လူနဲ့ တိရိစ္ဆာန် အကြား ကွာခြားချက်တွေ အများကြီး ရှိပါတယ်။ အဲသည့်ထဲက အဓိက တစ်ခုကို ပြောချင်ပါတယ်။ “စဉ်းစားနိုင်စွမ်း” လို့ ပြောရပါလိမ့်မယ်။ လူနဲ့ တိရိစ္ဆာန်အကြား ကွာခြားချက်တွေမှာ၊ စဉ်းစားနိုင်စွမ်းဟာ လူရယ်၊ တိရိစ္ဆာန်ရယ်ဆိုတာကို လုံးဝပေါင်းစည်းလို့ မရအောင် စည်းခြားထားတဲ့အချက်ဖြစ်ပါတယ်။ ဒီနေရာမှာ အချိန် ကာလကို စဉ်းစားနိုင်စွမ်း ဆိုတာကို ပြောချင်ပါတယ်။

လူ နှင့် တိရိစ္ဆာန်

တိရိစ္ဆာန်ဟာ အတိတ်ကို မစဉ်းစားနိုင်ဘူး။ အနာဂတ်ကို မစဉ်းစားနိုင်ဘူး။ လူကတော့ အတိတ်ကိုလည်း စဉ်းစားနိုင်တယ်။ အနာဂတ်ကိုလည်း စဉ်းစားနိုင်တယ်။ လက်ရှိ ပစ္စုပ္ပန်ကိုလည်း စဉ်းစားနိုင်တယ်။ လူဟာ ဖြစ်ခဲ့တာကိုလည်း ပြန်စဉ်းစားနိုင်တယ်။ ဖြစ်နေတာကိုလည်း စဉ်းစား နိုင်တယ်။ ဖြစ်လာရမယ့်အရာတွေ အတွက်လည်း စဉ်းစားနိုင်တယ်။ ဖြစ်လာမယ့်အရာတွေအတွက် စဉ်းစားနိုင်လို့ လည်း “အနာဂတ်စီမံကိန်း” တွေ ဆိုတာ ပေါ်လာရတာ။ လူ့စိတ်နဲ့ လူ့ဦးနှောက်ဟာ အနာဂတ်မှာ ဘာဖြစ်ချင်တယ်၊ ဘာဖြစ်နိုင်တယ်၊ ဘာဖြစ်ဖို့လိုတယ်ဆိုတာကို စဉ်းစားနိုင်တယ်။ ဒီလိုစဉ်းစားပြီး အနာဂတ်အတွက် လုပ်စရာရှိတာတွေကို ပြင်ဆင်တော့တာပဲ။

တိရိစ္ဆာန်မှာတော့ အဲဒီလို မဟုတ်ဘူး။ တိရိစ္ဆာန်ဟာ နောင် မနက်ဖြန် ဆိုတာကိုလည်း မစဉ်းစားနိုင်ဘူး။ နောက်တစ်လမှာ ဘာလုပ်မယ်၊ ဘာဖြစ်မယ်ဆိုတာလည်း မစဉ်းစားနိုင်ဘူး။ လူကတော့ အဲသည်လို မဟုတ်ဘူး။ လူဟာ မနက်ဖြန်အတွက် စဉ်းစားနိုင်စွမ်း ရှိတယ်။ နောက်တစ်နှစ်မှာ ဘာဖြစ်ချင်တယ်၊ ဘာလုပ်မယ်၊ ဘယ်လို လုပ်မယ်ဆိုတာကို စဉ်းစားနိုင်စွမ်း ရှိတယ်။ လူ့ရဲ့ စဉ်းစားနိုင်စွမ်းဟာ ဘယ်လောက်မြင့်သလဲဆိုရင် နှစ်ပေါင်း (၁၀) နှစ်၊ နှစ် (၂၀)၊ (၃၀) (၄၀)။ နှစ်ပေါင်း (၅၀) (၁၀၀) လောက်အထိ စဉ်းစားနိုင်စွမ်း ရှိတယ်။ တကယ့် ဂျီးနီးယက်စ် တွေဆိုရင် နောင် နှစ်ပေါင်း ရာနဲ့ချီအထိတောင် စဉ်းစားနိုင်စွမ်း ရှိတယ်။ လူတွေရဲ့ စဉ်းစားနိုင်စွမ်းဟာ အကန့် အသတ် မရှိဘူး။ လူတစ်ယောက်ချင်းဆီရဲ့ ကိုယ်စွမ်းကိုယ်စနဲ့ အရည်အချင်းအပေါ်မှာ မူတည်ပြီး ဖြစ်လာတယ်။

