မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသထံမှ ရသော ဘဝဒဿန 

ကျနော်ဟာ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ အပေါ်မှာ၊ ပုဂ္ဂိုလ်ရေးအားဖြင့် တိမ်းညွှတ် လေးစားသူ ဖြစ်ပါတယ်။ ကျနော်ဟာ စာတွေ ရေးတိုင်း၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ နဲ့ မဟာမြိုင်တောရ ဆရာတော် ဦးဇောတိကရဲ့ စာပေတွေကို ခဏ ခဏ ညွှန်းဆို၊ ကိုးကားတာကို သတိထားမိကြမယ်လို့ မျှော်လင့် တယ်။ 

မဟာဂန္ဓာရုံဆရာတော်ရဲ့ သွန်သင်ချက်တွေကနေ ကျနော့်ဘဝထဲ စီးဝင်ပျံ့နှံ့ ဖြစ်တည်နေတဲ့ ဒဿနတချို့ ရှိပါ တယ်။ အတော်များများ ရှိတယ်လို့ ပြောရင်လည်း ရပါတယ်။ 

ဒဿန နံပါတ် (၁) 

အလုပ်သမား။ 

အရှင်ဇနကာဘိဝံသရဲ့ သွန်သင်ချက်က အခုလို။ “လူ့ဘဝ နေလျှင် လူ့အလုပ်လုပ် ရမယ်၊ ရဟန်းဘဝ နေလျှင် ရဟန်းအလုပ် လုပ်ရမယ်၊ ဘယ်ဘဝမှာ နေနေ အလကားတော့ မနေရဘူး။ အလုပ်လုပ်နေရမှာပဲ” ဆိုတဲ့ မိန့်မှာ ချက်ဖြစ်ပါတယ်။ ကျနော့်ခေါင်းထဲမှာ အလုပ်သမား နဲ့ အပြောသမား ဆိုတဲ့ စကားလုံး နှစ်ခုဟာ ခေါင်းထဲ တိုး ဝင်နေပါတယ်။ အလုပ်သမား၊ အလုပ်သမား၊ အလုပ်သမား။ 

မဟာဂန္ဓာရုံဆရာတော် ရဲ့ ဘဝဖြစ်စဉ်ကို လေ့လာကြည့်တဲ့အခါမှာလည်း၊ တစ်သက်လုံး မနားတမ်း အလုပ်လုပ် သွားတဲ့ အလုပ်သမားတစ်ယောက်ဖြစ်တယ်ဆိုတာ တွေ့ရတယ်။ ပရိယတ္တိအလုပ်မှာလည်း ဒေါင်းဒေါင်းပြေး၊ ပဋိပတ္တိအလုပ်မှာလည်း မလစ်ဟင်းဘဲ၊ သာသနာတော်ပြုပြင်ပြောင်းလဲရေးတွေမှာလည်း အားကြိုးမာန်တက် လုပ်ခဲ့လိုက်တာ ဒုနဲ့ ဒေးပါပဲလား။ ရေးသားခဲ့တဲ့ ကျမ်းစာတွေကလည်း အမြောက်အမြား။ အုံလိုက်ကျင်းလိုက်။ ဒါကို productivity ဖြစ်တယ်လို့ ပြောလို့ ရတယ်။ ထို့နောက် အရေအတွက်တင် များတာလားဆိုတော့ မဟုတ်။ အရည်အသွေးနဲ့ စနစ်ကျနမှုကလည်း တော်ရုံ လိုက်မမှီ။ ဒါတောင် သူ့ခေတ် သူ့အခါက ဘာမှ မယ်မယ်ရရ ပြည့်ပြည့်စုံစုံ လွယ်လွယ်ကူကူ ရှိတာမျိုး မဟုတ်။ သူ ရေးသားတဲ့ ကျမ်းစာတွေဆိုရင် ခြေနင်း ပုံနှိပ်စက်လေးနဲ့ ခဲစာလုံးတွေကို လက်ဝင်အောင် စီပြီးမှ တစ်ရွက်ချင်း ရိုက်ရတာမျိုး။ 

