ဒီနေ့ခေတ် ဒီနေ့အချိန်လောက် ဗမာလူမျိုးတွေရဲ့ သူတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရား (ဗုဒ္ဓဘာသာ) အပေါ်မှာ – အခုလောက် ဝေဖန်စောကြောတာမျိုး မလုပ်ခဲ့ကြဘူးလို့ ပြောနိုင်ပါတယ်။ ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓလေ့ ထုံးတမ်း အားကြီးတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေတာလည်း ပါတယ်။ လူအများထဲကနေ တစ်ဦးတည်း တစ်ယောက်တည်း ဖဲ့ထွက်ပြီး စောဒကတက်တာ၊ ဝေဖန်စောကြောတာကို လုပ်ဖို့ ဝန်းကျင်က ချုပ်ထားတယ်။ ဒီတော့ တစ်ဦးချင်းအနေနဲ့ လုပ်နိုင်ဖို့ ခဲယဉ်းလှတယ်။ ခေတ်အမြင်နဲ့ တော်လှန်သောအတွေးအခေါ်ရှိတဲ့ ပညာတတ် စာသမား နိုင်ငံရေးသမား သိန်းဖေမြင့်ကတော့ သာသနာ့ဝန်ထမ်း ဘုန်းကြီးသံဃာတွေ ကျင့်ဝတ် ပျက်စီးပုံနဲ့ပတ်သက်ပြီး “တက်ဘုန်းကြီး” ဆိုတဲ့ ဝတ္ထုတစ်အုပ်ကို ရေးသားခဲ့ဖူးတယ်။ ဝိနည်းဓိုရ်လည်း ဖြစ်သလို၊ ကျမ်းပြုဆရာတော်လည်း ဖြစ်တဲ့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသကလည်း “အနာဂတ်သာသနာရေး” ကျမ်းစာကို ရေးသားပြီး၊ ဗုဒ္ဓသာသနာတော် ပြန်လည်တည့်မတ်ရေးကို ကြိုးစားအားထုတ်ခဲ့တယ်။

ဘာ့ကြောင့် အဘယ့်ကြောင့်

ခေတ်အဆက်ဆက် ဗမာလူမျိုးတွေဟာ ဘာသာရေးရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပြီး၊ ဗုဒ္ဓဘာသာဘုန်းကြီးတွေက သင်ကြား ပို့ချတဲ့ စာကို သင်အံရတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတွေက ဟောကြားတဲ့တရားတွေကို နာယူမှတ်သားရတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတွေက သွန်သင်တဲ့ ဆုံးမမှုကို နာခံရတယ်။ ရှေးယခင်က ဗုဒ္ဓဘာသာနဲ့ပတ်သက်ရင် ဗမာလူထု ရဲ့ ဝေဖန်စောကြောမှုနဲ့ စောဒကတက်မှုတွေ အမြောက်အမြား မရှိခဲ့ရခြင်းရဲ့ အကြောင်းတရားတွေလည်း ခပ်များ များ ရှိနေပါတယ်။

ဒါကို စာရင်းချကြည့်ရင် အခုလို တွေ့ရမယ်။

  • (၁) ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ကိုယ်၌က ဝိနည်းသိက္ခာပုဒ် သံမဏိစည်းမျဉ်းကဲ့သို့ လေးစားလိုက်နာ ကြတာ။
  • (၂) ဗုဒ္ဓဘာသာယဉ်ကျေးမှုဓလေ့ထုံးတမ်း လွှမ်းမိုးကြီးစိုးထားတာ။
  • (၃) ဘာသာရေးဟာ ကိုးကွယ်ယုံကြည်ရမယ့်အရာသက်သက်လို့သာ မှတ်ယူပြီး၊ ဒါ့ကြောင့် ဝေဖန်စောကြောတာမျိုး မလုပ်သင့် / မလုပ်အပ်ဘူးလို့ ယူဆလက်ခံထားကြတာ။
  • (၄) အုပ်စုသဘောကို လွန်ဆန်ပြီး တစ်ဦးတည်း ထိုးထွက် ဝေဖန်တာမျိုး မလုပ်ဝံ့ကြတာ။
  • (၅) ဗုဒ္ဓဘာသာအပေါ် ဝေဖန်စောကြောမှု လုပ်ရင်လည်း ကျယ်ပြန့်စွာ လုပ်နိုင်တဲ့ (ကြားခံ) ပလက်ဖောင်းမျိုး ကျယ်ကျယ်ပြန့်ပြန့် မရှိသေးတာ။

