• တရုတ်ကို လေ့လာဖို့
• တရုတ်ကို ပေါင်းဖို့ မဟုတ်

တရုတ်မုန်းတီးရေး အမြင်နဲ့ပတ်သက်ပြီး မြန်မာတွေ သတိထားဖို့ လိုတဲ့အချက်ရှိပါတယ်။ အဲဒါကတော့ တရုတ် မုန်းတီးရေးစိတ်အခံနဲ့ တရုတ်ကို မပစ်ပယ်ဖို့၊ တရုတ်ကို လျစ်လျှူမရှုဖို့ ဖြစ်ပါတယ်။ တရုတ်မုန်းတီးရေးအမြင်နဲ့ အတူ တရုတ်ကို အလေးမထား၊ ဂရုမစိုက်ဘဲ ထားရင် မြန်မာတွေအတွက် ပိုဆိုးနိုင်တဲ့ အခြေအနေတွေ များစွာ ကြုံရနိုင်ပါတယ်။

မြန်မာပြည်မှာ တရုတ်ရေးရာလေ့လာရေးအစုအဖွဲ့တွေ (China Study Group) ရှိလာဖို့ လွန်ခဲ့တဲ့ (၂) နှစ်နီးပါး လောက်က ကျနော် တိုက်တွန်းရေးသားခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ ဆိုင်ရာဒေသအလိုက်၊ နယ်ပယ်အလိုက်၊ ရေးရာအလိုက်၊ နိုင်ငံအလိုက် လေ့လာရေးအဖွဲ့တွေ ရှိထားဖို့ တိုက်တွန်းတာဖြစ်ပါတယ်။ မြန်မာတပ်မတော် ထဲမှာတော့ နိုင်ငံအလိုက်လေ့လာရေးအုပ်စုတွေ ဖွဲ့ပြီး စာတမ်းတွေ ပြုစု၊ စာအုပ်တွေ ရေးသားပြီး လေ့လာဖို့ လုပ်နေတာ နှစ်ကာလ အနည်းငယ်ကြာနေပါပြီ။

သို့ပေမယ့် အခုပြောနေတာက အရပ်ဘက်နိုင်ငံရေးအုပ်စုတွေအတွက် မူဝါဒကိစ္စတွေ စဉ်းစားနိုင်ဖို့ အထောက် အပံ့ကောင်းဖြစ်စေမယ့် လေ့လာရေးအုပ်စုတွေ လိုအပ်ပါတယ်။ မြန်မာပြည်အစိုးရဘက်မှာတော့ နိုင်ငံခြားရေး ဘက်မှာ လုပ်တာတွေ ရှိကောင်းရှိနိုင်ပါတယ်။ သို့ပေမယ့် တစ်နိုင်ငံလုံးအတိုင်းတာနဲ့ နယ်ပယ် ရေးရာအလိုက်၊ ဒေသအလိုက်၊ နိုင်ငံအလိုက် ကျွမ်းကျင်သူတွေ မြောက်များစွာ လိုအပ်နေပါသေးတယ်။ တရုတ်ရေးရာလေ့လာ ချက်တွေကို နိုင်ငံရေးစိတ်ဝင်စားတဲ့ လူငယ်တွေ ဇောင်းပေးလေ့လာဖို့ လိုနေပါတယ်။ ယခင်ကထက်စာရင်၊ မြန်မာပြည်တွင်းမှာ တစ်ယောက်စ၊ နှစ်ယောက်စ ရှိလာပေမယ့် လုံလောက်တဲ့အနေအထား မဖြစ်သေးပါဘူး။ တကယ့် တရုတ်ရေးရာကျွမ်းကျင်သူတွေဟာ အစိုးရဘက်မှာရော၊ စစ်ဘက်မှာရော၊ ပါတီဘက်မှာရော၊ အရပ်ဘက်မှာရော၊ အကယ်ဒမစ် အသိုင်းအဝန်းဘက်မှာရော၊ သတင်းမီဒီယာဘက်မှာရော များများစားစား ရှိထားဖို့ လိုပါတယ်။

ဒါ့ကြောင့် တရုတ်နဲ့ပတ်သက်ပြီး မြန်မာတွေ လျစ်လျှူမရှုဖို့ တိုက်တွန်းချင်ပါတယ်။ တရုတ်ဟာ မြန်မာပြည်နဲ့ ပထဝီချင်း နီးကပ်တဲ့ နိုင်ငံကြီးဖြစ်ပါတယ်။ နယ်မြေထိစပ်မှုအရ ထိုင်း၊ အိန္ဒိယနဲ့ တရုတ်တို့ဟာ မြန်မာပြည်နဲ့ အများဆုံးထိစပ်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ မြန်မာအဖို့ တရုတ်ကို မခေါ်ချင်လို့လည်း မရဘူး။ မတော်ချင်လို့ လည်း မရပါဘူး။ ဒါ့ကြောင့် တရုတ်ကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာဟာ ငြင်းပယ်လို့ မရပါဘူး။ တရုတ်ကို မုန်း လို့ မြန်မာပြည်မြေပုံကြီးကို တရုတ်နဲ့ ဝေးရာကို ရွေ့လို့လည်း မရပါဘူး။ ပထဝီအရ ထိစပ်နီးကပ်နေတာမို့ တော် တော်များများကို ငြင်းခွင့်မရှိပါဘူး။ အနည်းငယ်သော ကိစ္စရပ်တွေမှာသာ ငြင်းလို့ ရနိုင်ပါတယ်။

ယခင်တရုတ်

မြန်မာအတွက် တရုတ်နဲ့ ပတ်သက်ရင် ရွေးချယ်မှု နည်းတယ်ဆိုပေမယ့်၊ ပေါ်လစီအရ ရွေးချယ်ခွင့်အားသာ အောင် လုပ်လို့ ရပါတယ်။ မြန်မာအတွက် ရွေးစရာ ပေါ်လစီများများစားစား ရှိထားဖို့ လိုပါတယ်။ ယခင် ဦးနု ခေတ်၊ ဦးနေဝင်းခေတ်မှာ တရုတ်ကို တန်းတူပေါင်းလို့ရပေမယ့် အခုတရုတ်ကို တန်းတူပေါင်းလို့ မရနိုင်တော့ ပါဘူး။

