လွတ်လပ်ခြင်း မှသည် လွတ်မြောက်ခြင်း ဆီသို့

ဦးဇောတိက (မဟာမြိုင်တောရ)
လွတ်လပ်သော စိတ်

စာအုပ္အညႊန္း

ဆရာတော် ဦးဇောတိက၏ စာကို ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား ဘဝက စပြီး ထိတွေ့မိသည်။ ပထမဆုံး ဖတ်လိုက်ရတဲ့ စာအုပ်က “တွေးမိတိုင်း ပျော်တယ်”။ ဆရာတော် ရေးသားထားသမျှ စာ အုပ်ပေါင်းစုံဆီက စာများကို တူရာအစုအလိုက် ပြန်လည်ပြုစုထားသော စာအုပ်ဖြစ်သည်။ ထိုမှ တစ်စ တစ်စ ဆရာတော်၏ စာအုပ်များကို အတော်များများ ဖတ်ဖြစ်ခဲ့သည်။ စာအုပ်တိုင်းကို ကြိုက်သည်။ ဆရာတော် ရေးသားထားသော စာအုပ်များအနက်၊ အကြိုက်ဆုံး စာအုပ်များ ရှိသည်။

• လွတ်လပ်သော စိတ်
• တွေးမိတိုင်း ပျော်တယ်
• ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်
o (သတိဖြင့် နေထိုင်ခြင်း)
• ဘဝ ဆိုတဲ့ ကျောင်း
• သိစရာ၊ တွေးစရာ
• တစိမ့်စိမ့်တွေးမယ်

ကျွန်တော်က၊ ဘာသာရေး စာပေ ပေါင်းစုံ ဖတ်ခဲ့ဖူးသည်။ ဆရာတော်တွေ ရေးတဲ့ စာအုပ်တွေ အပြင် လူပုဂ္ဂိုလ်တွေ ရေးတဲ့ ဘာသာရေး စာပေတွေလည်းဖတ်ဖြစ်သည်။ အရှင် ဇနကာဘိဝံသ နှင့် ဆရာတော် ဦးဇောတိက စာအုပ်တွေကို စွဲစွဲမြဲမြဲ ဖတ်ဖြစ်သည်။ လယ်တီကျမ်းတွေ၊ ဒီပနီတွေ ဖတ်ကြည့် သည်။ ကိုယ် သိပ်နားမလည်။ လိုက်မမှီသေး။ ဉာဏ်နည်းသေးသည်။ ရှင်ဆန္ဒာဓိက စာအုပ်တွေကို ကျောင်းသား ဘဝက ဖတ်ဖြစ်ခဲ့သည်။ အခုတော့ မဖတ်ဖြစ်တော့။ ဆန်းလွင်နှင့် ဦးရွှေအောင်ရဲ့ စာ အုပ်တွေလည်း ဖတ်ဖြစ်သည်။ အရှင်အာဒစ္စရံသီ (ခေါ်) ဆန်းလွင် ရေးသားသော စာများသည် ဗုဒ္ဓ ဘာသာကို ခွဲခြမ်း စိတ်ဖြာ ဝေဖန် ထောက်ရှုပြီးကြည့်သည်။ ဦးရွှေအောင်က ဗုဒ္ဓဘာသာရဲ့ အနှစ်အသားကို ချဲ့ပြီး ကြည့်သည်။ ဆရာတော် ရှင်ဇနကာဘိဝံသ က ဗုဒ္ဓဒေသနာတွေကို လူတွေ၊ ဘုန်းကြီးတွေ အလွယ်တကူ ချည်းကပ်နိုင်အောင်၊ သိနားလည်နိုင်အောင် လုပ်ပေးသည်။

ဦးဇောတိက ရေးသော စာများက ဘဝနေနည်း၊ ထိုင်နည်း၊ စိတ်ထားတတ်နည်းကို ပြသည်။ ကျွန်တော် စာအုပ်ပေါင်း ထောင် ဂဏန်းလောက် ဖတ်ဖူးသည်။ ဦးဇောတိက ရေးသားသော စာများ လောက် ဘဝနေနည်း နဲ့ စိတ်ထားနည်းကို ကောင်းကောင်း ပြသော စာအုပ်များ မတွေ့ဖူးချေ။

မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက

မြန်မာပြည်၏ ကွန်ဖြူးရှပ်

ဆရာတော် ဦးဇောတိကကို ကျွန်တော့် ဘာသာ နာမည် တစ်ခုပေးထားသည်။ အဲ့ဒါက “မြန်မာပြည်၏ ကွန်ဖြူးရှပ်” ဟူ၍ ဖြစ်သည်။ တရုတ်တွေးခေါ်ရှင်များထဲတွင်၊ ကွန်ဖြူးရှပ်နှင့် ဆွန်ဇူးတို့၏ ဒဿနများ ကျွန်တော့် ကိုယ်ထဲ စိမ့်ဝင်နေခဲ့သည်။ ကွန်ဖြူးရှပ် ဒဿနများက ဘဝနှင့်ပက်သက်၍ ပညာရေးနှင့် ပက်သက်၍ ကျွန်တော် လိုချင်သလောက် အတုံးလိုက် အတစ်လိုက် မပေးနိုင်ချေ။ ဘာသာစကား အခံကြောင့် ဖြစ်မည် ထင်သည်။ မြန်မာ ဘာသာပြန် စာ များများ ရှိမနေသေး တာလည်း ပါမည်။ ကျွန်တော် ကိုယ်တိုင်က ကွန်ဖြူးရှပ် ကျမ်းစာတွေကို မူရင်း တရုတ်လို ဖတ်နိုင်အောင် တရုတ်လို လည်း မတတ်တာ ပါမည်။ ဆရာတော် ဦးဇောတိက၏ အတွေးအခေါ်များသည် ကွန်ဖြူးရှပ်နှင့် ဗုဒ္ဓကို ရောကျိုထား သလိုတောင် ထင်ရသည်။


ထို့အပြင်၊ ဆရာတော်၏ ရှုထောင့်များတွင် အနောက်တိုင်း ပညာရပ်များ ချည်းကပ်လေ့လာသော လစ်ဘရယ် အယူအဆ များလည်း များစွာ တွေ့ရသည်။ စာစုံ ဖတ်သော သူတစ် ယောက်၊ စာရေးသော အခါ ဒဿနာပေါင်းစုံတို့ကို အချိုးညီညီ ရောကျိုထားသည့် သဘောကို တွေ့ရသည်။

လက်တွေ့ကျသော၊ ကျင့်သုံးရန် မခက်ခဲသော၊ နားလည်လွယ် သော သဘောတရားများဖြင့် ဆရာတော်က စာရေးလေ့ရှိသည်။ မသေချာ မရေရာသော လောကကြီးနှင့် ဖိစီးမှုများသော လူ့ပတ် ဝန်းကျင်တွေ အေးဆေးတည်ငြိမ်သော လူတစ်ယောက်ဖြစ်အောင် ဆရာတော့် စာပေများက ကျွန်တော့်ကို လေ့ကျင့်ပေး သည်။ ကျွန်တော် စိတ်ဓာတ်ကျတိုင်း ဆရာတော့် စာအုပ်များကို ဖတ်ဖြစ် သည်။ စိတ်ဆင်းရဲနေရင် ဆရာတော့် စာအုပ်ထဲက စာကြောင်းတွေကို သူ့အတိုင်း ကိုယ့်မှတ်စုစာအုပ် ထဲတွေ ကူးရေးနေမိသည်။ တစ်မျက်နှာ၊ နှစ်မျက်နှာ မှသည် လေး / ငါး / ခြောက် မျက်နှာထိအောင် စာမျက်နှာ အပြည့် ရေးသားလေ့ရှိသည်။ ခုထက်ထိ ဒီအကျင့်သည် စွဲမြဲနေသည်။ အသက်ကြီးထိ လုပ်နေအုံးမည် ထင်သည်။

