မြန်မာ့လူ့အဖွဲ့အစည်းထဲက နေရာတိုင်းမှာကြုံနေရတဲ့ ပြဿနာ (၄) ခုကို ထုတ်ပြချင်ပါတ်။ ပီလေးလုံးလို့ အတိုကောက် အလွယ်မှတ်လို့ရပါတယ်။

• Personal
• Political
• Policy နဲ့
• Performance တို့ဖြစ်ပါတယ်။

၁) ပထမဆုံး ပီက Personal ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးကိစ္စတွေဖြစ်ပါတယ်။ everything is personal လို့ ပြောချင်တယ်။

မြန်မာ့လူ့အဖွဲ့အစည်းရဲ့နေရာတိုင်း၊ ကဏ္ဍတိုင်းကို ကြည့်ပါ။ အရာအားလုံးမှာ ပုဂ္ဂိုလ်ရေးပါနေပါတယ်။ တာဝန်နဲ့ လူဆိုတာကို ခွဲခြားပြီး မမြင်ဘူး။ နေရာတိုင်းမှာ ပုဂ္ဂိုလ်ရေးဟာ လွှမ်းမိုးနေပါတယ်။ ပြဿနာတော် တော်များများဟာ ပုဂ္ဂိုလ်ပေါ်အခြေခံပြီး ထွက်လာသလို၊ ပုဂ္ဂိုလ်ရေးတွေကြောင့်လည်း ပြဿနာတွေ မဖြေရှင်း နိုင်ဖြစ်ရပါတယ်။
အလုပ်ခန့်တာ၊ ရာထူးတိုးတာ၊ နေရာပေးတာ၊ တာဝန်ပေးတာ၊ တာဝန်ယူတာက အစ ပုဂ္ဂိုလ် ရေးတွေနဲ့ မလွတ်ပါဘူး။ အစိုးရဌာနဆိုင်ရာတွေမှာ ပုဂ္ဂိုလ်ရေးအရ နီးစပ်သူ၊ ဆက်နွှယ်သူ၊ ပတ်သက်နေသူတွေ အနေ အစားချောင်ပြီး နေရာရာထူးကောင်းကောင်းရနေတာတွေ အများကြီးရှိပါတယ်။ နောက် ပညာရေးနယ်ပယ်ကို လည်း ကြည့်စေချင်ပါတယ်။ အခြေခံကျောင်းတွေမှာ မြို့နယ်အလိုက် နေရာချထားရေးကိစ္စတွေမှာလည်း ပုဂ္ဂိုလ်ရေးနဲ့ အလုပ်လုပ်ကြပါတယ်။ အဆင့်မြင့်ပညာရေးမှာလည်း ဘယ်သူနဲ့ နှီးနွှယ်လို့ ၊ ဘယ်သူ့သားသမီး မလို၊ ဘယ်သူမို့လို့ ဘယ်ဝါဖြစ်လို့ ဆိုပြီး ပညာရေးလုပ်ထုံးလုပ်နည်းကို သွန်လိုသွန်၊ မှောက်လိုမှောက် လုပ်ကိုင်တာတွေ အများကြီးရှိပါတယ်။ တက္ကသိုလ်တွေမှာ ပါမောက္ခချုပ်တွေ၊ မော်ကွန်းထိန်းတွေ၊ ဌာနမှူးတွေ စသူတို့နဲ့ ဘယ်လို ပိုင်လို နိုင်လို့ တက္ကသိုလ်ရဲ့စည်းမျဉ်းတွေကို အလွဲသုံးစားလုပ်တာတွေ အများကြီးရှိနေပါ တယ်။ လူကို ခင်လို့ မူကို ပြင်တယ်။ ဒါတွေက အများကြီး ရှိပါတယ်။

