နိုင်ငံရေးသမားတွေ သရုပ်ခွဲကြည့်လိုက်တဲ့အခါ၊ ကျနော် မြင်လိုက်ရတဲ့ အမျိုးအစားတချို့ကို ထုတ်နှုတ် တင်ပြချင်ပါတယ်။ မြန်မာ့သမိုင်းဖြတ်သန်းမှုနဲ့အတူ ဖြစ်တည်လာတဲ့ နိုင်ငံရေးသမားတွေဟာ ဘယ်လို ဘယ်ပုံမျိုး တွေ့မြင်ရသလဲဆိုတာ၊ ပုဂ္ဂလပညတ်သဘောနဲ့ ပိုင်းခြားနားလည်ကြည့်မိတယ်။

(၁)

ကိုလိုနီခေတ်၊ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုကာလမှာ တွေ့ခဲ့ရတဲ့ နိုင်ငံရေးသမား အားလုံး လိုလို ဟာ၊ မျိုးချစ်စိတ်အခံအပေါ်မှာ အခြေတည်ပြီး ဖြစ်တည်လာတဲ့ နိုင်ငံရေးသမားတွေ ဖြစ်ပါတယ်။ မျိုးချစ် နိုင်ငံရေးသမားတွေဟာ ကနဦးဖြစ်တည်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးသတ္တဝါတွေလို့ ပြောရင် ရနိုင်ပါတယ်။ မျိုးချစ်စိတ် ဓာတ်ခံနဲ့ ထပ်ပေါင်း ဖြစ်တည်လာတာကတော့၊ လက်ဝဲတော်လှန်ရေးသမားတွေဖြစ်ပါတယ်။ လက်ဝဲဝါဒကို ယုံကြည်သက်ဝင်ပြီး၊ အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်လိုစိတ်ရှိသူတွေဟာ လက်ဝဲနိုင်ငံရေးသမားတွေလို့ ပြောနိုင်ပါတယ်။ လက်ဝဲဝါဒကို ယုံကြည်သက်ဝင်သည် ဖြစ်စေ၊ မယုံကြည် သည် ဖြစ်စေ၊ ကိုလိုနီခေတ်နဲ့ ဖက်ဆစ်တော်လှန်ရေးကာလတွေမှာက နိုင်ငံရေးသတ္တဝါတွေကတော့ မျိုးချစ်စိတ်အခံနဲ့ နိုင်ငံရေးသမားတွေလို့ ပြောနိုင်ပါလိမ့်မယ်။

(၂)

မြန်မာပြည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဟာ လက်နက်ကိုင်လမ်းစဉ်ပေါ် လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ဝဲနိုင်ငံရေးသမားတွေနဲ့ မျိုးချစ်နိုင်ငံရေးသမားတွေဟာ လက်နက်ကိုင် စစ်သားတွေ ဖြစ်လာတယ်။ နိုင်ငံရေးသမားကနေ စစ်သားဖြစ်လာတာကို တွေ့ရပါတယ်။ ဗမာ့အမျိုးသား လွတ်မြောက်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည်ပင်၊ နိုင်ငံရေးသမားဘဝကနေ စစ်သားဘဝကို ကူးပြောင်းလာတာကို တွေ့နိုင်ပါတယ်။ ဒီလိုနဲ့ နိုင်ငံရေးသမားတွေဟာ စစ်သားတွေ ဖြစ်လာခဲ့ကြပါ တယ်။

မြန်မာပြည် လွတ်လပ်ရေးနဲ့အတူ လက်နက်ကိုင်ထားတဲ့ စစ်သားတွေရဲ့ ဂုဏ်သိက္ခာဟာ မြန်မာ့လူ့ အဖွဲ့ အစည်းအတွင်းမှာ ထိုးတက်လာပါတယ်။ စစ်သားတွေကို လူထုက ချစ်ခင်တယ်၊ ကြည်ညိုတယ်၊ လေးစားတယ်၊ ထို့နောက် အားကိုးတယ်။

ဒီလိုနဲ့ ပါလီမန်ဒီမိုကရေစီခေတ်မှာ ဖဆပလ အကွဲအပြဲ ဖြစ်လာတယ်။ ထို့နောက် အိမ်စောင့်အစိုးရအဖြစ် အာဏာထိန်းသိမ်းမှုကာလ ရောက်လာပြီး၊ မြန်မာ့လူ့အဖွဲ့အစည်းမှာ နိုင်ငံရေးသမားထက် စစ်သားကို ပို အားကိုးလိုလားတဲ့ စိတ်အမြင်တွေ ကိန်းအောင်းလာတယ်။ ဒီလိုနဲ့ ၁၉၆၂ အာဏာသိမ်းမှု ဖြစ်ပြီး၊ စစ်သား တွေလက်ထဲ နိုင်ငံရေးအာဏာ ရောက်လာခဲ့တယ်။ ဒါဟာ စစ်သားစိတ်နဲ့ နိုင်ငံရေးသမားဖြစ်လာခြင်းရဲ့ နိဒါန်းအစလို့လည်း ပြောနိုင်တယ်။

