• ဒေါက်တာသန်းထွန်း၊ သုတေသနထုံး
  • စာအုပ်စျေးစာပေ၊ ပထမအကြိမ်
  • ၂၀၀၃ မေ။
  • သမိုင်းသုတေသနရေးသားနည်း။

ဒေါက်တာသန်းထွန်းသည် သမိုင်းသုတေသနကို တစ်သက်လုံးလုပ်သွားခဲ့သူဖြစ်ပါသည်။ သူ့ကို လူအများက သမိုင်းပညာရှင်ဟု ခေါ်ကြသည်။ ဒေါက်တာသန်းထွန်းကတော့ သူ့ကိုယ်သူ “သမိုင်းပညာရှာ” ဟုသာ ခံယူသည်။ ပညာရှင် မဟုတ်။ ပညာရှာဖြစ်သည်။ ကျနော် စီးရီးလိုက်ဖတ်သည့် စာရေးဆရာ၊ ပညာရှင်တချို့၏ စာအုပ်များ ရှိ ပါသည်။ မောင်စူးစမ်း၊ ကျော်ဝင်း၊ ဒေါက်တာအောင်ခင်၊ ဒေါက်တာမြင့်ဇော်၊ ဦးဇောတိက၊ ဒေါက်တာသန်းထွန်း။ ထိုသူတို့၏ စာအုပ်များကို အားလုံးနီးပါး ကျနော် စီးရီးလိုက်ဖတ်ပါသည်။ ၎င်းတို့၏ စာအုပ်အားလုံးကိုလည်း ကျနော် တကူးတက စုစည်းသိမ်းဆည်းပါသည်။ ကျနော့်၏ ခရေဇီများ (တနည်း) ကျနော့်အတွက် အရူးအမူးဖြစ်ရ သူများဟု ပြောလျှင် ရနိုင်ပါသည်။ သမိုင်းနှင့်ပတ်သက်လျှင် ဒေါက်တာအောင်ခင်၊ ဒေါက်တာသန်းထွန်းနှင့် ဒေါက်တာတိုးလှတို့၏ စာအုပ်များကို အများဆုံးဖတ်ဖြစ်ပါသည်။ ခေတ်ဟောင်းသမိုင်း၊ မြေထဲသမိုင်းကို ဒေါက်တာ သန်းထွန်း စာအုပ်များမှာ အဓိကတွေ့ရပါသည်။ ကျနော်သည် စာရေးဆရာတစ်ယောက်ဖြစ်သည့်အပြင်၊ သုတေသနအလုပ်ဖြင့် အသက်မွေးသူတစ်ယောက်ဖြစ်ပါသည်။ ကျနော်ရေးသည့်စာများ၌ သုတေသနနည်းကို အသုံးချသည်။ ကျနော် အများဆုံးရေးသားဖြစ်သော စာများမှာ၊ လူမှုနိုင်ငံရေးဝေဖန်ချက်ဆောင်းပါးများဖြစ်ပါ သည်။ မြန်မာ့နိုင်ငံရေးနှင့် မြန်မာ့လူမှုယဉ်ကျေးမှုများကို ကျနော် အထူးစိတ်ဝင်စားသည်။ ကျနော့်အတွက် သမိုင်း သည် အခြေခံရင်းမြစ်ကြီးဖြစ်ပါသည်။ ကျနော် ဖတ်သမျှ၊ လေ့လာသမျှ အားလုံးလိုလိုသည် သမိုင်းနှင့် ဆက်စပ် နေသည်။ နိုင်ငံရေးနှင့် ဆက်စပ်နေသည်။ စာပေနှင့် ဆက်စပ်နေသည်။ လူမှုဗေဒဖြင့် ဆက်စပ်နေသည်။ ဓလေ့စရိုက်များ၊ ယဉ်ကျေးမှုများဖြင့် ဆက်စပ်နေသည်။ ခေတ်စနစ်အပြောင်းအလဲများနှင့် ဆက်စပ်နေပါသည်။ ဤမျှသော ကျယ်ပြန့်ရှုပ်ထွေးသည့် နယ်ပယ်ကဏ္ဍများကို သုတေသနနည်းအားဖြင့် မချည်းကပ်နိုင်လျှင်၊ ရှင်းလင်း သော လေ့လာဆန်းစစ်ချက်များကို ရေးသားနိုင်စွမ်း ရှိမည် မထင်ပါ။ ထို့အတွက် သုတေသနသည် ကျနော် မဖြစ် မနေသုံးစွဲရသောနည်းနာတစ်ခုဖြစ်ပါသည်။

