• ပါတီတစ်ခုဟာ ဘယ်လောက် ဖြတ်သန်းခဲ့သလဲ။
• နိုင်ငံရေးခရီးကြမ်းမှာ ဘယ်လောက် အနစ်နာခံခဲ့သလဲ။
• အချိန်ဘယ်လောက်ကြာကြာ ပြည်သူလူထုရှေ့မှာ မားမားမတ်မတ်ရပ်ခဲ့သလဲ။
• နိုင်ငံရေးအထုအထောင်းဒဏ်ထဲက ဘယ်လောက်ရုန်းထနိုင်ခဲ့သလဲ။
• ပါတီကို ဘယ်လောက်ထိ ပါတီလားမြောက်အောင် ပျိုးထောင်နိုင်ခဲ့သလဲ။

ကောက်နုတ်ချက်

ပါတီနိုင်ငံရေးလုပ်တဲ့သူမှာ ဘက်အစွဲရှိတာ မဆန်းပါဘူး။ ပါတီနိုင်ငံရေးဆိုတာလည်း ဘက်နဲ့ လုပ်ရတဲ့ သဘာဝရှိတယ် မဟုတ်လား။ ဘက်ရှိမှ အရာတွင်သလို၊ ဘက်ရှိမှ ခရီးပေါက်တယ်လို့ ယူဆကြတဲ့သဘောဖြစ် ပါတယ်။ ဒါပေမယ့် ဘက်ဟာ အမြဲတမ်းလိုလို ရွေ့နေတတ်ပါတယ်။ အကောင်း၊ အဆိုး၊ အမှား၊ အမှန်တွေဟာ ရောထွေးနေတတ်တယ်။ ဒါပေမယ့် ဘက်ကို ကြည့်တာထက်စာရင် မူကို ကြည့်တာ ပိုကောင်းလိမ့်မယ် ထင်တယ်။ ဒီပါတီဟာ ဘယ်ဘက်ကလဲ ဆိုတာထက်၊ ဒီပါတီဟာ ဘယ်မူကို ကျင့်သုံးသလဲ။ ဘယ်မူအပေါ်မှာ အခြေခံသလဲ ဆိုတာကို လေ့လာတွက်ဆဖို့ လိုပါလိမ့်မယ်။

ဒီမိုကရေစီစနစ်ဟာ ရွေးကောက်ပွဲနဲ့ တွဲနေပါတယ်။ ရွေးကောက်ပွဲဟာ ပါတီတွေနဲ့ တွဲနေပါတယ်။ ပါတီစုံစနစ် မှာ ရွေးကောက်ပွဲတွေ ဝှဲချီးကျင်းပကြတယ်။ ရွေးကောက်ပွဲတွေမှာ အပြိုင်အဆိုင် မဲဆွယ်ကြတယ်။ စည်းရုံးကြ တယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဝင်တဲ့ ပါတီတိုင်းက မဲမရကြပါဘူး။ မဲရတိုင်းလည်း အာဏာ မရကြပါဘူး။ မဲကို အုံလိုက်ကျင်းလိုက်၊ အပြတ်အသတ်နိုင်ပါမှ အာဏာရဖို့ သေချာတယ်။ အဲသည်လိုမှ မဟုတ်ရင် ညွှန့်ပေါင်းပုံ သဏ္ဍာန်နဲ့ အာဏာတွေကို ခွဲဝေနေရတတ်တယ်။ ရံဖန်ရံခါလည်း ရွေးကောက်ပွဲကနေ အာဏာ ကော်ရစ်ဒါ ပလက်ဖောင်းပေါ်မှာ အိမ်ဖြည့်သဘောလောက်သာ ပါဝင်နိုင်လိမ့်မယ်။