အကြောင်းကတော့ ဦးနုခေတ်၊ ဦးနေဝင်းခေတ်မှာ မော်စီတုန်းတို့ ကွန်မြူနစ်တရုတ်တွေဟာ သူ့ဇာတ်နဲ့ သူ့ အရှုပ်ကို သူ့တို့ဘာသာ ပြည်တွင်းမှာ ဝိုင်းကြိတ်ဖြေရှင်းနေတာမို့၊ ပြည်ပရေးရာကိစ္စတွေကို အခုအချိန်လို သိပ်များများစားစား အာရုံစိုက်ချိန်မရပါ။ တရုတ်က ပါတီတွင်းတိုက်ပွဲတွေလည်း ပြင်းထန်နေသလို၊ ကွန်မြူနစ် က လက်ယာသွေဖီရေးသမားတွေကို တိုက်ထုတ်တော်လှန်တာတွေ၊ ဆိုဗီယက်ရုရှားကို (၁၀) နှစ်အတွင်း အမှီလိုက်ဖို့ ကြိုးစားနေရတာတွေနဲ့ တရုတ်ဖြူ (ကူမင်တန်) တွေနဲ့ အားပြိုင်နေရတာကြောင့် တရုတ်ဟာ ပြည်တွင်းမှာကို အနိုင်နိုင်ဖြစ်နေရတဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း တရုတ်မှာ ငတ်ပြတ် နေတယ်။ တော်လှန်ရေးအမျိုးမျိုးကို ဆင်နွှဲနေရလို့ တရုတ်ဟာ သူ့ဇာတ်ကို သူ အနိုင်နိုင်ကနေရတဲ့အနေ အထားဖြစ်နေတယ်။ တိုင်းပြည်ကလည်း လူဦးရေ နင်းကန် ပေါက်ဖွားလို့ တော်တော်ထိန်းချုပ်နေရတဲ့အခြေ အနေမှာ ရောက်နေတယ်။ မိုးခေါင်ရေရှားတာတွေ၊ စားနပ်ရိက္ခာမလုံလောက်တာတွေ၊ တိဘက်ကိစ္စ၊ ထိုင်ဝမ် ကိစ္စတွေနဲ့ လုံးထွေးနေတာမို့လို့ နဘေးက မြန်မာပြည်ကို ကောင်းကောင်း အာရုံစိုက်ချိန်မရဘူး။ တစ်ဖက်မှာ လည်း အိန္ဒိယနဲ့ နယ်စပ်ပြဿနာတွေ ဖြစ်လိုက်သေးတယ်။

ယခုတရုတ်

သို့ပေမယ့် အခု တရုတ်ဟာ တိုးတက်လာပြီ။ ကြီးပွားလာပြီ။ ချမ်းသာလာပြီ။ နည်းပညာမြင့်လာပြီ။ တရုတ် ကွန်မြူနစ်ပါတီကလည်း နိုင်ငံကို ဖိဖိစီးစီးနဲ့ အုပ်စီးထားနိုင်ပြီ။ ကမ္ဘာမှာလည်း တရုတ်ရဲ့လက်တံတွေကို နိုင်ငံတော်တော်များများမှာ ဖြန့်ကျက်ထားနိုင်ပြီ။ အထူးသဖြင့် တတိယနိုင်ငံတွေမှာ တရုတ်ဩဇာသက်ရောက် မှု အားကြီးတယ်။ တရုတ်ရဲ့ မက်လုံး မြောက်များစွာ ရှိတဲ့ နိုင်ငံငယ်လေးတွေဟာ တရုတ်ကို လွန်ဆန်ဖို့ခက် လာတယ်။ ပြည်ပရောက် (အဝေးရောက်) တရုတ်တွေကလည်း သူများနိုင်ငံတွေမှာ သူ့နိုင်ငံရဲ့အကျိုးစီးပွားကို ချဲ့ထွင်ပေးနေတဲ့ တရုတ်နေရှယ်နယ်လစ် (တရုတ်အမျိုးသားရေးဝါဒီ)တွေ ဖြစ်လာကြပြီ။ တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (ပီအယ်လ်အေ) ဟာလည်း ကမ္ဘာ့ထိပ်ဆုံးက စစ်ရေးအင်အားကြီး တပ်မတော် တစ်ခုဖြစ်လာပြီ။ တရုတ်စီးပွားရေးဟာလည်း ကမ္ဘာ့ထိပ်ဆုံးနိုင်ငံဖြစ်လာပြီ။ တရုတ်တွေ အမေရိကန်ကို မယှဉ် နိုင်တဲ့ နယ်ပယ်က ကျဉ်းသထက် ကျဉ်းလာနေပြီ။ ဒေါ်လာကို မယှဉ်နိုင်သေးတာ၊ တက္ကသိုလ်တွေကို မယှဉ်နိုင် သေးတာ နဲ့ စွန့်ဦးတီထွင်မှုကို မယှဉ်နိုင်သေးတာတွေလောက်ပဲ ကျန်တော့တယ်။ နေရာတော်တော်များများမှာ အမေရိကန်ကို ရင်ဘောင်တန်း ယှဉ်ပြိုင်လာနိုင်နေပြီ။ အမေရိကန်တောင် ထိပ်လန့်နေရတဲ့ အနေအထားမှာ ရှိ နေတယ်။