ဒေါက်တာသန်းထွန်း၏ သုတေသနထုံး စာအုပ်က မြန်မာပြည်၌ ရှားရှားပါးပါး စာအုပ်စာရင်းဝင်ဖြစ်ပါသည်။ သုတေသနရေးသားနည်းနှင့်ပတ်သက်၍ ရေးသားထားသော စာအုပ်တချို့ ရှိပါသည်။ ကျနော့်အဖို့ စနစ်တကျ၊ ရှင်းရှင်းလင်းလင်း၊ လိုရင်း တိုရှင်း၊ ထိထိမိမိ၊ တိတိကျကျ၊ အသေးစိတ် နည်းနာသဘောတရားများကို ပြဆိုသည့် စာအုပ်ဟူ၍ ဒေါက်တာသန်းထွန်းစာအုပ်တစ်အုပ်သာ တွေ့ဖူးပါသည်။ တခြားသောနယ်ပယ်ကဏ္ဍများ၌ ဒေါက်တာ သန်းထွန်းရေးသားပြုစုသော သုတေသနနည်းနာများကို သုံးစွဲနိုင်ပါသည်။ သို့သော် သမိုင်းသုတေသန၌ ထဲထဲဝင်ဝင် ပို၍ သုံးစွဲနိုင်ပါသည်။ သုတေသနထုံးမှ သုတေသနစာတမ်းရေးနည်း၊ သုတေသနကျမ်းရေးနည်း အပြင် သုတေသနအခြေခံဆောင်းပါးရေးနည်းများကိုပါ ကျနော် ရလိုက်ပါသည်။ စနစ်ကျသော သမိုင်းစာတမ်း၊ သမိုင်းကျမ်းများကို ရေးသားပြုစုရာ၍ ဒေါက်တာသန်းထွန်း၏ သုတေသနထုံးစာအုပ်က အင်မတန် အကျိုးများပါ သည်။ ကျနော့်အဖို့ သုတေသနအမြင် အယူအဆ သဘောထားများကိုပါ လေ့လာသင်ယူခွင့်ရခဲ့ပါသည်။ ဒေါက်တာ သန်းထွန်း၏ သုတေသနထုံးစာအုပ်မှာ ထူထူထဲထဲကြီး မဟုတ်ပါ။ ခပ်ပါးပါးမျှသာ ဖြစ်ပါသည်။ (၁၀) ချိုးဆိုဒ်ဖြင့် စာမျက်နှာ – ၁၄၀ ခန့်သာ ရှိပါသည်။ သို့သော် သုတေသနနည်းကို လေ့လာရာ၍ အဖိုးမဖြတ်နိုင်သော နည်းနာ နိဿယများကို ပေးသည်။