မဟာဂန္ဓာရုံဆရာတော်ဟာ သူရေးသားပြုစုခဲ့တဲ့ ကျမ်းစာတွေကို ပုံနှိပ်ထုတ်ဝေရာမှာလည်း ပြီးစလွယ် မလုပ်ခဲ့ဘူး၊ ပြီးကပစ် မလုပ်ခဲ့ဘူး၊ ဖြစ်သလို မလုပ်ခဲ့ဘူးဆိုတာ သိသာလွန်းလှတယ်။ ရဟန်းဘဝမှာ ရဟန်းအလုပ်ကို ပီပီပြင်ပြင် ဖြစ်ဖြစ်မြောက်မြောက် စနစ်တကျ လုပ်ခဲ့တဲ့ ရဟန်းပုဂ္ဂိုလ်။ 

အရှင်ဇနကာဘိဝံသဟာ အပြောသမား မဟုတ်။ အလုပ်သမား။ သူ ရွေးချယ်ခဲ့တဲ့ ရဟန်းဘဝမှာ- ရဟန်းအလုပ်ကို ပီပီပြင်ပြင်နဲ့ ငုပ်မိ သဲတိုင် ၊ တက်နိုင်ဖျားရောက် လုပ်နိုင်ခဲ့သူ။ ဆရာတော့်ရဲ့ ဘဝဖြစ်စဉ်မှာ – ရဟန်းအလုပ်ကို ဘယ်လို လုပ်ခဲ့သလဲ ဆိုတာကို ပြန်ပြန်တွေးတိုင်း ကျနော် စိတ်အားသတ္တိတွေ ရတယ်။ ငါလည်း လူပဲ။ လူ့ဘဝမှာ လူ့အလုပ်ကို ဖြစ်ဖြစ်မြောက်မြောက် ပီပီပြင်ပြင် ကျကျနန လုပ်သွားခဲ့မယ်ဆိုတဲ့ စိတ်ကို အမြဲ သွင်းတယ်။ 

  • ငါ အလုပ်အများကြီးကို မလုပ်နိုင်ပါဘူး။ ငါ လုပ်နိုင်တာ နည်းနည်းလေးပါ။ ဒါပေမယ့် အဲသည့် နည်းနည်းလေးကိုပဲ ပီပီပြင်ပြင် ဖြစ်ဖြစ်မြောက်မြောက် ကျကျနန ပေါက်ပေါက်မြောက်မြောက် ဖြစ်အောင် လုပ်မယ်လို့ တွက်ပါတယ်။ ငါ စာရေးတတ်တယ်။ ငါက ကလောင်ကိုင်တယ်။ စာပေအလုပ် ကို ဖြစ်ဖြစ်မြောက်မြောက် ပီပီပြင်ပြင် ကျကျနန တစိုက်မတ်မတ် ပေါက်ပေါက်မြောက်မြောက်ဖြစ် အောင် အလုပ်နဲ့ သက်သေပြတဲ့ စာပေအလုပ်သမားအဖြစ် ခံယူပြီး လုပ်နေပါတယ်။ 

ဒဿန နံပါတ် (၂) 

တိုင်းပြည်ကို ကြီးပွားစေချင်သူ။ 

အရှင်ဇနကာဘိဝံသရဲ့ သွန်သင်ချက်က အခုလို။ “ကိုယ့်ရပ် ကိုယ့်ရွာကို ထိပ်တန်းကျအောင် ကြိုးစားကြ။ ကိုယ့်ရပ်ရွာ ထိပ်တန်းကျရင် သူများကလည်း လေးစားလာရမှာပဲ” ဆိုတဲ့ မိန့်မှာချက်ဖြစ်ပါတယ်။ လူဟာ လူဖြစ်ရင် လူ့အလုပ်ကို လုပ်ရမယ်။ ရဟန်းဖြစ်ရင် ရဟန်းအလုပ်ကို လုပ်ရမယ်ဆိုတဲ့ ဒဿနရဲ့ နောက်ဆက်တွဲ ဒဿနလို့ မှတ်ယူတယ်။ ဘယ်လို အလုပ်မျိုးကို လုပ်ရမလဲ။ နည်းနည်းလေး ချုံ့ကြည့်ရင် ကိုယ့်ရပ် ကိုယ့်ရွာပေါ့။ ထို့နောက် ကိုယ့်မြို့၊ ကိုယ့်ဒေသ၊ ကိုယ့်ဝန်းကျင်ပေါ့။ အဲသည့်နောက် ကိုယ့်ရဲ့ တိုင်းပြည်နဲ့ ပြည်သူ လူထုပေါ့။ သည့်ထက် ကျယ်ပြန့်ချင်ရင် လောကအကျိုးပေါ့။ 

ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ကွန်မြူနတီကို ထိပ်တန်းကျစေချင်တဲ့စိတ်ဓာတ်ဟာ ကျနော့် စိတ်မှာ ကိန်းအောင်းနေပါ တယ်။ ဒါကို စာပေတွေကနေလည်း ရတယ်၊ ဘာသာရေးအဆုံးအမရဲ့ သွန်သင်ချက်ကနေလည်း ရရှိပါတယ်။ ကိုယ်လေးစားကြည်ညိုရသော ပုဂ္ဂိုလ်တွေဆီကနေလည်း ရပါတယ်။ ကျနော်ဟာ ကလောင်ကိုင်တဲ့အလုပ်၊ စာရေးတဲ့အလုပ်ကို ဖြစ်မြောက်အောင် လုပ်ဖို့ ကြိုးစားပါတယ်။ ဒါ့အပြင် စာရေးခြင်းအလုပ်နဲ့ စာပေအလုပ်နဲ့ ကိုယ့်တိုင်းပြည်ကို ကျေးဇူးပြုချင်တယ်။ ကိုယ့်လူ့အဖွဲ့အစည်းကို ထိပ်တန်းကျစေချင်တယ်။ 

ထိပ်တန်းကျတယ် လို့ ပြောတဲ့နေရာမှာ၊ ကိုယ်အမူအရာအားဖြင့်လည်း ထိပ်တန်းကျရမယ်၊ စိတ်နေစရိုက်အား ဖြင့်လည်း ထိပ်တန်းကျရမယ်၊ နှုတ်အပြောအဆိုအားဖြင့်လည်း ထိပ်တန်းကျရမယ်၊ လုပ်ရည်ကိုင်ရည်အားဖြင့် လည်း ထိပ်တန်းကျရမယ်၊ စည်းစနစ်အားဖြင့်လည်း ထိပ်တန်းကျရမယ်၊ လူနေမှုအဆင့်အတန်းအားဖြင့်လည်း ထိပ်တန်းကျရမယ်၊ အသိဉာဏ်ပညာအားဖြင့် ထိပ်တန်းကျရမယ်၊ အတွေးအခေါ်အားဖြင့် ထိပ်တန်းကျရမယ်၊ စာပေအနုပညာအားဖြင့် ထိပ်တန်းကျရမယ်၊ နိုင်ငံရေးအရ ထိပ်တန်းကျရမယ်…. ဆိုတဲ့ စိတ်ဓာတ်မျိုးထား တယ်။ 

လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အဖြစ်သနစ်ကို ကြည့်ပြီး၊ ကျနော် ကြိတ်မနိုင်ခဲမရ ဖြစ်ရတယ်၊ အားမလို အားမရ ဖြစ်ရတယ်။ ဒါ့ကြောင့် ကျနော် နိုင်ငံရေးအလုပ်တွေမှာ ဝင်ပါနေမိပါတယ်။ ဒီကနေ တစ်ဆင့် နိုင်ငံရေးစာပေတွေကို အရေးများလာခဲ့တယ်။ ကျနော် ရေးတဲ့ နိုင်ငံရေးစာပေတွေအားလုံးရဲ့ ရေသောက်မြစ်ဟာ ဒီအခြေခံဒဿနကနေ လာတယ်လို့ ဝန်ခံပါရစေ။

Previous post မျောမနေကြနဲ့
Next post ဧဟိပဿိကော