ဖြစ်ရပ် ပြဿနာတွေကို စိတ်အာသာဖြေချည်းကပ်နေရုံနဲ့ ပြဿနာတွေဟာ ပြေလည်သွားမှာ မဟုတ်ပါ။ အရှိ ပကတိကို မြင်အောင် ကြည့်ပြီး၊ အဖြေရှာဖို့ လိုပါတယ်။ အရှိတရားကို မြင်အောင် မကြည့်ဘဲနဲ့၊ ပြဿနာကို ဖြေရှင်းနိုင်တဲ့ အဖြေကို မတွေ့နိုင်ပါ၊ မရှာနိုင်ပါ။ အဖြေအတွက် ပထမဆုံးလုပ်ရမှာကတော့၊ အရှိ ပကတိကို မြင်အောင် ကြည့်ဖို့ ဖြစ်ပါတယ်။ အသိမြင်ကွင်း ကျယ်ရင် ကျယ်သလောက် အရှိ ပကတိ ကို မြင်နိုင်မယ်။ အသိအာရုံ စူးရှရင် စူးရှသလောက်၊ အရှိ ပကတိကို မြင်နိုင်မယ်။

ပြဿနာကို အရှိအတိုင်း ချည်းကပ်နိုင်ဖို့အတွက် ရှောင်သင့်တဲ့ စဉ်းစားနည်း တချို့ ရှိပါတယ်။

(၁) အကောင်းမြင် အစွန်း – အဆိုးမြင် အစွန်း

တည်ဆဲ ဖြစ်ရပ်တွေကို အရှိအတိုင်းမြင်အောင်ကြည့်ဖို့အတွက်၊ သိပ် အကောင်းမြင်လွန်းရင်လည်း မဖြစ် ပါဘူး။ သိပ်အဆိုးမြင်နေရင်လည်း မဖြစ်ပါဘူး။ အကောင်းမြင်မှုနဲ့ အဆိုးမြင်မှုဟာ အားနည်းချက်တွေ ကိုယ်စီ ရှိနေပါတယ်။ ပြဿနာအပေါ်မှာ အကောင်းမြင်လွန်းရင်လည်း၊ ဖော့တွေးတာဖြစ်တတ်ကြတယ်။ ပြဿနာအပေါ်မှာ အဆိုးမြင်လွန်းရင်လည်း စိတ်ဓာတ်ကျပြီး ဘာမှ အားထုတ်တာမျိုး မလုပ်တော့ဘူး။ ဒါကတော့ ယေဘုယျနားလည်ရမယ့် အရာလို့ ယူဆပါတယ်။

(၂) လှေနံဓားထစ် အယူအဆ

ကိုယ့်စိတ်ထဲမှာ တရားသေစွဲမှတ်ယူဆလက်ခံထားတဲ့ အရာကို မပြောင်းမလဲ ဆုပ်ကိုင်ထားခြင်းဖြစ်ပါ တယ်။ အခြေအနေနဲ့ အချိန်အခါတွေဟာ အမြဲတမ်း ပြောင်းလဲနေပါတယ်။ သို့သော်လည်း လူ့သဘာဝ ဟာ သူတို့ အာရုံကျတာကို စွဲမှတ်လက်ခံထားတတ်ကြပါတယ်။ စိတ်ထဲမှာ ကပ်ငြိနေတဲ့ ဥပါဒါန်တွေ ရှိ တတ်ပါတယ်။ ဒီလို အစွဲအလမ်း အကပ်အငြိတွေရဲ့ တုပ်နှောင်ခြင်းကို ခံရရင်၊ အရှိ ပကတိကို မြင်အောင် ကြည့်တဲ့ နေရာမှာ၊ ပြဿနာ ရှိပါတယ်။ လက်တွေ့ ဖြစ်နေတာကို လက်မခံနိုင်ဘဲနဲ့ ဘူးခံ ငြင်းနေတာမျိုး လုပ်တတ်ကြပါတယ်။ တရားသေ လှေနံဓားထစ် အယူအဆဟာ များသောအားဖြင့် “ဂတိအစွဲ” ကနေ လာတယ်လို့လည်း ပြောနိုင်ပါတယ်။ ကိုယ်ချစ်ခင်လိုလားနှစ်သက်ရင် ဖော့တွေးတတ်ပြီး၊ ကိုယ်မုန်းတီး ရွံရှာရင်တော့ ဖိပြီးတွေးတတ်ပါတယ်။ လူ့အတ္တမှာ ဂတိကိုယ်စီ ရှိထားပြီးဖြစ်လို့၊ တရားသေ အစွဲကို မရှောင်နိုင်ကြတာများတယ်။ အခြေအနေနဲ့ အချိန်အခါရဲ့ ပြောင်းလဲ ရွေ့လျားခြင်းကို နားလည်ပြီး လှေနံဓားထစ် တွေးခေါ်မှုကနေ ရှောင်နိုင်ဖို့ လိုပါတယ်။

