လူ့အောက်ကျို့ဖို့ သင်ကြားခံရဖူးသလား

ကျနော်တို့ ငယ်စဉ်ကလေးဘဝတုန်းက၊ လူကြီးသူမတွေ ဆုံးမဖူးတဲ့စကားတွေထဲမှာ အမှတ်ထားခဲ့ရတာတွေ ရှိတယ်။ အဲသည့်ထဲက တစ်ခုက၊ ဟဲ့ခလေး….“ လူ့အောက်ကျို့လို့ လူပိမသေဘူး” တဲ့။ မြန်မာ့လူမှုဓလေ့ထုံးစံမှာ၊ လူအချင်းချင်းကြားမှာ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ထောင်လွှားမှု မလုပ်ဖို့၊ မာန မထောင်လွှားဖို့နဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချဖို့ သွန်သင်တာလို့ နားလည်ရပါတယ်။ သို့သော်လည်း ဒါဟာ ငယ်စဉ်ကလေးဘဝမှာ၊ ကျနော်တို့ကို ရိုကျိုး တတ်အောင် လုပ်ပေးလိုက်တာ၊ ခါးကုန်းတတ်အောင် လုပ်ပေးလိုက်တာ၊ ခေါင်းငုံ့တတ်အောင်လုပ်ပေးလိုက်တာ လည်း ဖြစ်နေတာကို အသက်အရွယ်ရမှ တဖြည်းဖြည်း နားလည်လာတယ်။

အမိန့်နာခံတတ်အောင်…တဲ့

စာတွေ ပေတွေ ဖတ်လာတော့ ဒါကို နည်းနည်း စဉ်းစားမိလာတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ အမြဲတမ်း ရိုရိုကျိုးကျိုး ဆက်ဆံတာ ကောင်းသလား။ လူကြီးသူမတွေရဲ့ ပြောစကားအရဆိုရင် အောက်ကျို့တာ ကောင်း သလား။ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး၊ ရိုးသားသော အမူအကျင့်စရိုက်လက္ခဏာရှိတာဟာ ကောင်းပါတယ်။ သို့သော် လည်း ရိုးသားမှုနဲ့ ထောင်လွှားမှု မလုပ်တာဟာ အောက်ကျို့တာ မဟုတ်ဘူး။ အောက်ကျို့တတ်အောင် သင်ပေး တယ်ဆိုတာ ဘာလဲ။ တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်းဟာ obedience type ကို အလိုရှိပါတယ်။ အမိန့်နာခံ တတ်တဲ့အကျင့်ကို လူကြီးသူမတွေက အလိုရှိတယ်။ အမိန့်နာခံတတ်အောင်…တဲ့။

တကယ်တော့ ….

  • ဘယ်က အမိန့်လဲ၊ ဘယ်လို အမိန့်လဲ၊ ဘာ့ကြောင့် အမိန့်ပေးရသလဲ… ဆိုတာကို မေးတတ်အောင် သင်ကြားပေးရမှာ မဟုတ်ဘူးလား။
  • အခု မြန်မာပြည် ဖာဖြစ်နေတာ၊ ရှေ့ကလူတွေ ညံ့လို့ ပေါ့။
  • ဒီလို ပြောရင် ပြောတဲ့သူ လွန်မယ်။

လူလိမ္မာဆိုတာကို ပြန်လည် အနက်ဖွင့်ဖို့ လိုပြီ

လူကြီးပြောတာဆိုရင်၊ မှားမှား မှန်မှန် ပြန် မပြောနဲ့ကွ….၊ နှုတ်လှန်မထိုးရဘူးကွ….၊ လူကြီးသူမ စကားကို နား ထောင်မှ၊ လူလိမ္မာကွ… ဆိုတာတွေကို ရိုက်သွင်းပျိုးထောင်တယ်။ မြန်မာပြည်ဟာ စစ်အစိုးရအုပ်ချုပ်တဲ့စနစ် အောက်ကို နှစ်ပေါင်းများစွာ ရောက်ရှိခဲ့လို့၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက လူကြီးတွေဟာ ဒီလို သဘောထားမျိုး ပို့ချသွန်သင်လေသလား။ စဉ်းစားစရာ ဖြစ်ပါတယ်။ သို့တည်းမဟုတ်…. မြန်မာ့လူမှုဓလေ့ကိုယ်၌က ဝေဖန် စောကြောတာ မလုပ်နိုင်အောင်၊ စောဒက မတက်တတ်အောင်၊ လူတွေနဲ့ ဆက်ဆံတဲ့အခါ အမြဲ အငုံ့စိတ်ရှိနေ အောင် လေ့ကျင့်ပျိုးထောင်ပေးလိုက်လေသလား။ ဒါဟာ စဉ်းစားစရာဖြစ်ပါတယ်။

