မြန်မာပြည်ဟာ —- 

  • စုံလင်သော အဘိဓမ္မာ မထွန်းကား။ 
  • ဆွေးနွေးငြင်းခုန် အဖြေရှာခြင်းဓလေ့ မထွန်းကား။ 
  • သိပ္ပံပညာ နှင့် သိပ္ပံအမြင် မထွန်းကား။ 
  • ဝေဖန်ပိုင်းခြားဆန်းစစ်သော ပညာ မထွန်းကား။ 

မြန်မာပြည်မှာ — 

  • အာဏာဓလေ့သာ ထွန်းကားတယ်။ 
  • အကွဲအပြဲသမိုင်းသာ ထွန်းကားတယ်။ 
  • လက်နက်နည်းသာ ထွန်းကားတယ်။ 
  • တရားသေ တစ်ဇောက်ကန်းတွေသာ ထွန်းကားတယ်။ 

လူ့အဖွဲ့အစည်း သမိုင်း

ကမ္ဘာ့ကြီးရဲ့ သမိုင်းဇာတ်ကို လေ့လာကြည့်တဲ့အခါ၊ ပညာရေးထွန်းကားတဲ့ လူ့အဖွဲ့အစည်းတွေမှာ ဘယ်လို တွေ့ ရသလဲ။ ပညာထွန်းကားတဲ့ လူ့အဖွဲ့အစည်းတွေမှာ – ကောင်းမွန်သော မြို့တော်တွေ ရှိတယ်၊ လှပ၍ နေချင့်စဖွယ် ဖြစ်သော နေအိမ်တွေ ရှိကြတယ်၊ ခမ်းနားတဲ့ အများပိုင် အဆောက်အအုံတွေ ရှိတယ်။ မွန်မြတ်တဲ့ အနုပညာ လက်ရာတွေ၊ ဆန်းကျယ်တဲ့ အနုသုခုမတွေ၊ အနုစိတ်ထူးခြားတဲ့ ယဉ်ကျေးမှုလက်ရာတွေ ရှိတယ်။ စနစ်ကျပြီး များပြားစုံလင်တဲ့ စာအုပ်တွေနဲ့ စုဝေးထားတဲ့ စာကြည့်တိုက်ကြီးတွေ အများအပြား ရှိတယ်။ သိပ္ပံ သုတေသန လုပ်ငန်းတွေ ထွန်းကားတယ်၊ အတွေးအခေါ် ဒဿနထွန်းကားတယ်၊ ဆွေးနွေးငြင်းခုန်အဖြေရှာခြင်းကို လေးလေးစားစား လုပ်ကြတာတွေ့ရတယ်။ 

ဒါတွေဟာ ပညာဖြစ်ထွန်းတဲ့ လူ့အဖွဲ့အစည်းရဲ့ အမှတ်သရုပ်တွေပဲလို့ ယူဆပါတယ်။ ပညာထွန်းကားလို့လည်း အခုလို တွေ့ရတာ၊ အခုလို တွေ့ရလို့လည်း ပညာဖြစ်ထွန်းတာ။ ဒါဟာ အပြန်အလှန် အညမညသဘော ဆက်စပ် နေတဲ့ အကြောင်းအကျိုး ဆက်စပ်မှုပါပဲ။ 

စာသင်ကျောင်းတွေ 

ငြိမ်းချမ်းပြီး အေးချမ်းသာယာ တည်ငြိမ်တဲ့ လူ့အဖွဲ့အစည်းတွေကို လေ့လာကြည့်ရင်၊ စာသင်ကျောင်းတွေဟာ နိုင်ငံရေးရဲ့ အသုံးချခံ‌တွေ မဟုတ်ဘူးဆိုတာ တွေ့ရတယ်။ စာသင်ကျောင်းတွေဟာ ပညာကို အားပေးကူညီရာ ဌာနကြီးတွေ ဖြစ်တယ်။ စာသင်ကျောင်းတွေဟာ ဝါဒဖြန့်ချိရေးဌာန‌တွေ မဟုတ်ဘူးဆိုတာလည်း တွေ့ရတယ်။ အတွေးအခေါ်နဲ့ ဒဿနအမြင်တွေကို ကျယ်ပြန့်လွတ်လပ်စွာ ဆွေးနွေး ငြင်းခုန်နိုင်တဲ့ ရပ်ဝန်းဟာ စာသင်ကျောင်းတွေမှာ ရှိတာ တွေ့ရတယ်။ 