(၃)

ဆိုရှယ်လစ်ခေတ်တစ်လျှောက်လုံးမှာ စစ်သားစိတ်နဲ့ နိုင်ငံရေးလုပ်တာတွေ ခပ်များများ တွေ့ခဲ့ရပါတယ်။ စစ်သားတွေဟာ လက်ဝဲဩဇာလွှမ်းမိုးထားတဲ့ မြန်မာလူထုကို လက်ဝဲဗားရှင်းနဲ့ ဆွဲဆောင်စည်းရုံးဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ရဲ့ နဂိုမူလ အထိုင်စိတ်ကတော့ စစ်သားစိတ်ပါ။ သို့သော်လည်း နိုင်ငံတော် အုပ်ချုပ်ရေးတာဝန်ကို ယူတဲ့အခါ၊ မြန်မာ့လူ့အဖွဲ့အစည်းက တိမ်းညွှတ်ထားတဲ့ လက်ဝဲနိုင်ငံရေးကို မပယ် ရှားဘဲ၊ လက်ဝဲအတုနဲ့ နိုင်ငံရေးအရ သိမ်းသွင်းတာကို လုပ်ခဲ့ပါတယ်။ ဒါကို စစ်သားစိတ်နဲ့ နိုင်ငံရေးသမား ပုံဖမ်းတယ်လို့တောင် ပြောနိုင်ပါတယ်။ ပြောချင်ပါတယ်။

(၄)

၁၉၈၈ လူထုအရေးအခင်းမှာ၊ တော်လှန်သောလူထုထဲက နိုင်ငံရေးသမား မျက်နှာသစ်တွေ ပေါ်ထွက်ခဲ့ ပါတယ်။ အဲသည့်အထဲမှာ လူမှုလူတန်းစားပေါင်းစုံ ပါဝင်ခဲ့တယ်။ တချို့က စာပေသမားတွေ၊ တချို့က ရှေ့နေတွေ၊ တချို့က ကဗျာဆရာတွေ၊ တချို့က အနုပညာသမားတွေ၊ တချို့က စစ်သားဟောင်းတွေ။ တော်တော်များများက ကျောင်းသားတွေ။

အတွေ့များသော နိုင်ငံရေးသတ္တဝါများ

၁၉၈၈ နောက်ပိုင်း၊ စစ်အစိုးခေတ်တစ်လျှောက်လုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးကို တစိုက်မတ်မတ် လုပ်ခဲ့တဲ့ နိုင်ငံရေးသမားတွေကို သရုပ်ခွဲကြည့်ရင် အခုလို တွေ့ရပါတယ်။

  • ကဗျာဆရာစိတ်နဲ့ နိုင်ငံရေးသမားတွေ
  • ပညာရှင်စိတ်နဲ့ နိုင်ငံရေးသမားတွေ
  • စာရေးဆရာစိတ်နဲ့ နိုင်ငံရေးသမားတွေ
  • အနုပညာစိတ်နဲ့ နိုင်ငံရေးသမားတွေ
  • သတင်းစာဆရာစိတ်နဲ့ နိုင်ငံရေးသမားတွေ

မြန်မာပြည်မှာ ကဗျာပိုး၊ စာပိုး ရှိပြီဆိုရင် အလိုအလျှောက် နိုင်ငံရေးပိုး ဝင်ပြီးသားလို့တောင် ပြောနိုင်ပါ တယ်။ ခေတ်အခြေအနေက လူထုကို နိုင်ငံရေးထဲ ဆွဲသွင်းလိုက်ပါတယ်။ လူတွေကိုလည်း နိုင်ငံရေး ဘောင်ထဲ ထည့်လိုက်ကြတယ်။ လူတွေကလည်း နိုင်ငံရေးလိုအပ်ချက်ကြောင့်၊ နိုင်ငံရေးထဲ ဝင်ပါသွားကြ ရတယ်။

(၅)