 ကျနော့်အတွက် အထူးလိုအပ်သည်မှာ အကယ်ဒမစ်အရေးအသားနည်းနာဖြစ်ပါသည်။ ကိုယ့်အားကိုယ်ကိုးလေ့ လာခြင်းအားဖြင့်သော်လည်းကောင်း၊ မန္တလေးတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနက သင်ကြားပေးမှုကြောင့် သော်လည်းကောင်း၊ ကျနော့် ဝင်ရောက်လုပ်ကိုင်ခဲ့သော သုတေသနအဖွဲ့အစည်း တချို့မှ ရခဲ့သော အတွေ့အကြုံ အားဖြင့်သော်လည်းကောင်း ကျနော့်အတွက် သုတေသနရေးထုံး၊ သုတေသနကျင့်ထုံးများသည် အနည်းငယ် အကျွမ်းတဝင်ရှိနေခဲ့ပါသည်။ သို့သော် စနစ်ကျသော သင်ကြားခံရမှုမျိုးကို များများစားစား မရခဲ့ဖူးပါ။ ဒေါက်တာ သန်းထွန်း၏ သုတေသနထုံးစာအုပ်ကနေသာ ခပ်များများ သင်ယူခဲ့ရပါသည်။

အထောက်အထား၊ အကိုးအကား၊ မှတ်စုမှတ်ရာ၊ ရေးသားတင်ပြပုံ၊ သရုပ်ခွဲပုံ၊ မှတ်တမ်းပြုစုပုံ၊ အနုမာနမှန်းဆ ချက် ဖော်ထုတ်ပုံနှင့် သုတေသနစာတမ်း ရေးသားရာ၍ စာပိုဒ်များကို သီပုံ၊ ဆက်ပုံ။ အောက်ခြေမှတ်စု၊ အခန်းဆုံး မှတ်စု၊ စသည်ဖြင့် ရေးသားပုံများကို အသေးစိတ် သိနားလည်ခွင့်ရသော စာအုပ်ဖြစ်ပါသည်။ ကျမ်းညွှန်းကို ဘယ်လို ရေးမယ်၊ အတိုမှတ်ကို ဘယ်လို ရေးမယ်၊ အကျဉ်းချုပ် ဘယ်လို ရေးရတယ်… စသည်ဖြင့် သေချာ သိနားလည်ခဲ့ရပါသည်။ အဖိုးအတန်ဆုံးမှာ၊ သမိုင်းသုတေသနကို တစ်သက်လုံး ဇောက်ချလုပ်ကိုင်သွားသော သမိုင်းသုတေသီပညာရှင်ကြီးတစ်ယောက်၏ ကျစ်လစ်၍ စနစ်ကျသော သုတေသနနည်းနာ၊ ကျင့်ထုံးကို စာအုပ် ပါးပါးလေးတစ်အုပ်တည်းဖြင့် အလုံးအရင်း သင်ယူခွင့်ရလိုက်ခြင်းဖြစ်ပါသည်။ ဤသို့သော အမြတ်အစွန်းလောက် ဘယ်လို အကျိုးအမြတ်က သာပါအုံးမည်နည်း။ ငွေကြေးများဖြင့် တိုင်းတာ၍ မရနိုင်ပါ။

