မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား
ဖေမြင့်

စာအုပ္အညႊန္း

လောက်လောက်လားလား တက်ကျမ်းတွေက၊ လောက်လောက်လားလား အရည်အသွေးတွေကို တည်ဆောက်ဖို့အတွက် စိတ်ဓာတ်ခွန်အားတွေ ရလာစေသည်။ တက်ကျမ်းတိုင်းကား၊ လောက်လောက်လား လား ရှိကြသည် မဟုတ်။ တော်တော်များများက ယေဘုယျ သဘောတရားတွေ ပြောပြီး ပြီးသွားသည်သာ ဖြစ်သည်။

ခင်ဗျားဘဝမှာ စာအုပ်ထဲက အကြောင်းအရာတွေကို တသွေ မတိမ်းလိုက်နာခဲ့ဖူးတဲ့ ကာလတစ်ခု ရှိခဲ့ဖူးသလား။

ကျွန်တော့်မှာတော့ ရှိခဲ့ဖူးသည်။ ကာလအတော်ကြာကို ရှိခဲ့ဖူး သည်။ ယခင်က လုပ်ခဲ့ဖူးသည့် အကျင့်အတိုင်း ယခုပင် အရှိန်က မကုန်ချင်သေး။ သို့သော် ဆယ်ကျော်သက် ဘဝက လိုတော့ စာအုပ်တွေကို ဘုရားလို မကိုး ကွယ်ဖြစ် တော့တာ အတော်ကြာပြီ။ ဆယ်ကျော်သက်ဘဝမှာတော့ ကျွန်တော်က စာအုပ်တွေကို ဘုရားလို ကိုးကွယ်ဖူးသည်။ မှားခြင်း၊ မှန်ခြင်း၊ သင့်ခြင်း မသင့်ခြင်းကို အသာထား… ဖြတ်သန်းခဲ့ဖူးသည့် အတွက် ဖြတ်သန်းသလောက် အကျိုး အပြစ်နှင့်ပက်သက်၍ အတွေ့အကြုံတော့ ကျွန်တော် ရခဲ့ သည်။

နောက်ဆုံး အစွန်းရောက် အယူအဆများ စွဲမြဲလာသည့်တိုင်၊ လူ့ပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျ မဖြစ်ခဲ့သည့် ဆိုးကျိုးများကနေ၊ မနည်း ဆွဲထုတ်ခဲ့ရသည်။ ဤသို့ ဆွဲထုတ်ရာတွင်၊ ကျွန်တော့် သူငယ်ချင်းကောင်းများနှင့် ကျွန်တော် ချစ်ရသောသူ (များ)၏ ကျေးဇူး များစွာ ပါဝင်သည်။ သူတို့၏ အကူအညီနှင့် ကျေးဇူးများကြောင့် ကျွန်တော် လူ့ပတ်ဝန်းကျင်နှင့် အတော်အသင့် သဟဇာတ ဖြစ်သော သူတစ်ယောက်ဖြစ်လာသည်။ ပတ်ဝန်း ကျင်တွင် အတော်အတန် ဝင်ဆန့်လာသည့် လူတစ်ယောက်ဖြစ်လာသည်။ မိသားစုနှင့် အသိုက်အဝန်းက အတော်အတန် အသိအမှတ်ပြုပေးခြင်း ခံရသည့် လူတစ်ယောက်ဖြစ်လာသည်။ စာအုပ်လောကနှင့် လူ့လော ကကို ဟာမိုနီဖြစ်စွာ အံဝင်ခွင်ကျဖြစ်ဖို့ ကိုယ်ကိုယ်တိုင်အပေါ် မူတည်သလို၊ မိတ်ဆွေ သူငယ်ချင်း လုပ်ဖော် ကိုင်ဖက် မြတ်နိုးတွယ်တာရသူ များ၏ စေတနာကူညီမှုများအပေါ်တွင်လည်း များစွာ မူတည်နေခဲ့သည်ကို တွေ့ ခဲ့ရသည်။ စာအုပ်လောကထဲ၌သာ ထိတွေ့စဉ်ကာလက အခြေအနေတို့ ကျွန်တော့်ခေါင်းထဲ ရုတ်တရက် ဝင် ရောက်လာခဲ့သည်။