ပါတီနိုင်ငံရေးကို ကြည့်အုံးမလား။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုရှိတာ၊ ပုဂ္ဂိုလ်ရေးဩဇာထူထောင်တာ၊ ဂိုဏ်းဂဏ ဖွဲ့တာ၊ အုပ်စုဖွဲ့တာ၊ သူ့လူ ကိုယ့်လူကြည့်တာ စတာတွေက ဒုနဲ့ဒေး။ မမြင်ချင်မှ အဆုံးဖြစ်ပါတယ်။ ပါတီတွေက အာဏာရလာရင် ပိုလို့တောင် ဆိုးပါတယ်။ ပါတီဥက္ကဌနဲ့ ဘယ်လိုပတ်သက်လို့၊ ဝန်ကြီးချုပ်နဲ့ ဘယ်လိုပိုင်လို့၊ ပါတီစီအီးစီထဲမှာပါသူနဲ့ ဘာဖြစ်လို့၊ ညာဖြစ်လို့ ဆိုတာတွေက အများကြီးရှိပါတယ်။ အစိုးရ ထိပ်ပိုင်းအလွှာမှာဖြစ်ဖြစ်၊ စစ်တပ်ထဲမှာပဲဖြစ်ဖြစ် ဒီလိုသဘောပါပဲ။ နောက်ဆုံး သာသနာရေးထဲမှာ ကျောင်း ထိုင်ဘုန်းကြီးနဲ့ပဲဖြစ်ဖြစ်၊ ဂေါပကအဖွဲ့မှာပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးကိစ္စတွေက နေရာတိုင်းမှာ ပါနေပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ လူမှုဓလေ့တစ်ခုလိုဖြစ်နေပါတယ်။ ဒါဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်တယ်ဆိုတာ သက်သေ သာဓကတွေ အများကြီးရှိပါတယ်။

၂) ဒုတိယပီက political ဖြစ်ပါတယ်။ နေရာတိုင်းမှာ နိုင်ငံရေးပါနေပါတယ်။ everywhere is political လို့ ပြောချင်ပါတယ်။

နိုင်ငံရေးသမားတွေက ဟောပြောစင်မြင့်တွေပေါ်ရောက်ရင် အမြဲတမ်းလိုလို ပြောတဲ့စကားရှိတယ်။ အဲဒါကတော့ “ဒါဟာနိုင်ငံရေးပြဿနာဖြစ်တယ်…. နိုင်ငံရေးနည်းနဲ့ဖြေရှင်းမှရမယ်” ဆိုတဲ့စကားလုံးကို အသိန်း အသောင်းချီ ကြားခဲ့ရပါတယ်။ ကြားလည်း ကြားနေရဆဲဖြစ်ပါတယ်။ နိုင်ငံရေးသမားဟာ သူ့အာဂျင်ဒါထဲ ရောက်အောင် ပြည်သူကို ဆွဲခေါ်တဲ့အခါမှာ ဒီစကားမျိုးကို ပြောတတ်ပါတယ်။ ပြောတာကိုလည်း ပြည်သူက ယုံပါတယ်။

နေရာတိုင်း ကဏ္ဍတိုင်းမှာ နိုင်ငံရေးဇာတ်သွင်းခံနေရလို့ မြန်မာပြည်ဟာ အမြဲတမ်းလိုလို နိုင်ငံရေးတစ္ဆေခြောက် ခံနေရပါတယ်။ နိုင်ငံရေးသရဲသဘက်တွေကလည်း ပေါပါတယ်။ တိုင်းပြည်အုပ်ချုပ်တာ၊ ပြည်သူကို ဝန်ဆောင် မှုပေးတာ၊ မူဝါဒချတာတွေ၊ လုပ်ပိုင်ခွင့်ပေးတာတွေ၊ ပြည်သူ့စားဝတ်နေရေးကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စ၊ ပညာရေး၊ ဘာသာရေး၊ လူမျိုးရေး၊ သာသနာရေး၊ လူမှုရေး၊ စစ်ရေး ၊ လုံခြုံရေး စတဲ့ကိစ္စအားလုံးဟာ နိုင်ငံရေး ဇာတ်သွင်းခံနေရလို့ နိုင်ငံရေးပြဿနာတွေထဲမှာပဲ တဝဲလည်လည်ဖြစ်ပြီး မငြိမ်းချမ်းနိုင်၊ မတည်ငြိမ်နိုင်၊ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်မစားသောက်နိုင်တွေ ဖြစ်နေရပါတယ်။ နေရာတိုင်းမှာ နိုင်ငံရေးဖြစ်နေပါ တယ်။ ဒီဘောင်ကို သွတ်သွင်းသူတွေ များတယ်။ နိုင်ငံရေးဘောင်ကို ကျုံ့အောင်လုပ်ဖို့ လိုပါတယ်။

