မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာတဲ့အခါမှာ၊ ဆစ်ပိုင်းလေ့လာရမယ့် နည်းနာလိုပါတယ်။ အချက် (၃) ခုကို တင်ပြချင်ပါတယ်။

• (၁) လူကို လေ့လာတာ။
• (၂) ကာလအပိုင်းအခြားကို လေ့လာတာ။
• (၃) အကြောင်းအရာကို လေ့လာတာ။

လူကို လေ့လာတာ

မြန်မာ့နိုင်ငံရေးသမိုင်းကို ဂဏနဃနားလည်ဖို့အတွက်ဆိုရင် လူတွေကို လေ့လာခြင်းဟာ အဓိကအချက်အနေနဲ့ ပါဝင်ပါတယ်။ အထူးသဖြင့် key stakeholders (actors) လို့ ခေါ်တဲ့ အဓိကပါဝင်ဆက်နွှယ်နေသူတွေ (ဇာတ်ကောင်တွေ) ကို လေ့လာတာဖြစ်ပါတယ်။ ဒါကို လူကိုလေ့လာခြင်းလို့ အနက်ဖွင့်နိုင်ပါတယ်။ လူကို လေ့လာတဲ့အခါမှာ၊ လူ့ရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာတာနဲ့ လူ့ရဲ့စိတ်နေသဘောထား၊ ဝိညာဉ်ကို လေ့လာတာဆိုပြီး အကြမ်းဖျင်း ခွဲခြားနိုင်ပါတယ်။

များသောအားဖြင့်တော့ – သမိုင်းရေးသားချက်တွေမှာ လူတွေရဲ့ ထင်ရှားမြင်တဲ့ အချက်အလက်တွေကို ဦးစားပေးဖော်ပြကြပါတယ်။ လူကို လေ့လာခြင်းမှာ လူ့ရဲ့လုပ်ရပ်တွေနဲ့ သူတို့ ပြုမူချက်တွေကိုသာ လေ့လာရာမှာ ရပ်နေသင့်တယ်လို့ မထင်ပါ။ လူ့ရဲ့ စိတ်နေသဘောထားနဲ့ သူ့ရဲ့ အဇ္ဈတ္တကိုလည်း မြင်အောင်ကြည့်နိုင်ဖို့ သူ့ဝိညာဉ်နဲ့ ထိတွေ့နိုင်ဖို့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။ အဲဒါတွေကိုတော့ သမိုင်းစာအုပ်တွေမှာ တွေ့နိုင်မယ် မထင်ပါ။ သူရေးသားခဲ့စာ စာအုပ်တွေ၊ သူ ဖန်တီးခဲ့တဲ့ အနုပညာတွေ။ တနည်းအားဖြင့် သူနဲ့ ခေတ်ပြိုင်တွေက သူ့အပေါ် ထင်မြင်ယူဆထားတာ၊ သူ့အပေါ် ဘယ်လို ခံစားမိသလဲဆိုတာကို ဖော်ပြထားတဲ့ မှတ်တမ်းတွေမှာ တွေ့နိုင်ပါတယ်။

လူကို လေ့လာတဲ့နေရာမှာ မြင်သာထင်သာတဲ့အပိုင်းနဲ့ ထိတွေ့ကိုင်တွယ်လို့ မရတဲ့ အဇ္ဈတ္တပိုင်းကို ချည်းကပ်လေ့လာနိုင်မှ အတော်အတန် ရှုထောင့်စုံနိုင်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့် လူကို လေ့လာခြင်းမှာ အဇ္ဈတ္တကို တွေ့ထိနိုင်ဖို့အတွက် အကန့်အသတ်တွေ ရှိနေပါလိမ့်မယ်။ ဒါပေမယ့် တတ်နိုင်သရွေ့ လူကို လေ့လာတဲ့နေရာမှာ၊ သူ့ရဲ့ လုပ်ရပ်နဲ့ ပြုမူချက်တွေကို လေ့လာရုံနဲ့တင် အပြီးမသပ်ဘဲနဲ့ သူ့ရဲ့ အဇ္ဈတ္တနဲ့ ဝိညာဉ်ကို ဖော်ပြနိုင်မယ့် မှတ်တမ်းမှတ်ရာတွေကိုလည်း အထူးပြု ရှာဖွေလေ့လာပြီး ချည်းကပ်လေ့လာဖို့ လိုကြောင်း တင်ပြချင်ပါတယ်။ ချုပ်လိုက်ရင် လူကို လေ့လာခြင်းမှာ …

• လူ့ရဲ့ လုပ်ရပ်နဲ့ ပြုမူ၊ ပြောဆိုချက်တွေကို လေ့လာတာနဲ့
• လူရဲ့ အဇ္ဈတ္တအတွင်း သဏ္ဍာန်ဝိညာဉ်ကို ချည်းကပ်လေ့လာတာဆိုပြီး အကြမ်းဖျင်း နှစ်မျိုး ခွဲနိုင်ပါတယ်။