စာသင်ကျောင်းတွေမှာ – စနစ်ကျသော သင်ကြားနည်းနာတွေ ရှိတယ်။ လွတ်လပ်သော သင်ရိုးညွှန်းတမ်းတွေ ဆွဲထားတယ်။ ထိရောက်စွာ သင်ယူနိုင်မယ့် လက်တွေ့ စမ်းသပ်ခန်းတွေ ရှိတယ်။ ကြံ့ခိုင်သန်မာသန်စွမ်းတဲ့ ခန္ဓာ ကိုယ် ဖွံ့ဖြိုးဖို့ ကောင်းမွန်သော အားကစားခန်းမ နေရာတွေ ရှိတယ်။ ဆွေးနွေးငြင်းခုန် ဟောပြောနိုင်မယ့် ခန်းမ တွေ ရှိတယ်။ ကျယ်ပြန့်သော အသိဗဟုသုတအတွက် စာကြည့်တိုက်ကြီးတွေ ရှိတယ်။ သဘာဝနဲ့ တွေ့ထခံစား နိုင်ဖို့ သစ်ပင်သစ်တောနဲ့ ရေကန်တွေနဲ့ ဝန်းရံထားတာတွေ့ရတယ်။ 

သူတို့ စာသင်ကျောင်းတွေမှာ – ရိုက်သွင်းတဲ့ ဝါဒတွေကို မတွေ့ရဘူး။ ပုံသွင်းတဲ့ အမူအကျင့်တွေကို မတွေ့ရဘူး။ လွတ်လပ်ခြင်းနဲ့ အပြန်အလှန် လေးစားခြင်းကို မွေးမြူပေးတဲ့ ဓလေ့ကိုသာ တွေ့ရတယ်။ 

အရိုင်းမြန်မာ 

မြန်မာတွေဟာ သိပ်ရိုင်းတယ်လို့ ပြောရင် ရသလား။ ရရ မရရ ပြောမယ်။ မြန်မာတွေဟာ ရိုင်းတယ်။ အခုထိ မယဉ်ကျေးသေးဘူး။ အခုထိ မယဉ်ပါးသေးဘူး။ မြန်မာ့လူ့အဖွဲ့အစည်းကို ကြည့်ရင်၊ တစ်ပိုင်းတစ်ပြတ် ပညာကို သာ တွေ့ရတယ်။ လုံလောက် ပြည့်ဝ ကျယ်ပြန့် နက်ရှိုင်းတဲ့ ပညာဓာတ်ခံကို မတွေ့ရဘူး။ အပေါ်ယံ ရှပ်ရှပ်လေး နဲ့ အဖြစ်လုပ်နိုင်လောက်တဲ့ အသိဗဟုသုတလောက်သာ ရှိတယ်။ little knowledge is dangerous ဆိုတဲ့ စကား ရှိတယ် မဟုတ်လား။ ဒါကို မြန်မာ့လူ့အဖွဲ့အစည်းများ ခပ်များများ တွေ့နိုင်တယ်၊ အတော်များများ တွေ့နိုင်တယ်။ 

မြန်မာပြည်ဟာ မတည်ငြိမ်လို့ အသက်မွေးဝမ်းကျောင်း အလုပ်ကို ကောင်းစွာ မလုပ်နိုင်ဘူး။ သက်မွေးပညာရပ် ကိုလည်း ဖြောင့်အောင် သင်ယူနိုင်တဲ့ အခင်းအကျင်းမျိုး မရှိဘူး။ မြန်မာပြည်မှာ လက်နက်နည်းသာ ဖြစ်ထွန်း လို့ ငြိမ်းငြိမ်းချမ်းချမ်း မနေရဘူး။ ငြိမ်းချမ်းတဲ့ကာလဆိုတာ တစ်ဆက်တစ်စပ်တည်း မရှိဘူး။ ကွက်ကြား သဘောသာ ရှိတယ်။ ကြိုကြားသဘောသာ ရှိတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ တွေ့ရတဲ့ ပညာဆိုတာ ဒုလိုက် ဒေးလိုက်၊ အုံလိုက်ကျင်းလိုက်၊ ကျယ်ပြန့် နက်ရှိုင်းတဲ့ ပညာမျိုး မဟုတ်ဘူး။ တို့ကနန်းဆိတ်ကနန်းနဲ့ မကျက် တကျက် ပညာတတ်တွေကိုသာ တွေ့ရတယ်။ အထူးသဖြင့် တတ်ယောင်ကားတွေဟာ နေရာတိုင်းမှာ ရှိနေတယ်။ တစ်ဇောက်ကန်းတွေဟာ နေရာတိုင်းမှာ ရှိနေတယ်။ 

