သမိုင်းဟာ အတိတ်ဖြစ်ပါတယ်။

သမိုင်းဟာ အတိတ်က ကိစ္စဖြစ်ပါတယ်။

အတိတ်ကို အာရုံပြုပါများတဲ့အခါမှာ အနာဂတ်ဟာ ရှေ့မရောက်တော့ဘူး။

သမိုင်းဆိုင်ရာကိစ္စတွေကို စာအုပ်တွေထဲနေ လေ့လာတယ်။ လူတွေထဲကနေလေ့လာတယ်။ သမိုင်းအမြင်တွေ ဟာ သိပ်ဆန်းကြယ်တယ်။ အတွေ့အကြုံရှိတဲ့လူတွေ၊ ဖြတ်သန်းမှု ရှိခဲ့တဲ့လူတွေ၊ စာဖတ်ပေဖတ်ရှိတဲ့လူတွေ၊ ကိုယ့်လူ့အသိုင်းအဝိုင်းကို အမှုမဲ့အမှတ်မဲ့မနေဘဲ ဂရုတစိုက်ကြည့်တတ်တဲ့လူတွေဆီက ရတဲ့သမိုင်းအမြင်ဟာ အမြင်သစ်တွေကို ရတယ်။ မြင်ထားပြီးသားအရာတွေဟာ ပိုလို့ ပုံပေါ်လာတယ်။ အဆက်အစပ်တွေကို နားလည် လာရတယ်။ ဆက်ထုံးတွေကို ဆုပ်မိကိုင်မိဖြစ်လာတယ်။

အတိတ်စွဲဝေဒနာ

သမိုင်းကြောင်းဆိုင်ရာကိစ္စတွေကို ဆန်းစစ်ရင်းနဲ့ တွေးမိလာတဲ့ကိစ္စတွေ ရှိတယ်။ သမိုင်းကို လေ့လာရခြင်း ရည်ရွယ်ချက်။ သမိုင်းလေ့လာမှုကနေရလာတဲ့ ခံယူချက်အမြင်။ ကျနော်တို့မှာ သမိုင်းလေ့လာခြင်းနဲ့ ပတ်သက်ပြီး ခံယူမှုလွဲနေကြတာကို မြင်မိတယ်။ သမိုင်းကို လေ့လာရတာဟာ အတိတ်ကို လေ့လာတာ ဖြစ်ပေမယ့် အတိတ်အတွက် မဟုတ်ပါဘူး။ အနာဂတ်အတွက် ဖြစ်ပါတယ်။ ပစ္စုပ္ပန်အတွက်ဖြစ်ပါတယ်။ လက်ရှိပစ္စုပ္ပန်ကို ပိုပိုနားလည်လာဖို့အတွက် သမိုင်းကို လေ့လာရခြင်း ဖြစ်ပါတယ်။ သမိုင်းကို လေ့လာတာဟာ အတိတ်မှာ နေထိုင်ဖို့ မဟုတ်ပါဘူး။ သမိုင်းကို ဖတ်ရတာဟာ အတ္တကို ဖော်ဖို့ မဟုတ်ပါဘူး။ လက်ရှိပစ္စုပ္ပန်ကို အရှိတရားအတိုင်း သိအောင် လုပ်ပြီး အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် ပုံဖော်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် လူတော်တော်များများဟာ သမိုင်းကို လေ့လာကြတယ်။ သမိုင်းကို ဖတ်ကြပေမယ့် အတိတ်ရဲ့အကျဉ်းသား အဖြစ် ရောက်ကုန်ကြတယ်။ သမိုင်းကိုလေ့လာရင်း အတိတ်တွေထဲမှာ ပိတ်မိကုန်တယ်။ သမိုင်းကိုလေ့လာရင်း အတိတ်ထဲမှာ ကျောက်ချနေထိုင်လိုက်ကြတော့တယ်။