ယခင် ကွန်မြူနစ်တရုတ်တွေမှာတော့ ပြည်ပရောက်တရုတ် (Oversea Chinese) တွေ အတွက် သီးသန့်မူဝါဒ ရှိဟန် မတူဘူး။ သို့သော်လည်း ချမ်းသာကြွယ်ဝလာတဲ့တရုတ်ဟာ ပြည်ပရောက်တရုတ်တွေဟာ သူ့နိုင်ငံ အတွက် အကျိုးစီးပွားကို အဓိကချဲ့ထွင်ပေးနိုင်တဲ့သူတွေ ဖြစ်တယ်ဆိုတာကို နားလည်တယ်။ ဒါ့ကြောင့် ပီအာ (ပြည်သူ့ဆက်ဆံရေး – Public Relation) ပေါ်လစီကို ကောင်းကောင်းချတယ်။ ယခင် ကွန်မြူနစ်တရုတ်တွေ ကတော့ နဘေးနားတိုင်းပြည်က ကွန်မြူနစ်တွေကို ရေဒီယိုနဲ့ အသံလွှင့်ပြီး ဝါဒဖြန့်တယ်။ စစ်ရေးအကူအညီ တချို့ပေးတယ်။ ဒီလောက်နဲ့ပဲ ဒေသတွင်းက ကွန်မြူနစ်မဟာမိတ်တွေအပေါ်မှာ သူ့ဩဇာကို ထိန်းထားနိုင် တာ။ တိန့်ရှောင်ဖိန် တက်လာပြီးတော့ စီးပွားရေးလီဗာကို ဖိနင်းဖို့ ကြိုးစားနေတဲ့အချိန်မှာ ပြည်ပအထောက် အပံ့တွေကို ဖြတ်ချလိုက်တယ်။ တိန့်က ဒါတွေဟာ တရုတ်တွေအတွက် ဝန်ထုပ်ဝန်ပိုးလို့ နားလည်လာတယ်။ မြန်မာပြည်တွင်းက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကိုလည်း အထောက်အပံ့တွေ ဖြတ်ချလိုက်တာနဲ့ ပတ် သက်ပြီး နှိုင်းယှဉ်လေ့လာလို့ ရတယ်။ ဒီလိုနဲ့ တိန့်ဟာ သူ့နိုင်ငံမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ တယ်။

၁၉၈၀ နောက်ပိုင်း၊ တရုတ်မှာ ရှိတဲ့ ဆင်းရဲမွဲတေမှုမျဉ်းဟာ အောက်ဆိုက်ဆင်းသွားတော့တယ်။ ၂၀၀၀ ခုနှစ် နောက်ပိုင်း တရုတ်ရဲ့ ဂျီဒီပီဟာ မိုးကို ထောင်ပြီးတက်သွားတယ်။ ဒီ ခုနှစ်နှစ်ခုဟာ အင်မတန် စိတ်ဝင်စားစရာ ကောင်းတယ်။

တိန်ရှောက်ဖိန်ကျေးဇူးနဲ့ ချမ်းသာကြွယ်ဝလာတဲ့ တရုတ်

ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်

တရုတ်ပြည် တိုးတက်မှုအကြောင်းကို ပြောရင် တိန့်ရှောင်ဖိန်အကြောင်းက မပါမဖြစ်။ တိန့်ရှောင်ဖိန်ကို ၁၉၀၄ ခုနှစ်၊ ဩဂုတ် (၂၂) ရက်နေ့မှာ မွေးတယ်။ တိန့်ရှောင်ဖိန်က ၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ မှာ ကွယ်လွန်တယ်။ တိန့်ရှောင်ဖိန်ကို ပစ်တိုင်းထောင်နိုင်ငံရေးသမားလို့ သတ်မှတ်ကြတယ်။ ကွန်မြူနစ်နိုင်ငံရေးလောကမှာ၊ ဇာတ် ခုံပေါ်က ဆင်းပြီးသွားရင် နှစ်ခါ ပြန်တက်လာရိုး ထုံးစံ မရှိလို့။ ဒါပေမယ့် တိန့်ရှောင်ဖိန်ကတော့ အဲသည်လို မဟုတ်ဘူး။ နိုင်ငံရေးဇာတ်ခုံပေါ်ကနေ အခါခါ ဆင်းရပေမယ့် ပြန်ပြန်တက်လာတယ်။ မော်စီတုန်း သေခါနီးမှာ တိန့်ရှောင်ဖိန် ဩဇာပြန်တက်လာတယ်လို့ ပြောလို့ရတယ်။ တိန့်ရဲ့အစ်ကိုလိုဖြစ်နေတဲ့ ချိုအင်လိုင်းရဲ့ ကျေးဇူး လည်းပါတယ်။ ၁၉၇၆ ခုနှစ် မော်စီတုန်း ကွယ်လွန်အပြီး၊ ၁၉၇၇ ခုနှစ်လောက်မှာ တိန့်ရှောင်ဖိန်ရဲ့ နိုင်ငံရေး ဩဇာတက်လာတယ်။ သို့ပေမယ့် တိန့်က အစွန်းရောက်မော်ဝါဒီ အကြွင်းအကျန်တွေအကြားမှာ ရုန်းကန်ရ သေးတယ်။ တိန့်ရှောင်ဖိန်က လေးဦးဂိုဏ်းကို ဘယ်လို ကိုင်တွယ်တယ်ဆိုတာ ဆက်လက်ပြီးလေ့လာဖို့ လိုတယ်။ သူ့နိုင်ငံရေးခရီးက ခပ်ဖြောင့်ဖြောင့်တော့ မဟုတ်ဘူး။

ဒါပေမယ့် တိန့်က လက်တွေ့သမား။ တော်တယ်။ ထက်တယ်။ ပုလည်း ပုတယ်။ ပုသလောက်တော်တယ်၊ တော်သလောက်လည်း ပုတယ်။ တရုတ်ပြည်ရဲ့လက်ရှိအခြေအနေကို ကောင်းကောင်းနားလည်သဘော ပေါက်တယ်။ တိန့်ရှောင်ဖိန်ရဲ့နာမည်ကျော် အဆိုအမိန့်တွေ ရှိတယ်။ ဒါတွေကလည်းစိတ်ဝင်စားစရာ….

• ချမ်းသာတာ မင်္ဂလာ။
• ကြောင်ဖြူတာ မည်းတာက အဓိက မဟုတ်ဘူး။ ကြွက်ခုပ်တတ်ဖို့ အဓိက။
• လေကောင်းလေသံတွေ ဝင်လာဖို့ တံခါးဖွင့်ထားဖို့ လိုတယ်။ တံခါးတွေ ဖွင့်ထားလိုက်ရင် အမှိုက်တွေ လည်းဝင်လာနိုင်တာပေါ့။ ဝင်လာတဲ့ အမှိုက်တွေကိုတော့ တချိန်ကျ ပြန်ရှင်းထုတ်ရမှာပဲ။
• တချို့တွေ အရင်ချမ်းသာပါစေ။
• သိုသိုသိပ်သိပ်နေပါ။