ဒီအချက် (၅) ချက်ဟာ အခြေခံအားဖြင့် တွေ့ရတဲ့ အချက်တွေလို့ နားလည်ပါတယ်။ ပဒေသရာဇ်မင်းတွေ လက်ထက်တုန်းက ဘုရင့် အမိန့်ဆိုရင် နာခံရမယ်၊ ဘုန်းကြီး မိန့်ရင်လည်း နာခံရမယ်ဆိုတဲ့ အယူအဆ ကြီးစိုးခဲ့ပါ တယ်။ ဘုရင့် နှုတ်ထွက်စကားကို ပယ်ရှားရင်၊ ဇက်ကောင်းလို့ ဓားတောင်းတာလားလို့ မေးရပါလိမ့်မယ်။ ဒီတော့ အာဏာစက်ကို ကြောက်ရပါတယ်။ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်ပါတယ်။ ဒီတော့ ဘုရင့် အမိန့်ကို မလွန်ဆန် ဝံ့ကြပါဘူး။ ဘုန်းကြီး မိန့်တဲ့ စကားကို ပယ်ရှားရင်လည်း၊ မမြင်ရသေးတဲ့ နောင်ဘဝမှာ အပယ်ငရဲကိုလားမယ်ဆို တဲ့ ခြိမ်းခြောက်မှုရှိပါတယ်။ ဒီတော့ မမြင်ရတဲ့ ငရဲကို ကြောက်ပြီးတော့ လောလောဆယ်ငရဲကိုတော့ ကြိတ်မှိတ်ခံ ရပါတယ်။ ရှေးခေတ်နှောင်းကာလက ဘုန်းကြီးတွေဟာ ထင်ပေါ်ကျော်ကြားမှုကို မက်မောလွန်းပြီး တရားတွေကို အလွန်အကျွံ ချဲ့ထွင်ချဲ့ကား ဟောတာမျိုးလည်း လုပ်မယ် မထင်ပါဘူး။ ဒါ့ကြောင့်လည်း ၎င်းတို့ရဲ့ မိန့်မှာမှုနဲ့ ဟော ကြားချက်တွေဟာ ပိဋကတ်ဘောင်ထဲက မထွက်ဘဲ လူထုအတွက် လက်ခံနိုင်ဖွယ် ဖြစ်တာလည်း ပါပါလိမ့်မယ်။

ဘုန်းကြီးနဲ့ လူ တူလာတယ်

ဒီနေ့ခေတ်မှာတော့ အဲသည်လို မဟုတ်ဘူး။ ဘုန်းကြီးတွေ ကိုယ်၌က ထင်ပေါ်ချင်လာတယ်၊ ကျော်ကြားချင်လာ တယ်။ တပည့်ဒကာ (အခြွေအရံ) များပြားချင်လာတယ်။ ဥစ္စာဓန ချမ်းသာကြွယ်ဝလာချင်ကြတယ်။ လူထု ပရိတ်သတ်ထောက်ခံမှု (တနည်း) လက်ခုပ်သံများများ ရချင်လာတယ်။ ဒီတော့ ဘုန်းကြီးတွေဟာ လူနဲ့ တူလာတယ်။ လူလို သွားတယ်၊ လူလို စားတယ်၊ လူလို ပြောတယ်။ သာသနာပြုတယ်ဆိုတဲ့ အကြောင်းတရား အပေါ် အမှီပြုပြီးတော့ အလှူဒါနလုပ်ချင်အောင် ဆွယ်တရားဟောတယ်။ ဒီလိုနဲ့ အလှူငွေတွေ အမြောက်အမြား ရလာပြီး အဲသည့် ငွေကြေးအပေါ်မှာ တပ်မက်လာတယ်။ ကားကောင်းကောင်း စီးချင်တယ်၊ ကျောင်း ကောင်းကောင်း မှာ နေချင်တယ်။ အထူးသဖြင့် ဘုန်းကြီးကျောင်းတွေဟာ ဇိမ်ခံတိုက်အိမ်တွေလို ဖြစ်လာ တယ်။ ဘုန်းကြီးနဲ့ လူ တူလာတယ်။ ခေတ်သစ် အသုံးအဆောင်နဲ့ ပစ္စည်းပစ္စယတွေကလည်း လူတွေကို သာယာ မှိန်းမောအောင် လုပ်ပေးသလို၊ ပုထုဇဉ်ဖြစ်တဲ့ ဘုန်းကြီးတွေကလည်း ဘာသားနဲ့ ထုထားပေလို့လဲ။ ခေတ်ပေါ် ပစ္စည်းတွေအပေါ်မှာ သာယာမှိန်းမောလာတယ်။ အထူးသဖြင့် ခေတ်ပေါ် မိုဘိုင်းဖုန်းတွေဟာ ဘုန်းကြီးတွေရဲ့ အတ္တနဲ့ လောဘကို ဆွဲဆောင် မီးထိုးပေးနေတဲ့ ပစ္စည်းတစ်ခု ဖြစ်လာတယ်။

