ဘဝမှာ လုပ်စရာရှိတာတွေနဲ့ လုပ်ချင်တဲ့အလုပ်တွေကို ဖြစ်ဖြစ်မြောက်မြောက်လုပ်ဖို့အတွက် ကျနော် အမြဲ သတိရှိနေတဲ့ စကားလေး တစ်ခွန်း ရှိတယ်။ 

  • ကိုယ်လုပ်ရမယ့်အလုပ်တွေအတွက် လိုအပ်တဲ့ အသိ၊ အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေကို မပြတ် ဖြည့်တင်းနေခြင်း… ဆိုတဲ့ စကားဖြစ်ပါတယ်။ 

လူဟာ ကိုယ်လုပ်နေတဲ့အလုပ်ဟာ အလုံးစုံ ပြီးပြည့်စုံသွားတယ်လို့ မရှိပါဘူး။ no man is perfect လို့ အရပ်သုံး စကားမှာ ပြောတယ် မဟုတ်လား။ ဒါပေမယ့် တစ်နေ့ထက် တစ်နေ့ ပိုသာတဲ့ သိမြင်နားလည်မှု ရှိ အောင်၊ တစ်နေ့ထက် တစ်နေ့ ပိုသာတဲ့ ကျွမ်းကျင်မှု ရှိအောင်၊ တစ်နေ့ထက် တစ်နေ့ ပိုသာတဲ့ တီထွင်ဖန်တီးမှု ရှိ အောင်၊ တစ်နေ့ထက် တစ်နေ့ ပိုသာတဲ့ လုပ်ရည်ကိုင်ရည် ရှိအောင် ကြိုးစားနေရတာပဲ။ ဒီလို ကြိုးစားအားထုတ် တဲ့နေရာမှာလည်း တမင် ကြိုးစားအားထုတ်နေရရင် သိပ် ခရီးမရောက်ဘူး။ အလိုလိုနေရင်း အားထုတ်နေတာ မျိုး၊ အလေ့အထ အနေနဲ့ အားထုတ်နေတာမျိုးသာ ဖြစ်သင့်တယ်။ ဒီလို ဖြစ်ဖို့အတွက်ဆိုရင် – ရူးသွပ်မှုဟာ သိပ် အခရာ ကျတာပဲ။ 

ဝါသနာကို လုပ်ခွင့် 

လူအတော်များများဟာ ဝါသနာကို လုပ်ခွင့် မရကြပါဘူး။ ဝါသနာကို လုပ်ခွင့် မရတာဟာ ပတ်ဝန်းကျင်ကြောင့်နဲ့ လည်း ဆိုင်တယ်။ ကိုယ်နဲ့လည်း ဆိုင်တယ်။ တချို့က ဝါသနာကို ဦးစားပေးခွင့် မရတဲ့ ဘဝ အခြေအနေတွေ ရှိ နေတယ်။ တချို့ကျတော့လည်း ပတ်ဝန်းကျင်က အကန့်အသတ် အဟန့်အတား ဖြစ်နေတယ်။ တချို့ကျတော့ လည်း ဝါသနာကို ဦးစားပေးခွင့် မရှိတဲ့ ဘဝအခြေအနေနဲ့ ပတ်ဝန်းကျင်ရဲ့ အကန့်အသတ်ကြားထဲကပဲ – ထိုးဖောက် သွားနိုင်တာ၊ ဖောက်ထွက်သွားနိုင်တာ တွေ့ရပြန်တယ်။ အဲသည့်ထဲက အတော်များများကတော့ – ဝါသနာဆိုတာလည်း မသိ။ ရူးသွပ်မှုဆိုတာလည်း မရှိ– ဖြစ်ကြတာများတယ်။ 

မျောနေကြတဲ့ လူတွေ 

လူအတော်များများကို ကြည့်ရင်၊ မျောနေတာပဲ။ မျောနေတာ၊ မျှောလိုက်နေတာများတယ်။ လူအတော်များများ ဟာ အကန့်အသတ်တွေကို ပစ်တင်မောင်းမဲကြတာများတယ်။ ပတ်ဝန်းကျင်မှာ ဖြစ်ခွင့်၊ ကြီးပွားခွင့်၊ တိုးတက်ခွင့်၊ လုပ်ပိုင်ခွင့်၊ လွတ်လပ်ခွင့် ဆိုတာတွေကတော့ အနည်းနဲ့ အများ အကန့်အသတ် ရှိကြတာပါပဲ။ တချို့လည်း အခြေအနေပေးပါလျက်နဲ့ ပျင်းနေတာ၊ ငြီးငွေ့နေတာ၊ စိတ်ပျက်အားကုန်နေတာတွေ တွေ့ရတယ်။ ဒီလိုမျိုး ပျင်းနေ၊ ငြီးငွေ့နေ၊ စိတ်ပျက်အားကုန်နေလို့ — တစ်ခုခုမှာ ကျားကုတ်ကျားခဲ ကြိုးစားပြီးလို့ ကျရှုံးမှုနဲ့ ကြုံလို့ ဒီလို ဖြစ်နေတာလား— ဆိုတာ ကြည့်တော့လည်း၊ မဟုတ်ပြန်ဘူး။ ဟုတ်မနေဘူး။ အလိုလိုနေရင်း အားကုန်စိတ်ပျက် ပျင်းရိနေတာသာ တွေ့ရတယ်။ 

အမည်ခံလောက်ပဲ ဖြစ် 

ရူးသွပ်မှု မရှိရင် ဖြည့်တင်းမှုကို အလိုအလျောက် မလုပ်ဘူး။ ဖြည့်တင်းမှုကို မလုပ်တဲ့အခါ ဝါသနာဟာ ဖြစ်ဖြစ် မြောက်မြောက် ဖြစ်မလာဘူး။ ဝါသနာကို လိုက်တဲ့ လူတွေကိုလည်း တွေ့ဖူးပါတယ်။ သူတို့ထဲမှာလည်း “မည်ကာမတ္တ” သဘော၊ အမည်ခံလောက်ပဲ ဖြစ်မြောက်တာမျိုးက များတယ်။ တကယ် ထူးထူးချွန်ချွန် ထိုးထွက် နေတာမျိုး မဟုတ်ဘူး။ သာမန် ရွက်ကြမ်းရေကျိုလောက်ပေါ့။ လူအတော်များများက ဒီလောက်နဲ့ ရပ်နေကြတာ များတယ်။ 

မင်းသေ့ 

နံနက် ၃း၃၁ 

၉ ၊ ဩဂုတ်၊ ၂၀၂၂။ 

Previous post မယဉ်ကျေးတဲ့ အရိုင်း မြန်မာ
Next post မဟာဂန္ဓာရုံဆရာတော်၏ သွန်သင်ချက်