စစ်တပ်အသက်ရှင်ရေးမဟာဗျူဟာ ထောင်ချောက် 

ယခုဆောင်းပါးကို၊ မြန်မာ့အရေးလေ့လာသူ အီဂေါဗလာဇီဗစ်ရဲ့ သဘောထားအမြင်ကို အခြေခံပြီး ရေးသား တင်ပြတာဖြစ်ကြောင်း ဦးစွာပထမ ဝန်ခံပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့က အီဂေါဗလာဇီဗစ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ – စစ်ကောင်စီရဲ့ အသက်ရှင်ရေးမဟာဗျူဟာ ထောင်ချောက်ကနေ ဘယ်လို ရှောင်ရှားမလဲဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ရေးသားထားတာ ဖတ်ရပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီး မြန်မာ့ နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ဆက်စပ်တင်ပြစရာတွေ ရှိလာပါတယ်။ 

၁။ စစ်တပ်ဟာ ဘယ်တော့မှ လက်နက်ချဖို့ စဉ်းစားမည် မဟုတ် 

လက်ရှိ မြန်မာစစ်တပ်ကြုံနေရတဲ့ အနေအထားဟာ — အနိုင် နဲ့ အရှုံး ၊ ဒီနှစ်ခုတည်းသာ ရှိတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ မြန်မာစစ်တပ်အတွက် ကြားအခြေအနေဆိုတာ မရှိပါ။ လက်ရှိအနေအထားမှာ – စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစုတွေကို အနိုင်တိုက်နိုင်ဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ဒါကို စစ်ကောင်စီက သိပါတယ်။ ဒါ့ကြောင့်လည်း သူ့အတွက် အသက်ရှင်သန်ရေး ဂယ်ပေါက်တွေကို ဖန်တီးနေတာတွေ့ရပါတယ်။ မြန်မာ တစ်နိုင်ငံလုံး အလုံးစုံ ပျက်သုဉ်းရေးကို ရောက်နေသည့်တိုင်၊ စစ်ကောင်စီအနေနဲ့ လက်နက်ချ အရှုံးပေးတာမျိုး ကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါ။ အဆုံးထိသွားနေတာဟာ – စစ်ကောင်စီသာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ သူအသက်ရှင်ကျန်ရစ်ဖို့အတွက်ဆိုရင်၊ ဘယ်လောက် ပျက်စီးဆုံးရှုံးမှုတွေ များများ၊ ဘယ်လောက် ကုန်ကျ စရိတ်တွေများများ၊ တပ်မတော်ထဲက စစ်သားတွေ ဘယ်လောက်သေသေ — လက်နက်ချ အညံ့ခံခြင်းကို ဘယ်တော့မှ မလုပ်ပါ။ အားလုံးကို စတေး ပစ်ဖို့ ဝန်မလေးပါ။ မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုတွေက – သပိတ်ကြွေးကြော်သံတွေမှာ အဆုံးထိသွားဖို့၊ အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲဖို့ ကြွေးကြော်ကြပေမယ့် လက်ရှိ တကယ့်လက်တွေ့မှာ အဆုံးထိရောက်အောင် သွားနေတာက စစ်ကောင်စီဖြစ်တာကို တွေ့နေရပါတယ်။ 