ဆယ်ကျော်သက် ဘဝများကို မကျော်လွန်ခင်က၊ ဖေမြင့် စာအုပ်များ၏ လွှမ်းမိုးမှုကို ကျွန်တော် အတော်ခံခဲ့ သည်။ ကျေကျေနပ်နပ် အလွှမ်းမိုး ခံခဲ့ခြင်းသာ။ ဤသို့သော ကာလက အဆိုအမိန့် တော်တော်များများကို ဦးနှောက်ထဲတွင် မမြဲ နုတ်တိုက် ရွတ်ဆိုခဲ့ဖူးသည်။
“ကိုယ် တကယ်လုပ်မကြည့်သေးပဲနဲ့ ကျွန်တော် လုပ်မရဘူးလို့ ဘယ်တော့မှ မပြောနဲ့…ကွ”
ယခုထက်တိုင်၊ ဤအဆိုအမိန့်ကို ကျွန်တော် စွဲစွဲမြဲမြဲ လိုက်နာနေဆဲဖြစ်သည်။ လူတွေဆိုတာ၊ လုပ်လိုက်ရ သည့် ကိစ္စများကြောင့် နောင်တရသည် ဆိုသည့် အဖြစ်မျိုးထက် မလုပ်လိုက်ရသည့် ကိစ္စများကြောင့် ပူဆွေး နောက်တရသည်က ပိုမိုများပြားသည် မဟုတ်လား။ ထို့ကြောင့် ကျွန်တော့် ခေါင်းထဲတွင် ဆက်စပ် အတွေး အခေါ်တစ်ခု အမြဲဝင်လာသည်။ “ဘာမှ မလုပ်ရင် ဘာမှ မဖြစ်လာဘူး၊ တစ်ခုခု လုပ်နေရင်တော့ တစ်ခုခုတော့ ဖြစ်လာမှာပဲ” ကောင်းခြင်း၊ မကောင်းခြင်းက ကိုယ့်လုပ်ရပ်၏ စေတနာ၊ စိတ်ဇောအပေါ်တွင် မူတည်သည် မဟုတ်လား။ အချိန်တိုင်း၊ အချိန်တိုင်း၊ နေ့တိုင်း နေ့တိုင်း တစ်ခုမဟုတ် တစ်ခု၌ အမြဲ လုံ့လထုတ် ကြိုးစားနေ ဖို့ ကျွန်တော် ကိုယ့်ကိုယ်ကို အမြဲ မီးထိုးနေခဲ့သည်။ ဗုဒ္ဓ အဟော တရား၌ ဤသို့ ရှိသည် မဟုတ်လား။ “ကုသိုလ်၊ ပညာ၊ ဥစ္စာ” တစ်ခု မဟုတ် တစ်ခုတော့ အမြဲရနေအောင် ကြိုးစားနေရမည် ဆိုသည့် အချက်ဖြစ်သည်။ သုံးခု စလုံး ရရှိလျှင်တော့ အကောင်းဆုံးဖြစ်သည်။

ကျွန်တော်တို့ ဘဝတွင် ကြိုးစားအားထုတ်ပြီးဆုံးရှုံးလိုက်ရသည့် အရာများထက် ကြိုးစားအားထုတ် မကြည့် ရသေးဘဲနှင့် လက်လွှတ်ဆုံးရှုံးလိုက်ရသည့်အရာများက ပိုများသည် မဟုတ်လား။ ဘာပဲပြောပြော လုပ်ကြည့် လိုက်ပါ၊ ကြိုးစားကြည့်လိုက်စမ်းပါ… နောက်ဆုံး မရတော့ဘူးဆိုမှ လက်လျော့လိုက်ကြစို့လား။

“သီးနှံကောင်း ရိတ်သိမ်းလိုလျှင်”