ဒေါက်တာသန်းထွန်းဖြင့် အပြင်မှာ လူချင်း မတွေ့ဆုံဖူးပါ။ ဒေါက်တာသန်းထွန်းနှင့် ကျနော့်ဘဝသည် အလှမ်းဝေး လှ၊ အကြောင်းအကျိုးမသင့်လှပါ။ ကျနော် တက္ကသိုလ်ကျောင်းသားပေါက်စ ဘဝရှိတုန်းမှာပင်၊ ဒေါက်တာ သန်းထွန်းက ကွယ်လွန်သွားပါသည်။ နီးစပ်တာဆိုလို့ ကျနော်သည် မန္တလေးသားဖြစ်ပြီး ဒေါက်တာသန်းထွန်း သည် မန္တလေးတက္ကသိုလ်သို့ ခေတ္တလာရောက်နေထိုင်စဉ် ကွယ်လွန်သွားခြင်းဖြစ်ပါသည်။ မှတ်မှတ်ရရ၊ အမေလူထု ဒေါ်အမာ၏ မွေးနေ့သို့ သွားရန် မန္တလေးသို့ ရောက်နေစဉ် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု သိရပါသည်။ ဒေါက်တာသန်းထွန်းဖြင့် လူချင်း မဆုံတွေ့ဖူးသော်လည်း၊ ကျနော်သည် ဒေါက်တာသန်းထွန်း၏ စာအုပ်များဖြင့် သမိုင်းကို အသေးစိတ် လေ့လာနိုင်ခဲ့ပါသည်။ အထူးသဖြင့် ခေတ်ဟောင်းသမိုင်းကို ဒေါက်တာသန်းထွန်းစာအုပ် များမှ၊ လေ့လာသိရှိခဲ့ရသည်။ ဒေါက်တာသန်းထွန်းစာအုပ်များ၌ သမိုင်းအချက်အလက်များကို ဒုလိုက်ဒေးလိုက် တွေ့ခဲ့ရသည်။ မူရင်းအထောက်အထားများကို ရှာဖွေဖော်ထုတ်ထားသော သမိုင်းအချက်အလက်များဖြစ်ပါသည်။ တစ်ဆင့်ခံအချက်အလက်နှင့်အထောက်အထားများ ပါရှိသော်လည်း၊ ဒေါက်တာသန်းထွန်းသည် ရှေးဟောင်း သမိုင်းနှင့် ရှေးဟောင်းသုတေသနကို အထူးပြု ဖော်ထုတ်ခဲ့သော သုတေသီတစ်ယောက်၊ ပညာရှင်တစ်ယောက် ဖြစ်ပါသည်။ အထူးသဖြင့် ဒေါက်တာသန်းထွန်း၏ အရေးအသားက ကျနော့်ကို ဆွဲဆောင်ပါသည်။ အကယ်ဒမစ် အရေးအသားကို စကားပြောမူဖြင့် ရေးသည်မှာ တိုတောင်း ထိမိလှသည်။ ဝန်ခံရလျှင် ဒေါက်တာသန်းထွန်း၏ စာတိုင်းကို ကျနော် နားမလည်ပါ။ ရှေးဟောင်းသမိုင်းဖြင့် ကျနော် စူးစိုက်လေ့လာသည့်နယ်ပယ်မှာ အတန်ငယ် ဝေးကွာသောကြောင့်လည်းဖြစ်မည်။ သို့သော် တချို့သော သုတေသနစာတမ်းနှင့် သုတေသန ဆောင်းပါးများ သည် ကျနော့်အဖို့ အထူးအသုံးတည့်သည်။ အသုံးတည့်သည်ဟု ပြောရသည်မှာ အကြောင်းရှိပါသည်။ ကျနော့် စာရေးသားခြင်းအလုပ်၌ ဒေါက်တာသန်းထွန်းရေးသားပြုစုထားသော သမိုင်းသုတေသနစာတမ်းနှင့်ဆောင်းပါးများ ကို ခြေကုတ်ယူ ကိုးကားရေးသားနိုင်ခဲ့သောကြောင့်ဖြစ်သည်။ ကျနော့် လူမှုနိုင်ငံရေးဝေဖန်ချက်ဆောင်းပါးများ အတွက် အဓိကအရင်းအမြစ်ဟု ပြောလျှင် မမှားနိုင်။