ရန်ကို ရန်ချင်း မတုံ့နင်းနဲ့လို့ ပြောဆို ဆုံးမတတ်ကြပြီး၊ ရန်ကို ရှောင်ဖို့ ထိပ်တိုက်မတိုးဖို့လည်း သွန်သင်တာကို ခံခဲ့ ရပါတယ်။ မာနထောင်လွှားတာဟာ မကောင်းပါ။ နားထောင်နိုင်စွမ်း မရှိတဲ့စရိုက်ကလည်း မကောင်းပါ။ သို့သော် လည်း လူ့အောက်ကျို့တယ်ဆိုတာကတော့ လူတစ်ယောက်ရဲ့ဘဝမှာလည်း မကောင်းဘူး၊ ဘဝတန်ဖိုးအရလည်း ဂုဏ်ယူဖွယ်ရာ မဖြစ်ဘူး။ လူတွေကို အောက်ကျို့ဖို့ သင်ကြားခံရတာထက်၊ လူအချင်းချင်း လေးစားဖို့၊ လူကို လူလို ဆက်ဆံဖို့၊ တပါးသူအပေါ်မှာ ဗိုလ်ကျတာမျိုး မလုပ်ဖို့ သွန်သင်ရမယ်လို့ ထင်ပါတယ်။

လူ့ဂုဏ်သိက္ခာနဲ့ နေထိုင်ကြပါစေ

လူမှာ လူ့ဂုဏ်သိက္ခာရယ်လို့ ရှိပါတယ်။ ကလေးမှာလည်း ကလေး ဂုဏ်သိက္ခာဆိုတာ ရှိတယ်။ လူငယ်မှာလည်း လူငယ်အလျှောက် တည်ကြည်တဲ့ စရိုက်လက္ခဏာမျိုး ရှိရမယ် မဟုတ်လား။ လူတိုင်းကို အောက်ကျို့စရာ မလိုပါဘူး။ လူတိုင်းကို သွားဖြီးပြစရာလည်း မလိုပါဘူး။ တွေ့သမျှလူတိုင်းကို မျက်နှာချို သွေးစရာလည်း မလိုပါ ဘူး။ လူကြီးသူမစကားကို နားထောင်ရမှာ မှန်ပါတယ်။ နားထောင်တာဟာ လက်ခံတာမှ မဟုတ်တာ။ မတူပါဘူး။ နားထောင်တာနဲ့ လက်ခံတာနဲ့ မတူဘူး။ ဒါပေမယ့် မြန်မာတွေကတော့ ရောချတယ်။ နားထောင်တယ်ဆိုတာ လက်ခံတာပဲတဲ့။ လက်ခံတယ်ဆိုတာ နားထောင်တာပဲတဲ့။ လူကြီးတွေ မနှစ်မြို့ မနှစ်သက်တာကို လူငယ်တွေ လုပ်တဲ့အခါ၊ ဒီလူငယ်ကို လူကြီးစကားနားမထောင်တဲ့ လူဆိုးလူသွမ်းတစ်ယောက်အဖြစ် စာရင်းသွင်းလိုက်ကြ တယ်။ ဒါဟာ မြန်မာ့လူမှုဓလေ့မှာ တွေ့ရတဲ့ သဘောထား အပြုအမူတွေ ဖြစ်ပါတယ်။ လူတိုင်းကို အောက်ကျို့ စရာ မလိုပါဘူး။ ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ် ကိုယ်နေရမှာ။ ကိုယ့်တည်ကြည်မှုနဲ့ ကိုယ် နေရမှာ။

