ဂဃနဏ မကွဲပြားဘဲ ရောထွေးနေသော စကားလုံးများ

နေ့စဉ်မြန်မာတွေသုံးနှုန်းတဲ့ စကားလုံးတွေထဲမှာ ဆင်တူကြောင်းကွဲတွေ ခပ်များများရှိတယ်။ လူအတော်များများ ဟာ စကားလုံးတွေကို အဆုံးထိနှိုက်ထုတ်လေ့လာတာမျိုး မလုပ်တတ်ကြဘူး။ သူတို့စိတ်ထင်ကြေးတွေနဲ့ပဲ သတ်မှတ်ခံယူထားတာများတယ်။ စကားလုံးတွေရဲ့ အနက်အဓိပ္ပာယ်ကို ကောင်းစွာနားလည်အောင် လုပ်တာဟာ၊ ပညာသင်ယူခြင်းတစ်မျိုးလည်းဖြစ်တယ်။ တနည်းအားဖြင့် ပညာဆိုတာ စကားလုံးတွေကို နားလည်အောင် လုပ် တာလို့ ဆိုနိုင်တယ်။ ကျနော်တို့ဟာ ကျနော်တို့ နိစ္စဓူဝ သုံးစွဲနေတဲ့ စကားလုံးဝေါဟာရတွေရဲ့ အနက်ကို သေချာ၊ ဂဃနဏ ကျကျနန ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား သိနားလည်နေကြရတာရော၊ ဟုတ်ရဲ့ လား။ လူအတော်များများက ရောထွေးပြီး နားလည်လက်ခံထားကြပါတယ်။ ဒါကို ဒီဆောင်းပါးမှာ တတ်နိုင် သလောက် ဖြည်ထုတ်ချင်ပါတယ်။

အနက်သဘောအားဖြင့် တူသလိုလိုနဲ့ မတူတဲ့ စကားလုံးတချို့ကို ချရေးကြည့်လိုက်တယ်။

  • မြှောက်ပင့်တာနဲ့ ချီးမွမ်းတာ
  • ရောင့်ရဲတာနဲ့ ပျင်းတာ
  • ရိုးသားတာနဲ့ တုံး,အ တာ
  • ယုံကြည်ချက်နဲ့ အစွဲအလမ်း
  • သတ္တိရှိတာနဲ့ မိုက်ရူးရဲတာ
  • စဉ်းစားချင့်ချိန်တာနဲ့ တွေဝေတာ  
  • သံဝေဂနဲ့ စိတ်ပျက်ငြီးငွေ့တာ
  • Group Think နဲ့ Teamwork
  • နိုင်ငံရေးစိတ်နဲ့ ဂိုဏ်းဂဏစိတ်
  • တိုင်းပြည်ချစ်စိတ်နဲ့ မျိုးချစ်စိတ်

မြှောက်ပင့်တာနဲ့ ချီးမွမ်းတာ

မြှောက်ပင့်တာနဲ့ ချီးမွမ်းတာက မတူပါဘူး။ ဘယ်လို မတူသလဲ။ ဘယ်လို ကွဲပြားသလဲ။ ဒေးကာနက်ဂျီရေးတဲ့ မိတ္တဗလဋီကာစာအုပ်ကို ဦးနုက ဘာသာပြန်ခဲ့ပါတယ်။ အဲသည့်စာအုပ်မှာ၊ မြှောက်ပင့်တာနဲ့ ချီးမွမ်းတာ မတူကြောင်း အခုလို ရှင်းလင်း ဖော်ထုတ်ထားတယ်။

  • ချီးမွမ်းခြင်းသည် ရိုးဖြောင့်၏။ မြှောက်ပင့်ခြင်းသည် မရိုးဖြောင့်။ ချီးမွမ်းခြင်းသည် ဝမ်းထဲ စိတ်ထဲမှ ထွက်လာ၏။ မြှောက်ပင့်ခြင်းသည် နှုတ်ဖျားမှ ထွက်လာ၏။ ချီးမွမ်းခြင်းသည် အချီးမွမ်းခံရသူတို့အတွက် အကျိုးဖြစ်ရန် ရည်စူး၏။ မြှောက်ပင့်ခြင်းမှာမူကား မြှောက်ပင့်သူအတွက်သာ အကျိုးဖြစ်ရန် ရည်စူး၏။ ချီးမွမ်းခြင်းကို အားလုံးသောလူများသည် မြတ်နိုးကြ၏။ မြှောက်ပင့်ခြင်းကို စက်ဆုပ်၏။ (ဦးနု၊ မိတ္တဗလဋီကာ၊ ၂၀၀၀၊ ရာပြည့်၊ စာ – ၇၀)