သမိုင်းဟာ အတိတ်ဖြစ်ပါတယ်။ သမိုင်းဟာ အတိတ်က ကိစ္စဖြစ်ပါတယ်။ အတိတ်ကို အာရုံပြုပါများတဲ့အခါမှာ အနာဂတ်ဟာ ရှေ့မရောက်တော့ဘူး။ သမိုင်းဆိုတာ လေ့လာရကောင်းတဲ့အမျိုး ဖြစ်ပါတယ်။ သမိုင်းဟာ အတိတ်ရဲ့မှတ်တမ်းဖြစ်ပါတယ်။ သမိုင်းကို ဘက်အစွဲတွေနဲ့ ရေးတတ်ကြတာဖြစ်လို့၊ တတ်နိုင်သမျှ မျက်နှာ ပေါင်းစုံကနေ ခွာကြည့်၊ ကပ်ကြည့်နိုင်မှ ဖြစ်စဉ်ကို အဖြစ်အတိုင်းမြင်နိုင်ပါလိမ့်မယ်။ အတိတ်ကို မှတ်တမ်း တင် ထားတဲ့ကိစ္စတွေမှာ အဂတိအစွဲတွေ ဒုနဲ့ဒေး ဖြစ်နေပါတယ်။

ဒေါက်တာသန်းထွန်းက ပြောဖူးတယ်။ သမိုင်းကို ဘာ့ကြောင့်လေ့လာရသလဲ ဆိုတော့ မ,အ အောင်လို့… လို့ ပြောခဲ့ဖူးတယ်။ သမိုင်းကို လေ့လာကြတဲ့လူတွေဟာ အတော့ မအကြတော့ဘူး။ သို့ပေမယ့် အတိတ်ရဲ့သမိုင်း ထဲမှာပဲ ပိတ်မိနေကြတယ်။ အတိတ်က အကြောင်းတွေကိုပဲ အမြဲတမ်း စားမြုပ်ပြန်ပြီး အာသာဖြေနေကြတယ်။ သမိုင်းကို လေ့လာတဲ့ခံယူချက်အမြင်ဟာ တစ်ဦးချင်းမှာ သိပ်အရေးကြီးတယ်လို့ ထင်ပါတယ်။ သမိုင်းကို ဘယ် မှန်ပြောင်းနဲ့ကြည့်သလဲ ဆိုတာ အရေးကြီးသလို မှန်ပြောင်းထဲကနေ မြင်လာရတဲ့ မြင်ကွင်းကို ဘယ်ပုံမှတ်ယူ သလဲဆိုတာလည်း သိပ်အရေးကြီးပါတယ်။ အခုဖြစ်နေတဲ့ကိစ္စကတော့ သမိုင်းအမြင် ကိစ္စဖြစ်ပါတယ်။
တို့တတွေ ဘယ်လို မြင်ကြမလဲ။

လေ့လာမှု၊ စူးစမ်းမှုတွေဟာ သိမှုအတွက်ဖြစ်ပါတယ်။ သိမှုဟာ ဘာအတွက်လဲ။ သိမှုဆိုတာ ဘာ့ကြောင့်ဆိုတဲ့ အဖြေတွေကို ရှာဖွေပါတယ်။ ဘာ့ကြောင့်ဆိုတာကို သိလာရရင် ဘာဆက်လုပ်မလဲ။ အတိတ်မှာပဲ ဆက်ရှိနေ မလား။ ရလာတဲ့တွေ့ရှိချက်ကို ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် သုံးမလား။

အတိတ်ဆိုတာ ပြီးပြီးသား ကိစ္စဖြစ် တယ်။ သမိုင်းဆိုတာ ပြီးပြီးသား ကိစ္စဖြစ်တယ်။ သမိုင်းကိစ္စတွေကို ချည်းကပ်ကြည့်လိုက်ရင် အမြဲတမ်းလိုလို ဖြစ်တည်ပျက်နေတာကို တွေ့ရတယ်။ သမိုင်းဖြစ်ရပ်တွေဟာ အမြဲတမ်းလိုလို ပြောင်းလဲနေတယ်။ သမိုင်းဟာ သံသရာလည်သလို တစ်ပတ်လည်ပြီးလည်း ဖြစ်တည်နေ တတ်တယ်။ သမိုင်းကို လေ့လာရတာ အနာဂတ် အတွက်ဖြစ်သင့်ပါတယ်။ အတိတ်ကကိစ္စတွေကိုချည်း ပြန်လည် စားမြုပ်ပြန်ပြီး ချေးခြောက်ရေနူး မနေသင့်ဘူး။

