ယွက်စစ်နဲ့ ဖက်ဆစ်အကြား ဆွေးနွေးချက်အနက်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ စစ်ကောင်စီတို့အကြား တွေ့ဆုံဆွေးနွေးမှုကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့ ရက်စွဲနဲ့ RCSS က ထုတ်ပြန်ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ RCSS နဲ့ စစ်ကောင်စီအကြား တွေ့ဆုံမှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ (၂၀ – ၂၂) ရက်နေ့တွေမှာလည်း တွေ့ဆုံ ဆွေးနွေးမှုရှိခဲ့ပါသေးတယ်။ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို လက်ခံပြီး အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုအရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်တယ်လို့ ခေါင်းစဉ်တပ်ပါတယ်။ စက်တင်ဘာလ (၂) ရက်နေ့ (မနေ့က) ရက်စွဲနဲ့ RCSS က ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ကြေညာချက်ပြီး သုံးသပ်ချက် တချို့ကို တင်ပြချင်ပါတယ်။ 

၁။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ခေါင်းဆောင် ယွက်စစ်နဲ့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ တွေ့ဆုံမှုဟာ — လက်ရှိ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်း ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ချရေးအတွက် ရည်ရွယ်တယ်လို့ အကြောင်းပြပါတယ်။ ဒီနေရာမှာ နားလည်သင့်တာက — နိုင်ငံရေးမှာ စစ်ဘက်က ဝင်စွက်ဖက်လို့ နိုင်ငံရေးပြဿနာတွေ ဖြစ်ခဲ့တာကို သတိရ သင့်ပါတယ်။ နိုင်ငံရေးမှာ စစ်ဘက်က မဖိတ်ခေါ်ဘဲ ဝင်ပါလို့ ဖြစ်လာတဲ့ နိုင်ငံရေးပြဿနာတွေဟာ – လက်နက် ကိုင် ပဋိပက္ခ၊ စစ်ရေးပဋိပက္ခအထိ ကြီးမားပြင်းထန်ခဲ့တာကို သတိရသင့်ပါတယ်။ စစ်ခေါင်းဆောင်တွေ အနေနဲ့ စစ်ရေးအရ ရှုံးနိမ့်လာတဲ့အခါ – နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသင့်တယ် ဆိုတဲ့ အကြောင်းပြချက်ကို တွင်တွင် ကျယ် ကျယ်ပြောပြီး၊ သူတို့ရဲ့ စစ်ရေးဂယ်ပေါက်ကို နိုင်ငံရေးနည်းနဲ့ အသက်ရှုပေါက်ချောင်အောင် လုပ်တတ်တယ် ဆိုတာ သတိထားသင့်ပါတယ်။ ဒါဟာ နံပါတ် (၁) မမေ့အပ်တဲ့ အချက်ပါ။ 

၂။ နောက်တစ်ချက်က “ငြိမ်းချမ်းရေးလမ်းပြမြေပုံ” ဆိုတဲ့ကိစ္စပါ။ RCSS နဲ့ စစ်ကောင်စီတို့ဟာ ငြိမ်းချမ်းရေး လမ်းပြမြေပုံ ဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်းတာ တွေ့ရပါတယ်။ စစ်ကောင်စီက ပြောတဲ့ ငြိမ်းချမ်းရေးဆိုတာ ဘယ်သူ့အတွက် ငြိမ်းချမ်းရေးလဲလို့ မေးခွန်းထုတ်သင့်ပါတယ်။ တည်ငြိမ်နေတဲ့ ရေပြင်ကို လှုပ်ခတ်အောင် လုပ်ခဲ့တာ ဘယ်သူလဲ။ လက်နက်ကိုင်ပဋိပက္ခဟာ ဘယ်သူ့ရဲ့ ပယောဂနဲ့ ပေါ်ပေါက်ခဲ့တာလဲ။ ဒီမေးခွန်းဟာ သိပ် အရေးကြီးပါတယ်။ စစ်မျက်နှာပေါင်းစုံ ဖွင့်တိုက်နေရလို့ စစ်ရေးရှုံးနိမ့်မှုတွေ ကြုံနေရချိန်၊ အသက်ရှုပေါက် ချောင်အောင် ငြိမ်းချမ်းရေးစကားပြောတယ်ဆိုတာ — စစ်ပြင်ချိန် ရချင်လို့ပဲ လို့ တွက်ရပါလိမ့်မယ်။ စစ်ရေး အကျပ်အတည်း ကျရောက်နေတဲ့ စစ်ကောင်စီအဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြောင်းခံပြီး တစ်ဖွဲ့ဆို တစ်ဖွဲ့ တန့်ထား ရပ်ထားနိုင်ရင် ၊ ပြည်မက လက်နက်ကိုင်အဖွဲ့တွေကို ပိုအာရုံစိုက် ဖိနှိပ်ဖို့ အခွင့်အလမ်း ဖြစ်လာပါလိမ့် မယ်။ 

