ဘာသာတရားနဲ့ပတ်သက်ရင် ကျနော့်ခေါင်းထဲ ဝင်လာတဲ့ အချက်အလက် တချို့ရှိပါတယ်။ ကိုးကွယ်ယုံကြည် ရာ ဘာသာတရား တစ်ခုဟာ အခြေခံအားဖြင့် ဘယ်လို နှုန်းစံတွေ ရှိသင့်သလဲ။ သာမန်လူတစ်ယောက်အတွက် ရိုးရိုးသာမန်ပဲ စဉ်းစားနိုင်တဲ့ အချက်လေးတွေ ရှိနေသင့်တယ်လို့ ကျနော် ယူဆတယ်။ ကျနော် စဉ်းစားမိတာ တချို့ကို ပြောချင်တယ်။ 

ဒီစဉ်းစားချက်တွေဟာ – မဟာမြိုင်တောရ ဆရာတော် ဦးဇောတိကရဲ့ စာပေတွေကနေ ရတဲ့ သွန်သင်ချက် တွေကနေ အရင်းခံ တည်တယ်လို့ ဦးစွာ ဝန်ခံချင်ပါတယ်။ 

အမှန်တရားကို လွတ်လပ်စွာ ရှာဖွေခွင့်။ 

ဘာသာတရားတစ်ခုဟာ – အမှန်တရားကို လွတ်လွတ်လပ်လပ် ရှာဖွေဖို့ ခွင့်ပြုပေးထားရမယ်။ ဘာသာတရား တစ်ခုဟာ အမှန်တရားကို လွတ်လပ်စွာ ရှာဖွေစူးစမ်းခွင့် မပေးဘဲနဲ့၊ ဒီဘာသာတရားထဲက ပြောထား၊ ဟောထား တဲ့ အရာတွေကမှ အမှန်။ ဒီအထဲက ရေးထားတာတွေမှ အမှန်။ ကျန်သောအရာတွေဟာ အမှားလို့ ဇွတ်အတင်း တိုက်တွန်းဖြန့်ချိ ဟောပြောရေးသားဆုံးမနေပြီဆိုရင်၊ ဒါဟာ တကယ် ကျနော် ကိုးကွယ်ရမယ့် ဘာသာတရား မဟုတ်သေးဘူး။ ဘာသာတရားဟာ အမှန်တရားကို လွတ်လပ်စွာ ရှာဖွေ ဆည်းပူးခွင့် ပေးထားရမယ်။ အဲသည့် ဘာသာတရားထဲမှာ ပါဝင်တဲ့ သွန်သင်ချက်နဲ့ အဆုံးအမတွေကိုလည်း လက်တွေ့ ကျင့်သုံးနိုင်ကြောင်း၊ လက်တွေ့ စမ်းသပ်လေ့လာနိုင်ကြောင်း စိန်ခေါ်ရဲတဲ့ ဧဟိပဿိကော – ဂုဏ်နဲ့ ပြည့်စုံရမယ်လို့ ကျနော် ယုံကြည်လက်ခံ ထားတယ်။ ကိုယ် ဟောပြောရေးသားဆုံးမသွန်သင်ထားတဲ့ အရာတွေနဲ့ပတ်သက်ရင် အမှန်တရားအတွက် အစမ်းသပ်မခံနိုင်တဲ့ ဘာသာရေးဟာ ဘယ်လိုလုပ် စစ်မှန်တဲ့ ဘာသာတရား ဖြစ်လိမ့်မလဲ။ ထိုနည်းလည်းကောင်းပဲ ၊ ဒီဘာသာတရားထဲက ဟောပြောသွန်သင်ဆုံးမချက်တွေကသာလျှင် အမှန် လို့ ယုံကြည်ရမယ်။ ဒါကို စောဒက မတက်နဲ့။ ထပ်ပြီး လွတ်လပ်စွာ ရှာဖွေ နေစရာ မလိုတော့ဘူးလို့ ပိတ်ပင်ကန့်သတ်ထားတဲ့ ဘာသာတရားဟာ ဘယ်လိုလုပ် စစ်မှန်တဲ့ ဘာသာတရားဖြစ်ပါတော့မလဲ။ တကယ် စစ်မှန်တဲ့ ဘာသာတရားဟာ အမှန်တရားကို လွတ်လပ်စွာ ရှာဖွေဆည်းပူးခွင့် ပေးထားရမယ်။ 