ဒီစာအုပ်ထဲမှာပဲ စကားကောက်နုတ်ချက်လေးတစ်ခုကို ထပ်တွေ့ရတယ်။ “သင့်ကို ဝိုင်းတိုက်သော ရန်သူများကို မကြောက်ပါနဲ့၊ သင့်ကို ဝိုင်းမြှောက်နေသော မိတ်ဆွေများကို ကြောက်ပါ” တဲ့။ မြှောက်ပင့်ခြင်းဟာ ချီးမွမ်းတာနဲ့ မတူဘူးဆိုတာကို ခွဲခွဲခြားခြားနားလည်ဖို့ လိုပါတယ်။ ဒေးကာနက်ဂျီရေးသလို၊ ချီးမွမ်းခြင်းဟာ ရင်ခေါင်းထဲက လာတယ်။ မြှောက်ပင့်တာကတော့ လျှာဖျားကနေ လာတယ်။ လူတစ်ယောက်က ကိုယ့်ကို ကောင်းကြောင်း၊ တော် ကြောင်း ပြောခံရတဲ့အခါ ဒါဟာ မြှောက်နေတာလား၊ သို့တည်းမဟုတ် တကယ် လှိုက်လှိုက်လှဲလှဲ ချီးမွမ်းနေတာ လားဆိုတာကို သိပါတယ်၊ ခံစားမိပါတယ်။ အကယ်၍ မြှောက်ပင့်တာတွေရဲ့အောက်မှာ သာယာနေပြီဆိုရင်တော့၊ ဘယ်လောက်ပဲ ထိပ်ဆုံးကို ရောက်ရောက် ကျရှုံးခန်းဟာ သိပ်မကြာခင် ရောက်လာတော့မယ်လို့ သတိချပ်သင့်ပြီ။

ရောင့်ရဲတာနဲ့ ပျင်းတာ

ရောင့်ရဲတယ်ဆိုတာ ဘာလဲ။ ပျင်းတယ်ဆိုတာ ဘာလဲ။ မြန်မာစကားမှာ ပျင်းရိတယ်လို့တောင် သုံးနှုန်းတယ်။ ပျင်း တယ်ရဲ့ နောက်မှာ၊ ရိတယ်ဆိုတဲ့ စကားလုံးကို ထည့်သုံးတယ်။ ရိရွဲနေပြီလို့ ပြောတာ။ ပုံပျက်နေပြီလို့ ပြောတာ။ လူရုပ်သူရုပ်တောင် မပေါက်လောက်အောင် ပျင်းရိထုံထိုင်းညံ့ဖျင်းသိမ်ဖျင်းနေပြီလို့ ပြောချင်တာတူပါရဲ့။

ရောင့်ရဲတယ်ဆိုတာ ကြိုးစားမှု ရှိတယ်၊ သို့သော် ဖြစ်လာတဲ့ ရလဒ်နဲ့ အဖြေကို ကျေနပ်တယ် တင်းတိမ်တယ်။ ဒါကို ဆိုလိုချင်တာလို့ ကျနော် ထင်တယ်။ ပျင်းတာကတော့ ကြိုးစားမှုကို မရှိတော့ဘူး။ ဘာကိုမှ မကြိုးစားတော့ဘူး။ ဘာကိုမှ လုပ်ဆောင်ဖို့ လုံ့လ မထုတ်တော့ဘူး။ ဒါဟာ ပျင်းတာ၊ ရိတာ။ ပျင်းရိတာ။ ရောင့်ရဲတာကတော့ ပျင်းရိတာ နဲ့ မတူဘူး။ တတ်နိုင်သလောက် ကြိုးစားအားထုတ်ပြီး လုပ်ဆောင်တယ်၊ လုံ့လထုတ်တယ်။ ဒါပေမယ့် ထွက်လာတဲ့ ရလဒ်ဟာ ကိုယ်မှန်းသလောက် မဖြစ်လာရင်တော့ ဒါကို ဒေါသမဖြစ်ဘဲ၊ သိမ်မွေ့စွာ လက်ခံလိုက်တယ်။ သို့သော် နောက်တစ်ခါ ထပ်ကြိုးစားတဲ့အခါ၊ ပိုကောင်းအောင် လုပ်ဖို့ အမြဲ ဆင်ခြင်စဉ်းစားတယ်။ ရောင့်ရဲသူဆိုတာဟာ၊ မကြိုးစားသူ မဟုတ်ဘူး၊ လုပ်သင့်လုပ်ထိုက်တာကို အားထည့်ပြီး မလုပ်တာ မဟုတ်ဘူး။ လုပ်တယ်၊ ကြိုးစားတယ်။ လုပ်သင့်လုပ်ထိုက်တာကို ကြိုးစားပြီးရင် ရလာတဲ့ ရလဒ်ကို ကျေနပ်စွာ လက်ခံနိုင်ဖို့ နှလုံးသွင်းတဲ့ အကျင့်ကို ဆိုလိုတာ ဖြစ်တယ်။