စာရင်းတချို့ကို ဖော်ပြချင်သည်။

  • မြန်မာစာပေသမိုင်းအစ
  • ရွှေတိဂုံရက်စဉ်သမိုင်း
  • မြန်မာ့ဓလေ့
  • ဘာသာစကားနှင့် အရပ်ဒေသညှိပြီး တင်ပြသည့် ရှေးမြန်မာတို့အကြောင်း
  • သမိုင်းရဲ့ သမိုင်း
  • မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောထားအထွေထွေ
  • ဖတ်စာအုပ်သမိုင်း
  • မြန်မာစာပေသမိုင်းနှင့် ဆရာတော်များ
  • မြန်မာနိုင်ငံစိုက်ပျိုးရေး (အေဒီ ၁၀၀၀ – ၁၃၀၀)
  • မြန်မာနိုင်ငံဆိုင်ရာဗုဒ္ဓအနုပညာနဲ့ ဗိသုကာလက်ရာ
  • မြန်မာအနုပညာနဲ့ ဗိသုကာသမိုင်း
  • သမ္မာကျမ်းနဲ့ သမိုင်း
  • မြန်မာကျမ်းတို့ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍ ပုံနှိပ်ထုတ်ဝေခြင်းသမိုင်း
  • မြန်မာနိုင်ငံသုတေသနအသင်းကို စတင်တည်ထောင်ပုံ
  • သခင်ဋီကာရဲ့ နိုင်ငံရေးဩဇာ
  • ရှေးဦးမြန်မာစာ (၁၉၆၆)
  • ရှေးဦးမြန်မာစာပေသမိုင်း (၁၉၈၂)
  • စာညွှန့်ပေါင်းရဲ့ ရည်ရွယ်ချက် (၁၉၉၃၊ ဇွန်)
  • ရှေးဦးမွန်ကျောက်စာတွေ (၁၉၉၉၊ ဩဂုတ်)

ဒေါက်တာသန်းထွန်း၏ သမိုင်းဆောင်းပါးနှင့် စာတမ်းများမှ စာရင်းတချို့ဖြစ်ပါသည်။ ကျနော့်အတွက် အလွန် အထောက်အကူပြုသော ဆောင်းပါးနှင့် စာတမ်းများဖြစ်ပါသည်။ မူရင်းရင်းမြစ်အထိ မနှိုက်ထုတ်နိုင်သော ကျနော့် အဖို့၊ အရံသင့် ခူးပြီး ခပ်ပြီး အရင်းအမြစ်များဖြစ်သည်ဟု ပြောချင်ပါသည်။ ဤကိစ္စကို အညွှန့်ခူးသည်ဟု မပြောနိုင် ပါ။ ဦးနှောက်ဖောက်စားသည်ဟုလည်း ပြောလို့ မရပါ။ သုတေသန၏ ရည်ရွယ်ချက်နှင့် ဦးတည်ချက်မှာကိုက၊ ထပ်မံလေ့လာချင်သူတို့ ဆက်လက်လေ့လာဆည်းပူးနိုင်အောင် တိမ်မြုပ်နေသည်များကို ဖော်ထုတ်ပေးသွားခြင်း ဖြစ်ပါသည်။ ထိုနည်းလည်းကောင်း မတွေ့ရှိသေးသည်များကို အသစ်ရှာဖွေဖော်ထုတ်ပေးခြင်းဖြစ်ပါသည်။ ဤကား သုတေသန၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်ဖြစ်ပါသည်။ ဒေါက်တာသန်းထွန်းသည် လူထုလက်စွဲမဟုတ် သော သူ့၏ သုတေသနစာတမ်းနှင့်ဆောင်းပါးများကို တခုပ်တရ သဲကြီးမဲကြီး ဖတ်ရှုလေ့လာနေသော လူငယ် တစ်ယောက်ကို တွေ့လျှင် ကျေနပ်ပြုံးဖြင့် ပြုံးနေလိမ့်မည်ဟု ယုံကြည်ပါသည်။