လူထုကျအောင် ဟောပြောနိုင်လျှင်

ဘုန်းကြီးနဲ့ လူ တူလာခြင်းဟာ ဗုဒ္ဓသာသနာမှာ သံမဏိစည်းမျဉ်းကဲ့သို့ လိုက်နာရမယ့် ဝိနည်းသိက္ခာပုဒ်ကို လျော့ရွဲ အောင် လုပ်နေတဲ့ အကြောင်းတရားတွေထဲက အဓိက တစ်ချက်ဖြစ်တယ်လို့ ယူဆပါတယ်။ ဘုန်းကြီးတွေရဲ့ စိတ် ထဲမှာ လူထုကျအောင် ဟောပြောနိုင်စွမ်း ရှိရင် ငွေကြေးဥစ္စာ လာဘ်လာဘ ပေါများနိုင်တယ်ဆိုတာကို အလိုလို သိနေတယ်။ ဒီတော့ ဓမ္မပလ္လင်ပေါ် ဟောပြောတဲ့ ဘုန်းကြီးတွေဟာ အာဝဇွန်းရွှင်ရွှင် ဟောပြောမှု ပြုလာသလို၊ တရားဟောရင်း လာဘ်လာဘအတွက် ဟောပြောစည်းရုံးသိမ်းသွင်းတာတွေ လုပ်လာတယ်။ လာဘ်လာဘကို မျှော်ကိုးရင်း ဓမ္မပလ္လင်ထက်မှာ ဓမ္မနဲ့ မအပ်စပ်တာတွေကို ပြောဟောလာခဲ့ကြတယ်။ သာသနာပြုခြင်း ဘုရားတည် ကျောင်းဆောက်ခြင်းကို အမျိုးသားရေးစိတ်နဲ့ ချိတ်ဆက် ဆက်နွှယ်ပြီး ဟောပြောလာကြတယ်။ သာသနာကြီးပွား တယ်ဆိုတာ နိုင်ငံကြီးပွားတာပဲ ဆိုတဲ့ လော့ဂျစ်ကို ထွင်လာတယ်။

မလှူမတန်းတဲ့သူဟာ မိစ္ဆာဒိဋ္ဌိ ဓာတ်ခံရှိတဲ့သူလို့ ထင်ယောင်ထင်မှား ဖြစ်အောင် (တနည်း) လူတွေ စိတ်မလုံမလဲ ဖြစ်လာအောင် ဟောပြောလာ ကြတယ်။ ဒီလိုနဲ့ သာသနာရေးအကြောင်း ဦးစားပေးရင်း လူမျိုးရေးနဲ့ နွှယ်လာ တယ်။ ဗုဒ္ဓဘာသာမကိုးကွယ်တဲ့ လူမျိုးတွေဟာ မိစ္ဆာဒိဋ္ဌိတွေဖြစ်တယ်လို့ ယိုးစွပ်လာကြတယ်။ ဗုဒ္ဓဘာသာကို မချီးမြှောက်တဲ့ အစိုးရမင်းဟာလည်း တိုင်းပြည် သစ္စာဖောက်ဖြစ်တယ်လို့ ရိပ်ဖမ်းသံဖမ်း ဟောပြောလာကြတယ်။