သဘာဝကျရမယ် – အကြောင်းအကျိုး ညီညွတ်ရမယ်။ 

ဘာသာတရားထဲမှာ သွန်သင်လမ်းပြထားတဲ့ အဆုံးအမခံချက်တွေဟာ – သဘာဝကျရမယ်၊ အကြောင်းအကျိုး ညီညွတ်ရမယ်။ အကြောင်းအကျိုး ညီညွတ်စွာ လေ့လာဆန်းစစ်သုံးသပ်ခွင့်ကိုလည်း ပေးထားရမယ်။ သဘာဝ မကျတဲ့ အချက်တွေ၊ ယုတ္တိမတန်တဲ့အချက်တွေနဲ့ ကြောင်းကျိုးမညီတာတွေကို ဇွတ်အတင်း ရိုက်သွင်းနေတဲ့ ဘာသာရေးဟာ တကယ် စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူးလို့ ကျနော် ယူဆတယ်။ စစ်မှန်တဲ့ ဘာသာတရား ဟာ – အကြောင်း အကျိုးကို ဆက်စပ် သိမြင်နားလည်နိုင်အောင် အားပေးနိုင်ရမယ်။ သဘာဝမကျတာတွေနဲ့ မကိုက်ညီတာတွေကို ရဲဝံ့စွာ ပယ်ရှားဖို့ သတ္တိကို ပေးရမယ်။ ဒါမှ စစ်မှန်တဲ့ ဘာသာတရားဖြစ်မယ်။ တကယ် စစ်မှန်တဲ့ ဘာသာတရားဟာ သဘာဝကျ / မကျ ဆိုတာကို ပို၍ နက်နက်နဲနဲ သိမြင်နားလည်နိုင်အောင် လမ်းပြ နိုင်ရမယ်။ ထိုနည်းလည်းကောင်း – ကြောင်းကျိုးဆက်စပ်နားလည်နိုင်စွမ်းကို ကျယ်ပြန့်သထက် ကျယ်ပြန့် အောင် အားပေး ပံ့ပိုးတာမျိုး လုပ်နိုင်ရမယ်။ ကိုယ့်ရဲ့ ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းကို ပိတ်ပင် ကန့်သတ်ပြီး သဘာဝမကျတာကို လေ့လာဆန်းစစ်ခွင့် မပေးတဲ့ ဘာသာရေးဟာ တကယ့် ဘာသာတရား မဟုတ်ဘူးလို့ ကျနော် ယူဆတယ်။ လူတစ်ယောက်ရဲ့ သိမြင်နားလည်မှုမှာ – ကိုယ့်အသိဉာဏ်နဲ့ တန်သလောက်သာ သိမယ် ဆိုတာ ရှိပေမယ့်၊ အသိဉာဏ်ကို ကန့်သတ်ထားတာမျိုး မဟုတ်ဘဲနဲ့ ပိုနက်နဲ၊ ပိုကျယ်ပြန့်တဲ့ အသိဉာဏ်အတွက် အမြဲတမ်း လမ်းဖွင့်ထားတာမျိုး ဖြစ်သင့်တယ်။ 