ဒီနေရာမှာ ပညာရှင်စိတ်နဲ့ နိုင်ငံရေးသမားတွေ အကြောင်း နည်းနည်း ပြောချင်ပါတယ်။ မြန်မာ့ နိုင်ငံရေး အခင်းအကျင်း တစ်လျှောက်လုံးကို လေ့လာကြည့်ရင်၊ ပညာရှင်စိတ် မဖျောက်နိုင်တဲ့ နိုင်ငံရေးသမားတွေ ဟာ၊ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှာ အကျဉ်ခံနိုင်ငံရေးသမားတွေ ဖြစ်ခဲ့ကြောင်း ထင်ထင်ရှားရှား တွေ့ခဲ့ရပါတယ်။ ပညာရှင်စိတ်နဲ့ နိုင်ငံရေးသမား ရှိသလို၊ နိုင်ငံရေးစိတ်နဲ့ ပညာရှင်ကိုလည်း တွေ့ရပါ သေးတယ်။ ထားတော့။ ပညာရှင်စိတ်နဲ့ နိုင်ငံရေးသမားတွေအကြောင်းပဲ အဓိက ပြောချင်ပါတယ်။

ပညာရှင်စိတ်နဲ့ နိုင်ငံရေးသမား

ပညာရှင်စိတ်နဲ့ နိုင်ငံရေးသမားတွေဟာ၊ ပညာရှင်ရဲ့ စရိုက်နဲ့ နိုင်ငံရေးသမားဘဝ လျှောက်လှမ်းဟာ ရောထွေး ဖြစ်တည်နေတာကို တွေ့ရတယ်။ တစ်ဖက်မှာလည်း ပညာရှင်စိတ်အခံ ရှိနေတာမို့၊ ကိုယ် ယုံကြည်တာ၊ ကိုယ်တွေ့ရှိတာ၊ ကိုယ်နားလည်လက်ခံထားတာကို လူအများကြိုက် မဖြစ်လို့ဆိုပြီး လက်သီးဆုပ်ဖြည်မချနိုင်တာကို တွေ့ရတယ်။ နိုင်ငံရေးကို ပညာရှင်စိတ်နဲ့ ချည်းကပ်တာဖြစ်ခြင်းကြောင့် တစ်ဖက်မှာလည်း မာနက ခံနေတာတွေ့ရတယ်။ ဒီတော့ အများကြိုက် မဖြစ်တာများတယ်။ အများကြိုက် မဖြစ်တော့ ဘေးရောက်တာ များတယ်။ ပညာရှင်စိတ်အခံက ဘယ်သူ့ကိုမှ အောက်ကျို့ တာမျိုး သိပ် မလုပ်တတ်ဘူး၊ မလုပ်နိုင်ဘူး။ ဒီတော့ ပါတီတွင်းမှာလည်း လူကြီးကြိုက် ဖားယားတာမျိုး လုပ်လေ့ မရှိလို့ ချောင်ထိုးခံရတာများတယ်။ လူအများ ကြိုက်နိုင်မယ် ဆိုပေမယ့်၊ ကိုယ့်သဘောမှာ လက်မခံနိုင်ဘူးဆိုရင် ဒါကို မပြောဘူး၊ မလုပ်တတ်ဘူး။ ဒီတော့ ပညာရှင်စိတ်နဲ့ နိုင်ငံရေးသမားဟာ ပါတီတွင်းမှာ ဆိုရင်လည်း လူကြီးကြိုက် လိုက် မလုပ်လို့၊ ချောင်ထိုးခံရတယ်။ ကိုယ်တိုင် ပါတီထောင်ရင်လည်း အများကြိုက် လူပိန်းကြိုက် လုပ်တာ၊ ပြောတာမျိုး မရှိလို့ ဘေးရောက်တယ်။