ငါ ဆိုတာကို သိအောင် လုပ်ပေးတဲ့ စာအုပ်

လွတ်လပ်သော စိတ် စာအုပ်ကို ဖတ်ရင်း အမှီအခိုကင်းကင်း နေတတ်အောင်၊ အမှီအခိုကင်းကင်း သွားလာ၊ လုပ်ကိုင်တတ်အောင်၊ အမှီအခိုကင်းကင်း တွေးခေါ်တတ်အောင် လုပ်နိုင်လာသည်။ ကိုယ့် အားကိုယ်ကိုးချင် သည့် စိတ်က ခိုင်မာသထက် ခိုင်မာလာသည်။ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင် ရေးတွင်သာမက၊ ကိုယ့်ပညာကို ကိုယ်ကိုယ်တိုင် ရှာဖွေတတ်သည့် စိတ်ကို မွေးဖွားလာစေသည်။ လွတ်လပ်ခြင်းဟာ တခြားသူများထံမှ သာမက ကိုယ့်အတ္တကနေ ကိုယ် လွတ်မြောက်တဲ့ လူသား အဖြစ် တည်ဆောက်တယ် ဆိုတာကို နားလည်လာသည်။ ကိုယ့်အတွေးတွေ၊ ကိုယ့်အယူအဆတွေက နေ ကိုယ်ကိုယ့်ကိုယ် လွတ်မြောက် အောင် နေထိုင်ကျင့်ကြံတတ်မှုကိုပါ သင်ပေးသည်။ ကိုယ့် လွတ် လပ်မှုက အရေးကြီးသလို၊ တပါးသူတွေ လွတ်လပ်အောင် အကျိုးဆောင်ခြင်းကလည်း အရေးကြီး တယ်ဆိုတာ နားလည်လာသည်။

ဆရာတော် ရေးသော လွတ်လပ်သော စိတ် စာအုပ်နှင့်အမြဲ လိုလို တွဲဖတ်ဖြစ်တဲ့ စာအုပ် (၂) အုပ်ရှိ သည်။ ဘသန်း (ဓမ္မိက) ဘာသာပြန်သော “ယောနသံစင်ရော်” နှင့် မောင်သာမည ရေးသော “ရှင်သန်နေသောဘဝ” စာအုပ် နှစ်အုပ်ဖြစ်သည်။ ကျွန်တော့်ကို လွတ်လပ်တဲ့သူ ဖြစ်ချင်လာအောင် အမြဲ ကြိုးပမ်းအားထုတ်နေဖို့ ဒီစာအုပ်တွေက လုပ်ပေးသည်။ လွတ်လပ်သော စိတ် စာအုပ်ကို စွဲစွဲမြဲမြဲ ဖတ်သည့် ကာလက မနည်းတော့။ ဒီစာအုပ်ကို ဖတ်ရင်း သတ္တိတွေ ရလာတယ်။ တော်လှန်ချင်တဲ့ စိတ် တွေလည်းဖြစ်မိတယ်။ အကြီးမားဆုံး တော်လှန်ရေးကတော့ မိမိကိုယ်ကို တော်လှန်ရေး ဖြစ် သည်။

ဂိုးဒင်း ထွိုင်အန်ကယ်

လွတ်လပ်မှု၊ ပညာ နှင့် ငြိမ်းအေးမှု စတဲ့ အချက် (၃) ချက်ရဲ့ အပြန်အလှန် ဖြစ်တည်မှုကို ပီပီပြင်ပြင် နားလည်အောင် လုပ်ပေးခဲ့သော စာအုပ်ဖြစ်ခဲ့သည်။ ဘဝရဲ့အောင်မြင်တိုးတက်မှုကို လျှောက်ဖို့ ခွန် အားတွေ ရလာတယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်စာမျက်နှာက ဘယ်စာပိုဒ်ကို ကောက်ဖတ် သည်ဖြစ်စေ၊ ကိုယ့်ဘဝနဲ့ ကိုယ့်အသိဉာဏ် တစ်ဆင့်တစ်ဆင့် မြင့်လာဖို့ အမြဲလုပ်ပေးနိုင်စွမ်းရှိသည်။ ကိုယ့်စိတ်နဲ့ ကိုယ် အကျဉ်းကျနေတဲ့ အချိန်တွေရောက်လာတိုင်း၊ လွတ်မြောက်အောင် ကြိုးစားဖို့ “လွတ်လပ်သော စိတ်” ကို ဖတ်မိသည်။ ဖတ်ဖြစ်သည်။