အမှန်ကို အမှန်အတိုင်း ပြောခွင့်ရတဲ့ကာလ နည်းခဲ့ပါတယ်။ ဒါ့ကြောင့် ပွင့်လင်းလွတ်လပ်လာတုန်း ပြောချင်တာ တွေ ပြောပစ်လိုက်မယ်ဆိုတာကတော့ ဖြစ်တတ်ပါတယ်။ သဘာဝကျပါတယ်။ ဒါပေမယ့် ဒါဟာ လမ်းဆုံးမဟုတ် ဘူး။ ဒါဟာ ပန်းတိုင် မဟုတ်ဘူး။


ဒဏ်ရာအနာတရတွေ များတဲ့လူ့အဖွဲ့အစည်းမှာ နာကျည်းချက်တွေ ပြင်းထန်တတ်တာ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် မျိုးဆက်ဟာ တစ်ဆက်နဲ့တစ်ဆက် ပြောင်းသွားတယ်။ ဒဏ်ရာတွေက အနာမကျက်ဘဲ သေဆုံးသွား ခဲ့ကြတယ်။ ဒီလိုနဲ့ အနာတရတွေအတွက် ဒဏ်ရာဒဏ်ချက်တွေကို ဆက်လက် လက်ဆင့်ကမ်းကြတော့တယ်။ ပျောက်ဆုံးသွားသောမျိုးဆက်ရှိခဲ့သလို၊ ဖြစ်ထွန်းလာမယ့် မျိုးဆက်လည်း ရှိတယ်။ ဖြစ်ထွန်းလာမယ့် မျိုးဆက် ဟာ အတိတ်ကိုချည်း အာရုံပြုနေရင် ရှေ့မရောက်ဘူး။ အနာဂတ်ကိုလည်း ဖန်တီးနိုင်မှာ မဟုတ်ဘူး။

အတိတ် စွဲ အားကြီးသော မြန်မာပြည်

နာကျင်လူ့အဖွဲ့အစည်း

သမိုင်းဖြတ်သန်းမှုတွေဟာ လူ့အဖွဲ့အစည်းကို ပုံဖော်ထုဆစ်ပါတယ်။ သမိုင်းနာကျည်းချက်တွေဟာ လူ့အဖွဲ့ အစည်းရဲ့အနာဂတ်ကို ပြဌာန်းနိုင်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ခံယူချက်အမြင်ကလည်း ပစ္စုပ္ပန်နဲ့ အနာဂတ်ကို စီရင်နေပါတယ်။ လူ့အဖွဲ့အစည်းဟာ လူတွေ ပုံဖော်တည်ဆောက်ထားတဲ့ နှုန်းစံတွေအထဲမှာ ရှင်သန် ထမြောက်ရတယ်။ လူမှုတည်ဆောက်ပုံတွေဟာ ယိုယွင်းတတ်တယ်။ ပြောင်းလဲတတ်တယ်။ ပြုပြင်ခံရတတ် တယ်။ လူမှုသဘောတွေက လူတစ်ဦးချင်းစီမှာ ရိုက်ခတ်တယ်။ ခေတ်စနစ် အပြောင်းအလဲတွေတိုင်းမှာ လူမှု သဘောအသစ်တွေကို မွေးထုတ်ပေးတတ်တယ်။ ဖြစ်ထွန်းလာတဲ့ လူမှုသဘောတွေနဲ့ တည်ဆဲလူမှုသဘော တွေအကြား တိုးတိုက်မှုတွေဖြစ်တတ်တယ်။ ဒါဟာ လူမှုပဋိပက္ခကို မွေးထုတ်တဲ့ အကြောင်းတရားဖြစ်တယ်။