လူဆိုတာ ကိုယ်စိုက်သော သီးနှံကို ကိုယ်ရိတ်သိမ်းရစမြဲ မဟုတ်လား။ ကျွန်တော် အနေနှင့် ဗုဒ္ဓ၏ ကံ,ကံ၏ အကျိုးကို နက်နက်နဲနဲ ယုံကြည်ထားမိသည်။ ဆရာတော် ဦးသုမင်္ဂလက ဟောဖူးသည်။ ကောင်းတာလုပ်ရင်၊ ကောင်းကျိုးဖြစ်မည်။ ဘယ်အချိန်ဖြစ်မည်လဲ… အကြောင်းညီညွှတ်သော အချိန်တွင်ဖြစ်မည်။ အကြောင်း ညီညွှတ်ခြင်းကို မည်သို့ မည်ပုံ ပမာပြုမည်နည်း။ ဖယောင်းတိုင်က မီးအလင်းရောင် ရသကဲ့သို့ပင်ဖြစ်မည်။ ဖယောင်းတိုင်သည် ဖယောင်းလည်း ရှိပါမှ၊ မီးစာလည်း ရှိပါမှ၊ ထိုမျှမက မီးခြစ်၌ မီးတောက်ရန်၊ ဂက်စ်လည်း ရှိပါမှ၊ ကျောက်လည်းရှိပါမှ၊ ကျောက်ဘီးလည်း ရှိပါမှ၊ ခြစ်လည်း ခြစ်ပါမှ၊ ခြစ်ပြီးလျှင်လည်း ဖယောင်းတိုင်၏ မီးစာနှင့် တို့ပါမှ၊ မီးစာ၌ မီး စွဲစေရန် ရေလည်း မစိုပါမှ၊ လေပြင်းလည်း မတိုက်ပါမှ ဖယောင်းတိုင်မှ မီးအလင်း ရောင်ကို ရရှိမည်ဖြစ်သည်။
ကျွန်တော်တို့ ဘဝတွင်ဖြစ်ပျက်သော အောင်မြင်မှု၊ ကျရှုံးမှုများသည်လည်း အကြောင်းမညီညွှတ်ပါက၊ အကျိုး များကို ချက်ချင်းလက်ငင်း ကြုံတွေ့ရဖို့ မလွယ်။ အဘိဓမ္မာ၌ စိတ်၏ ဇော (၇) ချက် အကြောင်းတရားများပါ ထည့်ပေါင်းစဉ်းစားလျှင်၊ လုပ်ရပ်များ၏ အကြောင်း၊ အကျိုးဖြစ်စဉ်များကို ရေရေလည်လည် နားလည်နိုင်မည် ဖြစ်သည်။ ထားတော့။ နောက် ဆက်ကြအုံးစို့။

“ကြေညက်အောင် ထွန်ယက်မထားတဲ့ လယ်ကွက်မျိုးမှာ၊ ဘယ်တော့မှ သီးနှံကောင်းကောင်းမထွက် ဘူး..ကွ”

ကိုယ်လုပ်သည့် အလုပ်ကို အပေါ်ယံ မလုပ်ဖို့ ကျွန်တော့်ကို ဤအဆိုအမိန့်က အမြဲ တပ်လှန့်နေ သည်။ ကိုယ်လုပ်သည့် အလုပ်ကို ပေါ့ပေါ့တန်တန်၊ အပေါ်ယံ၊ ရေပေါ်စီ သဘောမျိုးလုပ်တတ်သူတွေ ကို ကြုံတိုင်း သူတို့၏ အနာဂတ် လမ်းကြောင်းကို ကျွန်တော်မှန်းဆကြည့်မိလေ့ရှိသည်။ ဘယ်အရာကိုမှ မလေးနက်၊ ပေါ့ပေါ့နေ ပေါ့ပေါ့စား လူတန်းစားတွေ တွေ့ရမြင်ရတိုင်း၊ သူူတို့၏ ဘဝကို ကျွန်တော် စိုးရိမ်ရသည်။ ထို့နောက် ဤအမြင်ဖြင့် ကိုယ့်ဘာသာ ကိုယ်ပြန်ကြည့်မိသည်။ ငါကရော… ငယ်ငယ်တုန်း က မင်းသိင်္ခ ဝတ္ထုတစ်ပုဒ် ထဲတွင် ဖတ်ဖူးမိသော စကားလေးကို အမှတ်ရနေမိသေးသည်။

ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားပါ။ သို့ပေမယ့် ပေါ့ပေါ့ မတွေးနဲ့၊ ပေါ့ပေါ့မပြောနဲ့၊ ပေါ့ပေါ့ မလုပ်နဲ့။ စားတတ်၊ ဝတ်တဲ့၊ နေရာမှာ များသောအားဖြင့် အပ္ပကိစ္စောစ ဖြစ်သင့်သည်။ အနက်သဘောမှာကား၊ အမူကိစ္စ နည်းသောသူ ဖြစ်ရမည်။ ပညာရှိ သူတော်ကောင်းတို့၏ ရိုးရှင်းသော ဘဝနေထိုင်မှု ပုံစံကိုတွေ့ရတိုင်း ကျွန်တော် ဤစကား အမြဲသတိရမိသည်။ ေဩာ်… ရဟန်း သူတော်ကောင်းတွေ၊ သူတော်စဉ်တွေနှင့် အောင်မြင်ပေါက်မြောက်သော ဂျီးနီးယက်စ်ကြီးများ၏ ဘဝအခြေအနေများကို လေ့လာရ၊ ဖတ်ရ၊ သိရ မြင်ရ၊ ကြားရတိုင်း အင်မတန် ရိုးရှင်းသော ဘဝတွင် နေထိုင်ကြပါလားဆိုတာ အမြဲသတိရနေမိသည်။

ထိုသို့သော ပုဂ္ဂိုလ်ကျော်များ၏ နေထိုင်၊ စားသောက်၊ သွားလာပုံသည် အင်မတန် ရိုးရှင်းရကား၊ သူတို့၏ လုပ်ရပ်များ၊ အတွေးအခေါ်များ၊ အပြောအဆိုများ သည် ပေါ့ပေါ့ဆဆ မဟုတ်ကြ၊ အပေါ်ယံ မဟုတ်ကြ။ နက်နက်သော အတွေးအခေါ်၊ ကျယ်ပြန့်သော အမြင်၊ တန်ဖိုးရှိသော စကား၊ ခွန်စိုက် အားစိုက် အပြုအမူများဖြင့် ထုံမွှမ်းအပ်သည် ချည်းဖြစ်ပါသလော။ ေဩာ်… လူတစ်ယောက်၏ လုပ်ရပ် များက ထိုလူ၏ ဘဝ ကို ပြဌာန်းသည် မဟုတ်ပါသလော။ “ဘဝဆိုတာ စိတ်၏ ရောင်ပြန်ဟပ်မှုပါပဲ”။

“ရှေ့တစ်မိုင်သာ စဉ်းစားပါ”

ကွန်ဖြူးရှပ်က ပြောဖူးသည်။ မိုင်တစ်ထောင်ခရီးအတွက်၊ ခြေတစ်လှမ်းက စတင်ရသည်… ဟူ၍။ မော်စီတုန်းကလည်း သူ၏ မဟာခရီးရှည် ချီတက်ပွဲကြီး၌ ဤသို့ ပြောခဲ့ဖူးမည် ထင်သည်။ “ဘယ် လောက် ဝေးဝေးကြီး သွားရအုံးမည် ဆိုတာ မစဉ်းစားနဲ့၊ ရှေ့တစ်မိုင်အတွက်ကိုပဲ စဉ်းစား၊ အဲ့ဒါဆို မင်းတို့ ရောက်လိမ့်မယ်လို့ ငါ ယုံကြည်တယ်” (စာ – ၂၂၂)

ကျွန်တော့်ဘဝ၌ အတော်အတန်အကြာအထိ အနာဂတ်ကို လောကြီးစွာဖြင့် ဖြတ်သန်းခဲ့ဖူးသည်။ ရှေ့ မရောက်သေးသည့် ကိစ္စရပ်တွေအပေါ် အာရုံပြုရင်း၊ နဘေးနားက တန်ဖိုးရှိသည့်အရာများနှင့် လွဲချော် ခဲ့သည့် အရေအတွက်ကား မနည်းတော့။ ယခုတောင် ဤသို့ ကြုံနေဆဲဖြစ်သည်။ ကျွန်တော်တို့သည် ဟိုးအဝေးကြီးက လကမ္ဘာနှင့်ဂြိုလ်များကို လေ့လာဖို့ ကြိုးစားရင်း၊ ကိုယ့်အိမ်နဘေး စမ်းချောင်းလေး ထဲက လိပ်သည်းကျောက်ကလေးကို ကောက်ယူတန်ဖိုးထား မြတ်နိုးဖို့ မေ့လျော့နေခဲ့ကြသည်။ ေဩာ်…. ဝေးလွန်းမှ မမြင်ရသည် မဟုတ်၊ နီးလွန်းလျှင်လည်း မမြင်ပါ့လား… ဆိုတာ သတိချပ်မိသေး သည်။ ဘဝကို ကျွန်တော်တို့ မည်သို့ မည်ပုံ ဖြတ်သန်းနေကြသနည်း။

