ပညာရေးဟာ နိုင်ငံ့ရဲ့ အနာဂတ်ကို ပြဌာန်းပါတယ်။ အခြေခံကျောင်းတွေဟာ ကလေးသူငယ်တွေရဲ့ ဘဝ အခြေခံ အုတ်မြစ်ကို တည်ဆောက်ပေးတဲ့ ဌာနဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံကျောင်းတွေရဲ့ အဓိက မောင်း နှင်အားဖြစ်တဲ့ ဆရာ ဆရာမတွေရဲ့ လုပ်ငန်းခွင်ဘဝ၊ ဘဝရပ်တည်မှု၊ စိတ်လုံခြုံမှုအခြေအနေ၊ လူနေမှု အဆင့် အတန်း ဆိုတာတွေက အလွန် အရေးကြီးပါတယ်။ အလွန်အရေးပါပါတယ်။ ကျေးလက်က ဆရာဆရာမတွေ အတွက် လူမှုလှုပ်ရှားမှု အစီအစဉ်တွေ ရှိပါသလား။ တက်ကြွလှုပ်ရှားသူ ဆိုသူတွေ နိုင်ငံ့အနာဂတ်အတွက် အရေးကြီးတဲ့ အခြေခံကျောင်းအရေးကိစ္စတွေကို ဇောင်းပေး ဦးတည်ကြပါသလား။ ရေးတတ်သူ သားတတ် သူတွေဟာ အခြေခံကျောင်းအရေးကိစ္စကို ဘယ်လောက် အာရုံစိုက်ကြသလဲ။

ကျနော်တို့ ကိုယ်တိုင် ငယ်ရာက နေ ကြီးလာတယ်။ ငယ်စဉ်က အဖြစ်အပျက်တွေဟာ မမေ့နိုင်ဘူး။ ကြုံတွေ့ ခဲ့ ရတဲ့ ဆရာ ဆရာမတွေရဲ့ စရိုက်အပြုအမူတွေဟာ ကျနော်တို့ ဘဝကို လွှမ်းမိုးခဲ့တယ်။ ကောင်းတာတွေရော၊ ဆိုးတာတွေရော။ အခြေခံကျောင်းတွေဟာ မြန်မာပြည်မှာ အများအပြား ရှိတယ်။ အခြေခံကျောင်းကိစ္စဟာ ပုဂ္ဂလိကပိုင် လုပ်ပစ်လို့ ရကောင်းတဲ့ အရာ မဟုတ်ဘူး။
မြို့ကြီးပြကြီးတွေမှာ ပညာတတ် လူဂုဏ်တန် သားသမီးတွေအတွက် အခြေခံ ကိုယ်ပိုင် ပုဂ္ဂလိက ကျောင်းတွေ က အပြိုင်အဆိုင် အခွင့်အလမ်းတွေ ဖန်တီးပုံဖော်ပေးနိုင်တယ်။ ဒါပေမယ့် မြန်မာ့ကျေးလက်တောရွာ အခြေခံ ကျောင်းတွေ အရေးကတော့ အခုအချိန်ထိ လျစ်လျူရှုခံနေရဆဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ အနာဂတ် အတွက် မကောင်းနိုင်ဘူး။ ကျေးလက်မှာ ဆရာ ဆရာမတွေ ပျော်ပိုက်မှာ ကောင်းပါလိမ့်မယ်။

ကျေးလက်မှာ အခြေခံကျောင်းဆရာ ဆရာမတွေကို ဘယ်လို ပျော်အောင် ထားကြမလဲ။ သူတို့တွေ နေပျော်မှ ကျေးလက်က ကလေးတွေရဲ့ ဘဝ အခြေခံအုတ်မြစ်က ကောင်းမယ်။ ကလေးတွေဟာ နိုင်ငံရဲ့အနာဂတ်ကို ပုံဖော်ကြမယ့်သူတွေ ဖြစ်ပါတယ်။

သူတို့ ပျော်ကြသလား….