(၃) ကြိုတင်ထုပ်ပိုးထားသော အမြင်

 အတိတ်သမိုင်းကို အမှားအတွက် သင်ခန်းစာယူဖို့နဲ့ အမှန်အတွက် အတုယူဖို့အတွက် လေ့လာရမှာ ဖြစ်ပေမယ့်၊ အတိတ်ရဲ့ အစွဲအလမ်းတွေကနေ ကင်းလွတ်ဖို့ လိုပါတယ်။ ကြိုတင်ထုပ်ပိုးထားတဲ့ အမြင် ဆိုတာ သမိုင်းအစွဲအလမ်းတစ်ခုတည်းကသာ ဆင်းသက်လာတတ်တာတော့ မဟုတ်ပါဘူး။ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ရိုက်သွင်းခံရတဲ့ ဝါဒဖြန့်ချိရေးကြောင့်လည်း ကြိုတင်ထုပ်ပိုးထားတဲ့ အမြင်ကို အရံသင့် လက်ခံလိုက်ပြီးသား ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဂတိအစွဲနဲ့ ကောက်ချက်ချခဲ့တာကို လက်သီးဆုပ် မဖြည်နိုင်ဘဲ၊ ဘယ်သို့သော ပြဿနာမဆို အရံသင့်ရှိထားပြီးသား အဖြေနဲ့ပဲ တစ်ဖက်သက် ကောက်ချက် ချတာမျိုး လုပ်တတ်ပါသေးတယ်။ ကိုယ်ယုံကြည်ယူဆလက်ခံထားတဲ့ ဝါဒ တစ်ခုခု၊ အိုင်ဒီယော်လိုဂျီ တစ်ခုခုရဲ့ ပုံသွင်းချက်ကြောင့်လည်း ကြိုတင်ထုပ်ပိုးထားတဲ့ အဖြေကိုသာ လက်ခံထားတာလည်း ဖြစ် တတ်ပါသေးတယ်။ ဒါကတော့ ကိုယ့်ကိုယ်ကို ရက်စက်စွာ ရိုးရိုးသားသား ကြည့်နိုင်မှ မြင်တတ်တဲ့ အရာ ဖြစ်ပါတယ်။

