ့တဲ့ အရာ (၄) ခုရှိခဲ့တယ်။

• ဉာဏ်ပညာကို ချစ်မြတ်နိုးဖို့
• လူတွေကိုတန်ဖိုးထားဖို့၊
• အမှားတွေကို မကြောက်တတ်ဖို့၊
• ငွေကို သုံးတတ်ဖို့
ဆိုတဲ့ သင်ယူမှု (၄)ခုဖြစ်ပါတယ်။

လူငယ်ဘဝမှာတင် ဒီလေးခုကို သင်ယူနိုင်ခဲ့လို့၊ ကျနော်ကံကောင်းတယ်လို့ ကျနော်ထင်တယ်။ ဉာဏ်ပညာကို တကယ်မချစ်ခဲ့ရင် ကျနော်ဟာ လူပိန်းလူအ လူန လူနုံ လူဖျင်း တစ်ယောက်အဖြစ်ကို ရောက်နေမယ် ထင်တယ်။ အခုတော့ တော်သေးတယ်။ လောကကြီးနဲ့ လူတွေအကြောင်းကို နည်းနည်းနားလည်ခဲ့လို့ လူရာ ဝင်နိုင်၊ လူတောတိုးနိုင်ဆိုတာကို အတော်အတန် လုပ်နိုင်ခဲ့တယ်။ ဒါဟာ ကံကောင်းပါတယ်။ ဉာဏ်ပညာကို ချစ်မြတ်နိုးခဲ့တာဟာ ကျနော့်ဘဝအတွက် ကံကောင်းခြင်း တစ်ခုလို့ ကျနော်ယူဆတယ်။

လောကကြီးထဲကို တိုးဝင်လာလေလေ လူတွေအကြောင်း ပိုနားလည်လေလေဖြစ်လာတယ်။ လူတွေက ကိုယ့် နောက်ကျောကို ဓားနဲ့ထိုးခံရတဲ့အတွေ့အကြုံက လူတစ်ယောက်ကို လူ့အကြောင်း ပိုနားလည်သဘောပေါက် စေတယ်။ ဒါကို ကျနော်ကောင်းကောင်း နားလည်ခဲ့တယ်။ လူတွေရဲ့စိတ်တွေအကြောင်း နားလည်နေတာ၊ လူ့အပြုအမူတွေရဲ့ ရည်ရွယ်ချက်ကို မြင်မိနေတာဟာ တစ်ဖက်ကလည်း ကောင်းသလို တစ်ဖက်ကလည်း မကောင်းပါဘူး။ လူတွေကို စိတ်ပျက်ရွံမုန်းလာတာ ဖြစ်လာတယ်။ ဒါပေမယ့် ကျနော် သင့်တင့်စွာ နှလုံးသွင်း နိုင်ဖို့ ကြိုးစားခဲ့တယ်။

လူသားမှာ လူသားဗီဇ၊ လူသားအတ္တရှိပါလိမ့်မယ်။ ဒါပေမယ့် လူ့သဘာဝကို နားလည် ထားပြီး ဗီဇကောင်းတဲ့လူတွေကို တန်ဖိုးထားဆက်ဆံခြင်းဟာ မင်္ဂလာလို့ ကျနော်မြင်တယ်။ လူအားလုံးကို ဝါး လုံးသိမ်း ကြည့်ဖို့ထက် တစ်ဦးချင်းတစ်ယောက်ချင်းစီ ခွဲခြားကြည့်ပြီး လူ့တန်ဖိုးကို သတ်မှတ်တတ်ခြင်းက ပိုပြီး အရာရောက်တယ်လို့ ထင်တယ်။ လူတွေကို တန်ဖိုးထားတတ်တာဟာ လူ့ပတ်ဝန်းကျင်မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့အတွက် ကောင်းတဲ့ အလေ့အကျင့်လို့ ကျနော်မြင်တယ်။ လူတွေအကြောင်းကို နားလည်ထားပြီး လူတစ်ဦးချင်းစီရဲ့တန်ဖိုးကို မြင်တတ်ခြင်းဟာ ကောင်းတယ်။ ဗီဇဓာတ်ခံကောင်းတဲ့ လူတွေနဲ့ ပေါင်းသင်းနေ ထိုင်ရခြင်းဟာ မင်္ဂလာဖြစ်ပါတယ်။

