အကြောင်းအရာတစ်ရပ်၊ ဖြစ်ရပ်တစ်ခု၊ ကိစ္စတစ်ခု၊ တစ်စုံတစ်ခု အပေါ်မှာ အကောင်းမြင်မလား။ အဆိုးမြင်မလား။ သို့တည်းမဟုတ်… အရှိတရားကို မြင်အောင်ကြည့်ဖို့ ကြိုးစားမလား။ အခြေခံအားဖြင့် ဒေါင့် (၃) ဒေါင့်ကနေရှုမြင် တဲ့ အကြမ်းဖျင်း၊ ယေဘုယျသဘော။

အလုပ်ဒေါင့်က ကြည့်ပြီး၊ ပြောလို့ ရနိုင်တဲ့ စကားတစ်ခု ရှိတယ်။

  • အကောင်းမြင်သူဟာ လေယာဉ်တီထွင်တယ်။
  • အဆိုးမြင်သူကတော့ လေထီးတီထွင်တယ်။

မြေပေါ်လမ်းလျှောက်နေတဲ့လူတွေ၊ ငှက်တွေလို မိုးပေါ်ပျံဝဲနိုင်ရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ အကောင်းမြင် စိတ်နဲ့ လေယာဉ်ကို တီထွင်တယ်။ လေယာဉ်တီထွင်တဲ့အပေါ် အဆိုးမြင်တဲ့သူကတော့ – လေယာဉ်ပျက်ကျရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အမြင်နဲ့ လေထီးကို တီထွင်တယ်။ တကယ်တော့ နှစ်ယောက်စလုံးက အလုပ်သမား။ အပြောသမားတွေ မဟုတ်ဘူး။ တကယ် အလုပ်လုပ်နေတဲ့သူတွေဆီမှာ ရှိနေတဲ့ အဆိုးမြင်ဟာလည်း အသုံးဝင် တယ်။

အလုပ်လုပ်နေသူသာ လိုတယ်

တကယ်အလုပ်လုပ်နေတဲ့သူတွေဆီမှာ ရှိနေတဲ့ အကောင်းမြင်စိတ်ဟာလည်း အသုံးဝင်တယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ အဆိုးပဲမြင်ပြီး ဒီအတိုင်း ငုပ်တုတ်ထိုင်နေသူတွေ မဟုတ်လို့ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အကောင်းပဲမြင်ပြီး ဒီအတိုင်း မှိန်းနေတဲ့သူတွေ မဟုတ်လို့ ဖြစ်တယ်။ တကယ်အလုပ်လုပ်နေသူသာ ဖြစ်ပါစေ…။ အကောင်းမြင်ခြင်းပဲ ဖြစ်ဖြစ်၊ အဆိုးမြင်ခြင်းပဲ ဖြစ်ဖြစ် လူ့အဖွဲ့အစည်းအတွက် အသုံးဝင်ပါတယ်။ ဘာအလုပ်မှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဘဲ ဘေးထိုင် ဘုပြော ကန့်လန့် ဖောင်းထု – သောက်တင်းပြော။ ဒီလူတွေကိုတော့ အလုံးစုံ လျစ်လျှူရှုနိုင်ပါတယ်။ ခွေးဟောင်တိုင်း ထကြည့်စရာ မလို။ ပညာရှိသူတော်ကောင်း မကဲ့ရဲ့အောင်တော့ သတိထားကြိုးစားလုပ်ကိုင်ကြရမယ်။ ဒါဟာ ရှုဒေါင့်တစ်ခု။

