ကျနော် ဘာ့ကြောင့် စာရေးသလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို မေးတဲ့အခါ၊ အဖြေတွေ အများကြီး ထွက်လာ တယ်။ အဖြေဆိုတာထက် အကြောင်းပြချက်တွေ အများကြီး ရှိတယ်လို့ ပြောရင် ပိုမှန်မယ်။ အကြောင်းပြချက်တွေ ခပ်များများ ရှိအောင်လည်း ကျနော် ကိုယ်တိုင် ရှာဖွေ တည်ဆောက်ထားတယ်။ “ထောက်ထားတယ်” လို့ ပြောရင် ပိုမှန်မယ်ပေါ့။ ဘာလို့လဲဆိုတော့ … “ငါ့မှာ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ပြည့်နှက်နေမှ၊ ငါ စာရေးတဲ့ အလုပ် ကို ငါကိုယ်တိုင်လည်း တစိုက်မတ်မတ် လုပ်နိုင်မယ်၊ တခြားသူတွေ ဝေဖန်ပုတ်ခတ်နေရင်လည်း ငါဟာ စာရေးခြင်း အလုပ်ကို စဉ်ဆက်မပြတ် လုပ်နေနိုင်လိမ့်မယ်၊ သို့မဟုတ်ရင်တော့ တိုးလို့တန်းလန်းလည်း ဖြစ်ချင်ဖြစ်နိုင်တယ်၊ မည်ကာမတ္တ စာရေးဆရာလည်း ဖြစ်သွားနိုင်တယ်”။ ဒီတော့ စာရေးတဲ့အလုပ်ကို တစ်သက်လုံး၊ သေသည်အထိ လုပ်ချင်တဲ့ကောင်က “ငါ ဘာ့ကြောင့် စာရေးရသလဲ” ဆိုတဲ့ အကြောင်းအကျိုးတွေကို အမြောက်အမြား ရှာဖွေထား နိုင်ခဲ့တယ်။

စာရေးဆရာဆိုတာ စကားလုံးတွေနဲ့ ကခုန်နေရတဲ့ သတ္တဝါပဲ။ တခါတရံ စာရေးဆရာဆိုတာ စကားလုံးတွေနဲ့ ကခုန်ရင်း၊ စကားလုံးတွေနဲ့ ပျော်ပါးမြူးတူးမိတယ်။ ဒီလိုနဲ့ စကားလုံးအသစ်တွေ ဖန်တီးနိုင်လာတယ်။ စကားလုံး တွေနဲ့ ကခုန်နေရတဲ့ သတ္တဝါဟာ၊ စကားလုံးတွေရဲ့ အနက်သဘောကိုလည်း သိနားလည်အောင် လုပ်ရတယ်။ ဒီနေရာမှာ သိရုံနဲ့တင် ရပ်နေလို့ မရဘူး။ နားလည်ရတယ်။ ထို့နောက် ကျွမ်းဝင်ရတယ်။ စကားလုံးတွေဟာ စာရေးဆရာရဲ့ အသက်လို့တောင် ပြောနိုင်တယ်။ စကားလုံးတွေကို စာရေးဆရာက စီမံခန့်ခွဲတယ်၊ စီရင်တယ်၊ ပြုစုတယ်၊ စုစည်းတယ်၊ ထားသိုတယ်။ စကားလုံးတွေမှာ “ရမ်သမ်” ရှိတယ်။ ဝါကျတွေမှာလည်း “ရမ်သမ်” ရှိတယ်။

