ကထာကျမ်း
တော်ကောင်းမင်း

စာအုပ္အညႊန္း

ပညာရှိပုဂ္ဂိုလ်ဟာ ကိုယ်ကာယ ကြံ့ခိုင်ရမယ်။
စိတ်ဓာတ်မြဲမြံ ပြတ်သားရမယ်။ အကြောင်းကတော့ သူ့ရဲ့တာဝန်ဝတ္တရားတွေက ကြီးမားလှတယ်။ သူ့မှာ ခရီးရှည်ကြီးသွားဖို့ ရှိနေတယ်။

နေ့စဉ်သုံးရတနာများဟု နာမည်ပေးထားသည့် ကျွန်တော့် မှတ်စု စာအုပ် ပထမစာမျက်နှာ၌ ကွန်ဖြူးရှပ် အဆို အမိန့်တစ်ခုကို ရေးမှတ်လိုက်သည်။ ဤစာပိုဒ်တစ်ခုအတွက် ပထမစာမျက်နှာတစ်ခုလုံးကို နေရာပေးလိုက် သည်။ သူ့အောက်တွင် အခြား မည်သည့် ကောက်နုတ်ချက်မှ မရေးတော့။ ရေးချင်လျှင် နောက် စာမျက်နှာ ကူး ပြီး ရေးခဲ့သည်။
ကျွန်တော့် မှတ်စုထဲတွင် ကွန်ဖြူးရှပ်ကို ကဏ္ဍတစ်နေရာ သီးသန့်ပေးထားတာ နှစ်အတော်ကြာပြီ။ ကွန်ဖြူးရှပ် နှင့် ဆွန်ဇူးတို့ကို အရှေ့တိုင်းဒဿနလေ့လာမှုတွင် ဒုတိယနေရာမှာ ကျွန်တော် ထားထားသည်။ အရှေ့တိုင်း ဒဿန၏ ပထမနေရာ၌ကား ဗုဒ္ဓကို ထားထားသည်။ မကွယ်မဝှက်တမ်းဝန်ခံရလျှင်၊ အနောက်တိုင်း ဂရိရောမ တို့၏ အတွေးအခေါ်များထက် အရှေ့တိုင်းဒဿနများကို ကျွန်တော် ပိုမို အာရုံကျမိသည်။ အရှေ့တိုင်း ဒဿန က ပထမဦးစားပေးနေရာတွင် ရှိသည်။ ထို့နောက်မှ ပလေတို၊ အရစ္စတိုတယ်၊ ဂျွန်လော့၊ မက်(ခ်)၊ ကိန်း(စ)၊ အဒမ်စမစ်၊ ရူးဆိုး၊ ဒေးကား စသူတို့ကို နေရာပေးထားသည်။

ကွန်ဖြူးရှပ်၏ အဆိုအမိန့်များကို လွန်ခဲ့သည့် ၈ နှစ်ခန့်လောက်ကတည်းက စွဲစွဲမြဲမြဲ ကြိုက်မိသည်။ ကြိုက်ရုံ တင်မက၊ ကွန်ဖြူးရှပ်၏ အနှစ်သာရများကို ခန္ဓာကိုယ်ထဲ တစိမ့်စိမ့်ဝင်လာအောင် လေ့ကျင့်ခဲ့ဖူးသည်။ အထူး သဖြင့် ကွန်ဖြူးရှပ်၏ ဒဿနများထဲမှ ဘဝနေနည်း၊ စိတ်ထားနည်း၊ သင်ယူလေ့လာမှုနှင့်ပက်သက်သော ရှုမြင်ချက်၊ လူမှုဆက်ဆံရေးအပေါ် သဘောထားများကို ပိုကြိုက်မိသည်။ ကွန်ဖြူးရှပ်အနေဖြင့် ပညာရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း ဟောခဲ့သည်။