ရိုးသားတာနဲ့ တုံး,အ တာ

ရိုးသားတာဟာ ဖြူစင်ခြင်းအနက်သဘောကို ဆောင်တယ်။ တုံး,အတယ်ဆိုတာ ညံ့ဖျင်းခြင်းသဘောကို ဆောင်တယ်။ ဒါပေမယ့် မြန်မာစကားလုံးမှာ ဖြူစင်ခြင်းကို ညံ့ဖျင်းခြင်းနဲ့ တွဲဆက်ပြီး အဓိပ္ပာယ်ပေါက်အောင် သုံးနှုန်းလိုက်တဲ့ စကားလုံးကတော့ “ရိုးအတာ” ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ ရိုးရင် အ,တာပဲ ဆိုတဲ့ သဘော။ ရိုး တယ်ဆိုတာ တုံးတယ်ဆိုတဲ့သဘော။ ရိုးတယ်ဆိုတာ ညံ့ဖျင်းတယ်ဆိုတဲ့သဘော။ ရိုးတယ်ဆိုတာ မတော်ဘူး၊ မထက်မြက်ဘူးဆိုတဲ့သဘော။ တကယ်တော့ ဒီစကားလုံးအတွဲအစပ်ဟာ ငြင်းပယ်စရာ မရှိပါ။ သို့သော် ရိုးသားသူ အားလုံးဟာ မတုံးဘူး၊ မ,အ ဘူး၊ မညံ့ဘူး၊ မဖျင်းဘူး။ ဒါကို နားလည်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ရိုးသားခြင်းကို တုံးတာ၊ အ,တာနဲ့ တွဲဖက်လိုက်တော့ ရိုးတဲ့ကောင်က လူညံ့ပဲကွာဆိုတဲ့ အနက်ထွက်လာတယ်။ တကယ်တော့ မဟုတ်ဘူး။ တစ်ခုချင်းစီက သီးသီးသန့်သန့်စီဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဖြူစင်သလို၊ ဗဟုသုတနည်းပါးပြီး တုံး,အတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ရိုးသားသူ အားလုံးဟာ တုံး,အတာ မဟုတ်ဘူး။ တုံး,အသူ အားလုံးဟာလည်း ရိုးတဲ့သူတွေ မဟုတ်ဘူး။ ရိုးသားခြင်းဟာ ဖြူစင် ခြင်းဖြစ်တယ်။ ဖြောင့်မတ်ခြင်းဖြစ်တယ်။ သမာသမတ်ကျခြင်းဖြစ်တယ်။ တုံး,အတယ်ဆိုတာက ဗဟုသုတနည်းပါး ခြင်းဖြစ်တယ်၊ အသိဉာဏ်နည်းပါးခြင်းဖြစ်တယ်၊ အလေ့အလာ ခေါင်းပါးခြင်းဖြစ်တယ်။ အားလုံးဟာ သီးခြားစီ ဖြစ်ပါတယ်။

  • ရိုးသားတယ်
  • ရိုးဖြောင့်တယ်
  • ရိုး,အ တယ်

ဒီစကားလုံးတွေကို ခွဲခြားနားလည်ဖို့ ဖြစ်ပါတယ်။ ရိုးတယ်၊ ဖြောင့်တယ်၊ သို့သော် မတုံးဘူး၊ မ,အ ဘူး။ မဖျင်းဘူး၊ မညံ့ဘူး။ ရိုးသားတယ် ၊ ဖြူစင်တယ်၊ သို့သော် တုံးတယ်၊ အ,တယ်၊ ဖျင်းတယ်၊ အကြားအမြင် ဗဟုသုတနည်းတယ်။ ဒါတွေရဲ့ အနက်ကို ရှင်းလင်းစွာ နားလည်ဖို့ ဖြစ်ပါတယ်။ ရိုးသားသူတိုင်းဟာ တုံး,အသူတွေ မဟုတ်ဘူး။ လည်လည်ဝယ်ဝယ်နဲ့ပါးရည်နပ်ရည် ရှိသူတိုင်းကလည်း မရိုးသားသူ၊ မဖြောင့်မတ်သူတွေ မဟုတ်ဘူး။ အားလုံးဟာ သီးခြားတန်ဖိုးတွေ ကိုယ်စီနဲ့ဖြစ်ပါတယ်။ ရိုးသားခြင်းဟာ တန်ဖိုးရှိပါတယ်။ ဒီလို တန်ဖိုးရှိတဲ့အရာကို ပုံဖျက်မခံရ အောင် ကျနော်တို့ရဲ့ နားလည်မှုတွေကို ပြန်လည်တည့်မတ်ဖို့ လိုနေပါတယ်။