ဥပမာ – ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း၊ တို့ဗမာအစည်းအရုံးဝင် သခင်အောင်ဆန်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး သခင်အောင်ဆန်း၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တေဇ၊ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဆိုတာတွေဟာ လုပ်ရပ်နဲ့ ပြုမူချက်တွေကို လေ့လာတာဖြစ်ပြီး ကြည်ရေ…. ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် နဲ့ အောင်ဆန်း (သို့မဟုတ်) အရိုင်း ဆိုတာတွေကတော့ လူ့ရဲ့ အဇ္ဈတ္တ အတွင်းသဏ္ဍာန် ဝိညာဉ်ကို ချည်းကပ်လေ့လာကြည့်တာဖြစ်ပါတယ်။

ကာလအပိုင်းအခြားကို လေ့လာတာ

ကာလအပိုင်းအခြားကို ဆစ်ပိုင်းပြီးတော့ လေ့လာခြင်းနည်းဟာ သမိုင်းလေ့လာခြင်းနည်းမှာ အသုံးများပါတယ်။ ခုနှစ် သက္ကရာဇ်တစ်ခုကို တိတိကျကျ ဆစ်ပိုင်းလိုက်ပြီးတော့ ဘယ်ခုနှစ်ကနေ ဘယ်ခုနှစ်ကြားကာလကို လေ့လာမယ်ဆိုပြီး အထူးပြုလိုက်တာဖြစ်ပါတယ်။ သမိုင်းကို လေ့လာတယ်ဆိုတာ အတိတ်ကို လေ့လာတာဖြစ်ပါတယ်။ အတိတ်မှာ ဖြစ်ပျက်ခဲ့ပြီးသောဖြစ်ရပ်တွေကို အချိန်ကာလအားဖြင့် ပိုင်းဖြတ်ပြီး လေ့လာဖို့လိုပါတယ်။

လူ့ရဲ့လေ့လာမှုဟာ အကန့်အသတ်အားဖြင့် ရှိနေလို့ သမိုင်းကို တွေ့သမျှ လိုက်ဖတ်နေတဲ့အခါ၊ သမိုင်းအသိဟာ ခေါင်းထဲမှာ အချက်အလက်တွေ ဗြုတ်စဗျင်းတောင်းနဲ့ ရောသပြွမ်းဖြစ်နေတတ်ပါတယ်။ သမိုင်းလေ့လာမှုမှာ၊ စနစ်တကျ ဖြစ်စေဖို့ ကာလအပိုင်းအခြားအားဖြင့် ဆစ်ပိုင်းပြီးတော့ လေ့လာဖို့ လိုပါတယ်။ ကာလအပိုင်းအခြားကို ဆစ်ပိုင်းလေ့လာဖို့အတွက် အရေးအကြီးဆုံးကတော့ – ခရိုနိုလော်ဂျီ (Chronology) လို့ခေါ်တဲ့ သမိုင်းစဉ်ဇယားကို ကြေညက်ရမှာ ဖြစ်ပါတယ်။ ကာလအပိုင်းအခြားကို ဆစ်ပိုင်းလေ့လာခြင်းဟာ ခေတ်ကို လေ့လာခြင်းလည်းဖြစ်တယ်။

ဥပမာ – ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း (၁၈၂၆ – ၁၉၄၈) ၊ ပါလီမန်ဒီမိုကရေစီခေတ် မြန်မာနိုင်ငံ (၁၉၄၈ – ၁၉၆၂) ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ (၂၀၁၁ – ၂၀၂၁) စသည်ဖြင့် ခေတ်နဲ့ ကာလကို ပိုင်းဆစ်လေ့လာတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ခေတ်ကို အကျယ်ချဲ့ပြီး လေ့လာနိုင်သေးတယ်။ ဥပမာ – ခေတ်ဟောင်းသမိုင်း၊ ခေတ်လယ်သမိုင်း၊ ခေတ်သစ်သမိုင်း စသည်ဖြင့် ခေတ်ကို အကျယ်ချဲ့ပြီး ဖြန့်ကားလေ့လာတာဖြစ်ပါတယ်။ ကာလအပိုင်းအခြား အားဖြင့် တိတိကျကျ ဆစ်ပိုင်းလေ့လာခြင်းကတော့ သမိုင်းမှာ ပိုလို့ အသေးစိတ်ကျတဲ့ အချက်အလက်တွေကို အာရုံစိုက်လေ့လာရတယ်။ စေ့စပ်သေချာချင်ရင်၊ စူးစမ်းရှာဖွေမယ့်ကာလကိုလည်း တိုတိုပဲ သတ်မှတ်ရမယ်။