ကထာကျမ်း သည် စကားကျမ်း၊ (တနည်း) အဆိုအမိန့်ကျမ်း တစ်ခုပင်ဖြစ်သည်။ ကွန်ဖြူးရှပ်နှင့် သာဝကတို့၏ အပြုအမူ၊ အဆိုအမိန့်များကို စုစည်းထားသော ကျမ်းတစ်ခုဖြစ်သည်။ ကွန်ဖြူးရှပ်စာများကို မြန်မာဘာသာဖြင့် ရေးထားသမျှ၊ ရတတ်သမျှ ဖတ်ရှုပြီးနောက် ဆရာတော် ဦးဇောတိက စာအုပ်များဖြင့် နီးနီးကပ်ကပ် ထိတွေ့ ကြည့်ခဲ့ရာ၊ ဆရာတော်ဦးဇောတိက ကို မြန်မာပြည်၏ ကွန်ဖြူးရှပ်ဟု အမည်ပေးလောက်ရအောင်ပင် ဖြစ်ခဲ့ဖူး သည်။

ကွန်ဖြူးရှပ်စာများက ကျင့်ဝတ်နှင့် ပက်သက်ပြီး ကျွန်တော့်ကို သင်ပေးသည်။ ထို့နောက် လေ့လာသင်ယူမှုနှင့် ပက်သက်ပြီး သင်ပေးသည်။ ထို့နောက် လူမှုပတ်ဝန်းကျင်အတွင်း၊ နေနည်း၊ ထိုင်နည်း၊ ပြောနည်းဆိုနည်း၊ ပြုမူ နည်းများကို သင်ပေးသည်။ နောက်ဆုံး မိမိကိုယ်ကိုမှသည် လောကတရားကြီးနှင့် ဆက်စပ်ပုံကို သိမြင်စေခဲ့ သည်။ ကွန်ဖြူးရှပ် အဆိုအမိန့်တွေကနေ ပညာသမား၏သရုပ်ကို ကျွန်တော် ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် လူ့ကိုယ်တွင်းက ဒဿနတရားကို အစဆွဲထုတ်မိသည်။

ကွန်ဖြူးရှပ်က လူတို့၏ မဟာဆရာတစ်ပါးဖြစ်ခဲ့သည်။ သင်ကြားရေးနယ်ပယ်ထဲတွင် ရှိနေသူ ကျွန်တော့်အဖို့ ဆရာတစ်ယောက်၏ ကျင့်ဝတ်၊ သဘောထား၊ လုပ်ရပ်နှင့် အပြုအမူများကို ကွန်ဖြူးရှပ်ထံမှ ရခဲ့သည်။ လူ့အဖွဲ့ အစည်း၊ စည်းမျဉ်းစည်းကမ်းနှင့် အုပ်ချုပ်သူတို့၏ အပြန်အလှန် အညမည ဖြစ်တည်နေမှုကို ကွန်ဖြူးရှပ်က နား လည်အောင် လုပ်ပေးခဲ့သည်။ ကွန်ဖြူးရှပ် အဆိုအမိန့်များကနေ တစ်ဆင့် ကွန်ဖြူးရှပ်၏ အဇ္ဈတနှင့် မနော အသွင်ကို ဖမ်းမိနိုင်ခဲ့ဖို့ ကျွန်တော် အခြား ဒဿနနယ်ပယ်များကို ခြေဆန့်ခဲ့ရသည်။ ေဩာ်… အဖိုးတန်ပေစွ။

ကွန်ဖြူးရှပ်သည် လောကီ နယ်၌ ကျွန်တော် ကိုးကွယ်သော ဆရာတစ်ဆူပင်ဖြစ်သည်။ တဖြည်းဖြည်းနှင့် ကွန်ဖြူးရှပ်အပေါ် ပုဂ္ဂိုလ်ရေးဆန်ဆန် ကိုးကွယ်မှု ကျွန်တော် ပြုလာမိသည်။ ကွန်ဖြူးရှပ်ထံက စိတ်ဓာတ်ခွန် အားနှင့် ကြံ့ခိုင်မှု၊ ရိုးသားမှုကို တွေ့လိုက်ရသည်။ ဗုဒ္ဓ လမ်းပြသည့် ဗြဟ္မစိုရ်တရားများကဲ့သို့ပင် သံသရာခရီး သွား ကျွန်တော့်အဖို့ လက်ကိုင်ပြုစရာ ဖြစ်ခဲ့သည်။ ကွန်ဖြူးရှပ်ကို ဖတ်ရင်း၊ ဗုဒ္ဓ၏ မင်္ဂလာတရားတော်များကို ပြန်လည် ယှဉ်စပ်ကြည့်ဖူးသည်။ အရှေ့တိုင်းတို့၏ ရေခံမြေခံကို မှန်းဆမိသည်။