ယုံကြည်ချက်နဲ့ အစွဲအလမ်း

လူတွေအတော်များများဟာ ယုံကြည်ချက် ခိုင်မာတာနဲ့ အစွဲအလမ်းကြီးတာကိုလည်း မကွဲပြားကြပြန်ဘူး။ အစွဲအလမ်းကြီးတာကို ယုံကြည်ချက် ခိုင်မာတယ်လို့ ထင်နေကြတယ်။ အစွဲအလမ်းကြီးတဲ့သူ အတော်များများကို လေ့လာကြည့်ရင်၊ ခေါင်းမာတဲ့ အမူအကျင့်ကိုလည်း တွေ့နိုင်တယ်။ ခေါင်းမာလူတွေထဲမှာလည်း ယုံကြည်ချက် ခိုင်မာပြင်းထန်တဲ့သူတွေကို တွေ့ရတတ်တယ်။ ဒါတွေဟာ ရောထွေးနေတာပါ။ ကိုယ့်ကိုယ်ကို သေချာ အကဲ မဖြတ်နိုင်ဘူးဆိုရင်၊ “illusion” လို့ခေါ်တဲ့ ဟုတ်ယောင်ထင်မှုတွေကြားထဲမှာ ဝဲလည်လိုက်နေတတ်တယ်။ တကယ်တော့ ယုံကြည်ချက်ခိုင်မာတာနဲ့ အစွဲအလမ်းကြီးတာဟာ မတူပါဘူး။ အစွဲအလမ်းဟာ ဥပါဒါန်ဘက်ကို ပိုယိမ်းတယ်။ အစွဲအလမ်းဟာ အတ္တနဲ့ ဆန္ဒ၊ ခံစားမှုအပေါ်မှာ ဖြစ်တည်တာ။ ယုံကြည်ချက်ကတော့ ပညာနဲ့ ဆင်ခြင်တုံတရားအပေါ်မှာ ဖြစ်တည်တာ။ နှစ်ခုစလုံးဟာ မတူပါဘူး။ ကိုယ်ဆွဲကိုင်ထားတဲ့ အယူအဆ၊ အတွေး အခေါ်တစ်ခုဟာ ပညာနဲ့ အကြောင်းအကျိုး ဆင်ခြင်ပြီး ဆုပ်ကိုင်ထားတာလား၊ သို့တည်းမဟုတ် ခံစားချက်နဲ့ တုပ်နှောင်စွဲလမ်းနေတာလားဆိုတာကို သေချာ ဆန်းစစ်ဖို့ လိုတယ်။ အစွဲအလမ်းဆိုတာ မသိမှုဖုံးထားတဲ့ ဥပါဒါန် ကို ဆိုလိုတာ ဖြစ်ပါတယ်။ ယုံကြည်ချက်ကတော့ သိမှု (ဝိဇ္ဇာ)နဲ့ ယှဉ်တဲ့ ဆုပ်ကိုင်ချက်ဖြစ်ပါတယ်။

လူအတော်များများဟာ မသိမှုအမှောင်ဖုံးနေကြတာများပါတယ်။ ဒါ့ကြောင့်လည်း အစွဲအလမ်းဆိုတာကို ယုံကြည် ချက်လိုလိုနဲ့ ဟုတ်ယောင်ထင်စွာ ဆွဲဆောင်တုပ်နှောင်ခြင်းခံထားကြရတယ်။

သတ္တိရှိတာနဲ့ မိုက်ရူးရဲတာ

သတ္တိရှိတာနဲ့ မိုက်ရူးရဲတာလည်း မတူပါဘူး။ မိုက်ရူးရဲတာဟာ ကမူးရှူးထိုးဖြစ်တာပါ။ သတ္တိရှိတာဟာ ရဲဝံ့တာပါ။ ရဲရင့်တာပါ။ မိုက်ရူးရဲတာဟာ သွေးဆူတာ ဖြစ်ပြီး သတ္တိရှိတာကတော့၊ လုပ်သင့်လုပ်ထိုက်တာကို ဉာဏ်နဲ့ ယှဉ်ပြီး ရဲရဲရင့်ရင့် မတွန့်မဆုတ် လုပ်တာကို ခေါ်တာဖြစ်ပါတယ်။ လူအတော်များများဟာ မိုက်ရူးရဲတာနဲ့ သတ္တိရှိတာကို ရောထွေးနေတတ်ကြတယ်။ မိုက်ရဲတဲ့ကောင်က သတ္တိအရှိဆုံးကောင်လို့ ထင်နေတတ်ကြတယ်။ သေရဲတာမှ သတ္တိ မဟုတ်သလို၊ နေရဲတာကလည်း သတ္တိဖြစ်ကြောင်း လောကဥပမာတွေ ခပ်များများ ရှိနေပါတယ်။ ကမူးရှူးထိုးနဲ့ မဆင်မခြင်နဲ့ ဇွတ်အတင်းလုပ်ဆောင်မှုမှာ ဉာဏ်ဘယ်လောက်ပါနိုင်မလဲ။ ဆင်ခြင်တုံတရားဘယ်လောက်ပါနိုင် မလဲ။ မပါနိုင်ပါ။ မိုက်ရူးရဲတာဟာ ယောက်ယက်ခပ်နေပြီး၊ သတ္တိရှိတာကတော့ တည်ငြိမ်နေပါတယ်။ အနှစ်သာရ ဟာ ခြားနားနေတာမို့၊ မိုက်ရူးရဲတာနဲ့ သတ္တိဟာ မတူကြောင်း နားလည်ပါ။

