ဆယ်ကျော်သက်အရွယ်၊ လူငယ်အရွယ်၊ အခု လူလတ်ပိုင်း ရောက်လာတော့မယ်။ ဒီအရွယ်တစ်လျှောက်လုံးမှာ၊ စိတ်ခွန်အားအတွက် ဗီတာမင်ဖြည့်သလို အမြဲ ဖြည့်ဖြစ်နေတဲ့အရာတွေက — စာအုပ်နဲ့ သီချင်းတွေထဲက လာတယ်။ စာအုပ်ဆိုရင်တော့ — ဆရာတော် ဦးဇောတိက စာအုပ်တွေက အများဆုံး။ သီချင်းဆိုရင်တော့ — တစ်ခုတည်း ပြောလို့ မရ။ ခပ်များများ လို့ ပြောရမယ်။ 

အကြိမ်တစ်ရာမက နားထောင်ဖြစ်ခဲ့တဲ့ သီချင်းတစ်ပုဒ် ရှိတယ်။ ည အိပ်ယာဝင်တိုင်းလိုလို နားထောင်ဖြစ်တယ်။ နေ့လယ်နေ့ခင်း တရေးတမော အိပ်ဖြစ်ရင်တောင် ၊ ဒီသီချင်းလေး ဖွင့်ထားဖြစ်တာ ခဏ ခဏ။ မြို့မငြိမ်းရေးစပ် ပြီး၊ မာမာအေး သီဆိုတဲ့ — ပါရမီတော်။ ပါရမီတော်။ 

ဗုဒ္ဓရဲ့ ပါရမီ (၁၀) ပါးကို ဖွဲ့ဆိုထားတာ။ ကျနော့်အတွက်တော့ သိပ် ခွန်အားရတဲ့ သီချင်း။ 

ပါရမီ (၁၀) ပါးနဲ့ ဇာတ်ကြီး (၁၀) ဘွဲ့ကို ကိုက်ကြည့်၊ တိုက်ကြည့်လိုက်တော့ — ဟပ်မိ စပ်မိနေတယ်။ အဲသည့်ထဲက ကိုယ့်အကြိုက်တွေ ရွေးထုတ်လိုက်တော့ – နှစ်ချက် သွားတွေ့တယ်။ နံပါတ် တစ်က – ဝီရိယ ပါရမီ။ နံပါတ် နှစ်က – ဥပေက္ခာ ပါရမီ။ 

ဒီနေ့ ကိုယ်ရောက်နေတဲ့ နေရာကို ပြန်ကြည့်လိုက်တဲ့အခါမှာ၊ ဒီအချက်နှစ်ချက်ဟာ ကိုယ့်ဆီမှာ ခပ်များများ ကျေးဇူးပြုနေတာတွေ့ရတယ်။ ယနေ့ ရောက်နေတဲ့ နေရာဟာ — ဝီရိယအကျိုး ခံစားနေရတာပါ။ ယနေ့ မပျက် မယွင်း တစိုက်မတ်မတ် လုပ်နေနိုင်တဲ့ စာပေအလုပ်ဟာ — ဝီရိယနဲ့ ဥပေက္ခာရဲ့ ကျေးဇူးပြုမှုလို့ ယူဆပါတယ်။ 

နံပါတ် (၁) 