ရွေးကောက်ပွဲမှာ အုံလိုက်ကျင်းလိုက် ထောက်ခံမဲတွေ ရဖို့ ဘယ်လို အကြောင်းအချက်တွေက ပံ့ပိုးပါသလဲ။ နိုင်ငံရေးသိပ္ပံသမားတွေက ဒီမိုကရေစီရွေးကောက်ပွဲတွေမှာ ထောက်ခံမဲတွေ ရခြင်း အကြောင်းအချက်တွေကို ဖော်ထုတ်ထားပါတယ်။

ပါတီခေါင်းဆောင်

ပါတီခေါင်းဆောင်ဟာ ရွေးကောက်ပွဲမှာ မဲနိုင်ဖို့ အခရာကျပါတယ်။ လူထုဟာ ပါတီကို ကြည့်တယ်။ ပါတီခေါင်း ဆောင်ကို ကြည့်တယ်။ ပါတီခေါင်းဆောင်ဟာ ပုဂ္ဂိုလ်ရေး ဩဇာ သိပ်ကြီးနေတဲ့ခေါင်းဆောင်မျိုးဆိုရင် အဲဒီ့ ပါတီဟာ ပြည်သူရဲ့ထောက်ခံမဲရဖို့ သေချာတယ်။ သာမန် လူထုဟာ ပါတီရဲ့မူကို ကြည့်တာထက် ပါတီခေါင်းဆောင်ကို ပိုကြည့်တတ်ကြတယ်။ ပါတီခေါင်းဆောင်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကြည့်ပြီး၊ မဲပေး တတ်ကြတယ်။

ပါတီတွေဟာ ရွေးကောက်ပွဲမှာ မဲရဖို့ ကြိုးစားရတယ်။ ဒါ့ကြောင့် ပါတီဝင်တွေဟာ ခေါင်းဆောင်ကို မွေးယူရ တယ်။ ကိုယ်ပါတီခေါင်းဆောင်က အားနည်းနေရင် ပါတီအပေါ် လူထုကြည်ညိုမှု ကျဆင်းနိုင်တယ်။ ပါတီခေါင်း ဆောင်က လူထုကို ညို့နိုင်မှ၊ လူထုဟာ ပါတီကို မဲပေးချင်တယ်။ ပါတီခေါင်းဆောင်ရဲ့ ပုဂ္ဂိုလ်ရေး ဩဇာတိက္ကမ ဟာ ရွေးကောက်ပွဲမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်မှာ ပုဂ္ဂိုလ်ရေးဩဇာချို့တဲ့ရင် ရွေးကောက်ပွဲမှာ မဲဆွယ်ဖို့ အခက်အခဲရှိနိုင်တယ်။ တချို့… ပါတီအင်စတီကျူးရှင်း အားကောင်းပေမယ့် ပါတီ က တင်တဲ့ခေါင်းဆောင် အရွေးမှားလို့ ရွေးကောက်ပွဲ မဲမရတာတွေလည်း ရှိတယ်။

သက်လုံ

ပါတီစုံစနစ်မှာ ရွေးကောက်ပွဲနီးရင် ပါတီတွေ အပြိုင်းအရိုင်းပေါ်လာတတ်တာ ထုံးစံပါပဲ။ ဒီထုံးစံကို မြန်မာပြည် မှာ တွေ့နိုင်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကို ကြည့်ပါ။ ပါတီပေါင်း ၂၀၀ ကျော် ၊ ၃၀၀ နီးပါး မှတ်ပုံတင်ကြတာ ပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ကြည့်ပါ။ ပါတီပေါင်း မြောက်မြားစွာ မှတ်ပုံတင်ဝင်ရောက်ယှဉ်ပြိုင်ကြ တယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကိုလည်း ကြည့်ပါ။ ပါတီပေါင်း ၁၀၀ နီးပါး မှတ်ပုံတင်ကြတယ်။ အခု လည်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် တာဆူနေတဲ့ပါတီတွေ မြောက်မြားစွာ ရှိနေပါပြီ။