မြန်မာ့စရိုက်

နိုင်ငံရေးသမားရယ်လို့ ဖြစ်လာရင်၊ ကိုယ့်တစ်ဦးတည်း အာဘော်ကို ပါတီ့အာဘော်ဖြစ်အောင် လုပ်တတ် မှ ရသလို၊ ပါတီ့အာဘော်ကိုလည်း လူထုအာဘော်ဖြစ်အောင် လုပ်တတ်ရတယ်။ ဩဇာတိက္ကမကြီးတဲ့ နိုင်ငံရေးသမားကတော့ ကိုယ့်အာဘော်ကို လူထုအာဘော်ဖြစ်အောင် လုပ်တတ်ကြတယ်။ လူထုနောက် မြီးဆွဲ နိုင်ငံရေးသမားကတော့၊ လူထုအာဘော်နောက်သာ တစ်ကောက်ကောက် ပြေးလိုက်လေ့ရှိတယ်။ မြန်မာပြည်မှာတော့ ပညာရှင်စိတ်နဲ့ နိုင်ငံရေးလုပ်ရင် ဘေးရောက်တာများတယ်၊ ချောင်ထိုးခံရတာများ တယ်။ သူတို့တတွေဟာ သူတို့ ယုံကြည်လက်ခံထားတာကို လူထုမကြိုက်လည်း အမုန်းခံပြီး ပြောလေ့၊ လုပ်လေ့ရှိပါတယ်။ သို့သော်လည်း မြန်မာလူမျိုးရဲ့ဓလေ့က “စေတနာယုတ်အောင်” လုပ်တဲ့နေရာမှာ သိပ် ကျွမ်းကျင်တယ်။ ဒါ့ကြောင့် လူအများကြိုက် မဟုတ်ရင် အမုန်းခံပြီးပြောတာကို တစိုက်မတ်မတ် မလုပ်နိုင်ကြဘူး။ တဖြည်းဖြည်းနဲ့ စိတ်ပျက်ပြီး၊ တိတ်တိတ်ပဲ နေလိုက်ကြတာများတယ်။

ဒီလိုနဲ့ လူပိန်းကြိုက်တွေ တောထလာတယ်။ ပေါ်ပြူလစ်နိုင်ငံရေးသမားတွေ ကြီးထွားလာတယ်။ ပေါ်ပြူလစ်နိုင်ငံရေးသမားတွေဟာ လူအုပ်ကြီးနဲ့ ဖိပြီး၊ ခွေးနဲ့ ပေးစားတာမျိုးကို သိပ်လုပ်တတ်ကြတယ်။ ဒီလိုနဲ့ သူတို့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို နိုင်ငံရေးသင်းသတ်ပစ်လိုက်ကြတယ်။

ဒီမိုကရေစီနဲ့ လူအုပ်ဝါဒ တူ – မတူ

နိုင်ငံရေးမှာ လူပိန်းကြိုက်လုပ်ရင်၊ လူအများစု ထောက်ခံမှုတော့ ရမယ်။ ဒါပေမယ့် ဘယ်တော့မှ နိုင်ငံရေး အဖြေကို ရမှာ မဟုတ်ဘူး။ နိုင်ငံရေးအဖြေကို မရရင်လည်း ဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခဟာ ဘယ်တော့မှ ပြေလည်မှာ မဟုတ်ဘူး။ နိုင်ငံရေးပဋိပက္ခ မပြေလည်သရွေ့၊ တိုင်းပြည်ကလည်း ဘယ်သောအခါမှ ထူထူထောင်ထောင် ဖြစ်နိုင်မယ် မထင်ဘူး။ “ကဖျက်ယဖျက်” တွေ၊ “ဖျက်လိုဖျက်ဆီး” လုပ်တာတွေနဲ့ ဝဲလည်လိုက်ပြီး၊ တဖြည်းဖြည်း ပွန်းပြတ် ပြတ်သွားမှာပဲ။ ဒီနေရာမှာ ဒီမိုကရေစီနဲ့ လူအုပ်ဝါဒကို ပိုင်းပိုင်း ခြားခြား ခွဲခြားနားလည်အပ်တယ်။ လူအုပ်များတိုင်း ဒီမိုကရေစီ မဟုတ်ဘူး။ ဒါကို ဒီမိုကရေစီလို့ နာမည် တပ်ရင်တောင်၊ ဒါဟာ ရုပ်ကြမ်းဒီမိုကရေစီသာ ဖြစ်တယ်။ လစ်ဘရယ်ဒီမိုကရေစီ စစ်စစ် မဟုတ်ဘူး။

လစ်ဘရယ်ဒီမိုကရေစီအကျဘက်ရောက်လာတာဟာ၊ လူပိန်းကြိုက် ပေါ်ပြူလစ်နိုင်ငံရေးသမားတွေနဲ့ အုတ်ရောရော ကျောက်ရောရောတွေ ဖြစ်နေလို့ပါ။ ဒါကို ငြင်းဖျက်နိုင်ရင်တော့၊ ကွာလတီဒီမိုကရေစီ ဖြစ်နိုင်ပါရဲ့။ သို့မဟုတ်ရင်တော့ မလွယ်ရေးချ၊ မလွယ်။

မင်းသေ့

ည ၁၁း၃၅

၁၊ ဧပြီ၊ ၂၀၂၂။

Previous post အရှိ ပကတိကို မြင်နိုင်ဖို့
Next post အနီ – အစိမ်း လော့ဂျစ်