ဘာသာရေးအရ ချည်းကပ်ကြည့်ရင် လူဟာ နောင်ဘဝအတွက်တောင် စဉ်းစားနိုင်စွမ်း ရှိတယ်။ လူ့ရဲ့ စဉ်းစားနိုင် စွမ်းဟာ အဲသည့်လောက် မြင့်တယ်။

လူ့ကိုယ်စွမ်းကိုယ်စ

လူဟာ အနာဂတ်ကို စဉ်းစားနိုင်စွမ်း ရှိတဲ့နေရာမှာ၊ ဘယ်သတ္တဝါမှ လိုက်မမှီ အောင် ဖြစ်တယ်။ လူတွေဟာ အနာဂတ်အတွက် သူတို့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်နိုင်စွမ်းရှိတယ်။ ဒီလို အကောင်အထည် ဖော်နိုင်ဖို့ လူဟာ စွန့်လွှတ်စွန့်စားနိုင်တယ်။ အောင့်အီးနိုင်တယ်။ အဆုံးရှုံးခံနိုင်တယ်။ ရင်းနှီးမြှုပ်နှံတာတွေ လုပ်နိုင်တယ်။ လောလောဆယ် သာယာမှု ပျော်ရွှင်မှုကို စတေးပြီးတော့ အနာဂတ်အတွက် ဖြစ်လာမယ့်အရာကို မျှော်လင့်ပြီး ကြိုးစားအားထုတ်နိုင်စွမ်း ရှိတယ်။ တိရိစ္ဆာန်ကတော့ အဲသည်လို မဟုတ်ဘူး။ လောလောဆယ် သူ့ရဲ့ အာသာချင်ခြင်းကိုပဲ သူ သတိတယ်။ သူ အိပ်ချင်ရင် အိပ်လိုက်တယ်။ သူ စားချင်ရင် စားစရာကို မရမက ရှာပြီး စားလိုက်တယ်။ သူပြေးချင်ရင် ပြေးတယ်။ သူမှိန်းနေချင်ရင် မှိန်းနေတယ်။ လူကတော့ အဲသည်လို မဟုတ်ဘူး။

အောင့်အီးနိုင်တယ်၊ ရင်းနှီးမြှုပ်နှံနိုင်တယ်

အနာဂတ်မှာ သူဖြစ်ချင်တဲ့အရာ၊ သူ ဆွဲထားတဲ့ အနာဂတ်စီမံကိန်းအတွက် အိပ်ချင်ရင်လည်း မအိပ်ဘူး။ မအိပ် မနေ ကြိုးစားတယ်၊ လုံ့လထုတ်တယ်။ အနာဂတ်စီမံကိန်းအတွက် အထောက်အပံ့ဖြစ်မယ်ဆိုရင် သူ စားချင်တာ တောင် မစားဘူး။ အောင့်အီးနေတယ်။ သူ သုံးချင်တာရှိရင်လည်း မသုံးဘူး။ သည်းခံထားတယ်။ ရင်းနှီးမြှုပ်နှံထား တယ်။ လူဟာ အနာဂတ်မှာ ဖြစ်ရမယ့် သူ့မျှော်လင့်ချက်အတွက် စွန့်စားနိုင်တယ်။ ပေးဆပ်နိုင်တယ်။ အဆုံးရှုံးခံ ရမယ့်အရာကို အဆုံးရှုံးခံနိုင်တယ်။ ​“ပျော်ရာမှာ မနေ၊ တော်ရာမှာ နေ” ဆိုတဲ့ စကားဟာ လူမှာသာ ရှိတယ်။ တိရိစ္ဆာန်ကတော့ သူ ပျော်ရာမှာ သူ နေတယ်။ ဒီနေရာမှာ လူတွေရဲ့ စေခိုင်းခြင်း မွေးမြူခြင်း ခံရတဲ့ တိရိစ္ဆာန်တွေ ကတော့ ပျော်ရာမှာကို နေလို့ မရဘူး။ မနေချင်လည်း နေ၊ နေချင်လည်း နေ။ လူကတော့ လွတ်လပ်တယ်။ သူ ပျော်ရာမှာလည်း သူ့စိတ်သဘောထားအတိုင်း ရှာကြံပြီး နေနိုင်တယ်။ သူ ဖြစ်ချင်တာ၊ သူ လုပ်ချင်တာ၊ သူ ရောက် ချင်တာအတွက် အပျော်ကို အောင့်အီးပြီး သင့်တော်တဲ့နေရာမှာ သည်းခံပြီး နေရမယ်ဆိုရင်လည်း နေနိုင်တယ်။

