လုပ်ငန်းခွင်ထဲရောက်လာလေလေ၊ လူ့လောကထဲ တိုးဝင်မိလေလေ ကျနော် အမြဲတမ်းလိုလို သတိထား စဉ်းစားမိနေတဲ့စကားလုံးတစ်ခုရှိပါတယ်။ အဲဒါကတော့ အသုံးဝင်မှု တန်ဖိုး ဆိုတဲ့စကားလုံးဖြစ်ပါတယ်။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝမှာ လွှမ်းမိုးခဲ့တဲ့ စကားလုံး (၂) လုံး ရှိပါတယ်။ အဲဒီ့စကားလုံးနှစ်လုံးက ဘာလဲ ဆိုတော့ အသိဉာဏ်ပညာဆိုတဲ့ စကားလုံးနဲ့ တန်ဖိုးဆိုတဲ့စကားလုံး နှစ်ခုဖြစ်ပါတယ်။

အခုလောကထဲကို တိုးဝင်ပြီး လူတွေနဲ့ပေါင်းဖက် အလုပ်တွေ လုပ်လာလေလေ၊ အသုံးဝင်မှုတန်ဖိုး ဆိုတဲ့စကား လုံးက ကျနော့်ကို ပိုပြီး လွှမ်းမိုးလာလေလေဖြစ်ပါတယ်။ ကျနော်နေတိုင်းလိုလို စဉ်းစားဖြစ်တယ်။ ဒီစကားလုံး အကြောင်း။ အသုံးဝင်မှု တန်ဖိုးတဲ့။
တွေးလေလေ နက်နဲလေလေပါပဲ။ တန်ဖိုးတော့ တန်ဖိုးပဲ။ အသုံးဝင်မှု ဆိုတဲ့ဝေါဟာရနဲ့ ယှဉ်တွဲတဲ့ တန်ဖိုး။ အသုံးဝင်မှုတန်ဖိုးဆိုတာ ဘာလဲ။

ဘောဂဗေဒသင်ခဲ့ဖူးတဲ့သူတွေကတော့ တန်ဖိုးတွေကို အမျိုးအစားခွဲပြပါလိမ့်မယ်။ ဖလှယ်မှုတန်ဖိုး၊ အသုံးချ တန်ဖိုး၊ လုပ်အားတန်ဖိုး… အစရှိသဖြင့်ပေါ့။ ကျနော်ကတော့ ဘဝနဲ့ပတ်သက်ပြီး လူ့အဖွဲ့အစည်းနဲ့ပတ်သက် ပြီး အသုံးဝင်မှုတန်ဖိုးရဲ့အနက်အဓိပ္ပာယ်ကို နည်းနည်းချင်း စဉ်းစားနေမိဖြစ်တယ်။ အသုံးဝင်မှုတန်ဖိုးဆိုတာ ဘာနဲ့ ဆက်စပ်သလဲ။
အသုံးဝင်တယ်ဆိုတာ အသုံးချခြင်းနဲ့ ဆက်စပ်တယ်လို့ ယူဆတယ်။ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ ဟောဖူး တဲ့တရား နာဖူးတယ်။ တန်ဖိုးသိမှ တန်ဖိုးရှိတာ…တဲ့။ ဒီစကားလုံးကိုလည်း စဉ်းစားတယ်။ စဉ်းစားကြည့်နော်။ တန်ဖိုးသိမှ တန်ဖိုးရှိတာ…တဲ့။ တစိမ့်စိမ့်တွေးလေလေ ပိုပြီး နားလည်လာလေလေပဲ။ နားလည်ဖို့အတွက် တွေး ဖို့လိုမယ် ထင်တယ်။

နောက်ပြီးတော့ ဆရာတော်က ဟောသေးတယ်။ တန်ဖိုး ဆိုတဲ့ တရားခေါင်းစဉ်နဲ့ ဟောတယ်။ ကျနော် အခုထိ မှတ်မိနေသေးတယ်။ တန်ဖိုးဆိုတာ အသုံးချမှုအပေါ်မှာ တည်တယ်တဲ့။ အသုံးချမှ အသုံးကျတာ။ အသုံးကျမှ တန်ဖိုးရှိတာ….တဲ့။ တဖြည်းဖြည်းပိုပြီး နားလည်လာရပြန်တယ်။ လူတွေမှာ တစ်နေ့ (၂၄) နာရီ ကိုယ်စီရှိတယ်။ ဒီနာရီတွေကို ဘယ်အတွက်၊ ဘယ်မှာ အသုံးချမှာလဲ။