(၄) ပုံသေနည်း ဖော်မြူလာ စဉ်းစားချက်

သဘာဝသိပ္ပံ မဟုတ်တဲ့ လူမှုသိပ္ပံနယ်မှာ အဖြေတွေဟာ တစ်မျိုးတည်း မဟုတ်သလို၊ အခြေအနေတွေ ကလည်း အတိတ်နဲ့ ပစ္စုပ္ပန်ဟာ လုံးဝ ထပ်တူ မဖြစ်နိုင်ပါ။ ဒေသအလျှောက်၊ နိုင်ငံအလျှောက်၊ လူ့အဖွဲ့ အစည်းအလျှောက် မတူညီတာတွေ ဖြစ်တတ်လို့ ပေးထားချက်တွေလည်း မတူပါ။ နောက်ခံတွေလည်း မတူပါ။ မတူတဲ့ ပေးထားချက်တွေကို ပုံသေနည်း ဖော်မြူလာထဲ ထည့်တွက်ပြီး ယေဘုယျကြည့်ခြင်းဟာ အခါခပ်သိမ်း မမှန်ကန်ပါဘူး။ အခါခပ်သိမ်း မမှန်ဘူးဆိုလို့ တခါတရံ မှန်ကန်တယ်လို့ ဆိုချင် ဆိုနိုင်ပါ သေးတယ်။ လူမှုသိပ္ပံနယ်ဟာ ကျယ်ပြန့်ပါတယ်။ ဒီနေ့ခေတ်ကတော့ နိုင်ငံရေးသိပ္ပံမှာ စနစ်တကျ လေ့လာမှုတွေ ကြွယ်ဝပြည့်စုံလာလို့၊ ဖော်မြူလာစဉ်းစားနည်းဟာ ခေတ်စားလာပါတယ်။ အရှိ ပကတိကို မြင်နိုင်စွမ်း ရှိဖို့အတွက် ဖော်မြူလာပုံသေနည်းနဲ့ အစဉ်အမြဲ တွက်ထုတ်စဉ်းစားလို့ မရနိုင်ပါ။ ​

(၅) ယေဘုယျ စဉ်းစားချက်

သစ်ပင်ကို ကြည့်ခြင်းနဲ့ သစ်တောကို ကြည့်ခြင်းဆိုတဲ့ အမြင် ရှုဒေါင့် နှစ်မျိုးမှာ အားနည်းချက်ကိုယ်စီ၊ အားသာချက် ကိုယ်စီ ရှိနေတတ်ပါတယ်။ ယေဘုယျစဉ်းစားချက်တွေဟာ သစ်တစ်ပင်ချင်းစီရဲ့ ပေးထား ချက် ဖြစ်စဉ်တွေကို ထည့်မတွက်ဘဲ၊ တောအုပ်တစ်ခုလုံး (သစ်တောတစ်ခုလုံး) ကို ခြုံငုံမြင်ကြည့်ပြီး ယေဘုယျချကြည့်ခြင်း ဖြစ်ပါတယ်။ တကယ်တော့ ပုံကြမ်းဖော်လေ့လာဆန်းစစ်မှုမှာ၊ ယေဘုယျချ စဉ်းစားချက်တွေဟာ အထိုက်အလျှောက် အသုံးဝင်ပါတယ်။ သို့ပေမယ့် နေရာတကာ ယေဘုယျချကြည့် ပြီး အဖြေထုတ်လို့ မရနိုင်ပါဘူး။ အခြေအနေရဲ့ အတွင်းသားမှာ အသေးစိတ် နားလည်ကြည့်ရှုရမယ့် အရာတွေ ရှိနေပါတယ်။ ခြုံငုံအမြင်ဟာ မဟာဗျူဟာနဲ့ အမြော်အမြင်အတွက် အရေးကြီးတာ မှန်ပေမယ့်၊ တခါတရံ အရှိ ပကတိကို နားလည်နိုင်ဖို့အတွက် အကန့်အသတ် ရှိပါတယ်။ ဒီ့အတွက် အသေးစိတ် တစ်ကွက်ချင်းစီ တစ်ချပ်ချင်းစီ အနုစိတ် ကြည့်သင့်တာတွေလည်း ကြည့်ရပါလိမ့်မယ်။ အရှိ ပကတိကို မြင်အောင် မကြည့်နိုင်ရင် အနာနဲ့ ဆေး မတွေ့ပါ။ တခါတရံ ယေဘုယျအမြင်တွေဟာ ဆေးမြီးတိုတွေနဲ့ ကုကြဖို့ တိုက်တွန်းနှိုးဆော်တတ်ကြတယ်။

မင်းသေ့

ည ၈း၅၀

၁၊ ဧပြီ၊ ၂၀၂၂။

Previous post ဦးစိုးသိန်း ၏ စာအုပ်
Next post အကြဉ်ခံနိုင်ငံရေးသမား