ဖြောင့်မတ်တည်ကြည်မှု၊ ကြံခိုင်ပြည့်ဝမှု၊ ကရုဏာတရားရှိမှု တို့၏ အနှစ်သာရကို တွေ့ရသည်။
ကွန်ဖြူးရှပ်သည် လူသားတစ်ဦးသာဖြစ်သည်။ သို့သော် သာမန် လူသား မဟုတ်။ ဖွင့်ထားသောစိတ်နှင့်ယှဉ် သည့် လူသားတစ်ဦးဖြစ်သည်။

ကထာကျမ်း ၇.၂၀ ၌ ဤသို့ မိန့်၏။
ငါသည် မွေးရာပါ အသိရှိသောသူ မဟုတ်။ ရှေးဟောင်းယဉ်ကျေးမှုအား နှစ်ခြိုက်၍ ၎င်းတို့ကို ဖျတ်လက်စွာ လိုက်စားသော သူသာတည်း။

အနက်ကား ဤသို့ (ငါဟာ အရာရာမှာ အသိပညာတွေရှိသူအဖြစ် မွေးဖွားလာတာ မဟုတ်ဘူး။ ဒါဟာ ငါ ရှေးခေတ် စာအုပ်စာပေတွေကို နှစ်နှစ်ခြိုက်ခြိုက်လေ့လာပြီး အဲဒီ စာအုပ်စာပေများကို တက်ကြွတဲ့ စိတ်နဲ့ အပင်ပန်းခံပြီး နားလည်အောင် လုပ်ခဲ့ရတယ်။) ေဩာ်… အနောက်တိုင်းပညာရေး၏ liberal art သဘောနှင့် ယှဉ်စပ်မိပြန်သည်။

နောက်တော့ ဖူကူယားမား၏ နိုင်ငံတည်ဆောက်ရေး နည်းစဉ်များက ခေါင်းထဲရောက်လာပြန်သည်။ ပြည်ပြု တယ် ဆိုတာ ဘာလဲ။ နိုင်ငံပြုသုခမိန်ဆိုတာ ဘာလဲ။ တော်လှန်ရေးသမား၊ နိုင်ငံရေးသမား၊ နိုင်ငံတည်ဆောက် ရေးသမား စသည် နိုင်ငံရေးသတ္တဝါ (၃) မျိုးကို ကျွန်တော် သရုပ်ခွဲမိသည်။ ကထာကျမ်း ၁၃.၅ ၌ ဤသို့ မိန့်၏။

ကဗျာသုံးရာ အာဂုံဆောင်နိုင်သောသူသည် ပြည်ပြုစေသော် မပေါက်မြောက်နိုင်….
ကဗျာဆရာတစ်ထောင်နဲ့ တိုင်းပြည် တည်ဆောက်လို့ မရဘူး… ဘယ်ကမှန်းမသိ ဝင်လာခဲ့သည့်အတွေး။ သို့သော် “မော်စီတုန်း” ကိုယ်တိုင်က ကဗျာဆရာ ဖြစ်သည်။ အင်း…. ကဗျာသမားတွေက တော်လှန်ရေးမှာ တော့ သိပ်အားကိုးရတဲ့သတ္တဝါတွေပဲကိုး…။ တည်ဆောက်ရေးမှာရော…. သိပ်အသုံးဝင်ဖို့ ကောင်းမှာပဲ…။ သို့ ပေမယ့် တော်လှန်ရေးနှင့် တည်ဆောက်ရေး ရောနေသည့် ကျွန်တော်တို့ အဖို့ကား… ဝိဝါဒအတွေးများ ရောယှက်လျက်။
ကျမ်း၏ ၇.၂၇ ၌ ကျင့်ဝတ်ကို ပြ၏။