စဉ်းစားချင့်ချိန်တာနဲ့ တွေဝေတာ  

ရဲရဲတောက်ကွန်မြူနစ်တွေရဲ့ လော့ဂျစ်တွေထဲမှာ၊ ပညာတတ်ရင် တွေဝေတယ်ဆိုတဲ့ စကားလုံးတွေကို ဖတ်ဖူး၊ ကြားဖူးပါတယ်။ ပညာဟာ စဉ်းစားချင့်ချိန်ခြင်းကို အားပေးတာမို့၊ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ ကမူးရှူးထိုးလုပ်တာတွေတော့ အားမပေးတတ်ပါ။ သို့သော်လည်း ကမူးရှူးထိုးလုပ်တာတွေကို လိုအပ်လေတော့၊ ပညာကို ငြင်းဖျက်ကြတာ မဆန်းပါဘူး။ တကယ်တော့ စဉ်းစားချင့်ချိန်တာနဲ့ တွေဝေတာကလည်း မတူပါဘူး။ စဉ်းစားခြင်းနဲ့ ချင့်ချိန်ခြင်းဟာ ကြောင်းကျိုးဆင်ခြင်တာ၊ ဆက်စပ်တွေးခေါ်တာတွေ ပါဝင်တာမို့ မလုပ်သေးဘဲ ငြိမ်နေတာကို တွေဝေတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တော့ တွေဝေတယ်ဆိုတာလည်း စဉ်းစားခန်းထုတ်နေတာ မဟုတ်သလို၊ စဉ်းစားတွေးခေါ်နေတယ်ဆိုတာလည်း တွေဝေနေတာ မဟုတ်ပါ။ တွေဝေခြင်းနဲ့ စဉ်းစားချင့်ချိန်ခြင်းဟာ အကန့် အသတ်တွေနဲ့တော့ ရှိနေပါတယ်။

အချိန်အတိုင်းအတာတစ်ခုထိ စဉ်းစားချင့်ချိန်ပြီးရင်တော့၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချကို ချရပါလိမ့်မယ်။ ဒီဆုံးဖြတ်ချက်ဟာ ရှင်းလင်းရမယ်၊ တိကျရတယ်။ တိတိကျကျ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သား သား ဆုံးဖြတ်ပြီးရင်တော့ ဒီဆုံးဖြတ်ချက်ကို ထိထိရောက်ရောက် ကျကျနန ကျားကုတ်ကျားခဲ လုပ်ဆောင်ရပါလိမ့် မယ်။ ဒီလို စဉ်းစားချင့်ချိန်ခြင်းနဲ့ လက်တွေ့လုပ်ခြင်းကို တွဲဖက်ထားနိုင်ရင်တော့၊ ဒီလိုလူကို တွေဝေတယ်လို့ မခေါ် နိုင်ပါ။

တွေဝေတယ်ဆိုတာကတော့ စဉ်းစားသလိုလို တွေးခေါ်နေသလိုလိုနဲ့ ဝေဝါးနေတာ ဖြစ်ပါတယ်၊ မပြတ်မသား ဖြစ်နေတာဖြစ်ပါတယ်၊ ချီတုံချတုံဖြစ်နေတာဖြစ်ပါတယ်။ တွေဝေမှုမှာ အကြောင်းအကျိုး စဉ်းစားတာတွေ ရှိကောင်း ရှိပါလိမ့်မယ်။ သို့သော်လည်း စဉ်းစားတဲ့ အကြောင်းအချက်တွေဟာ တိတိကျကျ မဟုတ်ဘူး၊ ဝေဝေ ဝါးဝါးပဲ။ လေယူရာယိမ်းသလို လွင့်ပါးနေတယ်၊ ပျံ့လွင့်နေတယ်ဆိုတဲ့သဘောတွေ တွေ့ရတယ်။ တစ်ယောက် ယောက်က ဟိုလိုလုပ်ပါ့လားဆိုရင် ကိုယ်စဉ်းစားနေတာတွေက ဟိုကို ရောက်သွားတယ်။ နောက်တစ်ယောက်က ဒီလိုလုပ်ပါ့လားလို့ ပြောလိုက်ရင် ကိုယ်စဉ်းစားနေတာတွေက ဒီကို ပြန်ရောက်လာတယ်။ ဒီလိုနဲ့ သူများ ပါးစပ်ဖျား မှာ လမ်းဆုံးနေတဲ့သူ။ တွေဝေတဲ့သူဟာ ဝါဂွမ်းလိုပဲ။ လဲမှို့လိုပဲ။ တစ်ယောက်က ဒီဘက်ကနေ လေနဲ့ မှုတ်လိုက်ရင် ဟိုဘက်ရောက်သွားတယ်။ နောက်တစ်ယောက်က ဟိုဘက်ကနေ လေနဲ့ မှုတ်လိုက်ရင် ဒီဘက် ပြန်ရောက်လာ တယ်။ လေယူရာယိမ်းနေတယ်။ တွေဝေတဲ့သူမှာ ကိုယ်ပိုင်ဆုပ်ကိုင်ယူဆထားတာ တိတိကျကျ သတ်သတ်မှတ် မှတ် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဘာမှ မရှိဘူး။ ဒီလိုလူဟာ တွေဝေတာ ဖြစ်တယ်။ စဉ်းစားချင့်ချိန်နေ တာ မဟုတ်ဘူး။