မပျက် ပျက်အောင် 

“လူတစ်ယောက်ဟာ – လိမ္မာစွာ မြင့်မြတ်စွာ တရားမျှတစွာ မနေထိုင်ရင် သာယာအေးချမ်းမှုကို မခံစားနိုင်” ဆိုတဲ့ စကား ရှိပါတယ်။ လိမ္မာတဲ့ လူ့အဖွဲ့အစည်းဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ မြန်မာတွေဟာ မလိမ္မာဘူး၊ ရိုင်းတယ်။ မြန်မာတွေဟာ မယဉ်ကျေးဘူး၊ ရိုင်းတယ်။ အရိုင်းဓာတ်ခံ အပြည့်ပါလာတယ်။ ကြမ်းကြမ်းတမ်းတမ်း ဟော့ဟော့ရမ်းရမ်း လုပ်ကိုင်ခြင်းမှာ စွဲမြဲ ပြင်းထန်တယ်။ စိတ်လိုလက်ရ တုံ့ပြန် ဆောင်ရွက်တတ်တယ်၊ ရေရှည် မြော်မြင်တာမျိုးမှာ စိတ် မရှည်ဘူး။ အစုအဖွဲ့နဲ့ စနစ်တကျ လုပ်ကိုင်ဆောင် ရွက်ခြင်း အမူကို မပြုနိုင်ကြဘူး။ ပညာထက် အကျိုးစီးပွားကို ရှေ့ရှုတယ်။ အဘိဓမ္မာကို စားသုံးတဲ့နေရာမှာ တရားသေဆုပ်ကိုင်တဲ့ ဒဿနကိုသာ လက်ကိုင်ထားတယ်။ 

ဒီလိုမျိုး လူ့အဖွဲ့အစည်းမျိုးမှာ – 

  • စစ်ပွဲတွေနဲ့ လူမျိုးရေး ပယောဂတွေ ဒင်းကြမ်းပြည့်နေတာ မဆန်းပါဘူး။ 
  • လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ မနာလို ဝန်တိုခြင်းတွေ ပြည့်နေတာ မဆန်းပါဘူး။ 
  • စစ်မှန်တဲ့ ကရုဏာ – မုဒိတာ မဖြစ်ထွန်းတာ မဆန်းပါဘူး။ 
  • အေးချမ်းတည်ငြိမ်းခြင်း မဖြစ်ထွန်းတာ မဆန်းပါဘူး။ 
  • ဘယ်သူသေသေ ငတေမာပြီးရော စိတ်တွေ ပြည့်နှက်နေတာ မဆန်းပါဘူး။ 
  • မြန်မာပြည်ဟာ ခေတ်ပျက်ကို ကြုံနေပြီ။ 
  • မပျက်ပျက်အောင်လည်း ဝိုင်းဖျက်နေကြတယ်။ 
  • ယဉ်ကျေးမှု မရှိ ၊ ပညာ မထွန်းကားတဲ့ လူ့အဖွဲ့အစည်းမှာ 
  • ဒီလို ဖြစ်ရပ်ဆိုးတွေ ကြုံတာလည်း မဆန်းပါဘူး။ 
  • ဆန်းနေတာက – အမှန်ကို ရဲဝံ့စွာ ပြောမယ့်သူ ရှားပါးလွန်းတာပါ။ 

မင်းသေ့ 

နံနက် ၅း၁၇ 

၁၂ ၊ ဩဂုတ် ၊ ၂၀၂၂။

Previous post နိုင်ထက်စီးနင်းမှု နှင့် ဘာ့ကြောင့် ဖက်ဒရယ်
Next post မျောမနေကြနဲ့