ပညာအလင်းမိတ်ဆက် (မုံရွေး မိတ်ဆက် စာစဉ်)
Introduction the Enlightenment

စာအုပ္အညႊန္း

ပညာကို ငမ်းငမ်းတက် လိုချင်နေတဲ့ ငါ့အဖို့ ၊
ပညာရဲ့သဘော၊ ပညာရဲ့သဘာဝနဲ့ ပညာ့ရဲ့သမိုင်းစဉ်ကို လေ့လာတိုင်း
ဘယ်သောအခါမှ ညီးငွေ့သွားသည် ဟူ၍ မရှိခဲ့ချေ….

မုံရွေး အုပ်စုကို စာဖတ်နာသူတိုင်း အတော်သတိထားမိမည် ထင်သည်။ ကိုတာ၊ ဘိုးလှိုင်၊ ကျော်ဝင်း၊ တင်မောင်သန်း (သင့်ဘဝ)၊ မောင်သစ်ဆင်း၊ ဒေါက်တာခင်မောင်ဝင်း စသည့် ပုဂ္ဂိုလ်ကျော်များကို မုံရွေးအုပ်စု စာရင်းတွင် ကျွန်တော်ထည့် သွင်းထားမိသည်။

လစ်ဘရယ် အိုင်ဒီယာရေစီကြောင်းကို မုံရွေးနှင့်အတူ ကျွန်တော် လိုက်ပါဖူးသည်။ ယခုလည်း လိုက်ပါနေဆဲ ဖြစ် သည်။ ဒီဘိုးနိုး၊ ကိုဗေး နှင့် ပီတာဒရပ်ကာကို မုံရွေး ဂိုဏ်းသားများထံမှ ကျွန်တော် ရှာဖွေတွေ့ရှိခဲ့သည်။ (စကားချပ် – ဂိုဏ်းသားဟူသော အသုံးအနှုန်းကို သဘောရိုး ဖြင့်သာ သုံးနှုန်းပါသည်) မုံရွေးက ထုတ်သော သိပ္ပံစာစဉ် များကို ဒဿနစာစဉ်များလောက် ကျွန်တော် မနှစ်ခြိုက်။ ကျွန်တော် ကျဉ်လည်နိုင်စွမ်းမရှိသည့် နယ်ပယ်ဖြစ်ခြင်း ကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် အတွေး၊ ပညာနှင့် အိုင်ဒီယာရေစီး၌တွင်မူ ကျွန်တော် ပျော် ပျော်ကြီး စီးမျောလေ့ရှိသည်။ ကျွန်တော် ကိုယ်တိုင်က ကိုယ့်ကိုယ်ကို ပညာသမားအဖြစ် ခံယူသည်။ ထို့ကြောင့် ပညာနှင့် ပက်သက်၍ ပညာ့သဘော၊ ပညာ့သဘာဝ၊ ပညာ့သမိုင်းစဉ်၊ ပညာ့ဖြစ်တည်မှု၊ ပညာ့ပုံသဏ္ဍာန်ကို နှစ်ကာလအတော်ကြာအောင် ရှာဖွေခဲ့ဖူးသည်။

ပညာ ဆိုတာ ဘာလဲ၊ ပညာ ဆိုတာ ဘာလဲ။ ဉာဏ်ဆိုတာ ဘာလဲ၊ အသိဆိုတာ ဘာလဲ။
ကျွန်တော့် ခေါင်းထဲက မေးခွန်းများကို စီတန်းချရေးမိသည်။ ဒယ်အိုးဆရာတော် က ဟောသည်။ ပညာနှင့် ဉာဏ်၏ ဖွင့်ဆိုချက်ကို ဟောသည်။

အကောင်း အဆိုး၊ အကြောင်း အကျိုး၊ အမှား အမှန်ကို ဝေဖန် ပိုင်းခြား နိုင်တာ ပညာ… တဲ့။
အကောင်း အဆိုး၊ အကြောင်း အကျိုး၊ အမှား အမှန်ကို ဝေဖန် ပိုင်းခြား သိတာ ဉာဏ်….တဲ့။

ေဩာ်… ရှင်းလင်းပြတ်သားသည့် ရှင်းလင်းချက်ပါတကား။ ဗုဒ္ဓအရင်းအမြစ်မှ လာသည် အသီးအပွင့်ဆိုတော့ တယ်လည်း ချိုပေသကိုး…။ သိသာ သိပြီး မလုပ်နိုင်လျှင် ပညာမဖြစ်။ ဉာဏ်အသိအဆင့်၌သာ ရပ်နေသည့် သဘောကို သတိချပ်ကြည့်ပါ။