ဒုဋ္ဌဂါမဏိ နဲ့ အသောကသည် ဘယ်လို ဘယ်ကဲ့သို့

ရှေးအတိတ်ကာလတွေမှာဆိုရင် “ဒုဋ္ဌဂါမဏိ”ဘုရင်ကြီးဟာ ဘယ်လို ဘယ်ကဲ့သို့၊ “အသောက” ဘုရင်ကြီးဟာ ဘယ်လိုဘယ်ကဲ့သို့လို့ ပမာပြုဟော ပြောပြီး ရှင်ဘုရင်တွေ၊ မင်းအစိုးရတွေ သာသနာအပေါ်မှာ ချီးမြှောက်ချင်စိတ် ပေါက်လာအောင် စည်းရုံးသိမ်းသွင်း တာမျိုး လုပ်လာတယ်။ ဒီတော့ ဗုဒ္ဓဘာသာကို ကြီးမှူးနေတဲ့ သာသနာဝန်ထမ်း ဘုန်းကြီးတွေကြားမှာ နိုင်ငံရေးနဲ့ နှီးနွှယ်ပတ်သက်လာတဲ့ ဖြစ်ရပ်တွေ အမြောက်အမြား ဖြစ်လာ တယ်။ ဒီလိုနဲ့ တိုင်းပြည်တည်ဆောက်ရေးမှာလည်း အာဏာစက်နဲ့ ဓမ္မစက်ကို ပူးတွဲ တည်ထောင်ရတယ် ဆိုတဲ့အမြင်မျိုး ကိန်းဝပ်လာတယ်။ ဘုန်းကြီးတွေရဲ့ အမြင်မှာ “ငါ့ကို ကိုးကွယ်တဲ့ အစိုးရမင်း အာဏာရတာ၊ ငါ အာဏာရတာနဲ့ အတူတူပဲ” ဆိုတဲ့ ဆရာ – ဒကာ ဆက်ဆံရေး အမြင် အားကြီးလာတယ်။ 

တို့… ဘုန်းကြီးတွေလည်း အရေးပါတယ် အရာရောက်စေရမယ်ဆိုတာမျိုး

ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းဆိုသည်မှာလည်း၊ ရှင်အရဟံလို ရဟန်းနဲ့ ပူးတွဲပြီး နိုင်ငံတည်ဆောက်ရေးကို လုပ်ခဲ့တာဖြစ်တယ်လို့ ညွှန်းပြပြီး၊ ခေတ်သစ်နိုင်ငံတည်ဆောက်ရေးမှာ “တို့…ဘုန်းကြီး”တွေ လိုအပ်သကွ… ဆိုတာမျိုး လုပ်လာကြတယ်။ ဒီလိုနဲ့ ဘုန်းကြီးလူတန်းစားဟာ မြန်မာနိုင်ငံအတွင်းမှာ အခရာကျတဲ့၊ အထက်တန်းလွှာကျတဲ့၊ အရေးပါတဲ့ လူတန်းစားတစ်ရပ်လို ဖြစ်လာတယ်။ ဒီဘုန်းကြီးလူတန်းစားကို အသုံးချပြီးတော့ အာဏာကိုင်ထားတဲ့ အာဏာပိုင်တွေကလည်း လူထုကို ကျောသပ် ရင်သပ် ချောမြှူဖို့ တဖြည်းဖြည်း သုံးစွဲလာခဲ့ကြတယ်။ ဒီလိုနဲ့ ဘာသာရေးနဲ့ နိုင်ငံရေးဟာ အပြန်အလှန် အညမညသဘော မှီခိုဖြစ်တည်ပြီး လူ့အဖွဲ့အစည်း ကို ထိန်းအုပ်လာကြတာတွေ့ရတယ်။