ပါတီတွေဟာ ရွေးကောက်ပွဲနီးရင် တာဆူနေတတ်ပြီး၊ ရွေးကောက်ပွဲပြီးရင် ပြန်ငြိမ်သွားတာတွေ့ရပါတယ်။ ရွေးကောက်ပွဲကာလကျမှ လှုပ်ရှားမှုရှိတဲ့ပါတီဟာ ရာသီပေါ်ပါတီဖြစ်နေတတ်ပါတယ်။ ရွေးကောက်ပွဲမှာ ပါတီ တွေအဖို့ မျှော်လင့်ချက်တွေ ရှိတယ်။ ရွေးကောက်ပွဲ ကြေညာတဲ့နေ့ဟာ မဲမရတဲ့ပါတီတွေ မျှော်လင့်ချက် မှေး မှိန်တဲ့နေ့ ဖြစ်နေပါတယ်။

• ပါတီတစ်ခုဟာ ဘယ်လောက် ဖြတ်သန်းခဲ့သလဲ။
• နိုင်ငံရေးခရီးကြမ်းမှာ ဘယ်လောက် အနစ်နာခံခဲ့သလဲ။
• အချိန်ဘယ်လောက်ကြာကြာ ပြည်သူလူထုရှေ့မှာ မားမားမတ်မတ်ရပ်ခဲ့သလဲ။
• နိုင်ငံရေးအထုအထောင်းဒဏ်ထဲက ဘယ်လောက်ရုန်းထနိုင်ခဲ့သလဲ။
• ပါတီကို ဘယ်လောက်ထိ ပါတီလားမြောက်အောင် ပျိုးထောင်နိုင်ခဲ့သလဲ။

ဒီပေတံတွေဟာ ပါတီအပေါ်မှာ လူထုက ကြည့်တဲ့ နှုန်းစံတွေ ဖြစ်နိုင်ပါတယ်။ ရွေးကောက်ပွဲနီးမှ တစ်ပွဲထိုး ဇာတ်ထိုးက,တဲ့ ပါတီကို ပြည်သူတွေက သိပါတယ်။ ပြည်သူတွေ နားလည်ပါတယ်။ ဒီလိုပါတီမျိုးဟာ ပြည်သူ့ ရဲ့ထောက်ခံမဲကို ရဖို့ မလွယ်ပါဘူး။

နိုင်ငံရေးပါတီတစ်ရပ်ဟာ သက်လုံ ဘယ်လောက်ကောင်းတယ်ဆိုတာကြည့်ရပါမယ်။ ရွေးကောက်ပွဲဟာ ရာသီ ပေါ် ဖြစ်ပေမယ့် ၊ နိုင်ငံရေးအလုပ်ဟာ ရာသီပေါ် မဟုတ်ပါဘူး။ ရာသီကျမှ ထ,လုပ်ရတဲ့အလုပ် မဟုတ်ပါဘူး။ ဒါကို သိထားပြီး နိုင်ငံရေးပါတီတွေရဲ့ ကိုယ်ခံအားကို မြှင့်တင်နိုင်မယ်ဆိုရင် ပါတီစုံစနစ်ဟာ ပိုပြီး ပီပြင်လာလိမ့် မယ် လို့ ယူဆပါတယ်။

စည်းရုံးရေး အင်အား

ပါတီဟာ လူထုရဲ့နောက်မှီးဆွဲလား။ သို့တည်း မဟုတ် လူထုရဲ့ရှေ့ဆောင်လမ်းပြလား။ ပါတီတွေဟာ လူထုဆီက မဲကို ရချင်လို့ လူထုဆန္ဒတွေကို ထင်ဟပ်စေတဲ့အကြောင်းအရာတွေနဲ့ မဲဆွယ်တတ်ကြတယ်။ စည်းရုံးတတ်ကြတယ်။ နိုင်ငံရေးပါတီမှန်ရင် ရွေးကောက်ပွဲမှာ မဲနိုင်ဖို့ လိုပါတယ်။ ဒါပေမယ့် မဲနိုင်အောင် ဘယ်လို နည်းနာနဲ့ ဆွဲဆောင်စည်းရုံးသလဲ ဆိုတာ အရေးကြီးပါတယ်။