ဦးအောင်သင်းက သိင်္ဃသူ့သမီး ကျောက်စာမှ ကောက်နုတ်၍ ပညာဆိုတာကို အနက်ဖွင့်ပေးခဲ့ဖူးသည်။ ပညာ ဆိုတာ ဘာလဲ… ပညာဆိုတာ အကြောင်းကို သိခြင်း…တဲ့။ ပြီးသွားပြီ။ “အကြောင်းကို သိအောင် လုပ်ရင် ပညာဖြစ်တယ်…” ခေါင်းထဲတွင် ရှင်းသွားသည်။ ပညာ၊ ပညာ၊ ပညာ၊ “ပညာရှိချင်ရင် ဘာလုပ်ရမလဲ… အကြောင်းကို သိအောင် လုပ်ရမယ်…” ေဩာ်… မြန်မာတွေ မညံ့ခဲ့ကြပါ့လား။ အခုရော…??

“ပြဿနာ၏ အကြောင်း၊ အပြုအမူ အပြောအဆိုတို့၏ ရည်ရွယ်ချက်၊ ဦးတည်ချက်၊ ယိမ်းယိုင်ချက်၊ ရပ်တည်ချက် စတာတွေက… ဘယ်အကြောင်းတရားက လာတာလဲ…”
ဆင်ခြင်ခြင်းကို လူတွေ ဘယ်အချိန်တုန်းက၊ စပြီး ခြေခြေမြစ်မြစ် လုပ်ခဲ့ကြသလဲ။ စဉ်းစားဆင်ခြင်ခြင်း သမိုင်းအစက ဘယ်မှာလဲ။ ဆင်ခြင်ခြင်း၏ သမိုင်းအစက ဘာလဲ။
ဗုဒ္ဓက သူကိုယ်တိုင် ပညာအလင်းပေါက်မြောက်ရာကစပြီး၊ တရားဦး ဓမ္မစက်ကို စပြီး လှည့်သည့် အချိန်က စသည်။ ကာလာမသုတ်က၊ အထင်အရှား သာဓကဖြစ်သည်။ ဝေဖန် ပိုင်းခြား စိစဉ် စဉ်းစား ဆင်ခြင်ခြင်းကို အခြေပြုထားသည့် အချက်ဖြစ်သည်။ အရှေ့တိုင်းမှာ ဗုဒ္ဓနှင့်သာဓကတင်အပြီး အနောက်ဘက် လှည့်ကြည့်ကြ အုံးစို့။

ရီနေးဆန့်…။ ခင်ဗျား ကြားဖူးသလိုလိုရှိသော စကားလုံးဖြစ်လိမ့်မည်။ ဖြေကြည့်ပါ။ ရီနေးဆန့် ခေတ် ဆိုတာ ဘာလဲ။ ဦးအောင်သင်းက သူ့ဟောပြောပွဲတွင် ထပ်ဟောသွားသေးသည်။ [ If you don’t ask me, I known: If you ask me, I don’t know.] တဲ့…။ မမေးရင် သိတယ်၊ မေးရင် မသိဘူး…။ လူတွေ တော်တော်များများ ကြုံသည့် ပြဿနာ။ ကိုယ့်အသိကိုကို ပြန်ဆန်းစစ်တတ်ဖို့အတွက် ကိုယ့်ကိုယ်ကို ကိုယ် မေးခွန်းတွေ မညှာမတာ မေးတတ်ဖို့ လိုလိမ့်မည်။ ထားတော့…။ ရီနေးဆန့်ကို အကျဉ်းမျှပဲ ဖွင့်ကြစို့။ ကျန်တာ ကိုယ့်ဘာသာ ဆက်လေ့လာ။

ရီနေးဆန့် ခေတ်ကို ဉာဏ်အလင်းခေတ် (တနည်း) ပညာအလင်းခေတ် ဟူ၍ ဖွင့်သည်။ ရှေး၌ ရှိခဲ့ပြီးသော အစဉ်အလာ၊ ဓလေ့၊ ဘောင်၊ စည်း၊ အယူအဆ၊ အမြင်၊ အစွဲများကို ဆင်ခြင်တုံတရားဖြင့် ဝေဖန်ပိုင်းခြား စိစစ် စဉ်းစား သုံးသပ် ဆင်ခြင်သည့် ပုဂ္ဂိုလ်ကျော်များ အမြောက်အမြား ထွက်ပေါ်လာသည့် ခေတ်။ သမိုင်းစဉ် ဇယား အရဆိုလျှင် ၁၈ ရာစု။ ပါရီမြို့ကို ဗဟိုပြုပြီး၊ ဥရောပတစ်ခွင်… ထို့နောက် အမေရိကန် ကိုလိုနီနယ်များအထိပါ ပျံ့နှံ့သွားသည့် ဖြစ်စဉ်ကြီး။ ၁၈ ရာစု ပညာအလင်းခေတ်ကို ရီနေးဆန့်ခေတ် (တနည်း) Age of Enlightnment လို့ ဝိဂြိုလ်ပြုကြသည်။