စာရေးဆရာဟာ စကားလုံးတွေရဲ့ နောက်ကွယ်က ပါဝါ (တနည်း) စွမ်းအားကို နားလည်ရတယ်။ စကားလုံးတွေမှာ စွမ်းအားတွေ ရှိတယ်။ စကားလုံးတွေက လူကို အုပ်ချုပ်တာလို့တောင် ဗြိတိသျှနန်းရင်းဝန် တစ်ယောက်က ပြောခဲ့ ဖူးသေးတယ်။ တကယ်တော့ စကားလုံးတွေရဲ့ အတိမ်အနက်ကို သိနားလည်အောင် လုပ်ရတာကိုက၊ စာရေးဆရာ ရဲ့ အလုပ်ပါ။ ဒါကို စာရေးဆရာဟာ အလုပ်လို့ မမြင်ဘူး။ နေ့စဉ်လိုလို နှစ်နှစ်ခြိုက်ခြိုက်လုပ်နေတယ်။

(၁)

ကျနော် စိတ်အဝင်စားဆုံးအရာလို့ ပြောပါဆိုရင်၊ “စကားလုံးတွေ” “ဝေါဟာရတွေ” လို့ ပြောရမှာပဲ ဖြစ်တယ်။ ဒါဟာ ကျနော် စာရေးဆရာဖြစ်လာခြင်းရဲ့ အဓိက အကြောင်းအရင်းဖြစ်တယ်လို့ ဆိုနိုင်တယ်။ ကျနော် စာရေးခြင်း အလုပ်ကို စွဲမြဲနှစ်ခြိုက်နေတာလည်း စကားလုံးတွေအပေါ် ကျနော့်ရဲ့ စွဲမက်တိမ်းညွတ်ချက်ကြောင့် ဖြစ်တယ်။ ကျနော်ဟာ စကားလုံးဝေါဟာရတစ်ခုရဲ့ အနှစ်သာရကို သိနားလည်အောင် လုပ်ရတာ သိပ်သဘောကျတယ်။ စကားလုံးတွေမှာ လာရာ ရှိတယ်။ လားရာ ရှိတယ်။ စကားလုံးတွေမှာ စွမ်းအားရှိတယ်၊ ပါဝါရှိတယ်။ စကားလုံး တွေက အနက်အဓိပ္ပာယ်ရှိတယ်။ ကျနော်တို့ဟာ ဘာကိုပဲ ဖြစ်ဖြစ် သိနားလည်အောင် လုပ်နိုင်ဖို့အတွက် စကားလုံး တွေကို အဓိက သုံးစွဲပြီး လုပ်ကြရတာပဲ။ ကျနော်တို့ဟာ မျိုးဆက်လိုက် အတွေ့အကြုံတွေကို ဖလှယ်တယ်။ ဒီနေရာမှာ စကားလုံးတွေကို သုံးစွဲပြီး ဖလှယ်ရတာပဲ။ ကျနော်တို့ဟာ လူအချင်းချင်း အသိပညာတွေကို မျှဝေ တယ်၊ ဝေငှတယ်၊ လူအချင်းချင်းဆီကနေ သင်ယူရတယ်၊ လူအများထံ သင်ကြားပေးရတယ်။ အသိပညာကို လေ့လာခြင်း၊ အသိပညာကို သင်ကြားပေးခြင်းအပြင် အတွေးအခေါ်တွေကိုလည်း ဖလှယ်ကြတယ်။ ဒါ​တွေကို လုပ်ဖို့၊ စကားလုံးတွေကို သုံးရတာပဲ။ စကားလုံးတွေအပြင် တခြားများများစားစား သုံးပြီး သင်ယူ၊ သင်ကြားတာမျိုး တခြားဘယ်အရာကမှ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ပါဘူး။ စကားလုံးတွေရဲ့ အသုံးဝင်မှုဟာ ကမ္ဘာလောကမှာ အံ့မခန်းပဲ။ ပညာဆိုတာလည်း စကားလုံးတွေကို နားလည်အောင် လုပ်ရတာပဲ မဟုတ်လား။ စကားလုံးတွေကို ဂဃနဏ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ပြီး အသုံးချနိုင်ရင် ပညာလို့ ပြောနိုင်တာပဲ မဟုတ်လား။ ဗုဒ္ဓ ဟာ သစ္စာတရားနဲ့ မဂ္ဂင်ရှစ်ပါးအပါအဝင် ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို ဟောပြောပို့ချသွန်သင်ခဲ့တာ ဟာ စကားလုံးတွေကို သုံးပြီး လုပ်ခဲ့တာပဲ မဟုတ်လား။ ဓမ္မကို သိအောင် စကားလုံးတွေက လုပ်ပေးနိုင်တယ်။ အဓမ္မဆိုတာ သိအောင် စကားလုံးတွေက လုပ်ပေးနိုင်တယ်။ ဒုက္ခဆီကနေ လွတ်မြောက်ဖို့ စကားလုံးတွေနဲ့ပဲ ဆွဲတင်ရတာ မဟုတ်လား။

