• မူရင်း – The ART of WAR by Sun-Tzu
  • ဆွန်ဇ၏ စစ်ပညာ
  • မြင့်သန်း – ဘာသာပြန်၊ တည်းဖြတ်၊ မှတ်ချက်ရေးသည်
  • မုံရွေးစာပေ၊ ပထမအကြိမ်။
  • ၂၀၁၂ စက်တင်ဘာလ။

မြင့်သန်း၏ စာများကို ကျနော် သိပ်မခံတွင်းမတွေ့ပါ။ ကျနော့်လိုင်းမဟုတ်တာလည်း ပါပါလိမ့်မည်။ သို့သော် မြင့်သန်းစာအုပ်များကို တကူးတက ကျနော် ဝယ်စုပါသည်။ မြင့်သန်းသည် သာမန်ညောင်ညအားထုတ်မှုမျိုးဖြင့် စာရေးသူမဟုတ်ဟု ကျနော် အလိုလိုခံစားမိထားသည်။ နောက်…၊ မြင့်သန်းဟာ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒ ကျောင်းထွက် တစ်ယောက်။ ဒဿနသမားတွေကို ကျနော် ချစ်သည်။ လေးစားသည်။ ကြည်ညိုသည်။ သူတို့ဆီက ထွက်လာသော အတွေးအမြင်တချို့သည် ကျနော့်အတွက် မက်လောက်စရာဖြစ်သည်။

  • မြန်မာမိန်းမစာရေးသူတို့၏ အရေးအသားအချို့ (၂၀၁၇)
  • ရောက်တတ်ရာရာ တရုတ်ပြည်မှ ပေးစာများ (၂၀၁၇)
  • မူရာကာမိ၏ ပြတင်းတစ်ပေါက်နှင့် အခြားဝတ္ထုတိုများ (၂၀၁၄)
  • စသည်၊ စသည်ဖြင့်… (၂၀၁၂)
  • မြင့်သန်းနှင့် အမေးအဖြေ (သို့မဟုတ်) အစားထိုးထားသောဘဝအတွက်စကားလုံးများ (၂၀၁၇)

ကျနော် စုဆောင်းထားသော မြင့်သန်း၏ စာအုပ်တချို့ဖြစ်ပါသည်။ တကယ်တမ်းဝန်ခံရလျှင်၊ မြင့်သန်း၏ တချို့ တင်ပြပုံအရေးအသားများကို ကျနော် နားမလည်ပါ။ ကြိုးစားဖတ်သော်လည်း ကြာရှည်အာရုံစူးစိုက်လို့ မရ။ သို့သော် တချို့ကို ကျနော် မြည်းကြည့်သည်။ တို့ကြည့်သည်။ အစဉ်အလာ စာရေးဆရာတို့၏ အရေးအသား တင်ပြပုံ အတွေးအခေါ်မျိုးမှ ဖောက်ထွက်သော စာများဟု ကျနော် နားလည်လိုက်ပါသည်။ ထိုနည်းလည်းကောင်း၊ ထပ်မံနားလည်ထားသည်မှာ၊ မြင့်သန်းသည် မြန်မာစာပေလောက၏ သိုးမည်း။