လွန်ခဲ့သော ၄ နှစ်ခန့် (၂၀၁၃ ခုနှစ်) က၊ မြန်မာပြည်တောင်တက်အသင်းနှင့် ချင်းပြည်နယ် မင်းတပ်မြို့ အတွင်းရှိ နတ်မတောင် (ခေါ်) ဝိတိုရိယ တောင်ကို ကျွန်တော် တက်နိုင်ခဲ့သည်။ ပင်လယ် ရေမျက်နှာပြင် အထက်၊ ပေ ၁၃,၀၀၀ ကျော်မြင့်သော တောင်တန်းကြီးဖြစ်သည်။ မင်းတပ်မှသည် ခြေလျင်ခရီးဖြင့် အသွားအပြန် သုံးည အိပ် လေးရက် ခရီး ဖြစ်သည်။ ခရီးစဉ် အစအဆုံး ဆိုလျှင် ၁၀ ရက်ခန့်ကြသည်။ တောင်တက်ခရီးစဉ်က မိုင်ပေါင်း ၈၀ ကို ခြေလျင်ခရီးဖြစ်သည်။ ကျောမှာ ဝန်ဖြင့် ခရီးသွားရခြင်းဖြစ်သည်။ တောင်တက်အသင်း ဥက္ကဋ္ဌက ပြောသည်။ “ကျောဗလာနဲ့တက်တာ တောင် တက်သမား မမည်ဘူး…” တဲ့။ ကျောပိုးအိတ်မှာ ကိုယ့်အတွက်တာ ကိုယ့်ဝန်ကို ကိုယ်သယ်ပြီး တောင်ထိပ်ရောက်အောင် တက်နိုင်မှ တကယ့် တောင်တက်သမားကောင်းလို့ ကျွန်တော် ခံယူမိသည်။

ကျွန်တော်တို့တတွေ ကျောဗလာဖြင့် တောင်ထိပ်ကို အရောက် တက်နိုင်ခြင်းကို အောင်မြင်မှုအဖြစ် မှတ်ယူပြီး သာယာ မှိန်းမော နေသည့် သူများကို တွေ့ရသောအခါ အဆိုပါ ဒဿနက ကျွန်တော့် ဦးနှောက်ကို တွန်းထိုးနေသည်။ ကျွန်တော်ကိုယ်တိုင် ဘဝအခက်အခဲနှင့် ပြဿနာများကို ဝန်များ ချီ၍ အရောက်တက် နိုင်ဖို့ ကြိုးစားနေဆဲဖြစ်သည်။ အလွတ်တမ်း တောင်ထိပ်ရောက် လျှင် ပြီးရော ဆိုသည့် သဘောဖြင့် ဝန်များကို ကျွန်တော် မငြင်း ပယ်တော့။ ဝန်များကို လိုလိုချင်ချင် သယ်ယူပြီး ထမ်းတက် ချင်သည့် ခံယူချက်က ကျွန်တော့်ထံတွင် ကိန်းဝပ်လာသည်။

ထိုခရီး၌ ကျွန်တော် လေ့ကျင့်သား မကျသေးဘဲ ကျွန်တော် ရောက်ခဲ့သည်။ လေ့ကျင့်မှုကို တစ်ခါမှ မလုပ်ဘဲ၊ ကျွန်တော် အရောက်သွားနိုင်ခဲ့သော ဘဝ မှတ်တိုင် တစ်ခုဖြစ်ခဲ့သည်။ တကယ်တော့ တောင်တက်အသင်းက အပတ်စဉ် စနေ၊ တနင်္ဂနွေ (၂) ရက် ရက်သတ္တပတ် အတော်အကြာ မန္တလေးတောင်နှင့် ကျုံး တစ်ပတ် လေ့ကျင့်မှု အမြဲ လုပ်ရသည်။ ဤသို့ မလုပ်ဖြစ်ဘဲ ကျွန်တော် အတင်းကာရော စာရင်းပေး၍ ကျွန်တော် ရောက်တက် ခဲ့ခြင်းဖြစ်သည်။ ပေပေါင်း တစ်သောင်း သုံးထောင်ကျော် အမြင့်ကို ကျွန်တော် ခွန်အားက ဗလာ၊ စိတ်ဓာတ်က တစ်ရာဖြင့် အရောက်သွား နိုင်ခဲ့သော စမ်းသပ်မှုကို ကျွန်တော် ဖြတ်သန်းနိုင်ခဲ့သည်။ ထို့နောက် လေ့ကျင့်မှု မကျေ ညက်လျှင်၊ ဒဏ် ပိုခံရသည်ဆိုသည့် အမြင်ပါ တွဲဖက်ပြီး ရလာသည်။ ထားတော့။ လေ့ကျင့်မှုမရှိဘဲ သွားခဲ့သည့် တောင်တက်ခရီးတစ်လျှောက်လုံး၊ ကျွန်တော့် ခေါင်းထဲ အမြဲဝင်လာသည့် စကားက၊ ရှေ့ ခြေတစ်လှမ်းအတွက်ပဲ စဉ်းစား၊ ရှေ့ခြေတစ်လှမ်းပဲ လှမ်းနိုင်အောင်ကြိုးစား ဟူသော စကားဖြင့် ကျွန်တော် ရောက်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော့် ကိုယ်တွေ့ဖြစ်သည်။ စာတွေထဲကအရာတွေကို၊ လက်တွေ့ဖြင့် ပီပီပြင်ပြင် ပေါင်းစပ် အသုံးပြုနိုင်ခြင်းသည်ပင် ပညာဖြစ်သည်။ တန်ဖိုးဖြစ်သည် ဆိုတာ ကို ကျွန်တော် နက်နက်နဲနဲ နားလည်သွားရသည်။