ခေါင်းဆောင်ကြီး တိန်ရှောက်ဖိန်

တိန့် အဘိဓမ္မာ

တိန်ရှောင်ဖိန်ဟာ မော်ဝါဒီ အတွင်းပိတ် တရားသေကွန်မြူနစ်တွေနဲ့ အပြိုင် အဘိဓမ္မာတော်လှန်ရေးကို လုပ် လိုက်ရတယ်။ တရုတ်ကွန်မြူနစ်တွေအကြားမှာ ရိုက်သွင်းခံထားတဲ့အမြင်တွေကို ပြောင်းဖို့ ကြိုးစားရတယ်။ လက်ဝဲလက်ယာ ခွဲခြမ်းမှု အားကြီးနေတဲ့ တရုတ်ပြည်မှာ အရင်းရှင်စနစ်ကို အတောင့်လိုက် အစားထိုးသွတ် သွင်းဖို့ ကြိုးစားခဲ့တယ်။ အဲဒီ့အတွက် တိန့်ရှောင်ဖိန် သုံးတဲ့ မဟာဗျူဟာတွေ ရှိတယ်။

မင်္ဂလာ

တိန့်ရှောင်ဖိန် ပြောခဲ့တဲ့စကားထဲမှာ ချမ်းသာတာ မင်္ဂလာ ဆိုတဲ့စကားပါတယ်။ ဒါဟာ တကယ်တမ်းကြည့် လိုက်ရင်တော့ ဘယ်ထူးဆန်းမလဲ။ ဆင်းရဲတာထက် ချမ်းသာတာ ပိုကောင်းတာပေါ့။ ချမ်းသာတာဟာ ပိုမင်္ဂလာ ရှိတာပေါ့။ ဘာထူးဆန်းသလဲ။ ဘာမှ မထူးဆန်းပါဘူး။ ဒါပေမယ့် တရုတ်ပြည်အတွက် ထူးဆန်းခဲ့ပါ တယ်။

ကွန်မြူနစ်ဝါဒမှာ ချမ်းသာတာ မရှိဘူး။ ဆင်းရဲတာ မရှိဘူး။ လူတန်းစား ကွာဟတယ်ဆိုတာကို လက်မခံဘူး။ အားလုံးကို တန်းညှိပစ်လိုက်တဲ့စနစ်။ လူတန်းစားမဲ့ဝါဒ။ ဘုံစနစ်။ စုပေါင်းလုပ်ကိုင်စားသောက်ကြတဲ့စနစ်။ အားလုံး ညီတူမျှတူ ခွဲခြမ်းရယူတဲ့စနစ်။ ကွန်မြူနစ်ဝါဒက မြင့်တဲ့သူကိုလည်း ဆွဲချတယ်။ နိမ့်နေတဲ့လူကိုလည်း ဆွဲတယ်တဲ့စနစ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အဲသည်လို မဟုတ်ခဲ့ဘူး။ မျက်မှန်တပ်ရင် ပညာတတ်လို့ ထင်တယ်။ ပညာတတ်ဆိုရင် တွေဝေတယ်။ ဖောက်ပြန်တတ်တယ်ဆိုတဲ့အယူအဆရှိတယ်။ နောက်ပြီး လူတွေ ကြားထဲမှာ ထူးထွေပြီး ပြောင်ပြောင်ရောင်ရောင်ဖြစ်နေရင် ဒီလူဟာ အရင်းရှင်တံဆိပ် အတပ်ခံရတယ်။ ပြုပြင် ပြောင်းလဲရေးစကားတွေ ပြောရင် လက်ယာယိမ်းသမားလို့ သမုတ်ခံရတယ်။ ဒါ့ကြောင့် အားလုံးဝတ်သလို ဝတ်၊ အားလုံးစားသလိုစား၊ အားလုံးနေသလိုနေ၊ အားလုံး အိပ်သလို အိပ်၊ အားလုံးသုံးသလို လိုက်သုံး။ ကိုယ်က ထူးပြီး သုံးစွဲတာ ရှိရင်၊ ဝတ်ဆင်တာ ရှိရင်၊ အထူးသဖြင့် သူများတကာထက် ထူးပြီး ပိုက်ဆံငွေကြေး ရှိနေရင် ဒီလူဟာ ဖောက်ပြန်ရေးသမားဖြစ်တယ်လို့ သတ်မှတ်ခံကြရတယ်။ ဒါ့ကြောင့် အများဆင်းရဲသလို လိုက် ဆင်းရဲမှ တိုင်းပြည်အပေါ် သစ္စာရှိတယ်။ ပြည်သူတွေနဲ့တစ်သားတည်းဖြစ်တယ်လို့ ယူဆကြတယ်။ ဆင်းရဲတာ၊ မွဲမွဲတေတေနဲ့ စုတ်ပြတ်နေတာကို ဂုဏ်ယူနေတဲ့ သဘောထားအမြင်တွေဖြစ်တယ်။ ဒီတော့ ဆင်းရဲ တာ ၊ မွဲတေ စုတ်ပြတ်ပြီး အနှုပ်စုတ် ဂုပ်စုတ်နေတာဟာ မင်္ဂလာရှိတယ်ပေါ့။ ဒါ အမြင်တွေကို ချေဖြတ်ဖို့ တိန့်က ချမ်းသာတာ မင်္ဂလာ ဖြစ်ကြောင်း အတွင်တွင် ပြောခဲ့ရတယ်။ လူတွေကို ချမ်းသာတာ ကောင်းတဲ့ အကြောင်း တကူးတက နားဝင်အောင် ပြောခဲ့ရတယ်။