ပစ္စုပ္ပန် ကိစ္စ

လက်တလောကိစ္စကိုချည်း ကြည့်လွန်းရင် အမြင်တိုရာကျတယ်။ အမြင်ကျဉ်းရာကျတယ်။ လက်တွေ့ဆန်ရာ ကျတယ်။ အနာဂတ်ကို ကြည့်လွန်းရင်လည်း စိတ်ကူးယဉ်ဆန်ရာကျတယ်။ လက်တွေ့နဲ့ကင်းကွာတတ်တယ်။ သမိုင်းအမြင်ဟာ အရှိတရားအပေါ်မှာ အခြေခံပြီး အနာဂတ်ကို တည်ဆောက်ဖို့အတွက် အထောက်အကူပြု သင့်တယ်။ အရှိတရားပေါ်မှာ အခြေမခံဘဲ အတ္တနဲ့နာကျည်းချက်အပေါ်မှာ ထိုင်ထားတဲ့ သမိုင်းအမြင်ဟာ တိုးတက်မှုကို မဖြစ်ထွန်းစေဘူး။ ဒဏ်ရာအသစ်တွေကိုသာ ဖြစ်ထွန်းစေလိမ့်မယ်။ ဒဏ်ရာအသစ်တွေဟာ အနာ တရ အသစ်တွေဖြစ်ပြီး နာကျည်းချက်အသစ်တွေကို မွေးဖွားပေးတယ်။ ဒီလိုနဲ့ နာကျင်လူ့အဖွဲ့အစည်းဟာ ပစ္စုပ္ပန်မှာ သက်ဆိုးရှည်နေတယ်။

အနာဂတ်ကိစ္စ

အငြိုးတွေ၊ အာဃာတတွေ၊ နာကျည်းချက်တွေနဲ့ လူ့အဖွဲ့အစည်းဟာ အနာဂတ်ကို ကောင်းကောင်းပုံဖော် တည်ဆောက်နိုင်ပါ့မလား။ အသစ်အသစ်ဖြစ်ထွန်းလာတဲ့ လူမှုသဘောတွေကို နာကျင်မှုအခံနဲ့ပဲ တုံ့ပြန်မှာပေါ့။ မြန်မာ့လူ့အဖွဲ့အစည်းဟာ ရန်လိုတတ်တယ်၊ တိုက်လိုခိုက်လိုစိတ်ပြင်းထန်တယ်၊ စစ်စရိုက်ဆန်တယ်၊ ဟော့ ဟော့ရမ်းရမ်း တုံ့ပြန်တတ်တယ်၊ ဒုံးဒုံးဒိုင်းဒိုင်း ၊ ဂမူးရှူးထိုး ၊ မိုက်မိုက်ကန်းကန်း ဇွတ်တိုးတတ်တယ်။ ဒီလို လူ့အဖွဲ့အစည်းမျိုးဟာ တည်တည်ငြိမ်ငြိမ်နဲ့ အနာဂတ်ကိစ္စတွေကို တွေးခေါ်စဉ်းစားနိုင်စွမ်းရှိပါ့မလား။ လက် တလောကိစ္စတွေမှာ အတိတ်ရဲ့လွှမ်းမိုးမှုနဲ့ ဖြတ်သန်းတဲ့ ပစ္စုပ္ပန်မှာ အနာဂတ်ကောင်းကောင်း ရှိနိုင်သလား။

အနာဂတ်ကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းများများ မေးနိုင်ဖို့ လိုမယ်ထင်ပါတယ်။ အနာဂတ်အမြင်ဟာ အရေးကြီး ပါတယ်။ ပစ္စုပ္ပန်အမြင်ဟာ အရေးကြီးပါတယ်။ အတိတ်အမြင်ဟာ အရေးကြီးပါတယ်။ သမိုင်းဟာ အတိတ်ဖြစ် လို့ သမိုင်းအမြင်ဆိုတာ အတိတ်အမြင်ဖြစ်ပါတယ်။ အတိတ်အမြင်ဟာ အနာဂတ်အမြင်ကို ပုံဖော်ထုဆစ်နေပါ တယ်။ လက်တလော ပစ္စုပ္ပန်တည့်တည့်ကို ကြည့်ပြီး သတိချပ်စေလိုပါတယ်။