ကိုယ်က ခေါင်းငုံ့ပေးလို့ ကိုယ့်ခေါင်းကို တက်နင်းကြတာပါ

စကားလေးတစ်ခုကို သတိရတယ်။ သူများတွေ ခေါင်းပေါ်တက်နင်းတာ ကိုယ်ကိုယ်တိုင်က ခေါင်းငုံ့ပေးလို့ပါ…တဲ့။ ဒီစကားလေးကို တစိမ့်စိမ့်တွေးကြည့်နော်။ တခါတရံ လူတွေဟာ ကိုယ့်ခေါင်းပေါ်တက်နင်းတဲ့သူတွေကို အပြစ်ဖို့ နေကြတယ်။ တကယ်တော့ ကိုယ်ကိုယ်တိုင်က ခေါင်းပေါ်အတက်နင်းမခံရင် ဘယ်သူမှ ကိုယ့်ခေါင်းကို တက်မနင်း ဝံ့ပါဘူး။ ကိုယ်က သူတို့ မနင်းလောက်ပါဘူးလေ….လို့ ထင်ပြီး၊ ခေါင်းကို ငုံ့ငုံ့ပေးတဲ့အခါ၊ တက်နင်းချင်တဲ့ကောင်နဲ့ လည်း တွေ့ရော ပြားနေအောင် အနင်းခံရတော့တာပဲ။ ဒါဟာ ဘာလဲဆိုတော့ ကျနော်တို့ ကိုယ်တိုင် “ငါ ခေါင်းငုံ့ ပေးခဲ့သလား” လို့ မေးရမယ်ဆိုတာကို ပြနေပါတယ်။

လူ့အောက်ကျို့လို့ လူပိမသေဘူးကွဲ့… ဆိုတဲ့ သွန်သင်ချက်ဟာ စေတနာနဲ့ ဆုံးမတာ ဖြစ်ပေမယ့်၊ ဘေးထွက် ဆိုးကျိုးများတဲ့ သွန်သင်ချက်တစ်ခုသာဖြစ်တယ်။ လူကြီးလုပ်သူတွေကို ကျနော်တို့ အထူးမေတ္တာရပ်ခံဖို့ လိုတာက၊

  • ကျနော်တို့ လူငယ်တွေနဲ့
  • ကျနော်တို့ နောက်မျိုးဆက်က ကလေးတွေကို
  • အမြဲ ခေါင်းငုံ့တတ်အောင်၊
  • အမြဲ ခေါင်းငိုက်နေတတ်အောင်၊
  • အမြဲ ခါးကျိုးနေအောင်
  • မသင်ကြားဖို့၊
  • မဆုံးမဖို့၊
  • မသွန်သင်ဖို့ ဖြစ်ပါတယ်။

ယုတ္တိမှား တစ်ခုသာ ဖြစ်တယ်

လူ့အောက်ကျို့လို့ လူပိမသေဘူးကွဲ့… ဆိုတဲ့ သွန်သင်ချက်ဟာ၊ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ လူမှုဓလေ့လို ဖြစ်နေ ပေမယ့်၊ ယုတ္တိမှားတစ်ခုလို့ ကျနော် ထင်တယ်။ သာမန်အားဖြင့် တွေးကြည့်ရင်၊ ယုတ္တိရှိတယ် မှန်ကန်တယ်လို့ ထင်ရပေမယ့် တကယ့်လောကထဲမှာ ဒါဟာ အပြည့်အဝ မမှန်ကန်ပါဘူး။ ဒီတော့ လူ့အောက်ကျို့လို့ လူပိမသေဘူး ဆိုတဲ့ ဆုံးမချက်ကို ဒီဇိုင်းပြောင်းမှ ကောင်းပါလိမ့်မယ်။ ဒီဇိုင်းပြောင်းမှ၊ စတိုင်လ်ပြောင်းမှ အနှစ်သာရလည်း လိုက်ပြောင်းမယ် ထင်ပါတယ်။ ပုံစံကိုယ်က လူတွေအကြားမှာ ခေါင်းငုံ့တတ်ဖို့၊ ခါးကျိုးတတ်ဖို့ သင်ပေးတာဟာ နေရာတိုင်းမှာ မမှန်ကန်ပါဘူး။ ဒီလို ပြောလို့ လူတိုင်းကို နှုတ်လှန်ထိုး စော်ကားရမယ်၊ ထင်တိုင်းကြဲရမယ်လို့ မဆိုလိုဘူးနော်။ လူ့အောက်ကျို့ပါ ဆိုတဲ့ သွန်သင်ချက်ထက် ပိုသင့်တော်တဲ့ စကားကို အစားထိုးဖို့ ဖြစ်ပါတယ်။