မြင့်သန်းဟာ မြန်မာစာပေလောကနှင့် သိပ်အဆက်အစပ် တည့်ပုံမပေါ်။ သူ့အရေးအသားကြောင့်များကြောင်း လည်းကောင်း၊ သူ့ဝေဖန်ချက်ကြောင့်သော်လည်းကောင်း၊ အားမနာတတ်သည့် သူ့ဉာဉ်ကြောင့်သော်လည်းကောင်း (သို့တည်းမဟုတ်) တစ်ခုခု ဖြစ်နိုင်ပါသည်။ ကျနော်တော့ မသိ။ မြင့်သန်းဟာ လူတွေနဲ့ သိပ်မတည့်ဘူးဟု ကြားဖူး သည်။ ဟိန်းလတ်၏ စာပေအင်တာဗျူးများထဲတွင်၊ မြင့်သန်း အင်တာဗျူးကို ဖတ်ဖူးသည်။ တကယ်တော့ ကလောင်သက်နုသေးသည့် အချိန်က အင်တာဗျူးဖြစ်မည် ထင်ပါသည်။ မြင့်သန်းသည် ယခုလို ဆင်ကလောင် မဖြစ်သေးသည့်အချိန်က ဖြစ်လိမ့်မည်။ မြင့်သန်း၏ ဘာသာစကားစွမ်းရည်ကို ကျနော် အားကျရပါသည်။ ကျနော် သိလို့ တတ်လို့ မဟုတ်ရပါ။ အစဉ်အလာမြန်မာစာပေလောကမှ ဖောက်ထွက်၍ အိုင်ဒီယာအတွေးအခေါ်သစ်၊ ရေစီးအသစ်ကို စာပေဖြင့် ကျေးဇူးပြုနိုင်စွမ်းရှိသည်ဟု ကျနော် ယူဆထားမိသည်။ မြင့်သန်းသည် မြန်မာပြည်မှာ နေသည်ဟု မထင်။ နိုင်ငံခြားမှာ နေထိုင်သူဖြစ်သည်။ မောင်မောင်ဇေယျာတို့နှင့်အတူ ကျောင်းနေဖက်များဖြစ် သည်ဟု ဖတ်ဖူးသည်။ စစ်အစိုးရလက်အောက်မှာ မနေလို၍ နိုင်ငံခြားသို့ ဖောက်ထွက်သွားသည်ဟု ကျနော် ထင်သည်။ သို့သော် မြန်မာလူထုအတွက် စာများကို အမြဲတမ်းလိုလို လှမ်းရေးနေသည်။ မြင့်သန်း၏ အမှာစာထဲ တွင်၊ ဆရာဇော်ဂျီ၏ ပြောက်ကျားစာရေးဆရာ ဆိုသည့်ဆောင်းပါးကို ဖတ်မိ၍ သဘောကျသောကြောင့် ပြောက်ကျားစာရေးဆရာအဖြစ် ခံယူပြီး စာများရေးဖြစ်ခဲ့သည်ဟု ဝန်ခံသည်ကို ဖတ်ရဖူးသည်။

မြင့်သန်းသည် သူ ခံယူထားသလို …

  • ပြောက်ကျားစာရေးဆရာလား
  • သို့တည်းမဟုတ် တော်လှန်သောစာရေးဆရာလား
  • သို့တည်းမဟုတ် ဝေဖန်ရေးစာရေးဆရာလား

မြင့်သန်း၏ ဘဝရုပ်ပုံလွှာနှင့် စာပေရုပ်ပုံလွှာကို စနစ်တကျ လေ့လာဆန်းစစ်ကြည့်မှ၊ အဖြေတစ်ခု ထွက်နိုင်မည်ဟု ထင်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ်၊ မြင့်သန်း၏ စာအုပ်များထဲမှ “ဆွန်ဇ၏ စစ်ပညာ” စာအုပ်ကို ကျနော် စွဲစွဲလမ်းလမ်း ဖတ်ဖြစ်ခဲ့တာ ကြာပြီ။ ဒီနေရာမှာ မြင့်သန်းက ဆွန်ဇ ဟု ဘာသာပြန်ပါသည်။ မြန်မာပြည်လူထု၌မူ၊ ဆွန်ဇူး (သို့မဟုတ်) ဆွန်ဇု ဟု နားရည်ဝနေပါပြီ။ ကျနော်ကိုယ်တိုင်လည်း ဆွန်ဇူးဟူသော အမည်ကိုသာ နားယဉ်နေပါ သည်။ မြင့်သန်းက ဘာသာပြန်လိုက်တော့ – “ဆွန်ဇ” ဖြစ်သွားပါသည်။ The Art of War ဆိုသည်ကို မြင့်သန်းက “စစ်ပညာ” ဟု ရိုးရှင်းစွာ ဖလှယ်ပါသည်။ တချို့ကလည်း ကြီးကြီးကျယ်ကျယ် ခန့်ခန့်ထည်ထည် ဖြစ်ချင်ဟန် တူသည်။ သေနင်္ဂဗျူဟာ ဟု ဘာသာပြန်သည်ကို တွေ့ဖူးသည်။ စစ်ရေးအနုပညာဟု ဘာသာပြန်သည်ကိုလည်း ဖတ်ဖူးပါသည်။ Art ကို အနုပညာဟု တိုက်ရိုက်ဖလှယ်၍ မပြောင်းမလဲ သုံးစွဲသည်ကို မြင့်သန်းက အလိုရှိဟန် မတူ။ သူ့စာအုပ်ထဲတွင် ဝေါဟာရ အနက်သဘောနှင့်ပတ်သက်ပြီး၊ လွဲမှားသော ဘာသာပြန်ဆိုချက်များကို ထိထိမိမိ ဝေဖန်ထောက်ပြထားတာ ဖတ်ရဖူးသည်။ ထားတော့။