ဒဂုန်တာရာ့ အဘိဓမ္မာ

နောက်တစ်ခုက ဒဂုန်တာရာရဲ့ ရှုမြင်ချက်။ ဒဂုန်တာရာက အခုလို ရေးဖူးတယ်။

  • အကောင်းမြင်၊ အဆိုးမြင်။ ယင်းအမြင်နှစ်ရပ်စလုံးသည် အစွန်းတစ်ဖက်ဆီသို့ ရောက်နေကြသည်။ အကောင်းချည်းမြင်ကာ ကျေနပ်နေလျှင်လည်း ရှေ့တက်စရာမလိုတော့။ အဆိုးချည်းမြင်ကာ စိတ်ပျက် နေလျှင်လည်း လမ်းစပျောက်နေမည်။ အားလုံးရပ်နေကြရလိမ့်မည်။
  • …အကောင်းဆိုတာချည်းလည်း မဖြစ်နိုင်။ အဆိုးဆိုတာချည်းလည်း မဖြစ်နိုင်။ ကမ္ဘာကြီးသည် အကောင်း အဆိုး ဒွန်တွဲလျက် ရှိပေသည်။ ပြောင်းလဲခြင်းဓမ္မတာဟူရာ၌ ပြုပြင်ပြောင်းလဲရေးနှင့် တော်လှန်ပြောင်း လဲရေး။ ပြုပြင်ရေးစနစ်က ဖာထေးခြင်း။ တော်လှန်ရေးကတော့ စနစ်ဟောင်းထက် ကောင်းသော စနစ် သစ်ကို အစားထိုးခြင်း။ ကမ္ဘာပေါ်တွင် ယင်းပြောင်းလဲရေးတရား (၂) မျိုးဖြင့် လှုပ်ရှားနေကြသည် မဟုတ်လား။ (ဒဂုန်တာရာစာ ဒဂုန်တာရာစကား၊ အောင်မြင်ဦး၊ ၂၀၁၄ ၊ စာ ၃၉)

ဒဂုန်တာရာရဲ့ အဘိဓမ္မာဒေါင့်ကတော့၊ သဘာဝတရားရဲ့ရှုဒေါင့်က ကြည့်မြင်တယ်။ လောကသဘာဝအ အကောင်းအဆိုး ဒွန်တွဲနေတာ ဓမ္မတာပဲ။ အကောင်းလည်း ရှိမယ်။ အဆိုးလည်း ရှိမယ်။ အကောင်းဒေါင့်မှာ ရပ်ခံ နေရင်လည်း ကျေနပ်ပြီး မှိန်းနေတတ်တယ်။ ဒီတော့ ရှေ့ရောက်မှာ မဟုတ်ဘူး။ ဘာမှ တိုးတက်ပြောင်းလဲပြီး ဖြစ်လာစရာ မရှိဘူး။ ဘာလို့လဲဆိုတော့ သူက တည်ဆဲအခြေအနေအပေါ်မှာ အကောင်းမြင်ပြီး သဘောကျ နှစ်ခြိုက်နေတယ်။ မကျေမနပ်မဖြစ်ဘူး။ မကျေနပ်မှု မဖြစ်ရင် အပြောင်းအလဲဟာ မဖြစ်ဘူး။ အပြောင်းအလဲ အတွက် မကျေမနပ်ဖြစ်ဖို့ လိုတယ်။ တော်လှန်ရေးဆိုတာ မကျေနပ်မှုရဲ့အသီးအပွင့်ပဲ လို့ ဆိုတယ် မဟုတ်လား။

အကယ်၍ အဆိုးမြင်ရင်လည်း ဘာကို ကြည့်ကြည့်၊ ဘာကို မြင်မြင် အပျက်တွေးပဲ တွေးလိမ့်မယ်။ ဘာလုပ်လုပ် ဖြစ်မှာ မဟုတ်ပါဘူး။ မဖြစ်နိုင်ပါဘူး…ဆိုတဲ့ ရပ်ခံချက်နဲ့ ကြည့်နေလိမ့်မယ်။ ဒီတော့ စိတ်ပျက်နေလိမ့်မယ်။ လမ်းစပျောက်နေလိမ့်မယ်။ ရပ်တန့်နေလိမ့်မယ်။ ကြိုးစားတုံ့ပြန်လုပ်ဆောင်တာမျိုး မလုပ်ဖြစ်ဘူး။ အဲသည့် အခါ ပြောင်းလဲတိုးတက်ခြင်းဟာ ဘယ်တော့မှ ရောက်မလာ။ ဘယ်တော့မှလည်း ပြောင်းလဲတိုးတက်ခြင်း ဖြစ်မှာ မဟုတ်။ အဆိုးမြင်လို့ အပျက်ပျက်တွေးတွေးပြီး ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တာမျိုးပဲ ဖြစ်ကောင်းဖြစ်လာနိုင် တယ်။