လူ့ရဲ့ စဉ်းစားနိုင်စွမ်းဟာ အချိန်နဲ့ပတ်သက်ပြီး ခပ်များများ ရှိပါတယ်။ ဒါတောင် လူတစ်ယောက်နဲ့ တစ်ယောက် အချိန်ကာလနဲ့ပတ်သက်ပြီး စဉ်းစားနိုင်စွမ်း ကွာဟသေးတယ်။ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာလေး ရှိသေး တယ်။

  • “နိုင်ငံရေးသမားဟာ နောင်လာမယ့် ရွေးကောက်ပွဲကိုပဲ စဉ်းစားတယ်”
  • “နိုင်ငံ့ခေါင်းဆောင်ကတော့ တိုင်းပြည်ရဲ့ နောင် နှစ်ပေါင်း (၅၀) (၁၀၀) လောက်အထိ စဉ်းစားသတဲ့”

ရေတို – ရေရှည်အမြင်

လူမှာတောင် ရေတိုအမြင်နဲ့ ရေရှည်အမြင် ကွာခြားချက်ရှိနေတာကို ပြောတာဖြစ်ပါတယ်။ ခေါင်းဆောင်တွေမှာ လည်း ထိုနည်းလည်းကောင်းပဲ။ စစ်ရေးခေါင်းဆောင်တွေမှာဆိုရင်လည်း တိုက်ပွဲတစ်ပွဲအတွက်ပဲ စဉ်းစားတဲ့ ခေါင်းဆောင်တွေ ရှိတယ်။ စစ်ပွဲကြီးတစ်ခုလုံးအတွက် စဉ်းစားတဲ့ခေါင်းဆောင်တွေ ရှိတယ်။ မဟာဗျူဟာအမြင်နဲ့ နည်းဗျူဟာအမြင် ကွာခြားချက်ဟာ သူ့နေရာနဲ့ သူ အသုံးဝင်တယ်။ ဒါပေမယ့် လူဟာ ဉာဏ်အမြော်အမြင်ကြီး လာလေလေ၊ ရေရှည်ကို ပိုစဉ်းစားနိုင်စွမ်း ရှိလာလေလေ ဖြစ်ပါတယ်။

လူမျိုးတစ်မျိုးကို ဦးဆောင်နေတဲ့ ခေါင်းဆောင်ဖြစ်ဖြစ်၊ တိုင်းပြည်တစ်ခုကို ဦးဆောင်နေတဲ့ ခေါင်းဆောင်ဖြစ်ဖြစ် သူ့ရဲ့ အနာဂတ်အမြင် (တနည်း) သူ့ရဲ့ အနာဂတ်စဉ်းစားချက်ဟာ သိပ်အရေးကြီးတယ်။ သာမန်အားဖြင့်တော့၊ ကိုယ့်လူ့အဖွဲ့အစည်းအတွက် နောင်လာမယ့် (၁၀) နှစ်၊ နှစ် (၂၀) လောက်မှာ ဘယ်လို ဖြစ်ရမယ်၊ ဘယ်လိုဖြစ်သင့် တယ်ဆိုတဲ့ အမြင်ဟာ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းကို ရှိထားရမယ့် အရာဖြစ်ပါတယ်။ ကြုံသလို ကြည့်ကျက်လုပ် (က သုံးလုံး) ပေါ်လစီဟာ ဘောင်မဝင်ဘူး။ ခေါင်းဆောင်တစ်ယောက်ဟာ ကြုံသလိုကြည့်ကျက် လုပ် ပေါ်လစီကို ကျင့်သုံးနေပြီဆိုရင်တော့ သူ့ရဲ့ ဉာဏ်အထွာကို မှန်းဆနိုင်ပါပြီ။