အစက ဤသို့ စသည်။ ငြင်းခုန်ခြင်း၊ ဝေဖန်ခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း ဖြင့် မူလအရှိတရားများ၏ အထိုင် ကို လှုပ်အောင် လှုပ်ကြသည်။ ထို့နောက် နှဲ့ သည်။ ထို့နောက် တွန်းထိုးသည်။ ထို့နောက် လှဲသည်။ ထို့နောက် ဖြိုသည်။ ထို့နောက် အသစ်တဖန် ရှာဖွေသည်။ ထို့နောက် ဒေါက်များကို တည်ဆောက်ရန် ကြိုးစားသည်။ ထို့ နောက် အယူအဆသစ်ကို တင်သည်။ ထို့နောက် အစမ်းသပ် ခံသည်။ ထို့နောက် အတည်ပြုသည်။ ထို့နောက် ဆုပ်ကိုင်မိပြီး အရာကို မိမိတို့ ကိုယ်တိုင် ထုချေပစ်လိုက်သည်။ ပညာရေးသည် မိမိကိုယ်ကို မိမိ တော်လှန်ရေး လုပ်ခြင်း၌ အဆုံးတရားကို ရှာဖွေတွေ့ရှိလိမ့်မည်။ ဤဖြစ်စဉ်၌ မခိုင်သော အရာများ ကျဆုံးမည်။ ဖုံးထားသောအရာများ၊ ပေါ်မည်။ ကွယ်ထားသော အရာများ မြင်လာမည်။ သိမှုအုပ်စုနှင့် မသိမှု အုပ်စုအကြား ပဋိပက္ခများဖြစ်မည်။ ကျရှုံးမည့်သူရှိမည်။ အောင်ပွဲခံမည့်သူရှိမည်။ အောင်ပွဲခံသူတိုင်းကား သိမှုအုပ်စုအဖွဲ့ဝင် မဟုတ်နိုင်။ ဤကား… ပညာဖြစ်စဉ်ဇယားကြီးကို မိမိအတ္တနောမတိဖြင့် မြင်မိသော အစဉ်တရားပင်တည်း။

ဗုဒ္ဓက ဓမ္မစက်ကို ပဉ္စဝိဂီ (၅) ဦးဖြင့် စ၍ လှည့်သည်။ ရီနေးဆန့်ခေတ်ကို ဘေကွန်၊ နယူတန်နှင့် ဂျွန်လော့ တို့ (၃) ဦးက စပြီး တွန်းသည်။ ထို့နောက် သောမတ်(စ)ဟော့၊ ဂျက်ဖာဆင်၊ မွန်တက်(စ)ကယူ၊ ဗေါ်(လ)တဲယား ရူးဆိုး နှင့် စီစာရို တို့က အားဖြည့်သည်။ ဤသို့ဖြင့် အနောက် ကမ္ဘာ၌ ပညာစက်ကြီး စ၍ လည်ခဲ့သည်။

၁၈ ရာစု၊ ကမ္ဘာ့အနောက်ခြမ်းမှာ ပြောင်းလဲမှုကြီး (၃) ရပ်ပေါ်ခဲ့သည်။

(၁) အတွေးအခေါ် ပြောင်းလဲမှု
(၂) နိုင်ငံရေး ပြောင်းလဲမှု
(၃) စက်မှုလက်မှု ပြောင်းလဲမှု

အတွေးအခေါ်ပြောင်းလဲမှုတွင်၊ အပေါ်၌ အုပ်စီးထားသော အစဉ်အလာ၊ သမာရိုးကျ၊ အယူသီးမှုများကို တော်လှန်အုံကြွသည့် ဖြစ်ရပ်ကို ညွှန်းသည်။ အထူးသဖြင့် ဘာသာရေး မှိုင်းနှင့် ကြပ်ခိုးများကို ခွာချသည်။ တနည်း၊ ကျောင်းတော်ကို စိန်ခေါ်သည့်သဘောပင်ဖြစ်သည်။ နိုင်ငံရေးပြောင်းလဲမှုတွင်၊ “ဖအေသေ သား မင်း ဖြစ်သည့်ဓလေ့” ကို နှဲ့ သည်။ ဘုရားသခင်၏ တာဝန်ပေးချက်အရ အုပ်ချုပ်မှုကို တော်လှန်ခဲ့သည်။ တနည်း နန်းတော်ကို စိန်ခေါ်သည့် သဘောပင်ဖြစ်သည်။ စက်မှုတော်လှန်ရေးဖြင့် လူမှုတော်လှန်ရေးကို စနိုင်ခဲ့သည်။
လစ်ဘရယ်ပညာရပ်တို့၏ အချုပ်သည် ရေသောက်မြစ် (၃) သွယ်ပေါ်တွင် အခြေခံသည်။ နိုင်ငံရေး၊ ဘောဂဗေဒနှင့် ဒဿနဗေဒ တို့ပင်ဖြစ်သည်။ ထို့ကြောင့် မက်(ခ်)နှင့် အဒမ်စမစ်တို့သည် နိုင်ငံရေးဘောဂဗဒ အတွေးအခေါ်ပညာရှင်များအဖြစ်၊ သူတို့၏ သီအိုရီများ ယခုထက်ထိ အသုံးဝင်နေဆဲဖြစ်သည်။ ၁၈ ရာစုသည် ပညာပြောင်းလဲရေးက စတင်လိုက်သည့် တော်လှန်ရေးကြီး (၃) ရပ်ကို အောင်မြင်စေခဲ့သည်။ ပြင်သစ်တော် လှန်ရေး၊ အမေရိကန်တော်လှန်ရေးနှင့် စက်မှုတော်လှန်ရေး များပင်….