ဒေါက်တာသန်းထွန်း၏ သုတေသနထုံးစာအုပ်မှ၊ ကောက်နုတ်ချက်တချို့ကို ဖော်ပြချင်ပါသည်။

  • အကြောင်းခြင်းရာတစ်ခုကို သုတေသနပြုတဲ့အခါ အင်မတန် စေ့စပ်သေချာရတယ်။ ဒီအကြောင်းအရာ တစ်ခုကို မရှာမိလို့ မသိတာနဲ့ မပြည့်မစုံဖြစ်ရပါတယ်လို့ နောင်မှ ဝန်ခံရရင် သိပ်ရှက်ဖို့ ကောင်းတယ်လို့ နားလည်ထားရမယ်။
  • စေ့စပ်သေချာချင်ရင် စူးစမ်းရှာဖွေတဲ့နယ်ကို ကျဉ်းရမယ်၊ စူးစမ်းရှာဖွေရမယ့် ကာလကိုလည်း တိုတိုပဲ သတ်မှတ်ရမယ်။
  • ရေးတဲ့အခါမှာလည်း ကိုယ် တင်ပြပြောဆိုတဲ့ အချက်တိုင်း အကိုးအကား အထောက်အထားခိုင်လုံရမယ်။ အထောက်အထားမပါရင် မရေရာဘူးလို့ အပြောခံရမယ်။ ယုံဖို့ ခက်တယ်လို့ ဆိုကြမယ်။ ပိုပိုသာသာ ချဲ့ထွင်ရေးမိရင်လည်း ယုံကြမယ် မဟုတ်ဘူး။ အတွေးနယ်ချဲ့လွန်းတယ်လို့ ကဲ့ရဲ့ကြမယ်။ အကြောင်း အကျိုး ဆက်စပ်ပြီး ဒီလိုဖြစ်သင့်တယ်လို့ ပြောခွင့်ရှိပါတယ်။ ဒါပေမဲ့ တွေးတော ဆုံးဖြတ်ချက်ကို အင်မတန် ချင့်ချိန်ပြီးမှ ရေးရမယ်။
  • တစ်ဖက်စီးနင်း ဘက်လိုက်လို့လည်း မဖြစ်ဘူး။ ကျေနပ်ရင် ချီးမွမ်းတာတွေ အပြည့်နဲ့ အလွန်အကျွံ မြှောက်တာ၊ ကာကွယ်တာ မပါစေနဲ့။ ဒီလိုပဲ မကျေနပ်စိတ်နဲ့ တစ်ဖက်ကို နှိမ်နင်း မရေးပါနဲ့။
  • ရှာရသမျှကို အများအသုံးချနိုင်အောင်၊ အမြန်ဖြန့်ရပါတယ်။ စာတမ်းရေးပြီး ပညာရှင်အဖွဲ့အစည်းတစ်ခုခု မှာ သွားဖတ်ရမယ်။ ပညာရှင်ဂျာနယ်တစ်စောင်စောင်မှာ ထည့်သွင်းရမယ်။ စာတစ်အုပ် အမြန်ဖြစ်အောင် စီစဉ်ရမယ်။ ကိုယ်ကလည်း သူတစ်ပါးရဲ့ စာဖတ်ဖတ်ပွဲကို သွားနားထောင်ရမယ်။ စာတမ်း စာစောင်တွေ ကို မပြတ်လေ့လာနေရမယ်။ အဲဒါမျိုးကိုပဲ ညှိနှိုင်းဆောင်ရွက်ခြင်းလို့ ပြောချင်ပါတယ်။
  • တစ်ဆင့်ခံနှင့် မူရင်းအထောက်အထားအားလုံးကို ကျေညက်အောင် ဖတ်ရှုကြပီး မှတ်စုယူရမယ်။
  • ကျမ်းစာရင်းလုပ်ပါလို့ ပြောမယ်။ အဲဒါ သုတေသနလုပ်ငန်းရဲ့ အစ ဖြစ်တယ်။ ကိုယ်ရေးချင်တဲ့ အကြောင်း အရောကို သူများတွေ ဘယ်လောက် သိကြပြီးပြီလဲ၊ ဘယ်လောက်များများ မသိဘဲ ကျန်သေးသလဲဆိုတာ ချင့်ချိန်ဖို့ကတော့ ဆိုင်ရာ ဆိုင်​ကြောင်း စာတွေကို ရှာဖတ်ရမှာ ဖြစ်ပါတယ်။ ဒီတော့ မဖတ်ခင်ကပဲ ဘာတွေ ဖတ်မယ်ဆိုတာ စာရင်းလုပ်ရပါတယ်။ နောက်တော့ ဖတ်ရင်းလည်း ဆက်ဖတ်ဖို့ စာရင်းဟာ ပွားလာပါလိမ့်ဦးမယ်။
  • ကိုးကားတဲ့ ကောက်နုတ်ချက်စာပိုဒ်တွေကို ပန်းကုံးသီသလို ဆက်စပ်ပြီး ကျမ်းတစ်စောင် ဖြစ်အောင် လုပ်ထားရင် (ကော်နဲ့ ကတ်ကြေးရှိရင် စာတစ်အုပ်ဖြစ်ရော) လို့ လူတကာကဲ့ရဲ့လိမ့်မယ်။ ဒီတော့ မူရင်း စာပိုဒ်အတိုင်း ကိုးကားချက်ဟာ အင်မတန် နည်းပါစေ။ ဒါကို သတိထားပါ။
  • မှတ်စုပိုင်မှ ကျမ်းပြီးမယ်လို့လည်း နားလည်ရမယ်။ ရေးတဲ့အခါ စေ့စပ်သေချာဖို့ဟာ မှတ်စုအပေါ်မှာ အများကြီး တည်တယ်။ မှတ်စုကို ကြည့်ပြီး သူ့ကို လိုချင်တဲ့ပုံ ပေါ်အောင် ဘယ်လို စပ်မယ်၊ ဘယ်လို ဆင်မယ်ဆိုတာ ကြံစည်ရမယ်။ ဒီတော့မှ ကိုယ်ပိုင်ပုံတစ်ခု ထွက်လာမယ်။ ကိုယ့်ကျမ်းက ဘယ်သူနဲ့မှ မတူတဲ့ ပုံစံသစ် ပုံစံကောင်းကို ရမယ်။ ကိုယ်တိုင်လည်း စာကူးစာရေးသက်သက် အဆင့်က လွန်လာမယ်။ ဒါ့ကြောင့် မှတ်စုကို တစ်ခါတရံ ကုန်ကြမ်းလို့ ခေါ်တယ်။ ကုန်ကြမ်းအတိုင်း ကုန်ချောရတယ်လို့လည်း စက်ရုံအလုပ်ရုံက ပြောတဲ့ စကားမျိုး ပြောတတ်ကြတယ်။