• ငွေရှိတဲ့ပါတီဟာ ငွေကို အားကိုးတတ်တယ်။
• အာဏာရှိတဲ့ပါတီဟာ အာဏာကို အားကိုးတတ်တယ်။
• ဩဇာရှိတဲ့ပါတီဟာ ဩဇာကို အားကိုးတတ်တယ်။
• လူမျိုးစုပါတီဟာ လူမျိုးစုကို အားကိုးတတ်တယ်။
• လူထုပါတီဟာ လူထုကို အားကိုးတတ်တယ်။
• လူများတဲ့ပါတီက လူအများစုကို အားကိုးတတ်တယ်။

ပါတီရဲ့အင်အားဟာ ဘယ်အပေါ်မှာ အခြေပြုနေသလဲ ဆိုတာ ဆန်းစစ်ဖို့လိုပါတယ်။ ပါတီရဲ့စည်းရုံးရေးဟာ ပါတီရဲ့မူအပေါ်မှာလည်း အခြေခံတယ်။ ပါတီခေါင်းဆောင်တွေရဲ့ဩဇာ၊ ပုံရိပ်တွေအပေါ်မှာလည်း အခြေခံ တယ်။ ပါတီဝင်တွေအပေါ်မှာ စုဖွဲ့စုစည်းနိုင်တဲ့အခြေအနေပေါ်မှာလည်း မူတည်တယ်။ ဖြစ်တည်နေတဲ့နိုင်ငံ ရေးအခြေအနေအပေါ်ဆက်စပ်ပြီး ကျင့်သုံးတဲ့ ပါတီရဲ့မဟာဗျူဟာအပေါ်မှာလည်း အခြေတည်နေပြန်တယ်။ ပါတီနဲ့ မီဒီယာတွေအကြား၊ အရပ်ဘက်အဖွဲ့အစည်းတွေအကြား၊ ပါတီ-ပါတီချင်း ဆက်ဆံရေးအခြေအနေ တွေ အကြားမှာလည်း လွှမ်းမိုးသက်ရောက်နေပြန်တယ်။ ပါတီတွင်းမှာ ချမှတ်အသက်သွင်းထားတဲ့ ပီအာလို့ခေါ်တဲ့ လူထုဆက်ဆံရေးနည်းနာတွေကလည်း အရေးကြီးပါတယ်။ စည်းရုံးရေးအင်အား၊ စည်းရုံးရေးမဟာဗျူဟာနဲ့ ပါတီတွင်းခေါင်းဆောင်တွေရဲ့ ဩဇာတွေဟာ နိုင်ငံရေးအခြေအနေတွေနဲ့ အစပ်အဟပ်ညီကြရင် ပြိုင် သလောက် နိုင်ကြတာချည်းပါပဲ။

စုဖွဲ့နိုင်မှု စွမ်းရည်

ပါတီတွေမှာ လူများပြီး ပွဲမစည်တာတွေကြုံရပါလိမ့်မယ်။ ‘ငါးသိုင်းများပြီး ဟင်းဟုံ’ နေတာတွေ ကြုံရပါလိမ့် တယ်။ တချို့ပါတီတွေလည်း ကိုယ်နဲ့နီးစပ်ရာလူတွေကို ဆွဲစုပြီး နိုင်ငံရေးဇာတ်ခင်းနေကြရတယ်။ ပါတီဟာ လူထုပါတီဖြစ်လာဖို့အတွက် စည်းရုံးရတယ်။ စုဖွဲ့ရတယ်။ လူထုပါတီဆိုတဲ့သဘောဟာ လူမျိုးစုံ၊ အတန်းအစား စုံ၊ အလွှာစုံဖြစ်တာမို့ အပေါက်အစပ်များနိုင်ပါတယ်။ အသံလည်း စုံနိုင်တယ်။ ပြဿနာလည်း များနိုင်တယ်။ နိုင်ငံရေးဆိုတာက အများနဲ့စုဖွဲ့ပြီးလုပ်ရတဲ့သဘောဖြစ်လို့ ၊ လူများရင် ကြုံလာတတ်တဲ့ပြဿနာတွေကတော့ ရှိနေစမြဲဖြစ်ပါတယ်။