ရီနေးဆန့်ခေတ်ကို ရောက်လာတဲ့ မြန်မာ

ဗုဒ္ဓဘာသာက ဟောပြောသွန်သင်တဲ့ အဘိဓမ္မာနဲ့ အတွေးအခေါ်တွေကိုသာ အစဉ်တစိုက် စားသုံးလာတဲ့ ဗမာ့လူ့ အဖွဲ့အစည်းဟာ ခေတ်တွေ စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ အတွေးအခေါ် အယူအဆသစ်တွေနဲ့ နီးစပ်လာခဲ့ ကြတယ်။ ဘာသာရေးမှိုင်းကို ဖောက်ထွက်လွန်ဆန်နိုင်မယ့် ဒဿနနဲ့ အယူအဆတွေကို စားသုံးတတ်လာခဲ့ကြ တယ်။ အထူးသဖြင့် လူ့အဖွဲ့အစည်းကို မှိုင်းတိုက်ပြီး ကျွန်လို သေဝပ်ခိုင်းတဲ့အတွေးအခေါ် အယူအဆတွေကို​ တော်လှန်လာတတ်ကြတယ်။ ပထမဆုံး ဒီလိုတော်လှန်သောအတွေးအခေါ်လှိုင်းဟာ မြန်မာနိုင်ငံကို စတင် ရိုက်ခတ်လာခဲ့တယ်။ အဲဒီလှိုင်းကတော့ လက်ဝဲအတွေးအခေါ်ဖြစ်ပါတယ်။ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု နဲ့အတူ တော်လှန်သောလက်ဝဲအတွေးအခေါ်ဟာ ကျယ်ပြန့်လာတယ်။ ၎င်းအတွေးအခေါ်နဲ့အတူ၊ ဖောက်ထွက် သော အမြင်တွေနဲ့ ကြောင်းကျိုး ဝေဖန်ဆန်းစစ်တတ်သောဓလေ့ဟာ တဖြည်းဖြည်း ထွန်းကားလာတယ်။

ဓမ္မန္တရာယ်တဲ့လား

လက်ဝဲဝါဒီ နိုင်ငံရေးသမား စာရေးဆရာ သိန်းဖေမြင့်ဟာ ဘုန်းကြီးတွေရဲ့ အကျင့်ပျက်မှုတွေကို မီးမောင်းထိုးပြ ထားတဲ့ “တက်ဘုန်းကြီး” ဝတ္ထုကို ရေးသူဖြစ်လာရခြင်း အကြောင်းတရားမှာ၊ ယခု ကျနော် ထောက်ပြတဲ့ အချက်လည်း အပါအဝင် ဖြစ်နိုင်ပါတယ်။ ပါလီမန်ဒီမိုကရေစီခေတ်လယ်လောက်တုန်းကလည်း လက်ဝဲကွန်မြူနစ် ဝါဒကို ဗုဒ္ဓဘာသာနဲ့ တိုက်ပေးပြီးတော့ ဓမ္မန္တရာယ် အဖြစ် သမုတ်တာမျိုး၊ ဝါဒဖြန့်တာမျိုးတွေတောင် လုပ်ခဲ့ကြသေးတယ်။ တော်လှန်သောဝါဒကို ဘာသာ သာသနာ အကျိုးစီးပွားအရ အလို မရှိတဲ့သဘော။ ဒါပေမယ့်လည်း စာပေ ယဉ်ကျေးမှု အနုပညာတွေရဲ့ လွတ်လပ်သော အတွေးအခေါ်တွေရဲ့ ကျေးဇူးပြုမှုက ကြီးထွားလာခဲ့တယ်။ ဒီလိုနဲ့ တဖြည်းဖြည်း မြန်မာ့လူ့အဖွဲ့အစည်းမှာ ဘာသာရေးကို မြင်ကွင်း ကျယ်ကျယ်နဲ့ ရှုမြင်လာတဲ့ လူတန်းစားအလွှာဟာ တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာခဲ့ပါတယ်။ ဒီလိုလူတန်းစား အလွှာထဲမှာလည်း ခေတ်ပညာတတ်နဲ့ လူ့အဖွဲ့အစည်းအပေါ် တစ်စုံတစ်ရာ လွှမ်းမိုး ဟောပြော ရေးသားနိုင်သူတွေ တစ်စတစ်စ ပေါ်ပေါက်လာခဲ့တယ်။ ၎င်းတို့ရဲ့ ရေးသားချက်နဲ့ ပြောဆိုချက်တွေကို လူထုဟာ ဆင်ခြင်နိုင်စွမ်း ရှိလာ တယ်။ ကောင်း၏ ဆိုး၏…. မှား၏ မှန်၏ … ဆိုတာကို ခွဲခြားသုံးသပ်လာနိုင်ကြတယ်။ ဒီလိုနဲ့ ဘာသာရေးနယ်ထဲ က ဘုန်းကြီးတွေရဲ့ အမူအကျင့်တွေကို အမှုမဲ့အမှတ်မဲ့ မမြင်တော့ဘဲ၊ ဘယ်လို နေထိုင်ကျင့်ကြံမှ ကိုးကွယ်ထိုက် တယ်ဆိုတာမျိုးအထိ လူအများဟာ သုံးသပ်လာနိုင်ကြတယ်။