သင်ကြားပုံ မှားယွင်းနေတယ်

မာနထောင်လွှားတာမျိုး မလုပ်ရဘူး၊ ငါ တကောကောတာမျိုး မလုပ်ရဘူး၊ စဉ်းစားဖို့ ၊ ချင့်ချိန်ဖို့၊ ကောင်းသော စကားနဲ့ ကောင်းသော ကိုယ်ရည်ကိုယ်သွေး ပြောသူ ရှိသူကို လေးစားတတ်ဖို့၊ ယုံကြည်တတ်ဖို့။ မကောင်းသော လုပ်ရပ်နဲ့ မကောင်းမြတ်သော စရိုက်ရှိသူကို ခေါင်းမငုံ့တတ်ဖို့၊ မရိုကျိုးဖို့။ ကိုယ်ကျင့်မကောင်းသူကို ဘယ်တော့မှ ခေါင်းငုံ့ပြီး အရိုအသေမပေးတတ်ဖို့။ လူ့အောက်ကျို့တယ်လို့ ပြောတဲ့နေရာမှာ လူတိုင်းကို အောက်ကျို့ရမှာ မဟုတ်။ လူကောင်းလူတော်၊ လူတော်လူကောင်း၊ ပညာရှိသူတော်ကောင်းကို အောက်ကျို့ဆက်ဆံတာဟာ သင့် တော်ပေမယ့်၊ ကိုယ်က အမြဲတမ်း အောက်ကျို့နေရမှာ မဟုတ်။ သူလို ပညာရှိအောင်၊ သူလို ကိုယ်ကျင့်ကောင်း အောင်၊ လူကောင်းလူတော်၊ လူတော်လူကောင်းဖြစ်အောင် ကြိုးစားပြီး အချင်းချင်း လေးလေးစားစားဆက်ဆံ တတ်ဖို့ သင်ကြားပေးရမှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ရင်တော့ လူ့အောက်ကျို့တာလည်း မကောင်းဘူး။ လူတွေကို နိုင့်ထက်စီးနင်း ဆက်ဆံတာလည်း မကောင်းဘူး။ အချင်းချင်း လူလိုသူလို အပြန်အလှန် လေးလေးစားစား ဆက်ဆံမှပဲ ကောင်းမယ်။ လူလူချင်း ပေါင်းသင်း ဆက်ဆံတဲ့ အခါ၊ ကိုယ်ကလည်း မနိမ့်စေရဘူး။ သူ့ကိုလည်း မနှိမ်လိုက်ရဘူး။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံတဲ့အခါမှာ သူက ကိုယ့်ကို နှိမ်ပြီး ဆက်ဆံတာမျိုးလည်း လက်မခံရဘူး။ ကိုယ်က နှိမ်လိုက်တာ မျိုးလည်း မလုပ်ရဘူး။ ဒီလို သင်ကြားဖို့ လိုလိမ့်မယ်လို့ ကျနော် ထင်တယ်။

ရုပ်ခန္ဓာတော့ မသေဘူး၊ နာမ်အလင်းတော့ သေတယ်

လူ့အောက်ကျို့လို့ လူပိ မသေဘူးကွဲ့…. ဆိုတဲ့ လူကြီးသူမတွေရဲ့ သွန်သင်ချက်ဟာ၊ ကိုယ့်သား ကိုယ့်မြေး၊ ကိုယ့်တူ ကိုယ့်သမီးကို ကောင်းစေချင်လို့၊ လူဝင်ဆန့်အောင်လို့၊ လူရာဝင်အောင်လို့ သွန်သင်နားချ ဆုံးမတယ်လို့ ပြောလို့ ရပေမယ့်၊ တကယ့်အနှစ်သာရကတော့ လူကြီးသူမတွေ ဖြစ်စေချင်သလို ရာနှုန်းပြည့် မဖြစ်ဘူး။ အဲသည့်ဆုံးမ သွန်သင်ချက်မှာ ဘေးထွက်ဆိုးကျိုး အများကြီး ရှိတယ်။ ဒီတော့ ပုံစံပြောင်းပြီး သွန်သင်ကြဖို့ ဖြစ်ပါတယ်။

လူ့အောက်ကျို့လို့ လူကြီးကတော့ မသေပါဘူး။ ဘဝတော့ သေတယ်၊ ဂုဏ်သိက္ခာနဲ့ နာမ်အလင်းဓာတ်တွေတော့ သေတယ်။ ဒါဟာ ငယ်စဉ်ကတည်းက ကလေးတွေကို နာမ်အလင်းမရအောင် သင်းသတ်လိုက်သလိုပဲ။

ကျနော်တို့ ခေါင်းကို မော်နိုင်အောင်သာ သင်ကြားပေးပါ။ ကျနော်တို့ ခေါင်းကို အမြဲ ငုံ့နေတတ်အောင် မသွန်သင်ပါနဲ့ လူကြီးမင်းများ ခင်ဗျား။

မင်းသေ့

ည ၆း၃၀

၃၊ မတ်၊ ၂၀၂၂။

Previous post ဂဃနဏ မကွဲပြားဘဲ ရောထွေးနေသော စကားလုံးများ
Next post ဦးစိုးသိန်း ၏ စာအုပ် (ဒုတိယတွဲ)