ပညာက အတွေးအခေါ်ကို စ၍ တော်လှန်သည်။ အတွေးအခေါ်က နိုင်ငံရေးတော်လှန်မှုကို စသည်။ နိုင်ငံရေး တော်လှန်မှုနောက်တွင် စက်မှုတော်လှန်ရေး လိုက်လာသည်။ စက်မှုတော်လှန်ရေးသည် စီးပွားရေး တိုးတက်မှု ကို မောင်းနှင်ပြီး ချမ်းသာကြွယ်ဝမှုကပင် လူမှုအပြောင်းအလဲကို ဦးတည်စေခဲ့သည်။ လူမှုအပြောင်းအလဲကပင် ပညာ တော်လှန်ရေးကို စဉ်ဆက် မပြတ်ကြီးထွားစေခဲ့သည်ပင်။

အပြောင်းအလဲကို ဘယ်က စ… ပညာက… စ
ပညာက စ, မပြောင်းရင်၊ ကြီးကြီးကျယ်ကျယ် ပြောင်းလဲမှု ဘယ်အရာမှ မဖြစ်။
တိုစိတိုနန့် ပြောင်းလဲမှုဖြင့် သမိုင်းကို မချီမနိုင်။
အီဗော်လူးရှင်း (Evolution) … လား။
ရီဗော်လူးရှင်း (Revolution)… လား။
ရီဖောင်း (Reform) … လား။
ရီအင်ဂျင်းနီးယားရင်း (Re-engineering)… လား။

“ပြောင်းလဲချိန်တန်ပြီ”
ဘာလဲ အပြောင်းအလဲ (CHANGE) ဆိုတာ… *** ဂဃနဏ သိအောင် လုပ်။

ဂဃနဏ သိတာ ပညာ။ ဖွင့်ထားတဲ့ စိတ်ဟာ ပညာ။ ဖြစ်နိုင်ချေကို သိတာ ပညာ။ ဖြစ်တန်စွမ်းကို ခန့်မှန်းနိုင် တာ ပညာ။ အတိုင်းအဆ နဲ့ အတိုင်းအထွာ ကို သိတာ ပညာ။ အကြောင်းကို သိတာ ပညာ။ ဝေဖန်တာ ပညာ။ ခွဲခြမ်းစိတ်ဖြာတာ ပညာ။ ဆန်းစစ်တာ ပညာ။ ဆင်ခြင်တာ ပညာ။ ဆက်စပ်တာ ပညာ။ လုပ်နိုင်တာ၊ ကျင့်နိုင် တာ ပညာ။
မှတ်ထားတာ ပညာမဟုတ်။ သညာဟာ ပညာ မဟုတ်။

ပညာဖြစ်ဖို့ အကြောင်းကား၊ သု စိ ပု ဘာ ဝိ လိ သိ ဓာ သီကုံး ပန်းသွင် နေ့တိုင်း စဉ်ရန်ပင်။
ကြား၊ ကြံ၊ မေး၊ ပြော၊ စူး၊ ရေး၊ လေ့၊ နုတ် အချက် (၈) ချက်ဖြင့် ချုပ်လိုက်ပါသည်။ သတိချပ်ရန် အချက်ကား မြန်မာ၌ အတော်တော်များများ ရှိနှင့်ထားပြီး ဖြစ်သည်။ ရှာဖွေ သုံးစွဲတတ်ရင်ပင်ဖြစ်သည်။

မင်းသေ့
မတ်လ / ၂၀၁၇

Previous post ကြောက်ရွံ့ခြင်း မနက်ဖြန်များ
Next post ကွန်ဖြူးရှပ်ဗေဒ