ငြိမ်းအေးမှုနဲ့ လွတ်လပ်မှုကို မပေးနိုင်တဲ့ အောင်မြင်မှုတွေကို ခါးခါးသီးသီး ကြိုးစားနေတဲ့ လူတစ် ယောက်ကို လက်တို့ သတိပေးလိုက်သလို ခံစားရသည်။ မှန်ထဲက လူတစ်ယောက်ဟာ ငါ ပါလားဆို တာကို မြင်အောင် ကြည့်တတ်အောင် လုပ်ပေးသည်။

ေဩာ်…. လူဆိုတာ ကိုယ့်ကိုယ်ကို သိအောင် တစ်သက်လုံး ကြိုးစားနေရတဲ့ သတ္တဝါ တစ်ကောင်ပါ့ လားလို့ မြင်မိသည်။ လွတ်လပ်ခြင်းက ပညာနဲ့ ဆက်စပ်နေတယ်။ ငြိမ်းအေးမှုနဲ့ ဆက်စပ်နေတယ်။ လူ့လောကကြီး တိုးတက်မှုနဲ့ ဆက်စပ်နေတယ်ဆိုတာ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ယုံကြည်မိသည်။ ဆရာတော့် စာအုပ်တွေ ဖတ်တိုင်း ကိုယ့်ကိုယ်ကို စိန်ခေါ်တတ်လာသည်။ ငါဟာ ငါ့ အဇ္ဈတ္တထဲက ငါ ကို သိအောင် လုပ်ဖို့ မွေးဖွားလာတာ ပါ့လားလို့ သိလာသည်။

ငါ ဆရာ၊ ငါ တပည့် ၊ ငါ့ မေးခွန်း ငါ ထုတ်၊ ငါ့ အဖြေ ငါ စစ်

ကိုယ့် အသိဉာဏ်ကို ကိုယ် မပြဌာန်းနိုင်သေးရင် လွတ်လပ်တဲ့ သူလို့ မပြောနိုင်သေးဘူးတဲ့။ ပညာရေး ဝါဒီ တစ်ယောက်ဖြစ်သော ကျွန်တော်သည် ကိုယ့် ပညာရေးကို ကိုယ် ပြဌာန်းနိုင်အောင် ကြိုးစားခဲ့ သည်။ ကိုယ့်သင်ရိုးညွှန်းတမ်း ကိုယ်ဆွဲနိုင်ဖို့၊ ကိုယ့်မေးခွန်း ကိုယ်ထုတ်နိုင်ဖို့၊ ကိုယ့်အဖြေ ကိုယ်အမှတ်ပေးဖို့၊ ကိုယ့်သင်ခန်းစာတွေ ကိုယ်သင်ဖို့ ကြိုးစားခဲ့သည်။

ဆရာကြီး ဒေါက်တာ သန်းထွန်း ပြောခဲ့ဖူးတာ အမှတ်ရမိသည်။ “ပညာဆိုတာ အမွေပေးလို့ မရဘူး ကွ၊ ပညာတတ်ချင်ရင် ကိုယ့်ဘာသာ လုပ်ယူရတယ်” တဲ့။ ကျွန်တော်ဟာ ဘဝဆိုတဲ့ ကျောင်းမှာ ကိုယ့်ပညာကို ကိုယ်သင်ဖို့ အမြဲတမ်း ကျောင်းသားကြီး တစ်ယောက်အဖြစ် စာရင်းသွင်းလိုက်မိပြီ။
ဆရာတော်ရဲ့ စာအုပ်တွေထဲက စာတွေကို မှတ်စုထဲ အပြည့် ရေးကူးနေရင်း၊ ဒီဒဿနာတွေ ကိုယ့် အသွေးအသားထဲ စိမ့်ဝင်နေသလို ခံစားရသည်။