(၂)

အတွေးအခေါ် ဒဿနတွေကို အများဆုံးနဲ့ ဒုလိုက်ဒေးလိုက် မြှုပ်နှံထားသိုလို့ ရတဲ့နေရာဟာ တခြား များများ စားစား မရှိပါဘူး။ စာအုပ်တွေပဲလို့ ကျနော် ထင်တယ်။ တခြားခေတ်မီတဲ့ နည်းပညာတွေ ပေါ်ထွက်လာပေမယ့်၊ ရေရှည်မှာ မပျက်မစီးလွယ်ဘဲ နှစ်ကာလပေါင်းများစွာ ထားသိုမြှုပ်နှံနိုင်တာဟာ စာအုပ်တွေပဲ ဖြစ်ပါတယ်။ စာအုပ် တွေဟာ အမှီအခိုနည်းနည်းနဲ့ အသိပညာ အတွေးအခေါ် ဒဿနတွေကို တမန်တော်သဖွယ် ဖြန့်ချိပေးနိုင်စွမ်း ရှိတယ်။ စကားလုံးတွေ ပြီးရင်၊ ကျနော် ရင်အခုန်ဆုံးအရာတွေက စာအုပ်တွေပဲလို့ ပြောနိုင်ပါလိမ့်မယ်။ စကားလုံး တွေကို မြှုပ်နှံထားသိုပြီး ပေါင်းချုပ်ထားတဲ့ အရာဟာ စာအုပ်ဖြစ်ပါတယ်။ စာအုပ်ထဲမှာ အသိပညာနဲ့ အတွေး အခေါ် ဒဿနတွေကို နှစ်ကာလပေါင်းများစွာ ထားသိုမြှုပ်နှံထားခဲ့နိုင်တယ်။ စာအုပ်တွေအပေါ် ကျနော့်ရဲ့ စိတ်ဝင် စားမှုဟာ အခုအချိန်အထိ ရပ်တန့်မနေခဲ့ဘူး။ ရှေ့ကို ဆက်လို့သာ တိုးနေတယ်။ စာအုပ်တွေကို ကျနော် စိတ်ဝင် စားမှု ပြင်းပြခဲ့တယ်။ အထူးသဖြင့် ကတ်ထူဖုံးကြားမှာ ဘာတွေ ရှိမလဲဆိုတာ စူးစမ်းရတာ ကျနော့်အတွက် အထူး ရင်ခုန်စရာဖြစ်ခဲ့တယ်။ စာအုပ်တွေကို စိတ်ဝင်စားမှု ပြင်းပြခဲ့လို့လည်း ကျနော်ဟာ စာရေးဆရာတစ်ယောက်ဖြစ် လာခဲ့တယ်လို့ ထင်တယ်။ စာအုပ်တွေကို စိတ်မဝင်စားဘဲနဲ့ ကျနော်ဟာ စာရေးခြင်းအလုပ်ကို ဘယ်တော့မှ လုပ်ဖြစ်မယ် မထင်ဘူး။ အသက် (၁၆) နှစ် ဆယ်ကျော်သက်အရွယ်မှာတင် စာအုပ်တွေရဲ့ ဆွဲဆောင်ညှို့ယူခြင်းကို ခံလိုက်ရတဲ့ ငနဲတစ်ကောင် အခုတော့ စာအုပ်တွေရေးပြီး လူတွေကို ပြန်ဆွဲဆောင်နေပြီ။