တို့မြန်မာပြည်က ကျောင်းဆရာတွေ၊ ဆရာမတွေထဲမှာ ကျေးလက်တောရွာမှာ ပျော်သူ ဘယ်နှယောက်ရှိပါ သလဲ။ ရှိနိုင်ပါတယ်။ သို့ပေမယ့် ရှားပါလိမ့်မယ်။ တောက လာတဲ့ ဆရာဟာ တောမှာ ပျော်တယ်။ ရွာက လာတဲ့ ဆရာမက ရွာမှာ ပျော်တယ်။ ဒါပေမယ့် ကျေးလက်တောရွာမှာ ကျောင်းဆရာ ဆရာမ လုပ်နေတဲ့သူ တွေနဲ့ မြို့မှာ ဆရာ ဆရာမ လုပ်နေသူတွေ ဘယ်လောက် အချိုး ရှိနေပါသလဲ။ တောမကျ မြို့မကျ မြို့နီးနား တစ်ဝိုက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာတွေ ဘယ်လောက် ရှိနေပါသလဲ။ ကျနော်တို့မှာ ကိန်းဂဏန်း တိတိကျကျနဲ့ စာရင်းအင်း ပြုစုထားတာတွေ ရှိနေသင့်တယ်။

မြို့က ဆရာ ဆရာမ ဟာ ကျေးလက်တောရွာမှာ မပျော်ကြဘူး။ ကျေးလက်မှာ အမြဲတမ်းလိုလို တာဝန် မထမ်း ဆောင်ချင်ဘူး။ ဒါဟာ အပြစ် မဟုတ်ဘူး။ သို့ပေမယ့် မြန်မာပြည်ပညာရေးအတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ ဘာ့ကြောင့်ဆိုတဲ့ အကြောင်းအရင်းကို ဆန်းစစ်တွက်ချက်သင့်တယ်။ တောရွာမှာ ကျောင်းဆရာ ဆရာမ လုပ်ရတာ မလွယ်ပါ။ စားဝတ်နေရေး၊ နေရေးထိုင်ရေးက အစ မလွယ်ပါ။ ပညာရေး အသုံးစာရိတ် နည်းပါးတဲ့ မြန်မာနိုင်ငံအဖို့ ပိုပြီး မလွယ်ကူပါ။ အခြေခံ အဆောက်အအုံ အလုံအလောက် မရှိတာ၊ အခြေခံ လစာ နည်းပါးတာ၊ နိမ့်ပါးတာတွေဟာ ကျေးလက်မှာ ဆရာ ဆရာမတွေ မပျော်မွှေ့ခြင်းရဲ့ အကြောင်းရင်း ခံ ဖြစ်နေပါတယ်။

ကျေးလက်အခရာ

ကျေးလက်ဒေသဟာ မြန်မာပြည်မှာ ရာခိုင်နှုန်းအများကြီး ရှိနေပါတယ်။ မြို့နယ်အားလုံးဟာ မဖွံ့ဖြိုးပါ။ မြို့ကြီးတွေအားလုံးမှာလည်း လူမှုစီးပွားအခြေအနေ မတူကြပါ။ အားလုံးက ကိုယ်စီကိုယ်စီ ကွာဟနေကြတယ်။ ဒါပေမယ့် ကျေးလက်မှာ နေထိုင်တဲ့ လူဦးရေအရေအတွက်ဟာ ၇၀ % ကျော်လောက် ရှိနေပါတယ်။ ပညာရေး ဝန်ထမ်းတွေဟာ မြို့ကို ပြုံတိုးနေကြတယ်။ ရွာတွေမှာ တာဝန်ကျရင် မဖြစ်မနေမို့ တာဝန်ထမ်းဆောင်ကြရ တယ်။