ကြောင်ဖြူကြောင်မဲ အဘိဓမ္မာ

တိန့်ရှောင်ဖိန်ရဲ့ ကြောင် ဖြူကြောင်မည်း အဘိဓမ္မာက တရုတ်မှာအတော် ခရီးရောက်ခဲ့တယ်။ အရင်းရှင်တံဆိပ်တပ်ပြီး အရင်းရှင်ရဲ့ စနစ်တွေကို ငြင်းဆန်ကန့်ကွက်နေတဲ့ တရုတ်တွေကို ကြောင်ဖြူကြောင်မည်း အဘိဓမ္မာဟောပြီး ချေချွတ်ခဲ့ရ တယ်။ နောက်ဆုံး ငတ်ပြတ်နေတဲ့ တရုတ်တွေလည်း ဝမ်းဝဖို့ အဓိကပဲ ဆိုပြီး တိန့်ရှောင်ဖိန် အဘိဓမ္မာကို လက်ခံလိုက်ကြပုံပေါ်တယ်။ ဒီလိုနဲ့ တရုတ်ပြည်ဟာ “တရုတ်နည်း တရုတ်ဟန် ဆိုရှယ်လစ်” ဆိုပြီးဖြစ်လာ တယ်။ တကယ်တော့ အရင်းရှင်ဝါဒရဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလိုက်တာပါပဲ။ ဒီလိုနဲ့ အခုအချိန်မှာ ကွန်မြူနစ်တရုတ်ကြီးဟာ တိန့်ရှောင်ဖိန် ကျေးဇူးနဲ့ အရင်းရှင်ထက်ပိုဆိုးလာပြီး အရင်ရှင်းရမယ့် စာရင်းထဲ တောင် ထည့်ရမယ့် သဘောဖြစ်လာပါတယ်။

တံခါးတွေ ဖွင့်လိုက်

နောက်တစ်ခုက တံခါးဖွင့်လိုက်တဲ့ကိစ္စ။ အမြဲတမ်း အတွင်းကျုံ့ပေါ်လစီကို ကျင့်သုံးနေတဲ့ တရုတ်နီတွေဟာ တံခါးတွေ ပွင့်သွားမှာ သိပ်ကြောက်တယ်။ တံခါးတွေ ဖွင့်လိုက်မှာလည်း သိပ်စိုးရိမ်တယ်။ ဒါ့ကြောင့် အမြဲတမ်း လိုလို တံခါးပိတ်ပြီးပဲ နေကြတယ်။ တိန့်ရှောင်ဖိန်ကတော့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လုပ်ဖို့ တံခါးဖွင့်ရမယ် ဆိုတာကို နားလည်တယ်။ ဒါ့ကြောင့် တရုတ်နီတွေ စိုးရိမ်နေတဲ့ကိစ္စကို အဘိဓမ္မာတစ်ကြောင်းနဲ့ ထပ်ပြီး ရှင်း ပြတယ်။ လေကောင်းလေသန့်တွေ ဝင်လာစေချင်ရင်တော့ တံခါးတွေ ဖွင့်လိုက်မှ ရမှပေါ့။ လေနဲ့အတူဝင်လာ တဲ့ အမှိုက်တွေကိုတော့ တချိန်ကျ ရှင်းထုတ်ပစ်လိုက်ရုံပေါ့….။ ဒီလိုနဲ့ တရုတ်ပြည်ကြီးမှာ တံခါးပေါက်တွေ အလျှိုလျှိုပေါ်လာတယ်။

အထူးစီးပွားရေးဇုံ

ဒီတံခါးပေါက်တွေ ပွင့်သွားပေမယ့် ပြည်တွင်းကို အလုံးအရင်း ဝင်လာစေတာ မဟုတ်ပါဘူး။ နေရာကို ကန့်သတ် ပေးထားတယ်။ နေရာကို သီးသန့်ပေးထားတယ်။ တံခါးတွေကို သီးသန့်နေရာတွေအတွက်ပဲ ဖွင့်ပေး တယ်။ တရုတ်တစ်ပြည်လုံးအတွက် ဖွင့်ပေးတာ မဟုတ်သေးပါဘူး။ တရုတ်တွေအတွက် တံခါးတွေသီးသန့်ဖွင့် ပေးလိုက်တဲ့ နေရာကတော့ (SEZ – Special Economic Zone) လို့ခေါ်တဲ့ အထူးစီးပွားရေးဇုန်တွေပဲဖြစ်ပါ တယ်။

၁၉၈၀ အစောပိုင်းလောက်မှာ တရုတ်ပြည်မှာ အထူးစီးပွားရေးဇုန် (၄) ခုနဲ့ စတယ်။ နောက်ပိုင်းမှာ တဖြည်း ဖြည်းချဲ့ချဲ့သွားတယ်။ တရုတ်က စလုပ်လိုက်တဲ့ အထူးစီးပွားရေးဇုန်တွေရဲ့ မူလရည်ရွယ်ချက်ကတော့ ပြည်ပ ရောက်တရုတ်တွေ ပြန်ဝင်လာပြီး လုပ်ကိုင်နိုင်ဖို့ရယ်၊ ဟောင်ကောင်က စီးပွားရေးသမားတွေ ပြည်မကြီး အတွင်း ကို ဝင်လာဖို့ရယ်အတွက်ပဲ ရည်ရွယ်တယ်။ သို့ပေမယ့် နောက်ပိုင်းမှာ အထူးစီးပွားရေးဇုန် ပရောဂျက် တွေဟာ အတော်အောင်မြင်လာတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေနဲ့အတူ နည်းပညာပါ ပါလာတယ်။ တီထွင် ဆန်းသစ်မှုတွေကို သယ်လာကြတယ်။ ဒီလိုနဲ့ တရုတ်ပြည်မှာ အထူးစီးပွားရေးဇုန်တွေကို အခြေပြုပြီး မြို့ကြီး ပြကြီးတွေဟာ ချမ်းသာကြွယ်ဝလာကြတယ်။ တိန့်ရှောင်ဖိန်ရဲ့ အထူးစီးပွားရေးဇုန် ပေါ်လစီဟာ တရုတ်မှာ အတော်အောင်မြင်ခဲ့တယ်။ အထူးစီးပွားရေးဇုန်ရဲ့အကျိုးကျေးဇူးကြောင့် တံငါရွာလေးကတောင် တရုတ်ရဲ့ စီးပွားရေးအင်ဂျင်ကို မောင်းတဲ့ မြို့ကြီးဖြစ်လာတဲ့အထိ တိုးတက်ခဲ့တယ်။