သံဝေဂနဲ့ စိတ်ပျက်ငြီးငွေ့တာ

သံဝေဂဆိုတာဟာ ဉာဏ်ပါတဲ့ စိတ်ပျက်ငြီးငွေ့မှုကို ပြောတာလို့ နားလည်တယ်။ ဒါ့ကြောင့် သမားရိုးကျ အပေါ်ယံ လုပ်ရိုးလုပ်စဉ်ကနေ ဖယ်ခွာပြီး၊ တကယ့်အနှစ်သာရရှိတာကိုပဲ ရိုးရှင်းစွာ လုပ်ကိုင်ကျင့်ကြံတာမျိုးကို စေ့ဆော်တဲ့ စိတ်ဟာ သံဝေဂဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ပျက်တာငြီးငွေ့တာမှာ၊ စိတ်ဓာတ်ကျနေတာသက်သက်ဖြစ်နေရင်၊ အရာရာအတိုင်းကို အပျက်ပဲ မြင်နေပြီး၊ ဘာကိုမှ ခွန်စိုက်အားစိုက်လုပ်ဖို့ မဖြစ်တော့တာဟာ စိတ်ပျက်နေတာ၊ ငြီးငွေ့နေတာဖြစ်ပါတယ်။ စိတ်ပျက်ငြီးငွေ့မှုမှာ အားကုန်နေတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးနေတာတွေ ပါဝင် ပါတယ်။ သံဝေဂမှာတော့ စိတ်ပျက်ငြီးငွေ့တဲ့စိတ် ဖြစ်ပေမယ့်၊ အားကုန်နေတာ မဟုတ်ဘူး။ စိတ်ဓာတ်ကျနေတာ မဟုတ်ဘူး။ စိတ်ဖိစီးနေတာ မဟုတ်ဘူး။ အပေါ်ယံ အပိုဆာဒါးတွေကို ဖယ်ကြည့်နိုင်ပြီး၊ ဘဝရဲ့ တကယ့်အနှစ်သာ ရအတွက်ပဲ ရှင်သန်ချင်တဲ့စိတ်ဟာ သံဝေဂလို့ ကျနော် နားလည်တယ်။ ဒါပေမယ့် လူတွေဟာ အသက်အားဖြင့် ကြီးရင့်လာတဲ့အခါမှာ၊ သံဝေဂ ရသလိုလိုနဲ့ စိတ်ပျက်ငြီးငွေ့ပြီးအားကုန်နေတာ၊ စိတ်ဓာတ်ကျနေတာ၊ စိတ်ဖိစီးနေ တာတွေ ဖြစ်နေတတ်ပါတယ်။ ဒါကိုလည်း ခွဲခြားကြည့်မြင်ဖို့ သတိရှိသင့်တယ်။ ဓမ္မလိုလိုနဲ့ စိတ်ဓာတ်ကျနေတာ ဟာ ဟုတ်ယောင်ထင်မှုကြားထဲမှာ ဝဲလည်လိုက်နေတတ်တယ်။ သေချာ ခွဲခြားမရှုမြင်တတ်ရင်၊ ရောနေတတ် တယ်။