ကာယကံမြောက် အားထုတ်မှု

ဒါပေမယ့် များသောအားဖြင့် လူတွေဟာ စဉ်းစားနိုင်စွမ်း ရှိပေမယ့် သိပ်မစဉ်းစားကြဘူး။ စဉ်းစားတယ်ဆိုတဲ့ လူတွေထဲမှာတောင် ရောက်တတ်ရာရာ တွေးတာပဲ ရှိတယ်။ စဉ်းစားခြင်းနောက်ဆက်တွဲအနေနဲ့ ဆုံးဖြတ်ပြီးတာ ကို ကာယကံမြောက် လုပ်တာ မရှိဘူး။ လူအတော်များများကို အနာဂတ်မှာ ဖြစ်ချင်တာတွေ ရှိပါတယ်။ သို့သော်လည်း ဒါတွေအတော်များများဟာ စိတ်ကူးယဉ်တယ်ဆိုတာနဲ့ပဲ ပြီးသွားတယ်။ ငါ ဖြစ်ချင်တဲ့ အိပ်မက် တစ်ခုပေါ့ကွာ ဆိုတာနဲ့ပဲ ပြီးသွားတယ်။ အိပ်မက်တွေဟာ တကယ် မဖြစ်လာဘူး။ အဲဒါ ဘာ့ကြောင့်လဲဆိုတာ့၊ အိပ်မက်တွေကို ကာယကံမြောက်အဆင့်ထိ မမြှင့်တင်နိုင်လို့ပါ။ တကယ့် လူစွမ်းကောင်းတွေကတော့ အိပ်မက် တွေကို တကယ်ဖြစ်အောင် လုပ်နိုင်တယ်။ တကယ်ဖြစ်အောင် လုပ်တဲ့နေရာမှာလည်း အိပ်မက်တွေမှာ အချိန် အတိအကျ သတ်သတ်မှတ်မှတ် ရှိတယ်။ ဘယ်အချိန်မှာ ဖြစ်ရမယ်။ နောင် ဘယ်နှနှစ်မှာ ဖြစ်ရမယ် ဆိုတာမျိုး တိတိကျကျ ရှိတယ်။ ကြိုးစားကြည့်တာပေါ့၊ လုပ်ကြည့်မယ်လေ….၊ ဖြစ်ရင်လည်း ကောင်းတာပေါ့… ဆိုတာမျိုး မရှိဘူး။ တကယ်ဖြစ်ချင်ရင် တကယ်လုပ်တယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုလျှင်

လူတွေထဲမှာ အိပ်မက်တွေ စိတ်ကူးတွေသာ ရှိကြတာ၊ လူတိုင်းဟာ အိပ်မက်တွေဟာ အိပ်မက်တွေ အဖြစ်ပဲ ဖြစ်ကြ တာများပါတယ်။ စိတ်ကူးတွေကလည်း စိတ်ကူးတွေအတိုင်းသာ ဖြစ်ကြတာများပါတယ်။ စိတ်ကူးတွေ အိပ်မက်တွေ တကယ်ဖြစ်လာအောင် အင်မတန်နည်းသော လူအနည်းစုလေးကသာ လုပ်နိုင်တာပါ။ အဲသည့် လူအနည်းစုတွေထဲမှာလည်း တိုင်းပြည်နဲ့ လူမျိုးနဲ့ သက်ဆိုင်တဲ့ အိပ်မက်တွေဆိုတာ ဝေလာဝေး။ ကိုယ့်တစ်ကိုယ် စာ အိပ်မက်တွေကိုတောင် မနည်း လိုက်လုပ်နေရတာ။ အဲသည့်အထဲမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် မက်တဲ့ အိပ်မက်တွေကတော့ အရင်းအနှီး ကြီးမှာပေါ့။

သို့သော်လည်း ….

  • တကယ်ဖြစ်ချင်ရင် တကယ်လုပ် အဟုတ်ဖြစ်ရမည်….။

မင်းသေ့

ည ၈း၁၂

၁၂၊ ဧပြီ၊ ၂၀၂၂။

Previous post မနုဿဗေဒ
Next post ဘုန်းကြီးတွေ အနေကျုံ့လာတယ်