ပြောင်းလဲခြင်း ရှုဒေါင့်

အကောင်းမြင်စိတ် ရှိသလား။ အကောင်းမြင်စိတ်နဲ့ တစ်ခုခုကို ကြိုးစား ကြံဆ လုပ်ဆောင်နေပါ။ လူ့အဖွဲ့အစည်း အတွက် အကျိုးဖြစ်ပါတယ်။ အဆိုးမြင်စိတ်ရှိသလား။ အဆိုးမြင်စိတ်နဲ့ တစ်ခုခုကို ကြိုးစား ကြံဆ လုပ်ဆောင်နေ ပါ။ လူ့အဖွဲကအစည်းအတွက် အကျိုးဖြစ်ပါတယ်။ ဘာအလုပ်မှ ကြိုးစားလုပ် နေခြင်းမရှိတဲ့သူအဖို့၊ အဆိုးမြင်ခြင်း ကလည်း လောကကို ကောင်းကျိုး မပြုနိုင်၊ အကောင်းမြင်ခြင်းကလည်း လောကကို ကောင်းကျိုး မပြုနိုင်။ တစ်ခုခု တော့ ကြိုးစားလုပ်ဆောင်နေကြရမှ ကောင်းမယ်။

ဒဂုန်တာရာ မိန့်တဲ့ ဒဿနထဲမှာ၊ အီဗော်လူးရှင်းနည်းနဲ့ ပြောင်းလဲခြင်းကို ပြောထားတယ်။ ရီဗော်လူးရှင်းနည်းနဲ့ ပြောင်းလဲခြင်းကို ပြောထားတယ်။ ဘယ်လိုနည်းနဲ့ ပြောင်းကြရမလဲဆိုတာတော့ ကိုယ့်နည်းနာနဲ့ ကိုယ်၊ ကိုယ့်ဗျူဟာနဲ့ ကိုယ် ဖြစ်လိမ့်မယ်။

အီဗော်လူးရှင်းနည်းကတော့ – စနစ်ကို ဖာထေးခြင်း  လို့ မြင်တယ်။ ရီဗော်လူးရှင်းနည်းကတော့ – စနစ်ဟောင်းထက် ကောင်းသော စနစ်သစ်ကို အစားထိုးခြင်း လို့ မြင်တယ်။ ဘယ်လိုပြောင်းလဲတိုးတက်ချင်သလဲဆိုတာသာ ရွေးချယ် ရမှာ ဖြစ်တယ်။ ပြုပြင်ဖာထေးခြင်းနဲ့ ပြီးမြောက်မယ်ဆိုရင် ဖာထေးတဲ့အလုပ်ကို လုပ်ရမယ်။ အဟောင်းကို ဖယ်၊ အသစ်ကို အစားထိုးမှ ပြီးမြောက်မယ်ဆိုရင် အစားထိုးလဲလှယ်ရမယ်။ ဒါဟာ တော်လှန်ရေးပဲ ဖြစ်တယ်။

စေတနာ၏ တုံ့ပြန်မှု

နောက်ဆုံးမှာ၊ ပန်းချီဆရာကြီး စာရေးဆရာကြီး ဝင်းဖေ ရဲ့ ဒဿနဲ့ နိဂုံးချုပ်ချင်ပါတယ်။ ဆရာ ဦးဝင်းဖေဟာ သူ သွန်သင်ဆုံးမခံခဲ့ရဖူးတဲ့ ဒဿနအမြင်တစ်ခုကို ပြောပြဖူးပါတယ်။ အခုလို….