ကိုယ့်စွမ်းရည်တွေ တစ်နေ့ထက် တစ်နေ့ တိုးတက်အောင် လုပ်နေတဲ့ အကျင့်ဟာ စွဲနေပြီ။ နေ့စဉ် ကိုယ့်လုပ်ရပ်၊ ကိုယ့်အပြုအမူ၊ ကိုယ့် အပြောအဆိုနဲ့ ကိုယ့် အတွေးတွေကို ကိုယ်သုံးသပ်တတ်အောင် ကူညီပေးသည်။ လူငယ် ဆယ်ကျော်သက် ဘဝမှာတင် အကျိုးပြုနေပါ့လားလို့ တွေးတွေးပြီး ပီတိဖြစ် မိသည်။

လွတ်လပ်မှု သဘောတရားကို ရှုထောင့်ပေါင်းစုံကို အမြင်ပေါင်းစုံနဲ့ တင်ပြသည်။ အကြောင်းအရာတွေ က ကွဲပြားသော်လည်း အားလုံးရဲ့ ဗဟို ဆုံချက်က လွတ်လပ်မှုဆိုတဲ့နေရာမှာ လာဆုံသည်။ လွတ် လပ်မှု ဟူသည် ဗဟိုထောက်ကြီး သဖွယ်။ အမှန်တကယ်တွင်လည်း သဘာဝထဲတွင် လွတ်လပ်မှုက အစစ်အမှန်တရားပင်ဖြစ်သည်။ နိဗ္ဗာန်သည်ပင် ဒုက္ခအပေါင်းမှ လွတ်မြောက်ရာ၊ လွတ်လပ်ကြောင်း မဟုတ်လား။ အားလုံးသော နေရောင်ခြည်တွေကို မှန်ဘီလူးတစ်ခုနဲ့ စုပေးလိုက်တဲ့ အခါ မီးတောက် တစ်စ ဖြစ်လာသလို၊ “လွတ်လပ်သော စိတ်” ကို ဖတ်ရင်း ဘဝရဲ့ အားမာန်တွေ၊ နည်းနာတွေ၊ ခံယူ ချက်၊ ယုံကြည်ချက်တွေက တစ်နေရာတည်းမှာ စုလာစေသည်။ စွမ်းအားတွေဟာ ကိုယ်မှာ ပြန့်ကျဲ မနေဘဲ၊ ဘဝတိုက်ပွဲ အတွက်၊ တိုက်ခိုက်ဖို့ လက်နက်တစ်ခု ဖြစ်လာသည်။

ဆရာတော် ဦးဉာဏိဿရ မိန့်သလို ဆိုရင်၊ ဘဝဆိုတာ ပင်လယ်နဲ့ တူသည်။ လှိုင်းလည်း ထန်သည်။ ဝဲတွေလည်း ရှိသည်။ မုန်တိုင်းနဲ့လည်း ကြုံရနိုင်သည်။ ဒီလိုမျိုး ဘဝပင်လယ်မျိုး၌ မှီခိုစရာ ကျွန်းကလေး တစ်ခု ရှိမထားလျှင်၊ ဘဝ၌ ဆောက်တည်ရာ မရနိုင်။ ဗျာများနေမည်။ လှုပ်ရမ်းနေမည်။ ဘဝသည် တည်ငြိမ်မည် မဟုတ်။ အေးချမ်းမည် မဟုတ်။

လွတ်လပ်သော စိတ်သည် ငါ့ ဘဝ ၏ ဗဟိုချက်ဖြစ်သည်။
လွတ်လပ်သော စိတ်သည် ငါ့ ပညာရေး၏ နည်းနာ ဖြစ်သည်။
လွတ်လပ်သော စိတ်သည် ငါ့ စိတ်၏ ငြိမ်းအေးရာ ဖြစ်သည်။
လွတ်လပ်သော စိတ်သည် ငါ့ အခက်အခဲတွေအတွက် လက်နက်ဖြစ်သည်။
လွတ်လပ်သော စိတ်သည် ငါ့ အားမာန်တွေ အတွက် ယုံကြည်ချက်ဖြစ်သည်။

မင်းသေ့
မတ်လ / ၂၀၁၇

Previous post ဘေဂျင်း (သို့မဟုတ်) ပီကင်း ယခင် / ယခု
Next post ရင့်ကျက်ချင်တယ်၊ ရင့်ကျက်ချင်တယ်