• အသုံးချပုံကွဲရင် အသုံးကျပုံကွဲမယ်။
• အသုံးကျပုံကွဲရင် တန်ဖိုးတွေ ကွဲမယ်။
• အသုံးချပုံမတူရင် အသုံးကျပုံ မတူဘူး။
• အသုံးကျပုံ မတူရင် တန်ဖိုးရှိပုံ မတူဘူး။
• အသုံးချတာ လွဲရင် အသုံးကျတာ လွဲမယ်။
• အသုံးချတာ လွဲရင် တန်ဖိုးရှိပုံ လွဲမယ်။

လူတစ်ယောက်ဟာ ကိုယ့်ရဲ့အချိန်ကို ဘယ်အတွက် အသုံးချမှာလဲ။ ဒီအပေါ် မူတည်ပြီး လူတစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးတွေ မတူကွဲကြတာဖြစ်မယ်။ လူတစ်ယောက်ဟာ ဘယ်အလုပ်ကို ရွေးမှာလဲ။ ကိုယ့်လုပ် အားကို ဘယ်အတွက် အသုံးချမှလဲ။ ကိုယ့်လုပ်အားကို ဘယ်နေရာမှာ အသုံးချမှာလဲ။ ကိုယ့်အချိန်ကို ဘယ် နေရာမှာ အသုံးချမှာလဲ။ ကိုယ့်ငွေကို ဘယ်နေရာမှာ အသုံးချဖို့ သုံးမှာလဲ။ ကိုယ့်ရဲ့အတွေးကို ဘယ်နေရာမှာ အာရုံကျစေမှာလဲ။ ဒါဟာ လူတစ်ယောက်တဲ့တန်ဖိုးကို သတ်မှတ်ပြဌာန်းတဲ့ အခြေခံအချက်လို့ ယူဆတယ်။
လက်ထဲမှာ ရှိတဲ့ ငွေတစ်သိန်းကို ဘယ်နေရာမှာ အသုံးချမှာလဲ။ ဘယ်အတွက် အသုံးချမှာလဲ။ စာအုပ်ဝယ် မလား၊ ဘီယာသောက်မလား၊ လောင်းကစားလုပ်ပစ်မလား၊ မရှိဆင်းရဲသားကို လှူဒါန်းမလား၊ မိသားစုစားဝတ် နေရေးအတွက် သုံးမလား၊ ကွန်ပြူတာတစ်လုံးဝယ်ဖို့ သုံးမလား၊ နာရီတစ်လုံးဝယ်မလား….။ ကိုယ့်ဘာသာကို လွတ်လပ်စွာ ရွေးချယ်လို့ ရပါတယ်။ ကိုယ့်ရွေးတာ ကိုယ်ရမှာဖြစ်ပါတယ်။ ကိုယ်ဟာ ငွေတစ်သိန်းကို ဘယ်လို နေရာမှာ ဘာအတွက် သုံးမှာလဲ။ အသုံးချပုံကွဲရင် အသုံးကျပုံကွဲမယ်။ အသုံးကျပုံကွဲရင် တန်ဖိုးရှိပုံကွဲမယ်။ ဒီသဘောပါပဲ။ ရှင်းရှင်းလေးပါပဲ။

မိသားစုအတွက် အသုံးချရင် မိသားစုတစ်ခုစာ အသုံးကျမယ်။ မိသားစုတစ်ခုစာ အသုံးကျတဲ့အတွက် မိသားစု တစ်ခုစာ တန်ဖိုးရှိမယ်။ ငွေတစ်သိန်းကို ရွှေနားကပ်ပန်မလား။ ဒါဆိုရင် နားတစ်ခုစာ အသုံးချတဲ့အတွက် နား တစ်ဖက်စာပဲ တန်ဖိုးရှိမယ်။ မိသားစုတစ်ခုအတွက် အသုံးမကျနိုင်ဘူး။ မိသားစုတစ်ခုစာတန်ဖိုးလည်း မရှိနိုင် ဘူး။ ဒီသဘောပါပဲ။ ရှင်းရှင်းလေးပါပဲ။

အသုံးချမှုတန်ဖိုးအပေါ် မူတည်ပြီး အသုံးကျမှု တန်ဖိုးဖြစ်လာတယ်။ အသုံးကျမှု တန်ဖိုးအပေါ် မူတည်ပြီး အသုံးဝင်မှု တန်ဖိုးကို ပြဌာန်းတာပဲ။

• ငါဟာ ဘယ်နေရာမှာ အသုံးကျသလဲ
• ငါဟာ ဘယ်နေရာမှာ အသုံးဝင်သလဲ
• ငါဟာ ဘယ်နေရာမှာ တန်ဖိုးရှိသလဲ