ဆရာဆရာမတွေရဲ့ ဘဝရပ်တည်မှုကို လက်တွေ့ကျကျ ချည်းကပ်ဖို့ လိုပါတယ်။ ဆရာ ဆရာမတွေဟာ ကျေးရွာ အခြေခံကျောင်းတွေမှာ မပျော်ပိုက်တာ ဘာ့ကြောင့်ပါလဲ။ ကျေးလက် အခြေခံကျောင်းတွေမှာ ရှိနေတဲ့ ဆရာတွေဟာ သူတို့ရဲ့ သင်ကြားရေးဘဝမှာ ပျော်ပိုက်နေမှ မြန်မာပြည်ရဲ့ကလေးငယ်တွေ ဘဝက ပိုကောင်း မွန်လာနိုင်ပါတယ်။ ကျေးလက်မှာ နေထိုင်တဲ့ ကလေးငယ်တွေရဲ့ အနာဂတ်ဟာ မြန်မာပြည်ရဲ့ အနာဂတ်နဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။

တောသားတွေများတယ်

မြန်မာပြည်ရဲ့ ကဏ္ဍအသီးသီးက ထိပ်ပိုင်းနေရာတွေမှာ ရောက်နေတဲ့ လူတွေ ကို လေ့လာဆန်းစစ်ကြည့်ပါ။ တော်တော်များများဟာ တောသားတွေ ချည်းပါပဲ။ မြို့ကြီးပြကြီးကနေ တက်လာတဲ့သူတွေ ရှိတယ်။ ရာခိုင်နှုန်း အားဖြင့် နည်းပါတယ်။ စစ်ဘက်ထိပ်ပိုင်းနယ်ပယ်တွေကို ကြည့်ပါ။ တော်တော်များများက ကျေးလက်တော ရွာ က လာတဲ့လူတွေပါပဲ။ သံဃာတော်တွေ၊ ဓမ္မကထိကကြီး၊ ကျမ်းတတ် ဆရာတော်ကြီးတွေ၊ သာသနာပြု ဆရာတော်ကြီးတွေ ကြည့်လိုက်ပါ။ တော်တော်များများက ကျေးလက်တောရွာက တောသားတွေ များပါတယ်။ အောက်ခြေကနေ တက်လာပြီး ချမ်းသာလာကြတဲ့ သူကြွယ် သူဌေးတွေကို ကြည့်ပါ။ တော်တော်များများဟာ ကျေးလက်တောရွာကနေ ရှင်သန်ကြီးပြင်းလာခဲ့သူတွေ များပါတယ်။ စာပေနယ်ပယ်မှာလည်း ကြည့်ပါ။ အနုပညာ နယ်ပယ်မှာလည်း ကြည့်ပါ။ တော်တော်များများဟာ မြို့ကြီးပြကြီးမှာ မွေးဖွားလာကြသူတွေ မဟုတ် ပါဘူး။ တော်တော်များများက ကျေးလက်တောရွာမှာ မွေးဖွားပြီး တချို့လည်း ကျေးလက်ကနေ မြို့ပေါ်၊ တချို့ လည်း မြို့ပေါ်ကို ပြောင်းရွေ့အခြေချပြီး ထိပ်ပိုင်းနေရာတွေကို ရောက်လာကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာပြည်ရဲ့ အနာဂတ်ဟာ ကျေးလက်တောရွာမှာ ရှိနေတဲ့ ကလေးတွေရဲ့ အခြေအနေတွေပေါ်မှာ အများကြီး မူတည်နေပါတယ်။ အခုအချိန်ထိလည်း မူတည်နေဆဲဖြစ်ပါတယ်။
ကျေးလက်တောရွာတွေမှာ အခြေခံကျောင်းတွေ တော်တော်များများ ရှိကြတယ်။ ကျေးလက်မှာပဲ ကျောင်း ဆရာ ဆရာမ တာဝန်တွေကို ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတွေ ရှိတယ်။ မြို့ပေါ်ကနေ ကျောင်းဆရာ ဆရာမ အလုပ်ကို လုပ်ကိုင်နေသူတွေ ရှိတယ်။ အဲသည့် နှစ်ခု ဘယ်လောက်အချိုး ရှိသလဲ ဆိုတာတော့ မပြော နိုင်ပါ။ သို့ပေမယ့် ယေဘုယျအားဖြင့် ကျေးလက်မှာ ရှိတဲ့ ဆရာ ဆရာမတွေက ပိုများနိုင်ပါတယ်။