ငါးကိုသာမျှား၍ ငါးအုပ်ကို မဖမ်း။ ပျံသောငှက်ကိုသာ ပစ်၍ နားသော ငှက်ကို မပစ်။
ကွန်ဖြူးရှပ်သည် ပုထုဇဉ်တစ်ပါးသာ ဖြစ်သည်။ သို့သော် ဉာဏ်နှင့်ယှဉ်သော ရိုးသားသူဟု ကျွန်တော်မှတ်ချက် ပြုမိသည်။

ကွန်ဖြူးရှပ်ထံမှ စဉ်ဆက်မပြတ် လေ့လာမှု (continuous learning) ကို ကျွန်တော် တွေ့လိုက်ရပြန်သည်။

လူတစ်ယောက်ဟာ ယခင်က မိမိဘယ်ပညာရပ်ကို ဆည်းပူးခဲ့တယ်ဆိုတာနဲ့ ဆက်လက်ပြီး ဘယ်လို ဗဟုသုတ တွေကို ဆည်းပူးနေတယ်ဆိုတာကို အစဉ်တစိုက် သုံးသပ်ရင် သူဟာ အခြားလူတွေအတွက် ဆရာတစ် ယောက်ဖြစ်ဖို့ ကိုက်ညီတယ်။

သင်ကြားရေးနယ်ပယ်မှာ ရှိသော ကျောင်းဆရာဖြစ်သူ ကျွန်တော် ကိုယ်တိုင် ကိုယ့်ကိုယ်ကို မှန်ထဲတွင် ပြန်ကြည့်မိသည်။ နောက်တော့ မေးခွန်း (၂) ခု ကိုယ့်ဘာသာ မေးလိုက်သည်။

(၁) ငါ ဘာတွေကို လေ့လာခဲ့သလဲ။
(၂) ငါ ဘာတွေကို လေ့လာအုံးမှာလဲ။ အဆိုပါ မေးခွန်း နှစ်ခုက ကျွန်တော်ကို မည်ကာမတ္တ ကျောင်းဆရာ အဆင့်မှာ ရပ်မနေဖို့ တိုက်တွန်းပေးခဲ့သည်။
“လူတစ်ယောက်ဟာ စိတ်ထားကောင်းမြတ်တဲ့သူတွေရှိတဲ့ နေရာမှာ ရွေးချယ်ပြီး မနေဘူးဆိုရင်၊ အဲ့ဒီလူကို ဘယ်လိုလုပ်ပြီး ပညာရှိများ စာရင်းမှာ သွင်းနိုင်မှာလဲ” … မင်္ဂလသုတ် အတွင်းမှ ပတိရူပဒေသ ဝါသောစ မင်္ဂလာနှင့် ယှဉ်ကြည့်မိသည်။

“ရွာငယ် ဇနပုဒ်တစ်ခုမှာ မိသားစု ၁၀ စုသာရှိတယ်။ တာဝန်သိတတ်တဲ့ ယုံကြည်ထိုက်တဲ့ လူတွေကို တွေ့ဖို့ မခက်ခဲပါဘူး။ ဒါပေမယ့် စာပေလေ့လာသင်ကြားဖို့ နှစ်သက်တဲ့ သူမျိုးတော့ တွေ့နိုင်မှာ မဟုတ်ဘူး”

လောကမှ လူကောင်းဆိုတာ ရှားလှသည်။ ထို့ထက် လူတော် ပို၍ ရှားလှသည်။ ထို့ထက် လူတော်လူကောင်းက အရှားဆုံးဖြစ်သည်။ ဤအဆိုအမိန့်က စာသမားအဖြစ် တစ်သက်လုံး တစ်စိုက်မတ်မတ်ရှိနေဖို့ ကျွန်တော့်ကို တွန်းအားပေးခဲ့သည်။

“အမြော်အမြင်ရှိတဲ့.. အများအကျိုးဆောင်တဲ့သူဟာ ကြံ့ခိုင်တဲ့တောင်များကို နှစ်သက်တယ်…”
တောင်ပေါ် ခရီးတွေမှာ ခြေလျင်သမား တစ်ယောက်အဖြစ် ကျွန်တော်သွားတိုင်း ဤအဆိုအမိန့်က ခေါင်းထဲ ရောက်ရောက်လာသည်။