၂။ ငြိမ်းချမ်းရေးဖြင့် စစ်ရပ်စဲထားရေး / စစ်တန့်ထားရေးဗျူဟာ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ — လက်နက်ကိုင်အုပ်စုကြီးတွေကို သူ့ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ဗျူဟာထဲကို တိုးဝင်လာဖို့ အစဉ်တစိုက် ဆွဲဆောင်စည်းရုံးနေတာကို တွေ့ရပါတယ်။ မြန်မာစစ်အုပ် စုရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ဆိုတာ နည်းသစ် မဟုတ်ပါ။ ယခင် စစ်အစိုးရအဆက်ဆက် ကျင့်သုံးနေကျဖြစ် တဲ့ နည်းဟောင်းဗျူဟာသာ ဖြစ်ပါတယ်။ အရပ် ရှစ်မျက်နှာမှာ — စစ်မျက်နှာပေါင်းစုံ ဖွင့်ထားရတဲ့ စစ်ကောင်စီ အနေနဲ့ အထွေထွေ အထိနာမှုကို ကြုံနေရပါတယ်။ အထူးသဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အပေါ်မှာ တပ်တွင်းထောက်ခံမှု အကြီးအကျယ် ကျဆင်းနေတာတွေ့ရပါတယ်။ စစ်ခေါင်းဆောင်အဖို့ စစ်ရေးအရ ဂုဏ်သိက္ခာကျဆင်းတာလောက် အကြီးအကျယ် ဩဇာကျဆင်းတာ မရှိပါဘူး။ စစ်ကောင်စီရဲ့ ရှေ့ တန်းစစ်မျက်နှာအသီးသီးမှာ မရှုမလှ အကျအဆုံးများခြင်းဟာ စစ်ကောင်စီရဲ့ စစ်ရေးရှုံးနိမ့်မှုကို ပြနေပါတယ်။ တပ်တွင်း အသိုင်းအဝိုင်းဟာ — စစ်ခေါင်းဆောင်ရဲ့ စစ်ရေးစွမ်းရည်ညံ့ဖျင်းမှုအပေါ်မှာ ဝေဖန်မှုတွေ၊ အားမလို အားမရမှုတွေနဲ့ ငြိုငြင်မှုတွေ ခပ်စိပ်စိပ် ရှိလာတာတွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ အညာဗမာဒေသကို စစ်ရေးအရ အောင်နိုင်မှုတွေ ရဖို့အတွက် — တခြားသော စစ်မျက်နှာတွေကို လျော့မှ ရပါလိမ့်မယ်။ အဲသည့် အတွက် လူမျိုးစုလက်နက်ကိုင်အုပ်စုကြီးတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်ပြုတာတွေ့ရပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးလို့ နာမည်တပ်ပေမယ့် တကယ် ငြိမ်းချမ်းရေးကို သွားဖို့ မဟုတ်ဘူး၊ စစ်မျက်နှာကို ယာယီ အားဖြင့် လျော့ပြီးတော့ အညာဗမာဒေသကို စစ်အောင်နိုင်ရေးအတွက် အားဖြည့်ချင်လိုခြင်းသက်သက်မျှသာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စစ်ရေးနည်းဗျူဟာ တစ်ရပ်အဖြစ် ကျင့်သုံးတာ ထင်ရှားပြီးသားဖြစ်ပါတယ်။ 

၃။ လူထုနဲ့ တော်လှန်ရေးကို သင်းခွဲခြင်းဗျူဟာ 

စစ်ကောင်စီဟာ ပုန်ကန်မှုနှိမ်နင်းရေးနည်းနာမျိုးစုံကို သုံးစွဲနေတာတွေ့ရပါတယ်။ ဒီလိုနည်းမျိုးစုံသုံးပေမယ့် ရည်ရွယ်ချက်ကတော့ တစ်ခုတည်းဖြစ်ပါတယ်။ တော်လှန်ရေးဘက်တော်သားတွေနဲ့ လူထုကို သင်းခွဲဖို့ ဖြစ်ပါ တယ်။ ဒေသခံလူထုထောက်ခံအားပေးနေသရွေ့၊ ပုန်ကန်ထကြွမှုကို မနှိမ်နင်းနိုင်ဘူးလို့ မြန်မာစစ်ခေါင်းဆောင် တွေက သိပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးအပေါ်မှာ လူထု စိတ်ပျက်အောင်၊ လက်နက်ကိုင်လမ်းစဉ်အပေါ်မှာ လူထု ငြီးငွေ့အောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ လူထုနဲ့ တော်လှန်ရေးဘက်တော်သား တွေကို ခွဲထုတ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလေထုကို တဖြည်းဖြည့် လျော့နည်းအောင် လုပ်နေပါတယ်။ ဒါ့ကြောင့်လည်း — ပုန်ကန်သူကို အားပေးတဲ့ ပုန်ကန်မှုနဲ့ နီးကပ်တဲ့ ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး ခေါင်း စဉ်တပ်ပြီး စစ်ဆင်ရေး လုပ်နေတာဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးတွေကတော့ — ကြွက်မနိုင် ကျီမီးရှို့ဗျူဟာနဲ့ ကျူပင်ခုတ် ကျူငုတ်မကျန်စေရဗျူဟာမျိုး ကျင့်သုံးတာကို တွေ့နေရပါတယ်။ လက်နက်ကိုင်တော်လှန်ရေး သမားကို တွေ့ရင် တွေ့တဲ့ နေရာမှာ သတ်ဆိုတဲ့မျိုးအထိ ရက်စက်ကြမ်းတမ်းလာပါတယ်။ ‌ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေကို နေရာပေးတယ် – အားပေးထောက်ခံတယ်လို့ ယူဆရင် ရွာလုံးကျွတ် မီးရှို့တာမျိုးအထိ ရက်စက်ကြမ်းတမ်းစွာ ဖြိုခွင်းပါတယ်။ တော်လှန်တပ်သားရှိလို့ ရွာကို လုပ်ရတာ — ရွာမနာချင်ရင် တော်လှန် ရေးသမားကို လက်မခံနဲ့ နေရာမပေးနဲ့ ဆိုတဲ့ အတွေးကို  လူထုက ရအောင် လုပ်တဲ့ ပုံစံဖြစ်ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း တော်လှန်ရေးသမားတွေရဲ့ ကွင်းကို ကျုံ့စေပြီး အထိုင်ကို ကျဉ်းစေဖို့၊ ခြေကုတ်ယူရာဌာနကို ပျောက်စေဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။ 