ပျော်အောင်ထား

ဘယ်လိုပဲဖြစ်ဖြစ် ကျေးလက်အခြေခံကျောင်းတွေမှာ ဆရာ ဆရာမတွေကို ပျော်ပိုက်အောင် ထားဖို့ လိုအပ် တယ်။ မြို့ပေါ်က ပြောင်းလာတဲ့ ဆရာ ဆရာမ ဖြစ်ဖြစ်၊ ကျေးလက်ကလာပြီး ကျေးလက်တောရွာမှာပဲ ဆရာ ဆရာမ လုပ်သူဖြစ်ဖြစ် သူတို့ရဲ့ လုပ်ငန်းခွင်ဘဝကို ပျော်ပိုက်အောင်၊ နေချင့်စဖွယ်၊ တာဝန်ထမ်းဆောင်ချင် စဖွယ်ဖြစ်အောင် လုပ်ဖို့က သက်ဆိုင်သူတွေမှာ တာဝန်ရှိပါတယ်။

အခြေခံကျောင်း ဘတ်ဂျက်

မြန်မာပြည်ရဲ့အခြေခံကျောင်းတွေအတွက် အစိုးရအသုံးစာရိတ် တိုးပေးရေးဟာ အထူးလိုအပ်နေတယ်။ အစိုးရ ချမှတ်ထားတဲ့ ဘဏ္ဍာငွေကိုလည်း ကောင်းကောင်းစီမံခန့်ခွဲနိုင်ခြင်းက အရေးကြီးပါတယ်။ သင်ရိုးသစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေ ရှိပါတယ်။ နွေရာသီ ကျောင်းပိတ်ကာလမှ ဆရာဆရာမတွေကို မြို့ပေါ်ခေါ် သင်တန်းပေးတာတွေ ရှိနေတယ်။ အပူချိန် မြင့်မားတဲ့ ဒီကာလမှ တော်တော်များများ ဆရာ ဆရာမတွေ အတွက် အတော် ကသီတယ်။ တစ်ဦးချင်း ထောက်ပံ့မှု စာရိတ် မလုံလောက်ဘူး။ နေရာထိုင်ခင်းနဲ့ စားရေး သောက်ရေးတွေ အဆင်မပြေခဲ့ဘူး။ နယ်အဝေးက လာကြတဲ့ ဆရာ ဆရာမတွေအဖို့ နေဖို့ ထိုင်ဖို့ အိပ်ဖို့ ကိုယ်လက်သန့်ရှင်းဖို့ အခြေအနေကောင်းတွေ မရှိတာ တွေ့ရကြားရပါတယ်။ ဒါဟာ ဘာလဲ။ ဒါဟာ ဘယ်လို ဖြစ်ရတာလဲ။

ပူပြင်းတဲ့ရာသီမှာ ဆရာ ဆရာမတွေဟာ အနားမနေရဘူး။ နေပူကြီးထဲမှာ ပြေးလွှားနေကြရတယ်။ ပူအိုင် လောင်စပ်နေတဲ့ အခန်းထဲမှာ သင်တန်းတက်နေရတယ်။ လေဝင်လေထွက်မကောင်းတဲ့နေရာ၊ လေအေးစက် မရှိ၊ ပန်ကာဆိုတာ မည်ကာမတ္တ။ အိမ်သာတွေက မသန့်ရှင်း။ မလုံလောက်။ လျှပ်စစ်မီးက မမှန်။ သုံးရေ ချိုးရေက မလုံလောက်။ ဒီလိုနေရာမျိုးမှာ သင်တန်းထောက်ပံ့စာရိတ် နည်းနည်းနဲ့ သင်ရိုးသစ်အတွက် ပြင်ဆင် သင်ယူကြရတယ်။ သူတို့တွေရဲ့ ဘဝဟာ သာယာစရာ မကောင်းပါဘူး။ ပျော်ပိုက်စရာ မကောင်းပါဘူး။ နေချင့်စဖွယ် မဖြစ်ပါဘူး။