အမှားတွေကို ကျနော်ကြောက်ခဲ့တယ်။ ပြဿနာတွေကို ကျနော်ကြောက်ခဲ့တယ်။ အခက်အခဲတွေကို ကျနော် ကြောက်ခဲ့တယ်။ ဒါပေမယ့် ကျနော်စဉ်းစားကြည့်တယ်။ လူတွေသာ သေဆုံးတော့မယ့် အချိန်ရောက်ရင် နောင်တတွေ ရကြတယ်။ လူတွေရဲ့နောင်တတွေဟာ လုပ်လိုက်ရတဲ့အမှားတွေကြောင့် ရတဲ့ နောင်တထက် မလုပ်လိုက်ရတဲ့ကိစ္စတွေကြောင့် ရတဲ့ နောင်တက ပိုများတယ်တဲ့။ ကျနော် အဲသည်လို နောင်တမျိုးမရချင်ဘူး။ နောင်တရခြင်း ရရင် လုပ်လိုက်ပြီးမှ ရတဲ့ နောင်တကို ကျနော် ပိုလိုချင်တယ်။ ပိုလိုလားတယ်။ အမှားတွေကပဲ လူကို ပိုရင့်ကျက်အောင်၊ ပိုအသိဉာဏ်ရှိအောင် လုပ်ပေးနိုင်တယ်လို့ ထင်တယ်။ အမှားတွေကို ပြန်ဆင်ခြင်နိုင် စွမ်းရှိပြီး ပြန်ပြင်ဆင်နိုင်ခြင်းကတော့ တကယ့်လူသားစွမ်းရည်ပေါ့။


ကျနော့်မှာ ဝင်ငွေများများ မရှိပါဘူး။ သို့ပေမယ့် ကျနော် ငွေကြေးကို ခြစ်ကုပ်မထားဘူး။ ငွေကြေးကို လက်လွှတ်စပယ်လည်း မသုံးဘူး။ ကျနော် ငွေရဲ့ကျေးကျွန်ဖြစ်မှာ သိပ်ကြောက်တယ်။ ကျနော်ကပဲ ငွေကို သုံးချင်တယ်။ ငွေက ကျနော့်ကို ပြန်သုံးနေတာ၊ ပြန်လွှမ်းမိုးခိုင်းစေနေတာကို ကျနော်သဘောမကျဘူး။ ဒါ့ကြောင့် ငွေကြေးနဲ့ ပတ်သက်ပြီး အစွန်းနှစ်ပါး လွတ်အောင် ကျနော်နေထိုင်တယ်။

ငွေကြေးကို သိပ်မက်မောပြီး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး မစားရက် မသောက်ရက်နဲ့ စုဆောင်းခြင်းကို ကျနော် ရှောင်ကြဉ်တယ်။ ငွေကြေးဟာ ကိုယ့်ကို လွှမ်းမိုးချုပ်ကိုင်ထားတယ်လို့ ကျနော် ယူဆလို့ဖြစ်ပါတယ်။ နောက်တစ်ခုက ငွေကြေးကို ထင်သလို သုံးပြီး လက်လွှတ်စပယ်သုံးဖြုန်းခြင်းကို ကျနော်ရှောင်တယ်။ ရတဲ့ ဝင်ငွေကို ဘာအတွက် အသုံးချမလဲဆိုတာ ကျနော် အမြဲတမ်းစဉ်းစားတယ်။ မထိုက်တန်ဘူးလို့ ထင်ရင် လက်ထဲက ငွေ ငါးရာတစ်ထောင်ကိုတောင် လက်ထဲက ထွက်သွားဖို့ ကျနော်အမြဲတမ်း သတိထားတယ်။ ထိုက်တန်တယ်၊ သုံးထိုက်တယ်၊ သုံးဖို့သင့်တယ်လို့ ယူဆရင်လည်း လက်ထဲမှာ ငွေများများစားစား မကျန်တော့သည့် တိုင်အောင် ငွေ တစ်သိန်း၊ နှစ်သိန်းကို ကျနော်လွယ်လွယ်ကူကူသုံးစွဲတယ်။

ငွေကို တန်ဖိုးထားတယ်။ ငွေရဲ့အသုံးဝင်မှုကို လျစ်လျှူမရှုဘူး။ သို့ပေမယ့် ငွေရဲ့ကျေးကျွန် ဘယ်တော့မှ အဖြစ် မခံဘူး။
ဒါဟာ ကျနော် လူငယ်ဘဝမှာ သင်ယူနိုင်ခဲ့တဲ့ အရာ (၄) ခုလို့ ကျနော် ထင်တယ်။

မင်းသေ့
ည ၉ း ၂၃
၁၀ ၊ နိုဝင်ဘာ ၊ ၂၀၁၉
ရန်ကုန်မြို့။

Previous post အသုံးဝင်မှုတန်ဖိုး
Next post ပီလေးလုံး ပြဿနာ