နိုင်ငံရေးလို့ ပြောရင် အစိုးရလို့ မြင်ပါတယ်။ နေရာတကာမှာ နိုင်ငံရေးဖြစ်နေလို့ နေရာတကာမှာ အစိုးရပဲမြင်ပြီး အစိုးရကပဲ ပါနေလို့ ပြဿနာတွေဟာ မများသင့်ဘဲ များနေတာတွေ ရှိတယ်။ ခက်ခဲကျပ်တည်းတာတွေက မလိုအပ်ပဲ များလာတာတွေ ရှိတယ်။ တချို့ကိစ္စတွေဟာ သူ့ချည်းသက်သက်ဆိုရင် အဆင်ပြေတယ်။ နိုင်ငံရေး ပါလာလို့ အဆင်မပြေတာတွေ အများကြီး ရှိတယ်။ တချို့ အလုပ်တွေကလည်း ထိုနည်းလည်းကောင်းပဲ။ အစိုးရ မပါရင် အဆင်ပြေတယ်။ အစိုးရပါလိုက်လို့ သူ့အလိုလို အဆင်ပြေနေတာက ပိုခက်သွားတာတွေ အများအပြားရှိနေပါတယ်။

၃) တတိယပီကတော့ policy ဖြစ်ပါတယ်။ မူဝါဒကိစ္စဖြစ်ပါတယ်။ ပေါ်လစီကိစ္စဖြစ်ပါတယ်။

မြန်မာပြည်မှာ မူဝါဒနဲ့ ပတ်သက်ပြီး ရွေး ချယ်စရာ သိပ်များများစားစား မရှိဘူး။ မူဝါဒကောင်းကို ချနိုင်ဖို့ ခက်သလို၊ မူဝါဒကို လက်တွေ့ကျကျ အကောင် အထည်ဖော်ဖို့က အခက်ဆုံးဖြစ်နေတယ်။ အစိုးရလုပ်တဲ့သူဟာ မူဝါဒကို ဆုံးဖြတ်တယ်။ ပညာရှင်က မူဝါဒကို အကြံပြုတယ်။ ဗြူရိုကရေစီက မူဝါဒကို အကောင်အထည်ဖော်တယ်။ မီဒီယာက မူဝါဒကို စောင့်ကြည့်တယ်။ ဒီနည်းနဲ့ မူဝါဒဖြစ်စဉ်ဟာ လည်ပတ်နေပါတယ်။ အဆင့်တိုင်းမှာ လိုအပ်ချက်တွေ အများကြီးကြုံနေရပါတယ်။

မူဝါဒ ရွေးချယ်ရာမှာလည်း နိုင်ငံရေးပါနေတယ်။ မူဝါဒ ထုတ်ပိုးမှုမှာလည်း အရည်အသွေးပိုင်း ညံ့ဖျင်းတယ်။ မူဝါဒဆုံးဖြတ်ရာမှာလည်း ဘက်အစွဲမကင်းဘူး။ မူဝါဒ အကောင်အထည်ဖော်ရာမှာလည်း ကိုယ်ကျိုးစီးပွားတွေ ပါနေတယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲက အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေ၊ အစိုးရတွေမှာ မူဝါဒ ဆိုတာကို ကောင်းကောင်း နားလည်သဘောပေါက်ပြီး စနစ်တကျ အကောင်အထည်ဖော်တယ်ဆိုတာ ကောင်း ကောင်းကန်းကန်း ရှိရဲ့လား ဆိုတာ မေးခွန်းထုတ်ဖို့ လိုပါတယ်။ ကိုယ့်ဘာသာ ပြန်ကြည့်ရင် သိပါတယ်။

၄) နောက်ပီတစ်ခုကတော့ Performance ဖြစ်ပါတယ်။ လုပ်ရည်ကိုင်ရည်လို့ အဓိပ္ပာယ်ဖွင့်ချင်ပါတယ်။

• အိရော အိရောနဲ့ အလုပ်လုပ်တာတွေ
• လုပ်ငန်းခွင်ထဲက ငပျင်းတွေ
• မလုပ် ၊ မရှုပ် ၊ မပြုတ်တွေ
• ရေသာခို ၊ အချောင်လိုက်တဲ့ ကောင်တွေ
• Free Rider တွေ
• နှမ်းဖြူးတဲ့သူတွေ
• လေဖမ်းဒန်းစီးပြီး Follow လိုက်သူတွေ
• ရောယိမ်းလိုက် ဘသားယိမ်းလိုက်နဲ့ အစွမ်းအစ မထုတ်တဲ့သူတွေ
• မှေးလိုက်၊ မှိန်းလိုက်နေတဲ့သူတွေ