အရင်ချမ်းသာကြပါစေ

စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်လိုက်အပြီးမှာ တရုတ်ရဲ့ လူနေမှုအဆင့်အတန်းက တက်လာတယ်။ မြို့ကြီး တွေမှာ အလုပ်အကိုင်လည်း လွယ်လာတယ်။ ပိုလည်း စားနိုင်သောက်နိုင်လာကြတယ်။ ဒါ့ကြောင့် တရုတ်မြို့ ကြီးတွေကို ပြောင်းရွေ့လာတဲ့ ကျေးလက်က တရုတ်တွေ အလုံးအရင်းဝင်လာတယ်။ တရုတ်ရဲ့စက်မှု တော်လှန်ရေးဟာ ကမ်းရိုးတန်းနားနီးတဲ့ပြည်နယ်နဲ့ မြို့ကြီးတွေမှာ ကွက်ဖြစ်သလို ဖြစ်နေခဲ့တယ်။ ပြည်တွင်း ကုန်းတွင်းပိတ် အတွင်းဘက်ကျတဲ့ ပြည်နယ်တွေကတော့ ဆင်းရဲမြဲဆင်းရဲနေဆဲဖြစ်တယ်။ မြို့ကြီးပြကြီးတွေမှာ အလုပ်အကိုင်အခွင့်အလမ်းများလို့ ပြောင်းရွေ့လာတဲ့ တရုတ်အလုပ်သမားတွေ မြောက်မြားစွာ ရှိတယ်။ ဒီလိုနဲ့ တရုတ်မြို့ကြီးတွေမှာ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးလာတယ်။


ဆင်းရဲချမ်းသာကွာဟမှုကြီးမားလာခြင်းရဲ့ အကျိုးဆက်ကတော့ လူမှုပဋိပက္ခတွေဖြစ်တာ၊ လူတန်းစားကွာဟ တာနဲ့ လူမှုပြဿနာတွေ ပေါ်ပေါက်လာခြင်းပဲဖြစ်ပါတယ်။ ဝဝလင်လင် မစားသောက်ရတဲ့ လူတွေက ပြောင် ပြောင်ရောင်ရောင်ဖြစ်နေတဲ့ ချမ်းသာတဲ့လူတွေကို မနာလိုဝန်တိုစိတ်ဖြစ်တာ ထုံးစံပါပဲ။ တိုင်းပြည် စီးပွားရေးကို မောင်းတင်ဖို့အတွက် တချို့တွေက အရင်ချမ်းသာသွားကြလိမ့်မယ်။ တချို့တွေကတော့ နောက်မှချမ်းသာလာ ကြလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်အရင် ချမ်းသာသွားတဲ့လူတွေအပေါ်မှာ မုဒိတာပွားနိုင်ဖို့ တိန့်ရှောင်ဖိန်ကြီးက “တချို့တွေ အရင်ချမ်းသာပါစေ” လို့ တရုတ်ပြည်သူတွေ နားဝင်အောင် ပြောရတယ်။ တစ်ဖက်မှာလည်း ဆင်းရဲ ငတ်ပြတ်နေတဲ့တရုတ်တွေကို အလုပ်အကိုင်များများဖန်တီးပေးဖို့အရေး တိန့်ရှောင်ဖိန်ကြီးခမြာ ကြိုးစားရုန်း ကန်နေခဲ့ရတယ်။

သိုသိုသိပ်သိပ်နေ

တရုတ်မှာ စီးပွားရေးတက်လာ၊ ဂျီဒီပီက ဂဏန်းနှစ်လုံးပူးပြီး နေ့စဉ် တက်ရိပ်ပြနေတော့ ပြောင်ရောင်လာတဲ့ တရုတ်တွေက ပြည်တွင်းပြည်ပမှာ ဆောင့်ကြွားကြွားလုပ်လာကြတယ်။ ဟောင်ဖွာဟောင်ဖွာလည်း လုပ်လာကြ တယ်။ ဒါ့ကို သိနေမြင်နေတဲ့ တိန့်ရှောင်ဖိန်ကြီးက သူ့တရုတ်တွေကို ထပ်ပြီး သတိပေးရပြန်တယ်။ သိုသိုသိပ် သိပ်နေ….. (Keep a low profile) ဆိုပြီး ပြောရပြန်တယ်။ တိန့်က တရုတ်တွေကို ချမ်းသာအောင် လုပ်ခိုင်း တယ်။ ရည်ရွယ်ချက်ကို ရောက်အောင်တွန်းတယ်။ ကြိုးစားရုန်းကန်ခိုင်းတယ်။ ကြီးကြီးကျယ်ကျယ်တွေ ကြံစည် လုပ်ကိုင်ဖို့ တိုက်တွန်းတယ်။ ဒါပေမယ့် သိုသိုသိပ်သိပ်နေဖို့လည်း သတိပေးတယ်။ နိုင်ငံတကာ မျက်နှာစာမှာ တရုတ်တွေ နိုးထလာတာကို မြင်ပြီး ကြောက်အားလန့်အားနဲ့ မလိုအပ်ပဲ ရန်သူတွေ၊ မနာလိုသူ တွေ၊ ကန့်လန့်တိုက်သူတွေ ပေါ်မှာစိုးရိမ်လို့ ထင်တယ်။ တိန့်ရှောင်ဖိန်ကြီးက အမြော်အမြင်ကြီးပါဘိ။


တိန်ရှောက်ဖိန်ဟာ လက်တွေ့ကျတယ်။ တိုင်းပြည် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို တစ်ချောင်းတည်းသော စိတ်နဲ့ လုပ်ကိုင်ခဲ့တယ်။ အမေရိကန်နဲ့ သင့်တင့်အောင် ပေါင်းတယ်။ အနောက်ကမ္ဘာကနေ ရနိုင်တဲ့ ပညာတွေ ကို ခြစ်ကုတ်ပြီး ယူတယ်။ အနောက်တိုင်းတက္ကသိုလ်တွေကို တရုတ်လူငယ်တွေကို ပညာသင်တွေ စေလွှတ် တယ်။ သူများတကာဆီက သင်ခန်းစာယူပြီး လေ့လာသင်ယူစရာရှိတာတွေကို အကုန်သင်ယူတတ်မြောက်ခဲ့ ဖို့ တိုက်တွန်းနှိုးဆော်တယ်။ တိန်ရှောက်ဖိန်ဟာ နိုင်ငံငယ်လေးဖြစ်ပေမယ့် ချမ်းသာကြွယ်ဝနေတဲ့ စင်္ကာပူဆီက တောင် လေ့လာသင်ယူဖို့ မပျက်ကွက်ခဲ့ပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် တရုတ်ချမ်းသာလာတာဟာ အကြောင်းမဲ့ မဟုတ်ဘူးဆိုတာကို ကောင်းကောင်းနားလည်နိုင်ပါတယ်။