• တို့တတွေဟာ အတိတ်လွမ်းဝေဒနာ အားကြီးတဲ့လူ့အဖွဲ့အစည်းလား။
• သို့တည်းမဟုတ်….
• တို့တတွေဟာ နာကျင်မှုခံစားချက် မရှိရင် မနေတတ်တဲ့ လူ့အဖွဲ့အစည်းလား။
• နာကျင်မှုကို ကိုယ်ကိုယ်တိုင် မွေးဖွားယူနေသလား။
• နာကျင်မှုရှိမှ နေတတ်တဲ့ လူ့အသိုင်းအဝိုင်းလား။
• နာကျင်မှုနဲ့ ရှေ့ဆက်လို့ ရသလား။
• နာကျင်မှုဟာ အနာဂတ်ကို ဘယ်လောက်အထောက်အပံ့ပြုမှာလဲ။

@@@

နိုင်ငံရေးအရွေ့ဟာ လူမှုအရွေ့လိုက်မလာရင် တိုးတက်တဲ့ခြေလှမ်းကို မလှမ်းနိုင်ဘူး။ အရွေ့တွေဟာ ဟန်ပြ ဖြစ်လို့မရဘူး။ ယောင်ပြဖြစ်လို့ မရဘူး။ လူမှုအရွေ့ကို တွန်းဖို့ လိုတယ်။ နိုင်ငံရေးအရွေ့ကို တွန်းဖို့အတွက် တာဝန်သတ်သတ်မှတ်မှတ်ပေးထားနိုင်တဲ့ အခင်းအကျင်းမျိုးရလာနေပြီ။ ဒါပေမယ့် လူမှုအရွေ့ကို တွန်းဖို့ကျ တော့ လူ့အဖွဲ့အစည်းမှာ တာဝန်သတ်သတ်မှတ်မှတ် မရှိ။ တာဝန်သိသူသာ၊ တာဝန်ရှိသလိုဖြစ်နေတယ်။ ဩဇာကြီးတဲ့ နိုင်ငံရေးသမားတွေဟာ လူမှုအသွင်အပြင်ကို ပုံဖော်နိုင်စွမ်းရှိပါတယ်။ ဩဇာကြီးတဲ့ စာပေ၊ အနု ပညာသမားတွေကလည်း လူမှုအသွင်အပြင်ကို ပုံဖော်နိုင်စွမ်းရှိပါတယ်။ လူမှုအရွေ့ကို တွန်းတဲ့ကိစ္စဟာ တစ် ယောက်တည်း၊ တစ်စုတည်း၊ နယ်ပယ်တစ်ခုတည်းနဲ့ ပတ်သက်နေတာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးနဲ့ ပတ်သက်နေပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းဟာ လမ်းဆုံလမ်းခွတွေနဲ့ ခဏခဏ ကြုံရတယ်။ အခုလည်း ကြုံနေရတယ်။ ဘာကို ရွေး မလဲဆိုတာ မသဲကွဲဘူး။ မပြတ်သားဘူး။ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ရွေးစရာ သိပ်များများစားစား မရှိဘူး။ ပညာချို့တဲ့လူ့အဖွဲ့အစည်းမှာ ရွေးစရာများများစားစား ရှိမနေတတ်ဘူး။ လမ်းဆုံလမ်းခွတွေမှာ တစ်ဆို့နေပြီး ပဋိပက္ခတွေဖြစ်နေတာ တွေ့ရတယ်။ မြန်မာပြည်ဟာ ရောက်အောင်လျှောက်ဖို့အတွက် ခြေထောက်လည်း မသန်ဘူး။ လမ်းလည်း မရွေးနိုင်ဘူး။ လမ်းညွှန်ဆိုင်းဘုတ်ကလည်း သဲသဲကွဲကွဲ မမြင်ရဘူး။ နှလုံးသားမှာလည်း ဒဏ်ရာက မကျက်သေးဘူး။ ခရီးကြမ်းရှည်ရှည်ဖြတ်ခဲ့ရတော့ ဝမ်းမီးကလည်းတောက်နေပြီ။ ဝမ်းကလည်း ဟာနေပြီ။

သူ့သဘော သူဆောင်နေသည့် လူ့အဖွဲ့အစည်းဟုပြောရင် လွန်လေမလား။

မင်းသေ့
ည ၇ း ၀၁
၂၈ ၊ ဇွန် ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post ကျေးလက်တောရွာက ဆရာ ဆရာမတွေ…
Next post ပါတီနိုင်ငံရေး နှင့် နိုင်ငံရေးပါတီ