ကုသိုလ် / အကုသိုလ် ၊ ဓမ္မ / အဓမ္မကို ရှင်းလင်းပြတ်သားစွာ ခွဲခြားထားခြင်း။ 

စစ်မှန်တဲ့ ဘာသာတရားမှန်ရင် ကုသိုလ် – အကုသိုလ် ၊ ဓမ္မ / အဓမ္မ နဲ့ တရားမှု / မတရားမှု ဆိုတာကို တိတိကျကျ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ခွဲခြားပြသရှင်းလင်းနိုင်ရမယ်။ ကောင်းမှုဆိုတာ ဘာလဲ၊ မကောင်းမှု ဆိုတာ ဘာလဲ၊ ကုသိုလ်ဆိုတာ ဘာလဲ၊ အကုသိုလ်ဆိုတာ ဘာလဲ— ဆိုတာကို ဂဃနဏ ရှင်းရှင်း လင်းလင်း ပြတ်ပြတ်သားသား ခွဲခြမ်းထားတာ မဟုတ်ဘဲနဲ့ ၊ ဟိုလိုလို ဒီလိုလို မရှင်း မရှင်း ဝေ့လည်ကြောင်ပတ် လုပ်ထားရင် ဒါဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ ဓမ္မဆိုတာ ဘာလဲ၊ အဓမ္မဆိုတာ ဘာလဲ — ဆိုတာကို ဂဃနဏ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ခွဲခြမ်းပြသထားတာ မရှိဘဲနဲ့၊ ဟိုလိုဆိုရင် တရားတာလိုလို၊ ဒီလိုဆိုရင် တရားတာလိုလိုနဲ့ ဓမ္မ – အဓမ္မမှုကို ရှင်းလင်းပြတ်သားစွာ ခွဲခြားပြသလမ်းညွှန်နိုင်ခြင်း မရှိတဲ့ ဘာသာ တရားဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ တရားမှုနဲ့ မတရားမှုမှာ – ကြားနေဆိုတာ မရှိဘူး။ ဘယ်သူ လုပ်ရင် တရားတယ်၊ ဘယ်သူ လုပ်ရင် တရားဘူးဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ပုံစံကို လိုက်ပြီး တရားခြင်း မတရားခြင်းဆိုတာ ကို တံဆိပ်ခတ် သတ်မှတ်ရင်၊ အဲသည့် ဘာသာတရားဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ ဓမ္မနဲ့ အဓမ္မဆိုတဲ့ကိစ္စကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား တိတိကျကျ လမ်းညွှန် သွန်သင်ပြနိုင်ရမယ်လို့ ကျနော် ယုံကြည်တယ်။ 

အမှီအခို ကင်းသထက် ကင်းအောင်။ 

စစ်မှန်တဲ့ ဘာသာတရားမှန်ရင် – အမှီအခိုကင်းခြင်းကို လိုလားနှစ်သက် ထက်သန်ရပါလိမ့်မယ်။ အမှီအခိုလို့ ပြောတဲ့နေရာမှာ – ရုပ်ပိုင်းဆိုင်ရာ အမှီအခို ရှိတယ်၊ စိတ်ပိုင်းဆိုင်ရာ အမှီအခို ရှိတယ်၊ ငွေကြေးပိုင်းဆိုင်ရာ အမှီ အခို ရှိတယ်။ အသိဉာဏ်ပိုင်းဆိုင်ရာ အမှီအခို ရှိတယ်။ စစ်မှန်တဲ့ ဘာသာတရားဟာ စိတ်ပိုင်းဆိုင်ရာ နဲ့ အသိဉာဏ်ပိုင်းဆိုင်ရာမှာ တစ်နေ့ထက် တစ်နေ့ ပိုပြီး အမှီအခို ကင်းအောင် လုပ်ပေးနိုင်ရမယ်။ တစ်နေ့ထက် တစ်နေ့ စိတ်ပိုင်းဆိုင်ရာ အမှီအခို ကင်းမလာဘဲနဲ့ တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး မှီခိုလာနေအောင် လုပ်တဲ့ ဘာသာရေးဟာ တကယ် စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ တစ်နေ့ထက် တစ်နေ့ အသိဉာဏ်ပိုင်းဆိုင်ရာ အမှီအခိုကင်းမလာဘဲနဲ့ တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ကိုယ့်အသိဉာဏ်ကို မလွတ်မလပ်အောင် လုပ်တဲ့ ဘာသာ ရေးဟာ တကယ်စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာလို့ ပြောတဲ့နေရာမှာ – ခံစားမှုပိုင်းဆိုင်ရာ လည်း ပါဝင်တယ်။ ကိုယ့်ရဲ့ ခံစားချက်တွေကို ပိုဖိစီးအောင် လုပ်ပြီး ခံစားချက်တွေကို မလွတ်လပ်စေဘဲနဲ့ ချုပ် နှောင်ထားတာမျိုး၊ မှီတွယ်ထားတာမျိုး၊ တုပ်နှောင်ထားတာမျိုးကို ပိုပြီး လုပ်နေတဲ့ ဘာသာရေးဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ ဘာသာတရားဟာ ကိုယ့်အားကိုယ်ကိုးနိုင်အောင် လမ်းညွှန်သွန်သင်တာမဟုတ်ဘဲနဲ့ မှီခိုအောင် ၊ တခြားသောအရာတွေကို အားကိုးအောင် တွန်းအားပေးနေရင် ဒါဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ 