“စကားတတ်တဲ့သူကို မင်း… ဆရာသွား မလုပ်နဲ့။ မင်းပြောတာတွေ အရာမရောက်ဘဲ မိတ်ဆွေ တစ်ယောက် ဆုံးရှုံးသွားလိမ့်မယ်..။ ပြန်မပြောတဲ့သူကို မင်းစကား သွားပြောရင်လည်း မင်းစကားတွေ အလဟသ ဖြစ်သွား မှာပဲ။ ဉာဏ်ပညာရှိတဲ့သူတွေကတော့ မိတ်ဆွေတွေလည်း မဆုံးရှုံးရအောင် ကိုယ့်စကားတွေလည်း အလဟသ မဖြစ်အောင် လုပ်နိုင်ကြလေရဲ…” ဤအဆိုအမိန့်နှင့် ဆက်စပ်လျက်၊ သီတဂူဆရာတော်ကြီး ဟောသည့် ဝါကျ (၂) ကြောင်းကို မြင်မိပြန်သည်။

“စကားကျယ်၊ နားငယ် မဆန့်ဘူး။ စကားငယ်၊ နားကျယ် မနှံ့ဘူး။” ဟူ၍ ေဩာ်… သူ့နားနှင့်ကိုက်အောင် ပြောတတ်သည့် ပညာဆိုတာ ဘာလဲ ဆိုတာ ခြေခြေမြစ်မြစ် နားလည်မိလိုက်သည်။

လူတွေဆီက နေ သင်ယူတတ်ဖို့ ကွန်ဖြူးရှပ်က အကောင်းဆုံး သင်ပြခဲ့သေးသည်။
“ငါ့အဖော် နှစ်ယောက်နဲ့ အတူရှိနေစဉ်မှာ သူတို့ ဆီက ငါ တစ်ခုခုကို အမြဲ သင်ယူနိုင်ခဲ့တယ်။ သူတို့တဲ့ စိတ်ဓာတ်စွမ်းအားတွေ ကို ငါရရှိတယ်။ သူတို့ရဲ့ အားနည်းချက်တွေကိုတော့ ငါ့ကိုယ်ငါ ပြုပြင်ဖို့ အတွက် သင်ယူနိုင်ခဲ့တယ်..” ဟူ၍

မြန်မာဘာသာဖြင့် ရေးသားထားသော ကွန်ဖြူးရှပ်နှင့်ပက်သက်သော စာစုများ ကျွန်တော့်မှတ်စု၌ ကောက်နုတ် ချက်များအဖြစ် စုပြုံရောက်ရှိလာခဲ့သည်။