ပျော်ရွှင်မှု စစ်တမ်း

အခြေခံကျောင်းတွေမှာ ဆရာမတွေ များပြီး ဆရာတွေ ဘာ့ကြောင့် နည်းနေရသလဲ။ အကြောင်းအရင်းတွေ ကို ထပ်ပြီး ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ အခြေခံကျောင်းဆရာ ဆရာမ ဘဝကို ကျေကျေနပ်နပ်ကြီး ပျော်မွေ့သူ ဘယ်နှစ်ယောက်ရှိပါသလဲ။ လက်ရှိ အခြေခံကျောင်း ဆရာတွေကို လုပ်ငန်းခွင် ပျော်ရွှင်မှု စစ်တမ်းတစ်ခု ကောက်ကြည့်လိုက်ရင် အဖြေက ထွက်လာနိုင်တယ်။ ရလဒ်ကတော့ အားရစရာ မရှိပါဘူး။ အားလုံးက အခြေ အနေအရ လုပ်နေကြရတာ ဖြစ်ပါတယ်။ လိုလိုလားလား လုပ်နေနိုင်သူဟာ အခြေအနေကောင်းလေးတွေကို အားယူဖန်တီးထားလို့ ဖြစ်ကောင်းဖြစ်မှာပါ။

ကျောင်းဆရာ ဆရာမဘဝကို မပျော်ပိုက်ခြင်း၊ ကျေးလက်အခြေခံကျောင်းတွေမှာ လုပ်ငန်းခွင်ပျော်ရွှင်မှု မရှိတဲ့ ဆရာ ဆရာမတွေ များပြားလာခြင်းဟာ မြန်မာပြည် အနာဂတ်အတွက် အဆိုးရလဒ်တွေကို ဖန်တီးပေးမယ့် အဓိက အကြောင်းအရင်းဖြစ်ပါတယ်။
ဆရာဆရာမတွေ ကျောင်းနေပျော်ရဲ့လား။

ကျောင်းသားတွေကို မမေးခင် ဆရာတွေကို အရင်မေးသင့်ပါတယ်။
သူတို့ လုပ်ငန်းခွင်မှာ မပျော်ပိုက်တာဟာ ရယ်စရာ မဟုတ်ဘူး။ ဟာသ မဟုတ်ဘူး။ ထိုးနှက်ဝေဖန်ရမယ့် ကိစ္စလည်း မဟုတ်ဘူး။

ဆရာဆိုတာ ပီတိစား အားရှိသည်… ဆိုတဲ့ စကားဟာ မြန်မာပြည်ထဲမှာ ဆွဲနှုတ်လို့ မရတဲ့ ဂျင်း အကြီးစားသာ ဖြစ်ပါတယ်။

လက်တွေ့ကျကျ စဉ်းစားပြီး အခြေခံကျောင်း ဆရာဆရာမတွေရဲ့ နေပျော်တဲ့ ဘဝရပ်တည်မှုဖြစ်အောင် အားပေးကူညီပြီး ပြုပြင်ပြောင်းလဲရေးများ အကြီးအကျယ် လိုအပ်နေပါကြောင်း အရေးတယူ တင်ပြလိုက်ပါ တယ်။

မင်းသေ့
ညနေ ၃ း ၄၉
၅ ၊ ဇွန် ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post စာသင်ခန်း ဆိုတာ……
Next post သမိုင်းအမြင်နဲ့ အတိတ် အနာဂတ်ကိစ္စ