ကိုယ့်ရဲ့ အသုံးဝင်မှုအပေါ်မှာ မူတည်ပြီး ကိုယ့်ရဲ့နေရာဆိုတာ ဖြစ်လာတာဖြစ်ပါတယ်။ ကိုယ့်ရဲ့တန်ဖိုးရှိပုံပေါ် မူတည်ပြီး ကိုယ့်ရဲ့အဆင့်အတန်းဆိုတာဖြစ်လာတာဖြစ်ပါတယ်။ ကိုယ့်အဆင့်အတန်းဆိုတာ ကိုယ့်ရဲ့အသုံးဝင် ပုံအပေါ်မှာ မူတည်နေပါတယ်။ ကိုယ်ဟာဘယ်နေရာမှာ အသုံးဝင်သလဲ။

ကိုယ် အသုံးဝင်ချင်တဲ့နေရာမှာ ကိုယ့်ရဲ့ အချိန်၊ ကိုယ့်ရဲ့လုပ်အား၊ ကိုယ့်ရဲ့စိတ်၊ ကိုယ့်ရဲ့ငွေကြေးကို မြုပ်နှံရပါ မယ်။ ဘူးစေ့ပျိုးပြီးတော့ ဖရုံပင်ပေါက်စေချင်လို့ မရပါဘူး။ ဘူးပင်ကနေ ဖရုံသီးသီးစေချင်လို့ မရပါဘူး။ ကိုယ် မြုပ်နှံတာကို ကိုယ်ရပါတယ်။ ကိုယ်အသုံးချတဲ့နေရာမှာ ကိုယ်အသုံးကျပါတယ်။ ကိုယ်အသုံးကျတဲ့နေရာမှာ ကိုယ့်တန်ဖိုးရှိပါတယ်။ ကိုယ့်တန်ဖိုးဟာ ဘယ်နေရာ ဘယ်အဆင့်အတန်းမှာ ရှိနေသလဲ။ ဒီမေးခွန်းကိုတော့ မညှာမတာ မေးရမယ် ထင်ပါတယ်။

ကျနော် တက္ကသိုလ်ကျောင်းသားဘဝက စဉ်းစားခဲ့ဖူးတဲ့ အသိဉာဏ်ပညာဆိုတာနဲ့ ဆက်စပ်တွေးကြည့်ချင်ပါ တယ်။ ကျနော့် ပတ်ဝန်းကျင်မှာ အသိဉာဏ်အားဖြင့်၊ ပညာအားဖြင့် မြင့်တဲ့သူတွေ တွေ့ဖူးပါတယ်။ ကျနော်က အရင်ကဆိုရင် ပညာရှိရင်… အသိဉာဏ်ရှိရင် တန်ဖိုးရှိတယ်လို့ ထင်ထားပါတယ်။ ဒါပေမယ့် အခုအမြင်က တစ် ဆင့်ပြောင်းသွားပါတယ်။ ပညာရှိတိုင်း၊ အသိဉာဏ်ရှိတိုင်း တန်ဖိုးမရှိပါဘူး။

ကိုယ့်ရှိထားတဲ့ ပညာကို ဘယ်လို အသုံးချသလဲ၊ ဘယ်နေရာအတွက် အသုံးပြုသလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး တော့ လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးရှိပုံတွေ ကွဲလွဲသွားတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော့်ပတ်ဝန်း ကျင်မှာ လူတချို့ကို တွေ့ဖူးပါတယ်။ သူတို့ဟာ ပညာအားဖြင့် တစ်စုံတစ်ရာ ရှိကြတယ်။ အသိဉာဏ်အားဖြင့် တစ်စုံတစ်ရာ မြင့်မားကြတယ်။ ဒါပေမယ့် သူတို့ရဲ့အသုံးဝင်မှုတန်ဖိုးဟာ နိမ့်နေတယ်ဆိုတာ တွေ့ရတယ်။ အဲဒါ ကို ကျနော် ဆန်းစစ်ကြည့်လိုက်တော့ အဖြေတစ်ခုထွက်ပါတယ်။ အဲဒါကတော့ သူတို့ဟာ သူတို့ ပညာကို အသုံးချဖို့ မလုပ်ကြဘူး။ တချို့က ဆုပ်ကိုင်ထားကြတယ်။ တချို့က မဖြန့်ချိဘူး။ မဖြန့်ဝေဘူး။ ဒီနေရာက သူတို့ နဲ့ မတန်ပါဘူးဆိုပြီး ဆရာကြီးစတိုင်လ်နဲ့ ပြုမူနေထိုင်ကြတယ်။ သူတို့ကို လူတချို့ကတော့ အသိပညာဉာဏ် ရင့်သန်သူကြီးလို့ ထင်ကြတယ်။ ဒါပေမယ့် သူတို့မှာ အသိဉာဏ်ပညာရှိကြပေမယ့် လူ့အသိုင်းအဝန်းအတွက် တန်ဖိုး မရှိဘူး။ သူတို့ဟာ လူအများအတွက် အသုံးဝင်မှုတန်ဖိုး မရှိကြဘူး။ ဒါ့ကြောင့် ဒီလိုလူမျိုးတွေဟာ အသိ ဉာဏ်ရှိပေမယ့် တန်ဖိုးမမြင့်တဲ့သူတွေဖြစ်နေကြတယ်။