  • တစ်တောလုံးတစ်တောင်လုံး မီးဟုန်းဟုန်းတောက်ပြီး လောင်ကျွမ်းနေတဲ့ တောမီးကြီး တစ်ခုထဲကို၊ တောမီးကြီး ထပ်လောင်ပါစေတော့လို့သိန်းငှက်တစ်ကောင်က မီးကျီးခဲလေး တစ်ခဲ သယ်လာချပေးတယ်။ ချိုးငှက်လေးတစ်ကောင်ကတော့ တောမီးကြီး ငြိမ်းပါစေတော့လို့ နီးစပ်ရာ ချောင်းလေးက ရေတစ်စက် တစ်ပေါက်ကို သယ်လာပြီး တောမီးကြီးကို ငြိမ်းတယ်။
  • အင်မတန် ကြီးမားတဲ့ တောမီးကြီးထဲကို သိန်းငှက်တစ်ကောင်က မီးကျီးခဲလေး တစ်ခဲ လာချလို့ တောမီးကြီးက ထူးပြီး လောင်ကျွမ်းမသွားပါဘူး။ ထိုနည်းလည်းကောင်းပဲ… ချိုးငှက်လေးတစ်ကောင်က သူ့ခြေထောက်မှာ ရေစွတ်ပြီး ရေလေးတစ်စက်တစ်ပေါက်နဲ့ တောမီးကြီးကို ငြိမ်းလို့လည်း တောမီးကြီးက ထူးပြီး နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။
  • သို့သော် ထူးတာ တစ်ခုတော့ ရှိတယ်။ အဲဒါက စေတနာ၊ စိတ်ဓာတ်။ မီးကျီးတစ်ခဲ သယ်လာတဲ့ကောင်နဲ့ ရေတစ်စက်သယ်လာတဲ့ကောင်ရဲ့ကြားမှာ ကြီးကြီးမားမား ကွာဟနေတဲ့ စိတ်နှစ်ခုအကြားမှာ၊ ထူးခြားတဲ့ အကြောင်းအချက်ကြီး ရှိနေတယ်။

ဒါကတော့ ဆရာဦးဝင်းဖေ ပြန်ပြောတဲ့ စကားကို၊ ကျနော် ပြန်လည်ရေးသားထားတာဖြစ်ပါတယ်။ အနက် အဓိပ္ပာယ်အားဖြင့် မလွဲပါ။ စကားလုံးတော့ အတိအကျ မဟုတ်ပါ။ ဒီဥပမာကတော့ တိကျပါတယ်။

ဘယ်လို စေတနာ စိတ်ဇော

ဒီတော့ လူ့လောကမှာလည်း ထိုနည်းလည်းကောင်း။ တချို့သော ဖြစ်ရပ်ဆိုးကြီးတွေ ကြုံလာခဲ့တဲ့အခါ၊ တချို့ လူတွေက မီးကျီးတစ်ခဲ ယူလာတယ်။ တချို့လူတွေကတော့ ရေတစ်စက်ယူလာတယ်။ မီးကျီးတစ်ခဲကြောင့် တောမီးကြီးက ထူးပြီး ကြီးကြီးမားမား လောင်ကျွမ်းနိုင်မှာ မဟုတ်ပါ။ ရေတစ်စက်ကြောင့်လည်း တောမီးကြီး ငြိမ်းသွားနိုင်မှာ မဟုတ်ပါ။ သို့သော်လည်း စေတနာစိတ်ဇော ကွာဟမှုဟာ လူ့အဖွဲ့အစည်းကြီးကို၊ ပြောင်းလဲသွား စေလိမ့်မယ်။

ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဘယ်လို စိတ်နေစိတ်ဇောတွေနဲ့ ဘယ်လို တုံ့ပြန် ပြုမူနေကြသလဲ။ ဘယ်သူ ဟာ ဘယ်လို စေတနာစိတ်ဇောရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီး​ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

မင်းသေ့

နေ့လယ် ၃း၁၉

၃ ၊ ဒီဇင်ဘာ၊ ၂၀၂၂။

Previous post ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးနှင့် အားကစား
Next post ဖွံ့ဖြိုးမှုသို့ သွားရာလမ်း – တရုတ်