အကြောင်း အကျိုး အကောင်း အဆိုး အမှား အမှန်

လူအများစုကြီးဟာ ဘုန်းကြီးသံဃာ​တွေ လိုက်နာရတဲ့ ဝိနည်းသိက္ခာပုဒ်တွေကိုသာ အားလုံး မသိချင် မသိမယ်၊ ဘုန်းကြီးတွေရဲ့ အပြောအဆိုနဲ့ အမူအကျင့်တွေဟာ ကျင့်ဝတ်ရှိရဲ့လား…၊ ဓမ္မနဲ့ ကိုက်ညီရဲ့လားဆိုတာကို အလိုလို အကဲဖြတ်နိုင်တဲ့ စွမ်းရည် ရှိလာတယ်။ ဒီလိုပဲ…. ပြောခွင့်ဆိုခွင့်ကလည်း တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတယ်။ လူအများစုဟာ ဘာသာရေးမှိုင်းကို လွန်ဆန် ဖောက်ထွက်ဖို့ ကြိုးစားလာကြတယ်။ ကိုးကွယ်ယုံကြည်မှုဟာ လက်တွေ့ဘဝနဲ့ ပိုနီးစပ်လာတယ်။ ဘာသာရေးကို ကိုးကွယ်ယုံကြည်မှုသက်သက်အတွက်သာ မထားတော့ဘူး။ ဒါဟာ လက်တွေ့ကျသော / ဝေဖန်စောကြောသင့်တဲ့ အရာလို့ မြင်လာတယ်။ ခေတ်ကာလကိုယ်၌ကလည်း လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်နဲ့ ပြောခွင့်ဆိုခွင့်၊ လုပ်ခွင့်ကိုင်ခွင့်၊ လေ့လာခွင့်ဆည်းပူးခွင့်ကို ပိုကျယ်အောင် လုပ်ပေးလာနိုင်တော့ လူတွေရဲ့ အသိဉာဏ်ကလည်း အစဉ်အလာ ရှေးရိုးစွဲအတွေးအခေါ်တွေနဲ့သာ ပိတ်မိနေတာ မျိုး မဟုတ်တော့ဘူး။ တဖြည်းဖြည်း ကျယ်ပြန့်လာတယ်၊ စူးရှလာ တယ်။ လူ့အဖွဲ့အစည်းထဲမှာ အုပ်စုသဘောကို လွန်ဆန်ပြီး ပြောရဲ၊ ဟောရဲ၊ ရေးရဲသားရဲ၊ ဝေဖန်ရဲတဲ့ သတ္တိ​တွေ ကိန်းအောင်းလာတယ်။ “သင်္ကန်းပတ်ထားရုံနဲ့” ဖင်ပူးခေါင်းထောင်ပြီး ထိုင်ရှိခိုးတတ်တဲ့အကျင့် မရှိတော့ဘူး။ “ငါ လက်အုပ်ချီရမယ့်သူဟာ ဘယ်လိုလူမျိုးလဲ…. ငါထိုင်ရှိခိုးတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လို အကျင့်သီလမျိုးရှိသလဲ” ဆိုတာကို ကောင်းကောင်းဆန်းစစ်လေ့လာတဲ့ ဉာဉ်ရလာတယ်။ ဒီဉာဉ်မျိုးကိုလည်း ငရဲနဲ့ခြောက်တာမျိုး လုပ်လို့ မရတော့ဘူး။ လူထုဟာ လည်လာတယ်။ လူထုဟာ မအတော့ဘူး။