ဒေါက်တာသန်းထွန်း ပြောခဲ့ဖူးသည့်၊ “အသိသစ် အတွေးသစ် အမြင်သစ် မပါရင် စာအုပ်သစ် မရေးနဲ့” ဆိုတဲ့ အယူ အဆကို အထူးနှစ်သက်ပါသည်။ အသစ်ကို ဖော်ထုတ်နိုင်ခြင်း၊ အသစ်ကို ရှာဖွေနိုင်ခြင်းသည် သုတေသန၏ တန်ဖိုး ဖြစ်သည်။ တစ်ခါလာလည်း မဲပြာပုဆိုး ဆိုသည်ကို မလိုချင်ပါ။ ဒေါက်တာသန်းထွန်း၏ သုတေသနရှုထောင့်နှင့် အမြင်အယူအဆများသည် ကျနော့်အပေါ် လွှမ်းမိုးသည်။ ဒေါက်တာသန်းထွန်း သွန်သင်ခဲ့သော သုတေသန ကျင့်ထုံးများနှင့် ပညာရှင်ဓာတ်ခံကို အတုယူ၍ ရှေ့ဆက်နေပါသည်။

မင်းသေ့

ည ၁၀း၄၀

၁၀ ၊ ဒီဇင်ဘာ၊ ၂၀၂၁။

Previous post စစ်သေနင်္ဂဗျူဟာကျမ်း
Next post နိုင်ငံရေးစာအုပ်အညွှန်း