▄ အကြောင်းအရာကို လေ့လာတာ

အကြောင်းအရာကို လေ့လာခြင်းမှာ၊ သီးခြားဝိသေသတွေ ရှိပါတယ်။ ဥပမာ – ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ အကြောင်းလေ့လာတာ။ စစ်အာဏာသိမ်းမှုတွေအကြောင်း လေ့လာတာ။ ရွေးကောက်ပွဲ ဖြစ်ရပ်တွေကို လေ့လာတာ။ နိုင်ငံခြားဆက်ဆံရေးကိစ္စတွေ လေ့လာတာ။ အကျိုးစီးပွားပဋိပက္ခတွေအကြောင်းလေ့လာတာ။ ဘာသာရေးအဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်းတွေ အကြောင်းလေ့လာတာ။ နိုင်ငံရေးသမိုင်း၊ စီးပွားရေးသမိုင်း၊ လူမှုရေးသမိုင်း၊ စာပေသမိုင်းကို လေ့လာတာ။ ဓလေ့သမိုင်းကိုလေ့လာတာ။ စစ်ပွဲတွေ အကြောင်း လေ့လာတာ။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ ပြည်တွင်းစစ် စသည်ဖြင့်။ အကြောင်းအရာလိုက် အမျိုးအစားတွေ ခွဲခြမ်းစိတ်ဖြာပြီး အထူးပြုလေ့လာလို့ ရပါတယ်။ အကြောင်းအရာတွေကို အသေးစိတ်နိုင်ရင် အသေးစိတ်နိုင်သလောက် ခွဲဖြန့်လေ့လာလို့ ရတယ်။

@@@

သမိုင်းကို လေ့လာတာ အတိတ်ကို လေ့လာတာဖြစ်တယ်။ အတိတ်ကို လေ့လာပေမယ့်၊ အတိတ်မှာနေထိုင်ဖို့ မဟုတ်။ အနာဂတ်ကို ရှေ့ရှုဖို့ ဖြစ်တယ်။ လူအတော်များများဟာ သမိုင်းစာအုပ်တွေဖတ်ရင်း အတိတ်ရဲ့ အကျဉ်းသားဖြစ်ကုန်တယ်။ ဒါက မကောင်းဘူး။

သမိုင်းကို လေ့လာတာ အနာဂတ်အတွက် ဖြစ်တယ်။ သမိုင်းလေ့လာရခြင်း ရည်ရွယ်ချက်ဟာ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် တည်ဆောက်ဖို့ ဖြစ်တယ်။ တနည်းအားဖြင့် quality of society အဆင့်မြင့်မားလာဖို့ ဖြစ်တယ်။ အတိတ်က အခြင်းအရာတွေကို ပြန်လည် စားမြှုံ့ပြန်ပြီး မြည်တွန်တောက်တီးဖို့ မဟုတ်ဘူး။ အတိတ်က ရွှေထီးဆောင်းခဲ့တာတွေကို တသသ လွမ်းဆွတ်ပြီး ပြန်လည် သာယာနေဖို့လည်း မဟုတ်ဘူး။

သမိုင်းဆိုတာ ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ နားလည်အောင် လုပ်ပြီး လူ့ရဲ့သဘော၊ လူ့လောကရဲ့ သဘာဝနဲ့ လူ့အဖွဲ့အစည်းရဲ့ ဓလေ့ စရိုက်တွေကို မြင်အောင် ကြည့်ရတာ။ အဲသည်လို မြင်အောင် ကြည့်ပြီးရင်လည်း ဒီအတိုင်း ထိုင်နေဖို့ မဟုတ်ဘူး။ ပစ္စုပ္ပန်မှာ ပိုကောင်းတဲ့ လူသားလုပ်ရပ်တွေ၊ လူသားကိုယ်ကျင့်တွေ ဖြစ်ထွန်းဖို့ ကျေးဇူးပြုရမှာဖြစ်တယ်။ အနာဂတ်ကောင်းကို ရဖို့ ပစ္စုပ္ပန်မှာ စနစ်တကျ အမြော်အမြင်ရှိရှိ မြင်ကွင်းကျယ်ကျယ်နဲ့ သဘောထားကြီးကြီး လုပ်ကြကိုင်ကြဖို့ သမိုင်းကို လေ့လာရတာ ဖြစ်တယ်။

• အတိတ်ကို လေ့လာရတာ အနာဂတ်အတွက် ဖြစ်တယ်။
• အတိတ်မှာ အကျဉ်းကျ နေထိုင်ဖို့ မဟုတ်ဘူး။

မင်းသေ့
နံနက် ၅း၁၁
၃၁၊ အောက်တိုဘာ၊ ၂၀၂၁။

Previous post ▄ ဆိုရှယ်လစ်လမ်းစဉ် နိဂုံး
Next post ▄ ပါရမီစက်ဝန်း