လုပ်ငန်းခွင်ထဲမှာ ၊ အဖွဲ့အစည်းတွေထဲမှာ၊ ဌာနဆိုင်ရာတွေထဲမှာ အများကြီး ရှိနေပါတယ်။ ဒီလိုလူမျိုးတွေ များ တဲ့ အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ မှေးမှိန်ဖျော့တော့ပြီး ပျောက်ပျက်သွားပါလိမ့်မယ်။ ဒီလိုလူတွေ ရှိနေတဲ့ အဖွဲ့အစည်း၊ ဌာနတွေဟာ ကင်ဆာရောဂါ စွဲတဲ့သူနဲ့ တူတယ်။ သေမှာ ကြိမ်းသေပဲ။ ခုခံအားကျဆင်းမှုကူးစပ် ရောဂါလိုပဲ။ ဒီလိုလူတွေ၊ ဒီလိုစရိုက်တွေ ရှိနေတဲ့ အဖွဲ့အစည်းမှာ တခြားလူကောင်း လူတော်တွေ၊ လူစွမ်း လူစရှိတဲ့သူတွေဆီပါ ကူးစပ်နိုင်တယ်။ ဒါကို ခေါင်းဆောင်တော်တော်များများ၊ လူကြီးတော်တော်များများက သတိမထားမိဘူး။ အဲသည်လို လူတွေ ရှိတဲ့ဌာနထဲကို လူတော်တစ်ယောက်ရောက်သွားခြင်းဟာ အိမ်သာရေ ပုံးထဲ ရေသန့် လောင်းထည့်လိုက်သလိုပဲ။ တော်တဲ့လူပါ ပျက်သွားတယ်။

ငပျင်းတွေ၊ ငပိန်းတွေ၊ အချောင်သမားတွေ၊ နှမ်းဖြူးတွေ၊ ရေသာခို ဖောလိုလိုက်သူတွေ၊ ပရမ်းပတာ အလေ နက်တောတွေနဲ့ အချိန်ဖြုန်းနေတဲ့သူတွေဟာ လူ့အဖွဲ့အစည်းရဲ့ ရန်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ဓာတ်တွေက အဖွဲ့အစည်းထဲမှာ ဌာနထဲမှာ လူ့အဖွဲ့အစည်းထဲမှာ ကူးစပ်ပျံ့နှံ့တတ်တယ်။ သတိမထားနိုင်ရင် ကုရခက်သွား ပြီ။
မြန်မာတွေဟာ ပင်ကိုယ်ဗီဇအရ ထက်မြက်ပါတယ်။ ဒါပေမယ့် ရေသာခို နှမ်းဖြူးနဲ့ ငပျင်းတွေဆီကနေ အချင်းချင်း ဓာတ်တွေ ကူးကုန်လို့ ကိုယ်စွမ်းကိုယ်စ မထွက်တာတွေ၊ လုပ်ရည်ကိုင်ရည် ညံ့ဖျင်းတာတွေ အများ ကြီးဖြစ်လာပါတယ်။

နောက်ဆုံးမှာ ပုံပြင်လေး တစ်ပုဒ် ပြောပြချင်ပါတယ်။
လူတစ်ယောက်က ပြောတယ်။

“ငါ့ ဘကြီးက သိပ်တော်တာ…..” တဲ့
“ငါ့ဘကြီးက သူစိတ်ပါလို့ လယ်ထွန်ရင် ၊ လယ်တကွက် တစ်မနက်ပဲ….” တဲ့
“ဒါပေမယ့်…. သူသေသာ သေသွားတယ်…. တခါမှ စိတ်မပါလိုက်ဘူး..” တဲ့
မြန်မာပြည်မှာလည်း….၊ လယ်ထွန်ရင် လယ်တကွက် တစ်မနက်ပဲ… လို့ ပြောပြီး လူသာ သေသွားတယ်၊ တခါမှ လယ်မထွန်သွားတဲ့ သူတွေ မြောက်မြားစွာ ရှိနေကြောင်း သတိပေးလက်တို့ လိုက်ရပါတယ်။

မင်းသေ့
ည ၉ း ၀၂
၈ ၊ နိုဝင်ဘာ၊ ၂၀၁၉
ရန်ကုန်မြို့။

Previous post ကျနော်
Next post အခန်း (၁) ဖွင့်ဟသီကုံးမှု