လေးမျိုးခေတ်မီရေး

တိန်ရှောင်ဖိန်ဟာ လေးမျိုးခေတ်မီရေး ကို လုပ်ခဲ့တယ်။

• စိုက်ပျိုးရေး
• စက်မှုဖွံ့ဖြိုးတိုးတက်ရေး
• သိပ္ပံနဲ့ နည်းပညာ
• ကာကွယ်ရေး

တရုတ်ဟာ စီးပွားရေးလီဗာနင်းလိုက်တိုင်း ခရီးတာတစ်ခုကို ရောက်ဖို့အတွက် အရေးကြီး ဦးစားပေးကဏ္ဍတွေ ကို စာရင်းချတယ်။ ပြီးတော့ ပီပီပြင်ပြင်အကောင်အထည်ဖော်တယ်။ စက်မှုစီးပွားရေးကို တွန်းတင်ဖို့အတွက် အဓိက ကုန်ကြမ်းလိုအပ်ချက်ကို ဖြည့်နိုင်ဖို့ လိုတယ်။ ဒါ့ကြောင့် စက်မှုကို တွန်းဖို့ စိုက်ပျိုးရေးကို ဖိတယ်။ စိုက်ပျိုးရေးမှာ အရည်အသွေးတသတ်မတ်တည်းထွက်လာဖို့ ကြိုးစားရတယ်။ အုံလိုက်ကျင်းလိုက် ထုလိုက်က ထည်လိုက် ထွက်ရှိဖို့အရေး ကြိုးစားရတယ်။ ဒီအတွက် မြေယာပြုပြင်ပြောင်းလဲရေးဟာ မရှိမဖြစ်အရေးကြီး တယ်။ မော်ခေတ်မှာ စုပေါင်းလယ်ယာစနစ်ကို အကောင်အထည်ဖော်လို့ မြေယာပြုပြင်ပြောင်းလဲရေးလုပ်ခဲ့ ပေမယ့် တိန့်ခေတ်မှာ လယ်ယာသီးနှံတွေ အရည်အသွေးတညီတည်းနဲ့ အမြောက်အမြားထွက်ရှိဖို့ ကြိုးစားခဲ့ ရတယ်။ အထူးသဖြင့် စက်မှုကုန်ကြမ်းသီးနှံတွေ မြောက်မြားစွာ ထွက်ရှိရေးဟာ အရေးကြီးလာခဲ့တယ်။

စက်မှုဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးကြီးတဲ့ စီးပွားရေးမောင်းနှင်အားဖြစ်ပါတယ်။ တရုတ်ပြည်မှာ အထူးစီးပွား ရေးဇုန်တွေ ဖန်တီးပြီး စက်ရုံအလုပ်ရုံတွေကို ဆောက်တယ်။ နိုင်ငံခြားတိုင်းပြည်တွေက အလုပ်သမားပေါပြီး၊ လုပ်ခလစာဈေးချိုတဲ့ တရုတ်ပြည်တွင်းကို ဝင်လာတယ်။ အထူးပြုထားတဲ့ အထူးစီးပွားရေးဇုန်ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ နိုင်ငံခြားကုမ္ပဏီတွေကို အဝင်ခံတယ်။ ပြီးတော့ တရုတ်တွေရဲ့ ကုန်ထုတ်စွမ်းအားကို တိုးအောင် လုပ်တယ်။ စက်မှုဖွံ့ဖြိုးရေးအတွက် ကုန်ထုတ်အလုပ်ရုံတွေ၊ ထုတ်လုပ်ရေးစက်ရုံတွေ တိုးတက်လာ ခြင်းအတွက် တိန်ရှောက်ဖိန်က အထူးဦးစားပေးခဲ့တယ်။

သိပ္ပံနဲ့ နည်းပညာ။ သိပ္ပံနဲ့ နည်းပညာဟာ အခရာကျလာတယ်။ မော်ခေတ်က အိမ်နောက်ဖေးမှာ တည်ထားတဲ့ သံမဏိမီးဖိုဆောက်လုပ်ရေး ပေါ်လစီက အလုပ်မဖြစ်ဘူး။ ဒါကို တိန့်က ကောင်းကောင်းနားလည်တယ်။ ဒီတော့ နိုင်ငံခြားက နည်းပညာတွေ သင်ယူရရှိရေးဟာ အရေးကြီးတဲ့အချက်ဖြစ်တယ်။ တရုတ်ပြည်ရဲ့စီးပွား ပြုပြင်ပြောင်းလဲမှုမှာ သိပ္ပံနဲ့ နည်းပညာရဲ့အခန်းကဏ္ဍက အရေးကြီးတဲ့နေရာမှာ ပါဝင်တယ်။ တရုတ်တွေ မတတ်တဲ့ သိပ္ပံနဲ့ နည်းပညာ အတတ်တွေကို မျက်စိဖွင့်၊ နားဖွင့်ပြီး ကြုံးရုန်းသင်ယူကြဖို့ အားပေးတယ်၊ ထောက်ပံ့တယ်။ သိပ္ပံနဲ့ နည်းပညာတိုးတက်မှုဟာ လယ်ယာနဲ့ စက်မှုစီးပွားရေးတွင်မကဘူး၊ စစ်ဘက်မှာပါ အရေးကြီးတဲ့အချက်ဖြစ်တယ်။

တောင့်တင်းလာတဲ့ တရုတ်ပြည်၊ လူဦးရေများပြားလာတဲ့တရုတ်ပြည်ကို ကာကွယ်စောင့်ရှောက်ဖို့၊ ပိုင်ဆိုင် ထားတဲ့ ဓနဥစ္စာတွေကို အာမခံချက်ရှိစေဖို့ ၊ လုံခြုံစေဖို့အတွက် နိုင်ငံတော်ကာကွယ်ရေးဟာ အရေးကြီးတယ်။ အခု တရုတ်ပြည်ရဲ့ စစ်ရေးအင်အားဟာ ကမ္ဘာမှာ အထွဋ်အထိပ်ကို ရောက်နေပြီ။ စစ်ရေးအင်အားမှာ အမေရိ ကန်နဲ့ ရုရှားပြီးရင် တရုတ်က တတိယနေရာမှာ ရှိတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဟာ တရုတ် အတွက် အရေးကြီးကဏ္ဍဖြစ်ခဲ့တယ်။ အခုလက်ရှိလည်း ဖြစ်နေဆဲဖြစ်တယ်။ နောက်လည်းဖြစ်နေအုံးမှာ ဖြစ်ပါ တယ်။