Group Think နဲ့ Teamwork

Group Think ဆိုတာကို အုပ်စုစိတ် (အုပ်စုတွေး) လို့ သုံးနှုန်းကြတယ်။ အများညီလို့ ဤကို ကျွဲ လို့ ဖတ်တယ်ဆို တာ အုပ်စုစိတ်ကို ပြတာဖြစ်တယ်။ တကယ်တော့ ကျနော်တို့တတွေမှာ၊ အုပ်စုစိတ်နဲ့ အစုအဖွဲ့စိတ် (တနည်း) Teamwork ဆိုတာကို မကွဲပြားကြတာ တွေ့ရတယ်။ အစုအဖွဲ့နဲ့ လုပ်ဆောင်တတ်ခြင်းဟာ အဖွဲ့အစည်းတစ်ခု တိုးတက်ဖို့အတွက်လည်း အထောက်အကူပြုတယ်၊ လူ့အဖွဲ့အစည်းတစ်ခု ပြောင်းလဲတိုးတက်ဖို့အတွက်လည်း အထောက်အကူဖြစ်တယ်။ အစုအဖွဲ့နဲ့ လုပ်ဆောင်တတ်အောင် အတန်းကျောင်းမှာ၊ တက္ကသိုလ်မှာ ငယ်ရွယ်စဉ် ကတည်းက လူငယ်တွေကို စနစ်တကျ ပျိုးထောင်လေ့ကျင့်ပေးရတယ်။ မြန်မာပြည်မှာတော့ အစုအဖွဲ့နဲ့ လုပ်ဆောင် တတ်တဲ့ teamwork ကောင်းကောင်း မဖြစ်ထွန်းဘဲနဲ့၊ အုပ်စုရဲ့သဘောထားအတိုင်းသာ အလိုက် အထိုက်နေထိုင်တတ်ဖို့၊ အားပေးအားမြှောက်ပြုတာတွေ့ရတယ်။ တကယ်တော့ group think နဲ့ teamwork ဆိုတာ မတူဘူး။ အုပ်စုစိတ်နဲ့ အစုအဖွဲ့နဲ့ လုပ်ဆောင်တတ်တဲ့အလေ့အထဟာ မတူဘူး။ အုပ်စုစိတ်ဟာ ကျီးကန်း တွေနဲ့ တူတယ်။ ကိုယ့်အုပ်စုထဲက တစ်ကောင်ကို ထိရင် ဝိုင်းအာကြတယ်။ အစုအဖွဲ့နဲ့လုပ်ဆောင်တတ်တဲ့အကျင့် ကတော့၊ ပျားတွေနဲ့ တူတယ်။ ပျားတွေက ပျားဘုရင်မနဲ့ ပျားလုပ်သားနဲ့ ပျားထီးတွေနဲ့ အချင်းချင်း အတိုင် အဖောက်ညီညီနဲ့ စနစ်တကျ ပျားအုံဖွဲ့ပြီး၊ ပျားရည်စု၊ မျိုးပွားကြသလို ဖြစ်တယ်။ ပုရွက်ဆိတ်တွေကိုလည်း ဥပမာ ပြုလို့ ရသေးတယ်။ ပုရွက်ဆိတ်တွေဟာ သူတို့ နေထိုင်ဖို့ စနစ်တကျ စုဖွဲ့လုပ်ဆောင်တတ်ကြတယ်။ အစာစုဆောင်း တာကို စနစ်တကျ စုဖွဲ့လုပ်ဆောင်တတ်ကြတယ်။ ကျီးတွေကတော့ အချင်းချင်း စနစ်တကျ စုဖွဲ့ လုပ်ဆောင်တာမျိုး မရှိဘူး။ အုပ်စုဖွဲ့ပြီး ဝိုင်းအာဖို့တော့ တတ်တယ်။ ဒါဟာ teamwork နဲ့ group think ရဲ့ခြားနား ချက်လို့ ကျနော် ထင်တယ်။

နိုင်ငံရေးစိတ်နဲ့ ဂိုဏ်းဂဏစိတ်

မြန်မာပြည်မှာ နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေ၊ နိုင်ငံရေးနယ်ထဲမှာ ပါဝင်လုပ်ဆောင်နေတဲ့သူတွေ များပါတယ်။ သို့သော်လည်း မြန်မာတွေထဲမှာ နိုင်ငံရေးစိတ်နဲ့ ဂိုဏ်းဂဏစိတ်ကို မသဲကွဲကြတာများတယ်။ တိုင်းပြည်နဲ့ လူ့အဖွဲ့ အစည်းတွေကို တိုးတက်ရာတိုးတက်ကြောင်းဖြစ်ဖို့အတွက် နိုင်ငံရေးလုပ်ဆောင်နေရတာ ဖြစ်တာကို မေ့ထား လိုက်ကြပြီး၊ ဂိုဏ်းစွဲဂဏစွဲနဲ့ တိုက်ခိုက်ထိုးနှက်ပြီး အကွဲအပြဲတွေ ဖြစ်နေကြတာများတယ်။ ဒီတော့ နိုင်ငံရေးသာ လုပ်ပြီး လိုရင်း မရောက်ဖြစ်နေတယ်။ နိုင်ငံရေးထဲမှာ ပါဝင်လုပ်ဆောင်ခြင်းကြောင့် တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းဟာ ပိုလို့ တိုးတက်လာရမှာကို။ အဲသည်လို မဟုတ်ဘဲ၊ နိုင်ငံရေးထဲ ပါဝင်ခြင်းကြောင့် ပိုလို့ ပြဿနာ တွေ ရှုပ်ထွေးတာတွေ ဖြစ်ကုန်တယ်။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးပါတယ်ဆိုနေမှ၊ ဆေးအတွက် လေးရတဲ့ အဖြစ်ကို ရောက်နေတယ်။ မြန်မာပြည်မှာ နိုင်ငံရေးထဲ ပါဝင်လုပ်ဆောင်နေတဲ့သူ အတော်များများဟာ နိုင်ငံရေးစိတ်နဲ့ ဂိုဏ်းဂဏ စိတ်ဆိုတာကို မသဲမကွဲ ဖြစ်နေသလို၊ ရောထွေးမှတ်ယူနေကြတာလည်း တွေ့ရတယ်။ ဂိုဏ်းဂဏစိတ်ဟာ နိုင်ငံရေးစိတ်လို့ ထင်နေတယ်။ ကိုယ်ယုံကြည်တဲ့ ဂိုဏ်းဂဏကို ကာကွယ်တာဟာ နိုင်ငံကို ကာကွယ်တာလို့ မှတ်ယူနေကြတယ်။ တကယ်တော့ ဂိုဏ်းဂဏစိတ်နဲ့ နိုင်ငံရေးစိတ်ဟာ တူသလိုလိုနဲ့ မတူပါဘူး။ ဒါပေမယ့် လက်တွေ့မှာ၊ လူတွေဟာ နိုင်ငံရေးစိတ်ထက်သန်တယ်ဆိုတာထက် ဂိုဏ်းဂဏစိတ်အစွဲသန်နေကြ တယ်လို့ ပြောနိုင်တယ်။