စိတ်ဓာတ်ခွန်အားကြီးမြတ်အောင် လုပ်ပေးနိုင်ရမယ် 

စစ်မှန်တဲ့ ဘာသာတရားဟာ စိတ်ဓာတ်ခွန်အားကြီးမြင့်သထက် ကြီးမြတ်အောင် လုပ်ပေးနိုင်ရမယ်။ ဒီနေရာမှာ စိတ်ဓာတ်ခွန်အား ကြီးမားတာကိုလည်း ညွှန်းသလို၊ မြင့်မြတ်တာကိုလည်း ညွှန်းပါတယ်။ ကိုယ့်ရဲ့ စိတ်ဓာတ်ကို တစ်နေ့တခြား သေးသိမ်အောင် လုပ်နေတယ်ဆိုရင် ဒါဟာ စစ်မှန်တဲ့ ဘာသာတရားမဟုတ်ဘူး။ တစ်နေ့ထက် တစ်နေ့ ကိုယ့်စိတ်ကို အားငယ်အောင် လုပ်ပေးနေရင် ဒါဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ ကိုယ့်ရဲ့စိတ် ကို မြင့်မြတ်မှုဆီကို ခေါ်ဆောင်သွားမှသာ စစ်မှန်တဲ့ ဘာသာတရားဖြစ်တယ်လို့ ယူဆနိုင်တယ်။ မြင့်မြတ်မှုဆို တာ – ဘာလဲဆိုတာကို ကောင်းကောင်း ရှင်းလင်းပြသနိုင်ရမယ်။ ကိုယ့်စိတ်ကို ယုတ်နိမ့်အောင်၊ သေးသိမ်အောင်၊ ကျဉ်းမြောင်းအောင် လုပ်နေတဲ့ ဘာသာရေးဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ ကိုယ့်စိတ်ကို တစ်နေ့ထက် တစ်နေ့ ပိုကျယ်ပြန့်အောင်၊ ပိုကြီးမြင့်အောင်၊ စိတ်ဓာတ်ခွန်အား ကြီးမား သန်မာ အောင် လုပ်ပေးမှသာ စစ်မှန်တဲ့ ဘာသာတရားဖြစ်တယ်။ အဲသည်လို လုပ်ပေးတဲ့နေရာမှာလည်း အကြောင်း အကျိုးညီညီ၊ သဘာဝကျကျ လုပ်ပေးတာမျိုးဖြစ်ရမယ်။ လိမ်တာ၊ မှိုင်းတိုက်တာ၊ ဝေ့ဝိုက်ပြီး အတင်း ယုံခိုင်း တာမျိုးတွေ မရှိရဘူး။ ဒါဟာ စစ်မှန်တဲ့ ဘာသာတရားက ပြုမူတဲ့ အကျင့်အကြံတွေ မဟုတ်ဘူး။ 