(၃)

အသိပညာနဲ့ အတွေးအခေါ်ဒဿနကို အကျယ်ပြန့်ဆုံးနဲ့ အထိရောက်ဆုံး ဖြန့်ချိနိုင်တဲ့အလုပ်ဟာ စာရေးခြင်း အလုပ်ပဲလို့ ကျနော် ထင်တယ်။ တချို့ကတော့ ပြောလိမ့်မယ်။ စာရေးတယ်ဆိုတာ ဝါဒဖြန့်ချိတဲ့အလုပ်ပဲလို့ ပြောကြလိမ့်မယ်။ ဒါကလည်း အပျက်သဘောဆောင်တဲ့ အပြောမျိုးဖြစ်ပေမယ့်၊ မှန်သင့်သလောက် မှန်ပါတယ်။ ဝါဒလို့ ပြောတဲ့နေရာမှာ ဘာဝါဒလဲဆိုတာကို ပြန် မေးခွန်းထုတ်ရလိမ့်မယ် ထင်တယ်။ ခေတ်သစ်မှာတော့ ဆက် သွယ်ရေးနည်းပညာတွေ၊ အိုင်တီနည်းပညာတွေ အပြန့်ကျယ်လာလို့ ဟောပြောခြင်းဟာ စာရေးခြင်းထက် အသိ ပညာနဲ့ အတွေးအခေါ်ကို ပိုမိုဖြန့်ချိနိုင်တယ်လို့ ပြောကြတယ်။ မှန်ပါတယ်။ ဒါကလည်း မှန်ပါတယ်။ သို့သော်လည်း စာအုပ်ကတော့ အထားအသိုသာ ဂရုတစိုက်ရှိရင် နှစ်ပေါင်း ထောင်ချီအထိ တည်တံ့နိုင်တယ် မဟုတ်လား။ ဒါ့ကြောင့် ကျနော်ဟာ ပြောဟောခြင်းအလုပ်ထက် စာရေးခြင်းအလုပ်ကို ပိုမက်တယ်၊ ပိုမက်မက်မောမောရှိတယ်။ စာရေးခြင်းအလုပ်ဟာ အသိပညာနဲ့ အတွေးအခေါ်ဒဿနကို ဖြန့်ချိရာမှာ အကျယ်ပြန့်ဆုံးနဲ့ အထိရောက်ဆုံး လက်နက်လို့ ကျနော် ထင်တယ်။ ဒါ့ကြောင့် စာရေးခြင်းလက်နက်ကို ကျနော် ကျွမ်းကျင်ပိုင်နိုင်ဖို့ လေ့ကျင့်တည် ဆောက်ခဲ့တယ်။ စာရေးခြင်းလက်နက်ကို အသုံးချပြီး ကျနော်ဟာ အတွေးအခေါ်နဲ့ ဒဿနကို ဖြန့်ချိချင်တယ်။ ဒါ့ကြောင့် ကျနော်ဟာ စာရေးခြင်းအလုပ်ကို လုပ်တယ်။ စာရေးတဲ့အလုပ်ကို ဝါဒဖြန့်တဲ့အလုပ်လို့ ပြောရင်လည်း၊ ကျနော် ဝန်ခံပါတယ်။ ဟုတ်ပါတယ်။ ကျနော်ဟာ စာရေးခြင်းကို အသုံးချပြီး ဝါဒဖြန့်ပါတယ်။ အထူးသဖြင့် ဘယ်လို ဝါဒမျိုးကို ကျနော် ဖြန့်သလဲဆိုတာ ပြောချင်ပါတယ်။ ကျနော်ဟာ လွတ်လပ်ခြင်းအယူဝါဒကို သယ် ဆောင် ဖြန့်ချိတဲ့ လူတစ်ယောက်ပါ။ ကျနော်ဟာ ဆင်ခြင်တုံတရားဝါဒကို ဖြန့်ချိနေတဲ့ လူတစ်ယောက်ပါ။ ပညာဦးစီးသော၊ ပညာကို အဓိပတိထားသော အယူဝါဒကို ကျနော် ယုံကြည်လက်ခံပါတယ်။ လူကို လူလို တန်ဖိုး ထားလေးစားတဲ့ အယူဝါဒကို ကျနော် ယုံကြည်လက်ခံပါတယ်။ မတရားမှုကို ရှုတ်ချသော၊ အဓမ္မမှုကို မလိုလား သော ခံယူချက်အမြင် ကျနော့်မှာ ရှိတယ်။ ကျနော် ယုံကြည်လက်ခံသလို လူအများ ယုံကြည်လက်ခံအောင် ကျနော်ဟာ စာရေးခြင်းလက်နက်ကို သုံးပြီး ဒီဝါဒတွေကို ပြန့်အောင် ဖြန့်ချိပါတယ်။