နံပါတ်တစ် — ဝမ်းစာဖြည့်မှုကို ဇွဲနပဲနဲ့ မပျင်းမရိ လုံ့လထုတ်နိုင်လို့၊ ဒီနေ့ ရေးဖြစ်နေတဲ့ အကြောင်းရပ်မျိုးတွေ ကို ကိုင်နိုင်တာပါ။ တချို့ကတော့ ပြောလိမ့်မယ်။ ဒီကောင် ငါးကြင်းခေါင်း တက်ကိုင်တယ်လို့….။ ကိုယ်တွေ အတွက်တော့ ပို ပြောစရာ ဖြစ်မှာပါ။ ဘယ်နိုင်ငံခြားတက္ကသိုလ်ကမှ စနစ်တကျ သင်ယူခဲ့မှုမျိုး မရှိခဲ့လို့ ပို ပြောချင်စရာပါ။ သို့သော်လည်း ဆယ်ကျော်သက်အရွယ်ကတည်းက အခုအချိန်ထိ စာအုပ်စာပေနဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေဆီက ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကဲ့သို့ ၊ ပညာရှာ ပမာသူဖုန်းစား ကဲသို့ ဝမ်းစာကို လုံ့လဝီရိယထား ဖြည့်ဆည်းလို့ နိုင်ငံရေးသမိုင်းနဲ့ နိုင်ငံရေးဖြစ်စဉ်ကို ချည်းကပ်ကြည့်မြင်နိုင်ခွင့် ရခဲ့တာပါ။ ဝီရိယကို အကြီးအမှူး မပြုခဲ့နိုင်ရင် — သာမန် နလပိန်းတုံး အဆင့်ထက် ပိုမယ် မထင်ပါ။ တတ်ယောင်ကား လည်းဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ 

နံပါတ် (၂) 

နံပါတ် နှစ် — ချစ်ခြင်း မုန်းခြင်း အတော်အတန် ကင်းပြတ်ထားတာ။ လုံးဝ ကင်းပြတ်တယ်လို့ မပြောပါ။ သို့သော် မုန်းလို့ ဖိပြောတာ၊ ချစ်လို့ ဖော့ပြောတာ — စေတနာမှာ အချစ် အမုန်း ကို ဦးစားပေးမထားပါ။ ဖြစ်သင့် ဖြစ်ထိုက်တာကို အကြောင်းအကျိုးနဲ့ ပြောဖို့ ရေးဖို့ ကြိုးစားတယ်။ တချို့က ဝေဖန်တာကို မုန်းလို့လို ထင်လိမ့် မယ်။ မမုန်းပါဘူး။ အပြစ်ကို မြင်လို့ ဝေဖန်တာဖြစ်ပါတယ်။ တချို့က ဖိပြောတာကို ဘက်လိုက်ပြီး ပြောတာလို့ ထင်လိမ့်မယ်။ မဟုတ်ပါဘူး။ အကျိုးကို မြင်သလောက် ဖိဖိစီးစီး ပြောတာပါ။ ဘယ်သူ့အပေါ်မှ ချစ်တယ် – မုန်းတယ်ဆိုတာ တရားသေ မရှိပါဘူး။ 

ပညာရှိသူတော်ကောင်း အလိုရှိရာကိစ္စရပ်တွေကို အားပေးမြှင့်တင်ပြီး ပြောမယ် ရေးမယ်။ ပညာမဲ့သူယုတ် လိုလား နှစ်ခြိုက်တာတွေကို ဝေဖန်ကန့်ကွက် ရှုတ်ချပြီး ပြောမယ် ရေးမယ်။ ကျနော် ရေးသမျှ စာတွေအားလုံး မှာ — ဒီသဘောကိုပဲ အခြေခံပြီး ပြောပါတယ် ရေးပါတယ်။ ချစ်လို့ ဖော့တာ၊ မုန်းလို့ ဖိတယ် ဆိုတာ မရှိပါ။ ပြောတဲ့ ရေးတဲ့နေရာမှာတော့ — အခြေအနေနဲ့ အချိန်အခါ၊ ကာလ ဒေသ ပယောဂ ကိုတော့ အထူးကြည့်ပြီး ပြောတယ် ရေးတယ်။ ထို့နောက် အကန့်အသတ်ကို သိပြီး ပြောတယ် ရေးတယ်။ အတိုင်းအရှည် နဲ့ အကြောင်း အကျိုးကို ကြည့်ပြီး ရေးတယ် ပြောပါတယ်။ ဒါဟာ ကျနော် စာရေးတဲ့ အခြေခံမူ တချို့ပါ။ 