စိတ်ရဲ့ ငြိမ်းအေးမှုဆီသို့ ။ 

စစ်မှန်တဲ့ ဘာသာတရားဟာ စိတ်ကို ငြိမ်းအေးမှုဆီ ခေါ်ဆောင် လမ်းညွှန်နိုင်ရမယ်။ စိတ်ကို ပူလောင်သထက် ပူလောင်အောင် ဖိအားတွေ ပေးနေတဲ့ ဘာသာတရားဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ စိတ်ကို တုပ်နှောင် ရစ်ပတ်ထားပြီး ချုပ်နှောင်ထားခိုင်းတာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ စိတ်ရဲ့ ငြိမ်းအေးမှုကို ရှာဖွေတဲ့နေရာမှာလည်း အဓမ္မလမ်းစဉ်နဲ့ မငြိစွန်းတဲ့နည်းနာကို မှန်ကန်စွာ ပြသနိုင်ရမယ်။ လူတစ်ယောက်ရဲ့ စိတ်ငြိမ်းအေးမှုဆိုတာမှာ – လိမ်လည်ထားတဲ့ တဒင်္ဂ ငြိမ်းအေးမှု ရှိတယ်။ စစ်မှန်တဲ့ ငြိမ်းအေးမှု ရှိတယ်။ စစ်မှန်တဲ့ စိတ်၏ ငြိမ်းအေးမှုဆီကို လမ်းပြညွှန်ပြနိုင်တဲ့ ဘာသာတရားကသာလျှင် စစ်မှန်တဲ့ သဘာတရားဖြစ်ပါ တယ်။ 

လွတ်လပ်မှုနဲ့ လွတ်မြောက်မှုဆီ။ 

ကိုယ့်စိတ်၊ ကိုယ့်အသိဉာဏ်နဲ့ ကိုယ့်ဘဝကို လွတ်လပ်မှုနဲ့ လွတ်မြောက်မှုဆီ ခေါ်ဆောင်လမ်းပြပေးတဲ့ ဘာသာ ရေးကသာလျှင် စစ်မှန်တဲ့ ဘာသာတရားဖြစ်ပါတယ်။ ကိုယ့်စိတ်ကို မလွတ်လပ်အောင်၊ ကိုယ့်စိတ်ကို မလွတ် မြောက်အောင် တုပ်နှောင် ၊ ချုပ်နှောင် ၊ ဖိစီးထားတဲ့ ဘာသာရေးဟာ စစ်မှန်တဲ့ ဘာသာတရား မဟုတ်ဘူး။ ကိုယ့်အသိဉာဏ်ကို ပိုလွတ်လပ်အောင်၊ ပိုလွတ်မြောက်အောင် လမ်းပြသွန်သင်နိုင်မှသာလျှင် စစ်မှန်တဲ့ ဘာသာ တရားဖြစ်ပါတယ်။ ကိုယ့်ဘဝကို မနေ့ကထက် ဒီနေ့၊ ဒီနေ့ကထက် မနက်ဖြန် သာလွန်အောင် လွတ်မြောက်စေမှ သာလျှင် စစ်မှန်တဲ့ ဘာသာတရားဖြစ်တယ်လို့ ကျနော် လက်ခံယုံကြည်ထားတယ်။ 

မင်းသေ့ 

နံနက် ၅း၃၅ 

၇ ၊ ဩဂုတ်၊ ၂၀၂၂။

Previous post မဟာဂန္ဓာရုံဆရာတော်၏ သွန်သင်ချက်
Next post ပြည်သူသာလျှင် အဓိက — တဲ့၊ ဟုတ်ရဲ့လား