ဆိတ်ကွယ်ရာမှာ မဟုတ်တာ

တစ်ဖက်မှာလည်း၊ ခေတ်သစ် လူမှုကွန်ယက် မီဒီယာ ပလက်ဖောင်းဟာ ကျယ်ပြန့်လာတယ်။ လူတစ်ဦးချင်းစီ လက်ထဲမှာ မိုဘိုင်းဖုန်းတစ်လုံးစီ ရှိလာတယ်။ မိုဘိုင်းဖုန်းတစ်လုံးဟာ သေနတ်တစ်လက်ထက် ပိုအစွမ်းထက် တယ်။ လူ့အသိဉာဏ်ကို လှုပ်နှိုးပစ်လိုက်တယ်။ ဘယ်နေရာမှာ ဘာဖြစ်တယ်၊ ဘယ်သူ ဘယ်ဝါ ဘာလို ဘာ့ကြောင့်ဆိုတာကို ဖုံးကွယ်ထားဖို့ ခက်လာတယ်။ အရင်တုန်းကတော့ …. သူတော်စင်ဆိုသူတွေဟာ လူရှေ့မှာ တစ်မျိုး၊ လူ့ကွယ်ရာမှာ တစ်မျိုး….။ နောက် အမျိုးမျိုး ဖြစ်ချင်ဖြစ်နေကြတယ်။ သို့သော်လည်း လူတွေ လက်ထဲက ဖုန်းတွေက လူအများရှေ့ ရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို စောင့်ကြည့်လာတယ်။ အကဲဖြတ်လာတယ်။ ဓမ္မပလ္လင်ပေါ် တက်နေတဲ့ ဘုန်းကြီးတွေကိုလည်း ဓမ္မတွေ ဟောနေတာ ဟုတ်ရဲ့လား၊ မှန်ရဲ့လား၊ သင့်ရဲ့လားလို့ အကဲဖြတ်လာ နိုင်ကြတယ်။ ဒီလိုနဲ့ ဘုန်းကြီးတွေလည်း ယခင်လို မနေသာတော့ဘူး။ ဘုန်းကြီးတွေလည်း အနေကျုံ့လာတယ်။

ဘုန်းကြီးတွေကို ထိန်းကျောင်းတဲ့ မိုဘိုင်းဖုန်း

ခေတ်အခြေအနေက ဘုန်းကြီးတွေကို နေသာခွင့် မပေးတော့ဘူး။ နေချင်သလို နေလို့ မရတော့ဘူး။ လုပ်ချင်သလို လုပ်လို့ မရတော့ဘူး။ ပြောချင်သလို ပြောလို့ မရတော့ဘူး။ ဘုန်းကြီးတွေကို ထိန်းကျောင်းနေတာဟာ ဗုဒ္ဓဟောကြားပညတ်ထားတဲ့ ဝိနည်းသိက္ခာပုဒ်တွေတင် မဟုတ်တော့ ဘူး၊ လူတွေလက်ထဲမှာ ရှိတဲ့ မိုဘိုင်းဖုန်းတွေ ကလည်း ဘုန်းကြီးတွေကို ထိန်းကျောင်းလာကြတယ်။ ဘုန်းကြီးတွေဟာ မိုဘိုင်းဖုန်းတွေရဲ့ စောင့်ကြည့်မှုကိုလည်း မခံလိုဘူး၊ ဝိနည်းသိက္ခာပုဒ်ကိုလည်း မလိုက်နာလို တော့ဘူး။ ဒီတော့ ဘုန်းကြီးတွေကိုယ်၌က လူတွေ လွတ်လပ်လာတာ၊ ပြောရေးဆိုခွင့် ကျယ်လာတာကို သူတို့အတွက် အန္တရာယ်လို့ မြင်ကောင်း မြင်လာကြတာတွေ လည်း ရှိလိမ့်မယ်။ အရင်လို ရှေးရိုးအတိုင်း နေထိုတာမျိုး၊ ဘာသာ သာသနာရဲ့ အဆုံးအမကို စောဒကမတက်ဘဲ မြေဝယ်မကျ နားထောင်ဆိုတာတွေ ပြန်လိုချင်လာတယ်။ ပြန်လိုအပ် လာတယ်။ ဒီတော့ တိုင်းပြည်အတွင်းမှာ ရှေးဟောင်းကို ပြန်သွားမယ့်၊ ရှေးခေတ်ကို ပြန်သွားမယ့် နိုင်ငံရေးအင်အား စုကို မြှောက်ထိုးပင့်ကော်တွေ လုပ်လာတယ်။ ဒီလိုနဲ့ လူထုကို လွတ်လပ်ခွင့် ပြောခွင့်ဆိုခွင့် မပေးချင်တဲ့ အစိုးရမင်းတွေနဲ့ ဘုန်းကြီးတွေဟာ ပလဲပနံ သင့်လာတယ်။ ပေါင်းဖက်မိလာကြတယ်။ ဒီလိုမှလည်း အနေချောင်ချင်တဲ့ ပုထုဇဉ်ဘုန်းကြီးတွေ နေသာလာမယ်၊ နေပျော်လာမယ် မဟုတ်လား။