(၄)

စာရေးခြင်းဟာ အတတ်ပညာတစ်ခုဖြစ်သလို၊ အနုပညာတစ်ခုလည်း ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုဟာ အဆောက်အအုံတစ်ခုနဲ့ အလားသဏ္ဍာန်တူတယ်။ လူမှုအဆောက်အအုံတစ်ခုကို ပုံဖော်ထုဆစ်နေတဲ့နေရာမှာ၊ စာရေးဆရာတွေလည်း ပါဝင်နေတယ်လို့ ကျနော် ထင်တယ်။ စာရေးဆရာဆိုတာထက် စာရေးခြင်းအလုပ်နဲ့ လူ့အဖွဲ့အစည်းကို ပုံဖော်ထုဆစ်နိုင်တယ်လို့ ပြောရင် ပိုမှန်မှာပေါ့။ လူ့အဖွဲ့အစည်းဆိုတာ ကြီးမားတယ်၊ ကျယ်ပြန့် တယ်၊ ရှုပ်ထွေးပါတယ်။ ထို့နောက် နက်နဲတယ်။ ဒီလို ကြီးမား ကျယ်ပြန့် ရှုပ်ထွေး နက်နဲတဲ့ လူမှုအဆောက်အအုံ ကို ဝိုင်းဝန်းပုံဖော်တည်ဆောက်တဲ့နေရာမှာ၊ စာရေးခြင်းအလုပ်နဲ့ ထိထိရောက်ရောက်လုပ်နိုင်တာတွေ ရှိတယ်။ ဒါ့ကြောင့် ကျနော်ဟာ စာရေးခြင်းအလုပ်ကို နှစ်ခြိုက်နေတယ်။ မက်မောနေတယ်။ တကယ်တော့ စာရေးခြင်းဟာ ကျနော့်ရဲ့ အန္တိမပန်းတိုင်တော့ မဟုတ်ဘူး။ ကျနော်က စာရေးခြင်းကို ကိရိယာတန်ဆာပလာ (instrument) တစ်ခု၊ (Tool) တစ်ခုလို အသုံးပြုတဲ့လူတစ်ယောက်ပါ။ စာရေးခြင်းအလုပ်ကို လုပ်ပြီး လူမှုအဆောက်အအုံကို တတ်နိုင် သလောက် ပုံဖော်ပြုပြင်နေရတာကို ကျနော် လုပ်ချင်တယ်။ ဒါ့ကြောင့်လည်း စာရေးခြင်းအလုပ်ကို တစိုက်မတ် မတ် ကျနော် လုပ်ဖြစ်တယ်။ စာရေးတဲ့နေရာမှာလည်း၊ လူမှုအဆောက်အအုံကို ပုံဖော်တည်ဆောက်ဖို့နဲ့ တည်ဆဲ လူ့အဖွဲ့အစည်းကို ပိုကောင်းတဲ့ (better society) ဖြစ်ဖို့ ကျနော် အလိုရှိတယ်။ လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့ အစည်းမျိုးကို ကျနော် အလိုရှိတယ်။ တန်းတူညီမျှသော၊ တရားမျှတသော၊ တီထွင်ဖန်တီးသော၊ ချစ်ခြင်းမေတ္တာ ကိန်းအောင်းသော လူ့အဖွဲ့အစည်းမျိုးကို ကျနော် အလိုရှိတယ်။ ဒါ့ကြောင့် ကျနော်ဟာ စာရေးခြင်းအလုပ်နဲ့ ကျနော် နေထိုင်ရာ လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်ဖို့ ကြိုးစားခဲ့တယ်၊ ကြိုးစားနေတယ်၊ ကြိုးစားနေလိမ့်မယ်။