ပါတီတွေဟာ ကိုယ်ပါတီတွင်းများ လူများများရချင်လို့ ဘယ်သူဝင်လာလာပြီးရော မစိစစ်ဘဲ စည်းရုံးသိမ်းသွင်း တာတွေ ရှိတတ်ပါတယ်။ လက်ဝဲပါတီတွေကတော့ အဲသည်လို မဟုတ်ပါ။ ကေဒါပါတီလို့ တိုက်ရိုက်သုံးရင် ပိုမှန်နိုင်ပါတယ်။ ကေဒါပါတီတွေဟာ ပါတီဝင်တွေကို စိစစ်တယ်။ အဆင့်ဆင့် ဇကာတိုက်စစ်ထုတ်တယ်။ ဒီလိုနဲ့ အမာခံကေဒါအဆင့်ရောက်လာအောင် တဖြည်းဖြည်းမွေးယူတယ်။

ဒီလိုနဲ့ပါတီ အင်အားကောင်းအောင် လုပ်ယူတတ်ကြတယ်။ ပါတီအပေါ် ယုံကြည်သက်ဝင်မှု၊ ပါတီမူဝါဒအပေါ် ယုံကြည်သက်ဝင်မှု၊ ပါတီအပေါ် သစ္စာရှိမှု၊ တစ်ဦးချင်းစွမ်းရည်ရှိမှု၊ စည်းရုံးနိုင်စွမ်းမြင့်မားမှုတွေကို ကြည့်ပြီး ပါတီကို တည်ဆောက်တယ်။ ပါတီတွင်း ချိတ်ဆက်လှုပ်ရှားမှုဟာ အရေးကြီးတယ်။ ဆက်သွယ်ရေးစွမ်းရည် ဟာ ပါတီကို ရေရှည်စကားပြောမယ့် အချက်ဖြစ်တယ်။ အချိတ်အဆက်ရှိရှိ၊ ထိထိမိမိ ပူးပေါင်းလုပ်ဆောင်နိုင်မှု အပေါ် မူတည်ပြီးပါတီရဲ့ အင်အားဟာ ရွေးကောက်ပွဲရလဒ်တွေကို ဖန်တီးနိုင်တာဖြစ်ပါတယ်။

ရံပုံငွေ

စီးပွားရေးပဲလုပ်လုပ်၊ နိုင်ငံရေးပဲ လုပ်လုပ်၊ လူမှုရေးပဲ လုပ်လုပ်၊ အဖွဲ့အစည်းတိုင်း၊ လုပ်ငန်းတိုင်းမှာ ငွေကြေး လိုတယ်။ ဘဏ္ဍာငွေလိုတယ်။ ပါတီတစ်ခုဟာ ရံပုံငွေဟာ ဘယ်က ရှာသလဲ။ ဘယ်က ရသလဲ။ ဘယ်လို ရှာကြံသလဲ … ဆိုတာတွေက အရေးကြီးတယ်။ မသမာတဲ့ နည်းလမ်းတွေနဲ့ ရှာမိရင် ပါတီဟာ ငါးပါးမက သံဃာစင်ပါမှောက်တော့တာပဲ။ ဒါကို သတိထားဖို့ လိုတယ်။ ဥပဒေတွင်းက လုပ်ပိုင်ခွင့်ရှိတဲ့ ရံပုံငွေ ရှာကြံနည်း တွေ ရှိပါတယ်။ ရံပုံငွေဟာ ပါတီတစ်ခုအတွက် အရေးကြီးတယ်။ ရွေးကောက်ပွဲမှာ ဖြန့်ကျက်နိုင်စွမ်းကို ရံပုံငွေ က ပြဌာန်းစီရင်နိုင်တယ်။