• ဉာဏ်အလင်းရောင်ရတဲ့ ပညာရှိဟာ လွတ်လပ်စွာ စီးဆင်းတဲ့ရေနဲ့ တူတယ်။
စာဖတ်ခြင်းနဲ့ လေ့လာကျက်မှတ်ခြင်းမှာ စဉ်းစားဆင်ခြင်မှုမပါရင် အကျိုးမရှိ တဲ့ အလုပ်ပါပဲ။ အဲဒီလိုပဲ စာဖတ်ခြင်းနဲ့ လေ့လာကျက်မှတ်ခြင်း မရှိခဲ့ရင် လည်း အတွေးတွေဟာ ဘေးဖြစ်စေနိုင်တယ်။
• မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဟာ ငြင်းခုံခုခံခြင်း မရှိဘူး။ သူ့အတွက် ကြိုးပမ်း အား ထုတ်မှု တမျိုးမျိုးရှိမယ် ဆိုရင် ဒါဟာ လေးမြား အတတ်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။
တကယ်လို့သာ လူတစ်ယောက်ဟာ မနက်ခင်းမှာ အမှန်တရားတွေကို ကြားနိုင် ဆုပ်ကိုင်နိုင်မယ်ဆိုရင် သူဟာ ညနေခင်းမှာ နောင်တတရားတွေ နဲ့ သေဆုံး သွားမှာ မဟုတ်ဘူး။
• လူကြီး လူကောင်းတွေဟာ ကိုယ့်ကိုယ်ကို အပြောနဲ့တင် မပြီးဖို့ သတိထား ကြတယ်။ ဒါပေမယ့် သူတို့တကယ် ကြိုးစားကြတယ်။
အဆင့်အတန်းမြင့်မားသူတွေဟာ စံတင်လောက်တဲ့ ဂန ္တဝင်စာပေတွေကို ကျယ်ပြန့်စွာ လေ့လာတယ်။ သာမန်လူတွေကတော့ အကျိုးအမြတ်ရဖို့ကို သာ နားလည်ကြတယ်။
• ဉာဏ်ပညာရှိသူဟာ တက်ကြွ ဖျတ်လတ်တယ်။ အကျိုးဆောင်သူကတော့ တည်ငြိမ်တယ်။ ပညာရှိဟာ သူ့ကိုယ်သူ နှစ်သိမ့်နေပြီး အကျိုးဆောင်သူ ကတော့ အသက်ရှည်ရှည်နှင့် စင်ကြယ်တဲ့ဘဝမှာ နေထိုင်တယ်။
အဆင့်အတန်းမြင့်တဲ့သူတွေဟာ လူတွေနဲ့ လိုက်လျောညီထွေနေကြပေမယ့် အသင်းအဖွဲ့ အုပ်စု မဖွဲ့ကြဘူး။ နိမ့်ကျတဲ့သူတွေကတော့ အသင်းအဖွဲ့ အုပ်စုတွေ ဖွဲ့ကြပြီး လူတွေနဲ့ တကယ်လိုက်လျောညီထွေတော့ မနေကြဘူး။
• အထက်တန်းကျတဲ့သူတွေဟာ သက်သောင့်သက်သာရှိတယ်။ သူတို့ဟာ ဝင့်ကြွားခြင်း မရှိဘဲနဲ့ သိက္ခာရှိကြတယ်။ သာမန်သူတွေကတော့ သက် သောင့်သက်သာမရှိဘဲ ဝင့်ကြွားနေကြတယ်။ သူတို့မှာ သိက္ခာမရှိဘူး။
လက်မှုပညာသည် တစ်ယောက်က အလုပ်ကောင်းကောင်း လုပ်တော့မယ် ဆိုရင် ပထမဆုံး သူ့ကရိယာ တန်ဆာပလာတွေကို ထက်ရှအောင် သူလုပ် ရမယ်။
• လူတစ်ယောက်ဟာ သူ ဘာတွေကိုပဲ လုပ်လုပ် ရှေ့ရေးကို ကြိုတင် မစဉ်းစားရင် သူ့လက် တစ်ကမ်းမှာ ရှိတဲ့ သောကတွေကြောင့် ဒုက္ခဖြစ်မှာ သေချာတယ်။

ကထာကျမ်း၌ ကွန်ဖြူးရှပ် အဆိုအမိန့်များကို မူရင်းသဘောများနှင့် အပ်စပ်အောင် တတ်နိုင်သမျှ ကြိုးစားထား သည်ကို တွေ့ရသည်။ ကမ္ဘာ့သမိုင်းနှင့်ချီ၍ ယဉ်ကျေးမှု သက်တမ်း ခိုင်မာကျယ်ပြန့်ခဲ့သည့် တရုတ်ပြည်ကို လေ့လာလျှင်ကား၊ ကွန်ဖြူးရှပ်ကို မလေ့လာလျှင် မပြီးနိုင်ချေ။ ကွန်ဖြူးရှပ်သည် “စိနဗေဒ” လေ့လာရေးနယ် ပယ်၌ ကြီးမားသော ကဏ္ဍတစ်ရပ်အနေဖြင့် ရှိခဲ့သည်။ ရှိနေသည်။ ရှိနေအုံးမည်။

မင်းသေ့
မတ်လ / ၂၀၁၇

Previous post ရီနေးဆန့်
Next post စာအုပ်ထဲက လူ