ဒေါက်တာသန်းထွန်း ရေးဖူးတဲ့ စာတစ်ကြောင်းကို မှတ်မိနေသေးတယ်။ ပညာတစ်ခုရဲ့တန်ဖိုးဟာ ဘယ်အပေါ် မှာ မှီနေသလဲဆိုတော့ ဘယ်လောက် Contribute လုပ်နိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်နေတယ်တဲ့။ သိပ် ကောင်းလိုက်တာ။ သိပ်ကောင်းလိုက်တာ။ ကျနော် အဲသည့်စာကို လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဖတ်မိပါတယ်။ အဲသည့်နောက်ပိုင်း ပညာဆိုတာ ဆုပ်ကိုင်ထားလို့ ကောင်းတဲ့အရာ မဟုတ်ဘူး။ ပိုပြီး များများ ဖြန့်ချိနိုင်မှ တန်ဖိုး ရှိတယ်ဆိုတာ ကျနော် နားလည်လာတယ်။ ကျယ်ကျယ်ပြန့်ပြန့်နဲ့ များများစားစားနဲ့ အချိန်ကြာကြာ ဖြန့်ချိနိုင်လေလေ ပိုပြီးတန်ဖိုးရှိလေလေ ဆိုတာ ကျနော်နားလည်လာတယ်။ ဒါ့ကြောင့် ကျနော်သိထားတဲ့ အရာကို ကျနော် ဘယ်တော့မှ ဆုပ်ကိုင်မထားဘူး။ သိမ်းမထားဘူး။ ဖြန့်ချိတယ်။ ဝေမျှတယ်။ ဆွေးနွေးတယ်။ သိနားလည်သလောက် ပြန်ပြောပြတယ်။ ပြန်ရေးပြတယ်။ ရေးသားခြင်းကိုလည်း ကျနော် များများလုပ်တယ်။ လေ့လာခြင်းကိုလည်း ကျနော် နာနာလုပ်တယ်။ စာအုပ်ထုတ်ဝေဖြန့်ချိတာကိုလည်း တလေးတစားလုပ်တယ်။ ကိုယ်သေသွားရင် စာအုပ်ပဲ ကျန်နေခဲ့မှာ။ လူက မြေကြီးဖြစ်သွားမယ်။ လူက ပြာဖြစ်သွားမယ်။ သိပ်ဘာမှ တန်ဖိုး မရှိတော့ဘူး။ ဒါ့ကြောင့် မသေခင် ပညာလို့ ကိုယ်ယုံကြည်ထားတဲ့အသိဉာဏ်ကို လူ့အသိုင်းအဝိုင်းမှာ များများပျံ့နိုင်မယ့် နည်းလမ်းတွေကို ကျနော်အမြဲတမ်းလိုလို စဉ်းစားတယ်။ ကျနော်ဟာ ပညာကို အသုံးကျစေ ချင်တယ်။ ဒါ့ကြောင့် အသုံးချဖို့ ကြိုးစားတယ်။ ဒီလိုမှ လူဟာ အသုံးဝင်မှုတန်ဖိုးမြင့်လာမယ်။ အသိဉာဏ်ပညာ ကလည်း အသုံးဝင်မှုတန်ဖိုး မြင့်လာပြီး တန်ဖိုးအနဂ္ဂထိုက်တန်မယ်လို့ ကျနော် ယူဆပါတယ်။

မင်းသေ့
ည ၁၀ း ၃၅
၈ ၊ နိုဝင်ဘာ ၊ ၂၀၁၉
ရန်ကုန်မြို့။

Previous post မြန်မာ့လမ်းပွင့်
Next post ကျနော်