ပါတီပိုင် စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေ ထူထောင်လို့ရတယ်။ ရိုးရှင်းစွာ အလှူငွေ ကောက်ခံခွင့်ရှိတယ်။ ပါတီဝင်များထဲကနေ ၊ လစဉ်ကြေး၊ နှစ်စဉ်ကြေးတွေ ကောက်ခံနိုင်တယ်။ ပါတီရံပုံငွေ ဈေးရောင်းပွဲတွေ၊ စတိတ်ရှိုးပွဲလုပ်ပြီး ရံပုံငွေ ရှာနိုင်တယ်။ ကိုယ့်ပါတီခေါင်းဆောင်က နိုင်ငံတကာ ပုံရိပ်ရှိရင် အသုံးအဆောင် ပစ္စည်းတွေ၊ အနုလက်ရာတွေကို လေလံတင် ရောင်းချတာတွေ ရှိတယ်။ ပါတီအောက်မှာ ပရဟိတ အသင်း တွေ ဖွဲ့ပြီး သွယ်ဝိုက်သောနည်းနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ လုပ်လို့ရတယ်။

ပါတီကြီးရင် ကြီးသလောက် ရံပုံငွေ လိုအပ်ချက်ကလည်း မြင့်လာတယ်။ အာဏာရပါတီတွေဟာ ပါတီရံပုံငွေကို ပါတီဝင်အစိုးရအဖွဲ့ဝင်တွေရဲ့ အကြောင်းတရားနဲ့ ရံပုံငွေ ရှာကြံတာတွေ ရှိကြတယ်။ ဒါတွေဟာ ပါးပါးနပ်နပ် မလုပ်တတ်ရင် ခြစားမှု၊ အလွဲသုံးစားလုပ်မှုတွေ ဖြစ်သွားတတ်တာမို့ သတိထားရတယ်။ ရွေးကောက်ပွဲတွေမှာ ပြိုင်ဘက်ပါတီရဲ့ ထိုးနှက်ချက် မဖြစ်အောင် သတိထား လုပ်ဆောင်ကြရတယ်။

ပါတီနိုင်ငံရေးဟာ ရွေးကောက်ပွဲ ဒီမိုကရေစီနဲ့ ဆက်စပ်နေတာဖြစ်လို့ ပါတီတွေ အားကောင်းသန်မာရေးဟာ အရေးကြီးတယ်။ ပါတီတွေမှာ ပါဝင်တဲ့ လူတွေရဲ့ စွမ်းဆောင်ရည်တွေ၊ ပါတီရဲ့ မူဝါဒ / အိုင်ဒီယော်လိုဂျီနဲ့ သူတို့ရဲ့ နည်းဗျူဟာတွေဟာ ပါတီတွေ ရေရှည်ကြံ့ခိုင်သန်မာရေးအတွက် အရေးကြီးတဲ့ အကြောင်းအချက် တွေ ဖြစ်ပါတယ်။
ပါတီစုံဒီမိုကရေစီစနစ် ပီပြင်ခြင်း / မပီပြင်ခြင်းဟာ ပါတီတွေရဲ့ ကြံ့ခိုင်သန်မာမှုအပေါ်မှာ မူတည်နေတာဖြစ်ပါ တယ်။ ရလာတဲ့ နိုင်ငံရေးလွတ်လပ်မှုခွင်(ဂွင်) ကို ကောင်းကောင်း အသုံးချနိုင်ဖို့ နိုင်ငံရေးပါတီတွေ ကြံ့ခိုင်သန်မာ ခြင်းဟာ အရေးကြီးကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

မင်းသေ့
ညနေ ၅ း ၃၁
၂၀ ၊ ဇူလိုင် ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post သမိုင်းအမြင်နဲ့ အတိတ် အနာဂတ်ကိစ္စ
Next post ကိုယ်က,စ