၄။ စစ်အုပ်စုထဲ မပါဝင်တဲ့ စစ်သားတွေကို ထွက်ပေါက်ပေးဖို့ 

မြန်မာစစ်ခေါင်းဆောင်တွေဟာ နောက်ဆုံး အချိန်ထက် လက်မြှောက် အရှုံးပေးပြီး အညံ့ခံတာမျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါ။ မျက်ကန်းတစ္ဆေမကြောက် ဇွတ်တိုးဝင်ဖို့သာ ရှိပါတယ်။ စစ်အုပ်စုကို ဖယ်ဖို့အတွက် စေ့စပ်ညှိနှိုင်းရေးနည်းလမ်းနဲ့ မရပါ။ အင်အားသုံး ဖိအားပေးပြီး စစ်တပ်ကို နိုင်ငံရေးထဲက ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်။ အဲသည့်အတွက် တော်လှန်သော လူမျိုးစု လက်နက်ကိုင်အဖွဲ့ကြီးတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်း စစ်ဆင်ရေးကို အချိတ်အဆက် ညီညီနဲ့ တပြိုင်နက်တည်း တိုက်ပွဲဖော်မှ ရမယ်လို့ ယူဆပါတယ်။ ဒါကို တပ်ပေါင်းစုတော်လှန်ရေးလမ်းစဉ် လို့လည်း ပြောနိုင်ပါတယ်။ တစ်ဖက်မှာလည်း လက်တွေ့ကျတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ပေါ်ပေါက်ဖို့ လိုပါတယ်။ ဒီနိုင်ငံရေးလုပ်ငန်းစဉ် တွေကို ပြည်သူတွေက ရှင်းရှင်းလင်းလင်း သဘောပေါက်ရမယ့် လမ်းပြမြေပုံမျိုး ဖြစ်နေရပါမယ်။ ဒီလမ်းပြ မြေပုံမှာလည်း စစ်ကောင်စီရဲ့ စစ်အုပ်စုထဲမှာ မပါဝင်တဲ့ စစ်သားတွေကို ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ပေးဖို့ လက်ခံနိုင်မယ့် အစီအစဉ်မျိုးတွေ ထည့်သွင်းရမယ်….. လို့ မြန်မာ့အရေးကျွမ်းကျင်သူ အီဂေါဗလာဇီဗစ်ရဲ့ သဘောထားအမြင်ဆောင်းပါးမှာ ပါရှိပါတယ်။ 

မင်းသေ့ 

နံနက် ၃း၁၈

၄ ၊ စက်တင်ဘာ၊ ၂၀၂၂။ 

Previous post အမျိုးသားနိုင်ငံတော်များ ပေါ်ထွန်းလာအံ့ 
Next post ဥပေက္ခာစိတ်နှင့်ယှဉ်သော ဝီရိယာဓိပတိ