(၅)

နောက်ဆုံးတစ်ချက်ကတော့ ကျနော့် အတ္တနဲ့ ဆိုင်မယ် ထင်တယ်။ ကျနော် သေဆုံးသွားခဲ့ရင်၊ လူ့အဖွဲ့အစည်းထဲမှာ ထားရစ်ခဲ့ချင်တာက ‘စာအုပ်တွေပဲ’ ။ တခြား မရှိဘူး။ လူသားဗီဇအရ၊ လူဟာ ကိုယ့်မျိုးဆက်ကို ချန်ထားခဲ့ချင်ကြ တယ်။ ဒါပေမယ့် ကျနော့်မှာ ဘိုင်အိုလိုဂျီအရ မျိုးဆက်ချန်ခဲ့ဖို့ဆိုတာ သိပ်ဦးစားပေးကိစ္စ မဟုတ်ဘူး။ အတွေး အခေါ်အရ ချန်ထားခဲ့ချင်မှုသာ ကျနော့်မှာ ကြီးစိုးနေတယ်။ “ငါသေရင် စာအုပ်တွေထားပစ်ခဲ့မယ်” ဆိုတဲ့အတွေး ဟာ ကျနော့် ခေါင်းထဲမှာ အမြဲလိုလို ကြီးစိုးနေတယ်။ လူအတော်များများဟာ ငါသေဆုံးသွားရင်တော့၊ ငါ့ မိသားစု နဲ့ ငါ့သားသမီးတွေအတွက် ပစ္စည်းဥစ္စာအမွေတွေ ချန်ထားရစ်ခဲ့မယ် ဆိုတဲ့ အတွေးတွေ ရှိကောင်း ရှိကြလိမ့်မယ်။ ဒါမှမဟုတ်လည်း ငါ မရှိတော့ရင် သူတို့တတွေ အဆင်ပြေအောင် ငါ ရှာဖွေစုဆောင်းပေးခဲ့မယ်လို့ တွေးကောင်း တွေးကြလိမ့်မယ်။ သို့သော် ကျနော့်မှာတော့ အဲသည်လို အတွေးမျိုး လုံးဝ မရှိဘူး။ ကျနော်က စာအုပ်တွေပဲ ချန်ထားခဲ့ချင်တယ်။ “ငါသေသွားရင် စာအုပ်တွေက ငါ့ကိုယ်စား အလုပ်တွေ ဆက်လုပ်ပေးနေလိမ့်မယ်” လို့ ကျနော် မှတ်ယူတယ်။ ဒါ့ကြောင့် စာရေးခြင်းကို ကျနော် တပ်မက်တယ်။ စာရေးခြင်းကို ခုံမင်တယ်။ ဒါ့ကြောင့် ကျနော် စာရေးတယ်။

မင်းသေ့

နေ့လယ် ၁၁း၂၉

၁၅၊ မတ်၊ ၂၀၂၂။

Previous post သီချင်းထဲက ဒဿန                                 
Next post ဂဃနဏ မကွဲပြားဘဲ ရောထွေးနေသော စကားလုံးများ