၃။ နောက်ထပ် အချက်တစ်ခုက – အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံမှုတွေကို RCSS နဲ့ စစ်ကောင်စီက ဆွေးနွေးတယ်လို့ ပြောပါတယ်။ ဒီလိုပြောပြီး — ဒီအခြေခံမူတွေကို ဆွေးနွေးဖို့အတွက် “အချိန်တွေ အများကြီးလိုနေသေးတယ်” လို့ ထပ်ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဖြစ်လာဖို့ နဝတနဲ့ နအဖအစိုးရတွေဟာ နှစ်ပေါင်း ဘယ်လောက်ဆွဲဆန့်ပြီး အချိန်ဆွဲခဲ့ပါသလဲ။ ဒီဖြစ်စဉ်ကို နားလည်ရင်၊ လက်ရှိ စစ်ကောင်စီနဲ့ RCSS တို့ ဆွေးနွေးတယ်ဆိုတဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံမူတွေဆိုတာ ဘယ်တော့ အဖြေရနိုင်မယ်လို့ ထင်ပါသလဲ။ ရွှေပြည်တော် မျှော်တိုင်းဝေး…. ဆိုတာ ဘာကိုဆိုလိုတယ်လို့ နားလည်ပါသလဲ။ 

၄။ RCSS နဲ့ စစ်ကောင်စီအကြား  အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ချရေးအတွက် တွေ့ဆုံဆွေးနွေး တယ်လို့သာ ပြောတာ – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်တော့ ဆွေးနွေးဖို့ အချိန်မကျသေး ဘူး၊ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်အကျိုးစီးပွားအတွက် အသေဆုပ်ကိုင်ထားတဲ့ စစ်ကောင်စီအဖို့ RCSS နဲ့ ဆွေးနွေးမယ့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူ တွေဟာ ဘာတွေများ ပါဝင်လာမယ်လို့ ထင်မြင်ပါသလဲ။ ၂၀၀၈ အခြေခံဥပဒေ – အမျိုးသားရေးအခြေခံမူများ အခန်းထဲကလို “တပ်မတော်သည် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ အစဉ်တစိုက်ပါဝင်မည်” ဆိုတာမျိုးတော့ ပြောင်ပြောင်တင်းတင်း ချမှတ်ပြဋ္ဌာန်းဖို့ အစီအစဉ် ရှိ / မရှိ။ 

၅။ နောက်ဆုံးအချက်အနေနဲ့ ပြောချင်တာကတော့ — စစ်ကောင်စီနဲ့ RCSS အကြား ဆွေးနွေးခဲ့တဲ့ “ယုံကြည်မှု တည်ဆောက်ရေး” ဆိုတဲ့ ကိစ္စနဲ့ “ဒေသဖွံ့ဖြိုးရေးအမည်ခံ” ကိစ္စတွေပါ။ ခေတ်အဆက်ဆက် – မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတွေ လုပ်ပြီး သရဲကြီးနဲ့ သရဲလေးအကြား ဝေစားမျှစား လုပ်ခဲ့တာတွေကို သတိရစေချင်ပါတယ်။ အပစ်အခတ်ရပ်စဲပြီး စီးပွားရေးလုပ်ပိုင်ခွင့်တွေ ပေးတာ၊ ယုံကြည်မှုတည်ဆောက်တယ်ဆိုပြီး အပြန်အလှန် ပေါင်းစားတာ။ Ceasefire Capitalism ဆိုတဲ့ အပစ်အခတ် ရပ်စဲရေး အရင်းရှင်စနစ်ဆိုတာ — ဒီလိုအခြေအနေတွေကနေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒီလိုနဲ့ ပြည်တွင်း စစ်ဟာ – အတုဖြစ်လာခဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြားမှာ တိုက်တဲ့ ပြည်တွင်းစစ်ဆိုတာ တကယ်တိုက်တာ မဟုတ်ဘူး၊ အတု၊ အတု။ ပြည်တွင်းစစ်အတု။ လက်နက်ကိုင်ပဋိပက္ခ ကို အကြောင်းပြုပြီး ကိုယ့်ရဲ့ အခန်းကဏ္ဍကို ချဲ့ထွင်တဲ့ ဖြစ်စဉ်ကြီး၊ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို သက်ဆိုးရှည်အောင် ဆွဲဆန့်ထားတဲ့ ဖြစ်စဉ်ကြီး။ ယခု လက်ရှိ နေပြည်တော်မှာ ဆွေးနွေးခဲ့တယ်ဆိုတဲ့ RCSS နဲ့ စစ်ကောင်စီအကြား က ပြောဆိုခဲ့တဲ့ ယုံကြည်မှုတည်ဆောက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးဆိုတာ သရဲကြီးနဲ့ သရဲလေးအကြား အဝေတည့် အောင် မျှစားတဲ့ အခြေအနေထက် ဘယ်လောက်အထိ ပိုမယ်လို့ ထင်လို့လဲ။ 

မင်းသေ့ 

၃ ၊ စက်တင်ဘာ၊ ၂၀၂၂။ 

Previous post ဥပေက္ခာစိတ်နှင့်ယှဉ်သော ဝီရိယာဓိပတိ
Next post တပ်အသိုင်းအဝိုင်းက ငြိုငြင်လာတဲ့ စစ်ခေါင်းဆောင်