တိုင်းပြည်ချစ်စိတ်နဲ့ မျိုးချစ်စိတ်

တိုင်းပြည်ချစ်စိတ်နဲ့ မျိုးချစ်စိတ်ကိုလည်း လူအတော်များများက မကွဲပြားပြန်ဘူး။ နှစ်ခုစလုံးဟာ အတူတူလို့ ထင်နေတတ်ကြတယ်။ များသောအားဖြင့် မျိုးချစ်စိတ်ဟာ တိုင်းပြည်ချစ်စိတ်နဲ့ အတူတူပဲလို့ ထင်နေတတ်ကြ တယ်။ အမြင်ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေဟာ ကိုယ့်အမျိုးအနွယ်ကို ချစ်ခင်တပ်မက်စွဲလမ်းခြင်းကို၊ တိုင်းပြည်ချစ်စိတ် (အမျိုးသားရေးစိတ်) လို့ ထင်နေတတ်ကြတယ်။ တကယ်တော့ အမျိုးသားရေးဝါဒထဲမှာ တိုင်းချစ်ပြည်ချစ်စိတ် (civic nationalism) နဲ့ မျိုးချစ်စိတ် (ethnic nationalism) ဟာ တူသလိုလိုနဲ့ မတူပါဘူး။ အထူးသဖြင့် မြန်မာပြည်မှာ လူမျိုးစုတွေရဲ့ အရေအတွက် အချိုးအစားဟာ အချိုးမညီဘူး။ မတူညီဘူး၊ ကွဲပြား တယ်။ အဲသည့်အထဲက ဗမာလူမျိုးစုဟာ အရေအတွက်အချိုးအစားအရ ကြီးမားများပြားတာမို့၊ ဗမာမျိုးချစ်စိတ် ဟာ မြန်မာအမျိုးသားစိတ် (တနည်း) မြန်မာနိုင်ငံချစ်စိတ်လို့ မှတ်ယူနေကြတာများတယ်။ တကယ်တော့ လူမျိုးစု မျိုးကွဲတွေ များစွာ ရှိနေပြီး၊ သူတို့ရဲ့ အမှတ်သရုပ်လက္ခဏာတွေကို ဖုံးဖိကွယ်ပျောက်အောင် လုပ်ပစ်လိုက်ကြ တယ်။ ဒါဟာ မျိုးချစ်စိတ်ကို တိုင်းချစ်ပြည်ချစ်စိတ်နဲ့ ရောပစ်လိုက်ခြင်းရဲ့ အကျိုးဆက်ဖြစ်တယ်။ နောက် အကျိုး ဆက်တစ်ခုကတော့၊ အမျိုးသားရေးဝါဒလို့ ကြွေးကြော်ပြီး မဟာလူမျိုးကြီးဝါဒကို ထူထောင်ခြင်းဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းထဲမှာ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ မျိုးချစ်စိတ်ဟာ တူသလိုလိုနဲ့ အနှစ်သာရအားဖြင့် ကွဲပြားတယ်လို့ နားလည်ရင်၊ မဟာလူမျိုးကြီးဝါဒဆိုတာလည်း ဖြစ်မလာဘူး၊ လူမျိုးကြီးတစ်ခုက ဗိုလ်ကျလွှမ်းမိုးချုပ်ကိုင်တာ လည်း မဖြစ်ဘူး။ တိုင်းပြည်ထဲမှာ တန်းတူညီမျှမှုလည်း ထွန်းကားနေလိမ့်မယ်၊ လူမျိုးရေးခွဲခြားတာတွေလည်း ကင်းပျောက်သွားလိမ့်မယ်။ အဲသည်လို မဖြစ်နိုင်သေးတာဟာ အမျိုးသားရေးဝါဒထဲမှာ ပါဝင်နေတဲ့ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ မျိုးချစ်စိတ်ကို သဲသဲကွဲကွဲ နားလည် သဘောမပေါက်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။

မင်းသေ့

ညနေ ၅း၂၂

၁၄၊ မတ်၊ ၂၀၂၂။

Previous post ကျနော် ဘာကြောင့် စာရေးသလဲ
Next post လူ့အောက်ကျို့ဖို့ သင်ကြားခံရဖူးသလား