ကျွန်တော်တို့ အင်ဂျင်နီယာ စကားတွင် ရှိသည်။ “သီအိုရီမသိရင် အကန်း၊ လက်တွေ့ မသိရင် အကျိုး” တဲ့။ မော်စီတုန်းကလည်း သူ၏ တော်လှန်ရေး သဘောတရားတွင် ဤသို့ပင် မိန့်ခဲ့သည် မဟုတ်လား။ “သဘောတရား မသိတဲ့သူက အကန်း၊ လက်တွေ့ မသိတဲ့သူက အကျိုး”…ဟူ၍။
ကျွန်တော်တို့သည် စာနှင့် လက်တွေ့များကို ဖြတ်သန်းရင်းသာ၊ ရင့်ကျက်ပြည့်ဝလာကြသည်။
ထို့အတူ၊ စာပါ ကိစ္စရပ်များကို မလေ့လာလျှင်လည်း၊ လက်တွေ့၌ အပြောင်မြောက်ဆုံး မလုပ်နိုင်ကြ။
လက်တွေ့ချည်းသာ အားကိုးကြလျှင်လည်း၊ ကိစ္စအားလုံးက မတွင်ကျယ်၊ မပေါက်မြောက်ကြ။ သေးဖွဲသော အရာများဖြင့်သာ၊ အချိန်များ ဘဝများ ကုန်ဆုံးနေရသည်။

ဗုဒ္ဓက ဟောခဲ့ဖူးသည်။ “ဗဟုသုတများခြင်းသည်၊ အာသဝေါများခြင်း၏ အကြောင်း…” ဟူ၍။
အသိများကို အကျင့်ဖြင့် တိပေး၊ ညှိပေးမှု မလုပ်ပါက၊ သံသရာ၌ တာဗိုအင်ဂျင်တပ်၍ လည်လိမ့်အုံးမည်။

နောက်ဆုံး သာသနာ (၃) ရပ် သာဓကဖြင့် ကျွန်တော် ချုပ်လိုက်ချင်သည်။
ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ

သင်ယူခြင်း၊ လက်တွေ့ကျင့်သုံးခြင်း၊ သင်ယူသမျှ ကျင့်သုံးသမျှများကို ဆင်ခြင်ခြင်း… ဖြင့်သာ
အောင်မြင်၊ ပေါက်မြောက် သည့် ဘဝ ခရီးလမ်းကို ကျွန်တော်တို့ အရောက်လျှောက်နိုင်လိမ့်မည် ဟူ၏။

မင်းသေ့
ည ၈ နာရီ တိတိ
၂၀ ရက်၊ မတ်လ၊ ၂၀၁၇

ပုသိမ်ကြီးမြို့နယ်ထဲက စိန်ခနောက်တောင်ပေါ်ကို သူနဲ့ နှစ်ယောက်တည်း အတူ တက်ခဲ့တုန်းက အမှတ်တရ ဓာတ်ပုံ
Previous post ကွန်ဖြူးရှပ်ဗေဒ
Next post မာန