အနေချောင်ချင်ကြတယ်

ပုထုဇဉ်ရဲ့သဘောကလည်း သေခါမှ ကြပ်ရော။ နေရစဉ်တော့ ချောင်ချင်တာပေါ့။ ဒါ့ကြောင့်လည်း ဘာသာရေးနဲ့ နိုင်ငံရေးပူးတွဲပြီးတော့ လူ့အဖွဲ့အစည်းကို ကျွန်ဇာတ်သွင်းဖို့ ဝက်အူရစ်တွေ တင်းလာကြတယ်။ လူထုကို ဩဇာ ညောင်းတဲ့ ဘုန်းကြီးဟာ ရှေးခေတ်ကို ပြန်သွားချင်တဲ့ အစိုးရမင်းနဲ့ ပေါင်းပြီး အကျိုးစီးပွားတူ စျေးညှိတာတွေ ခပ်များများ လုပ်လာကြတယ်။ လွတ်လပ်ပွင့်လင်းပြီး ဆင်ခြင်တုံတရား နိမ့်ပါးတဲ့ ရှေးရိုးစွဲ လူအုပ်စုကတော့၊ ဒီလုပ်ရပ်တွေကို ယုတ္တိမှားတွေထဲကနေ မျက်မှန်စိမ်းတပ်ပြီး ကြည့်နေကြတယ်။ ထို့နောက် လက်ခုပ်သံတွေနဲ့ သာဓုခေါ်သံတွေနဲ့ ပဲ့တင်ထပ်ပြီး အမှန်တရားကို ဖုံးအုပ်ပစ်လိုက်ကြတယ်။

လူတွေ ကိုယ်၌ကလည်း အမှန်တရားကို မကြားရတော့။ လက်ခုပ်သံကိုသာ ကြားရတော့တယ်။ လက်ခုပ်သံ နည်းခြင်းများခြင်းနဲ့ အမှား အမှန်ကို သတ်မှတ်လိုက်တော့တယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီး အများစုကလည်း အမှန် တရားအတွက် မဟောကြားတော့ဘူး။ လက်ခုပ်သံအတွက်သာ ဟောတော့တယ်။ ဒါဟာ တိုင်းပြည် ပျက်ကြောင်းနဲ့ သာသနာ ပျက်ကြောင်း အထောက်အပံ့တွေ ဖြစ်နေတယ်ဆိုတာ လူတွေ ကျယ်ကျယ်ပြန့်ပြန့် သိနားလည်ဖို့ ကောင်းပြီ။

မင်းသေ့

နံနက် ၁၀း၂၆

၁၀ ၊ ဧပြီ၊ ၂၀၂၂။

Previous post အနာဂတ်စီမံကိန်း      
Next post “ကိုဝ” နှင့် သူ၏ စာအုပ်