ဓနဥစ္စာတောင့်တင်းပြီး ချမ်းသာကြွယ်ဝလာတဲ့ တရုတ်ဟာ သူ့ရဲ့ကာကွယ်ရေးအင်အားကို အပီအပြင် ချဲ့ထွင် တယ်။ နည်းပညာအရ အနောက်ကမ္ဘာကို မှီခိုနေရတဲ့အနေအထားကနေ ရအောင် ရုန်းထွက်ဖို့ ကြိုးစားတယ်။ ရုန်းထွက်နိုင်သလောက်လည်း ရုန်းထွက်နိုင်ခဲ့ပြီးပြီ။ ဆက်လက်ပြီး ခေတ်မီလက်နက်တွေ တီထွင်ဖန်တီးနိုင်ဖို့ အရေးကသာ တရုတ်အတွက်အရေးကြီးတယ်။ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းကြီဖြစ်တဲ့ ပင်လယ်သမုဒ္ဒရာ ရေပြင်ကို စိုးမိုးလွှမ်းခြုံဖို့အရေးကတော့ တရုတ်အတွက် ခက်ခဲနေဆဲဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် တရုတ်တွေဟာ စီးပွားရေးပြုပြင်ပြောင်းလဲရေးနဲ့အတူ ကာကွယ်ရေးကို ချန်မထားခဲ့ဘူး။ အတူတွဲပြီးခေါ်တယ်။ ချမ်းသာကြွယ်ဝ ရေးနဲ့ ဓနဥစ္စာအာမခံချက် ရှိရေးဟာ အမြဲတမ်းတွဲနေတယ်လို့ ယုံကြည်ယူဆထားလို့ ဖြစ်ပါတယ်။

နိဂုံး တိုက်တွန်းချက်

နိဂုံးချုပ်အနေနဲ့ ပြောရရင် ၊ စစ်ရေးအရ၊ စီးပွားရေးအရ၊ နည်းပညာအရ၊ လူဦးရေအရ၊ နိုင်ငံအရ၊ ယဉ်ကျေးမှု အရ ကြီးကျယ်လာတဲ့ တရုတ်နဲ့ ဆက်ဆံနေရတဲ့ မြန်မာနိုင်ငံအဖို့ အမြဲတမ်းလေ့လာသင်ယူမှုတွေ လုပ်နိုင်မှ တော်ကာကျမယ်။ ကိုယ့်အချင်းချင်း အိုးမဲသုတ်ပြီး အိမ်ကြက်ချင်း ခွပ်နေတဲ့ အနေအထားကနေ ရုံးထွက်ပြီး၊ ဥခွံထဲက တိုးထွက်နိုင်မှ ကောင်းလိမ့်မယ်။ ဝါးလုံးခေါင်းထဲမှာ မနေသင့်တော့ဘူး။ နွားခြေရာခွက်ထဲမှာနေပြီး ကိုယ့်ပင်လယ်၊ ကိုယ့်ကမ္ဘာ ထင်နေလို့ မရတော့ဘူး။ တတ်နိုင်သမျှ ကမ္ဘာကို ကြည့်ပြီး လေ့လာနိုင်၊ စူးစမ်းနိုင်၊ မြော်မြင်နိုင်မှ မြန်မာပြည်အတွက် အနာဂတ်ဟာ ရှိတော့မယ်။ အဲသည်လိုမှ မဟုတ်ရင် မြန်မာဟာ တဖြည်း ဖြည်းနဲ့ စီးပွားရေးအရ၊ လူမျိုးအရ၊ နိုင်ငံအရ၊ ယဉ်ကျေးမှုအရ သိမ်းကြုံးဝါးမြိုခံလိုက်ရမယ်။

လက်ရှိမှာ မြန်မာအတွက် တရုတ်အပေါ် တုံ့ပြန်ချက်တွေဟာ ပိုပြီး သိမ်မွေ့လာတယ်။ ပိုပြီးနက်နဲလာ လိမ့်မယ်။ ပိုပြီး ခက်ခဲလာလိမ့်မယ်။ မြန်မာအတွက် မဟာဗျူဟာ ရွေးချယ်မှုတွေ များများစားစား ရှိထားဖို့ မြန်မာပညာတတ်လူငယ်တွေထဲက နိုင်ငံရေးစိတ်ဝင်းသူတွေဟာ တရုတ်အရေးကို ပိုင်ပိုင်နိုင်နိုင်ရှိအောင်၊ လောက်လောက်လားလားဖြစ်အောင် ကြိုးစားအားထုတ်နေဖို့ လိုတယ်။ ဒီလို တရုတ်ရေးရာလေ့လာရေး အဖွဲ့ တွေ ပေါ်ပေါက်လာအောင်လည်း နိုင်ငံတော်က မွေးမြူသင့်တယ်။ ချီးမြှောက်သင့်တယ်။ တက္ကသိုလ်အဝန်း အဝိုင်းကလည်း တရုတ်ရေးရာလေ့လာရေးတွေကို ဦးစားပေးပြီး လေ့လာချက်တွေ၊ သုတေသနတွေ များများ လုပ်ဖို့ လိုပါကြောင်း တင်ပြလိုက်ပါတယ်။ သုတေသနတွေ့ရှိချက်တွေ ရှိလာရင်လည်း ကျမ်းအိပ်မဖြစ်ဘဲ စာအုပ်စင်ပေါ်က နိုးထ၊ ဘီရိုပေါ်က ခုန်ဆင်းပြီး လက်တွေ့ ပေါ်လစီဘီကာခွက်ကိုင်ထားသူများ အသုံးချနိုင်ဖို့ ဖြစ်စေရမှာ ဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

မင်းသေ့
ည ၇ း ၂၀
၂၄၊ စက်တင်ဘာ ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post စာဖတ်သမားသို့ / စာအုပ်မိတ်ဆက်ပွဲ မှတ်တမ်းဓာတ်ပုံများ
Next post လွတ်လပ်ခြင်း မှသည် လွတ်မြောက်ခြင်း ဆီသို့