ဥပေက္ခာစိတ် အခြေခံ 

တချို့က ကျနော့်ကို ဂရုတစိုက် မေးကြတဲ့ မေးခွန်းတချို့ ရှိတယ်။ 

ဒီလို ကျပ်တည်းချိန်၊ ပဋိပက္ခဖြစ်နေချိန်၊ ရန်သူ – မိတ်ဆွေ ခွဲခြားလွန်းအားကြီးတဲ့အချိန်မှာ ဘယ်လို စိတ်နဲ့ စာတွေကို နေ့စဉ်မပြတ် တစိုက်မတ်မတ် ရေးနေနိုင်တာလဲ… လို့ လာမေးကြပါတယ်။ ဘယ်လို စိတ်မျိုးနဲ့ ဒါတွေ ကို ဒီလောက်ရေးနေတာလဲလို့ မေးကြပါတယ်။ 

သူတို့ မေးမှ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိပါတယ်။ အဖြေကတော့ — ဥပေက္ခာစိတ်လို့ ပြောထွက်ပါတယ်။ အများ အကျိုး ရှေ့ရှုပြီး စာပေကို ရေးတဲ့နေရာမှာ – ဥပေက္ခာစိတ် ထားပါတယ်။ ကိုယ်မြင်တဲ့အရာ၊ ကိုယ်တွေးခေါ် မြော်မြင်မိတဲ့အရာ၊ ကိုယ်တွေ့ရှိထားတဲ့ အရာကို – လူအများ ကြိုက်ခြင်း / မကြိုက်ခြင်းကို ဦးထိပ်ထားပြီး မရေးပါ။ ရေးသင့်ရေးထိုက်လို့ ရေးတယ်လို့ မှတ်ပါတယ်။ ရေးတဲ့အရာက အရာတွင်တာလည်း ရှိတယ်၊ အရာ မရောက်တာလည်း ရှိပါတယ်။ ဒီအတိုင်း ခပ်ပေါ့ပေါ့ ပြီးသွားတာလည်း ရှိပါတယ်။ လေးလေးပင်ပင် စဉ်းစားကြ တဲ့အရာလည်း တွေ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် — သူ့သက်ရောက်မှုကို သိပ် မတွက်ပါ။ သက်ရောက်မှု နည်းလို့ စိတ်ဓာတ်ကျတာမျိုး သိပ်မဖြစ်ပါ။ သက်ရောက်မှု အားကြီးလို့ အလွန်အမင်း ပျော်ရွှင်တာလည်း မဖြစ်ပါ။ အကျိုးဖြစ်တယ်လို့ သိရရင် ကျေနပ်တယ်၊ ပီတိဖြစ်တယ်၊ ဝမ်းသာတယ်။ ဒီလောက်ပါပဲ။ 

ဒါဟာ ဥပေက္ခာစိတ်က လာတယ် ထင်ပါတယ်။ 

မြို့မငြိမ်းရေးတဲ့ ပါရမီတော် သီချင်းရဲ့ နောက်ဆုံး စာသားဟာ – ဥပေက္ခာပါရမီရဲ့ ဖော်ညွှန်းချက်နဲ့ အဆုံးသတ်ပါ တယ်။ “ချစ်မုန်းခြင်း ကင်းတဲ့ ဥပေက္ခာတရားပါရမီ” တဲ့။ ရွှေဟင်္သာဆရာတော်ကြီးရဲ့ မိန့်မှာချက်လို — “အများ အကျိုး ရွက်သယ်ပိုးက၊ ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း လမ်းကြောင်းမှန်မှန် စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်”  ဆိုတာကို လက်ကိုင်ထားပါတယ်။ စိတ်ကောင်းနဲ့ ယှဉ်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ပါတယ်။ ကိုယ်က စာရေးနေတော့ ရေးသင့်ရေးထိုက်တာ ပြောသင့်ပြောထိုက်တာကို ပြောပါတယ်။ ရေးတဲ့စာအပေါ် ကြိုက်ခြင်း မကြိုက်ခြင်း၊ ထောက်ခံခြင်း မထောက်ခံခြင်း၊ လက်ခံခြင်း မလက်ခံခြင်း၊ နှစ်မြို့ခြင်း မနှစ်မြို့ခြင်းကို သိပ် အာရုံမထားပါ။ “ဘုရားတောင်မှ အကဲ့ရဲ့ မလွတ်တာ၊ ငါက ဘာမို့လို့လဲ” လို့ တွေးပါတယ်။ 

ပြီးတော့ ကျော်ကြားခြင်း၊ ချမ်းသာကြွယ်ဝခြင်းနဲ့ ရာထူးအာဏာ လုပ်ပိုင်ခွင့်ကို လျစ်လျူရှု ဥပေက္ခာထားနိုင်တာ ပါ။ စာရေးဆရာဟာ သဘင်သည်လို လူအများကြိုက်အောင် တမင်လိုက်လုပ်နေရမယ့် တာဝန် မရှိဘူးလို့လည်း ခံယူတာမို့၊ အများသဘောထားအမြင်နဲ့ပတ်သက်ရင် ဥပေက္ခာစိတ်ထားနိုင်နေပါတယ်။ ဒါဟာ မဖဲ့မစောင်း လမ်းကြောင်းမှန်မှန် အစဉ်တစိုက် လျှောက်နေနိုင်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက ဇွဲနပဲပါ။ 

ဇနကထုံး နှလုံးမူ 

လုံ့လဝီရိယရဲ့ အကျိုးကို သိပါတယ်။ ကိုယ်တကယ် သဘောကျတဲ့ စံပြပုဂ္ဂိုလ်ထဲမှာ အရှင်ဇနကာဘိဝံသက ထိပ်ဆုံးက ပါပါတယ်။ အရှင်ဇနက ကိုယ်၌က — ဘုရားအလောင်း ဇနကမင်းသားရဲ့ ဝီရိယကို အားကျ အတုယူ ခဲ့သူပါ။ ဝီရိယအဓိပတိထားသူဆိုတာ ထင်ရှားပါတယ်။ အရှင်ဇနက ကို စံပြထားခြင်းမှာ လုံ့လဝီရိယ ဇွဲနပဲနဲ့ သွား တိုက်ဆိုင်နေပြန်ပါတယ်။ 

မြို့မငြိမ်းရေးတဲ့ ပါရမီတော်သီချင်းမှာ — အခုလို ဖွဲ့ဆိုတာတွေ့ရတယ်။ 

  • “ယောက်ျားပီပီ လက်ရုံးရည်… ဘယ်ဆီသောင်ကမ်း လှမ်းမမြင်နိုင်သည်…. သမုဒ္ဒရာ ခုနှစ်ရက်တောင်… ကူးလျက် အောင်မြင်သည် …. ဝီရိယစွန်းထုတ် ကြိုးကုတ်ပါရမီ လောင်းမြတ် အာဇာနည်…. ” လို့ ဖွဲ့ပါတယ်။ 

မာမာအေးဆိုတဲ့ ပါရမီတော် သီချင်းမှာ — ဒီစာသားနေရာ ရောက်ရင် တခါတရံ ကြက်သီးမွှေးညှင်းထပါတယ်။ ဘာလို့လဲ မသိပါ။ ကိုယ့်စိတ်ကို ကိုယ်ပြန်ပြန် ကြည့်နေတတ်တဲ့အလေ့ စွဲနေတာကြောင့်၊ ဒါဟာ ဘယ်ဓာတ်ပါ လိမ့်လို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်တယ်။ ဝီရိယအားကို ယုံတယ်။ ပညာရှိသူတော်ကောင်း ကဲ့ရဲ့တဲ့ အလုပ်တွေ ကို လျစ်လျူရှုနိုင်တယ်။ ဒီလောက်ဆိုရင် — ကိုယ် ဆိုက်မယ့်ကမ်း အမြင်နိုင်သေးပေမယ့် ဇွဲနပဲထားပြီး ကူးနိုင် ပြီလို့  ယူဆပါတယ်။ ဒီလိုနဲ့ ရှေ့ဆက်ပါတယ်။ 

မင်းသေ့ 

နံနက် ၄း၀၆ 

၃ ၊ စက်တင်ဘာ၊ ၂၀၂၂။

Previous post စစ်တပ်အသက်ရှင်ရေးမဟာဗျူဟာ ထောင်ချောက် 
Next post ယွက်စစ်နဲ့ ဖက်ဆစ်အကြား ဆွေးနွေးချက်အနက်