မြင့်သန်းသည် တရုတ်စစ်သူကြီး ဆွန်ဇ၏ စစ်သေနင်္ဂဗျူဟာကျမ်းကို ဘာသာပြန်သည်၊ တည်းဖြတ်သည်၊ မှတ်ချက်ရေးသည်။ ဤစာအုပ်၌ အားထုတ်မှု (၃) မျိုးရှိကြောင်း ပေါ်လွင်စေသည်။ ဘာသာပြန်ခြင်း၊ တည်းဖြတ် ခြင်း၊ မှတ်ချက်ရေးခြင်း။ ဘာသာပြန်ခြင်းကတော့ ဟုတ်ပါပြီ။ တည်းဖြတ်ခြင်းဆိုတာ ဘာကို တည်းဖြတ်သည်ဟု ထင်ပါသလဲ။ မြန်မာပြည်စာပေလောက၌ ရှေ့ရှေ့က ထုတ်ဝေခဲ့သော ဆွန်ဇူး၏ စစ်ရေးအတွေးအခေါ် ဘာသာပြန် စာအုပ်ပါးလေးများ ရှိသည်။ စာဖတ်သမားတိုင်းလိုလို ဖတ်ဖူးသည့် စာအုပ်တစ်အုပ် ရှိပါသည်။ ထိုစာအုပ်မှ၊ လုံးချ ရွှီးချ၊ ဖြီးချ၍ လွဲမှားသော ဘာသာပြန်ချက်များကို မြင့်သန်းက ချက်ကျလက်ကျ ထောက်ပြ၍ အမှားပြင်၊ ဝေဖန် ထားသည်ကို တွေ့ရပါသည်။ ထိုနည်းလည်းကောင်း မူရင်း တရုတ်ဘာသာမှ ဖလှယ်ထားသော အင်္ဂလိပ်လို ဘာသာပြန်စာအုပ်များတွင်လည်း၊ လွဲမှားသည်များ ရှိနေပါသည်။ ဤသည်များကို တိုက်ဆိုင်စစ်ဆေး၍ ဘာသာ ပြန်ခြင်း၊ တည်းဖြတ်ခြင်း၊ မှတ်ချက်ရေးခြင်းအလုပ်ကို မြင့်သန်းက တကူးတက အားထုတ်ထားတာတွေ့ရပါသည်။ ဤအချက်သည်ပင် စာအုပ်၏ မူရင်း အနှစ်ချုပ်တန်ဖိုးတွေထဲက တစ်ခုဟု ယူဆပါသည်။

မြင့်သန်းသည် ရန်ကုန်တက္ကသိုလ် ဖီလိုဆိုဖီကျောင်းသားတစ်ယောက်ဖြစ်ခဲ့ခြင်းကြောင့် တက္ကသိုလ်တွင် အနောက် တိုင်း ဒဿနနှင့်အရှေ့တိုင်း ဒဿနများကို သင်ကြားခဲ့ဖူးသူဖြစ်ပါသည်။ အရှေ့တိုင်းဒဿနများကို လေ့လာရာတွင်၊ တရုတ်နှင့် အိန္ဒိယမှ ဒဿနပညာရှင်များ၊ တွေးခေါ်ပညာရှင်များကိုလည်း မုချ လေ့လာခဲ့ရမည် ဖြစ်သည်။ တရုတ် တွေးခေါ်ပညာရှင်များထဲတွင်၊ ကွန်ဖြူးရှပ်၊ မိန်းရှပ် နှင့် ဆွန်ဇတို့သည် ထင်ရှားသောတွေးခေါ်ပညာရှင်များအဖြစ် ပါဝင်နေပါသည်။ အထူးသဖြင့် ဆွန်ဇသည် စစ်သူကြီးတစ်ဦးဖြစ်ခဲ့ပြီး၊ သူ့၏ စစ်ရေးအယူအဆနှင့် စစ်ရေးအမြင် များကို ရေးသားမှတ်တမ်းတင်ထားခဲ့ပါသည်။ အနောက်တိုင်းတွင် ကလော့ဇဝပ်၏ စစ်ရေးဒဿနများကို အားထား လေ့လာရသလို၊ အရှေ့တိုင်းတွင် ဆွန်ဇ၏ စစ်ရေးဒဿနများကို အားထားလေ့လာရပါသည်။ ယနေ့ အနောက်နိုင်ငံ ကြီးများဖြစ်သော အမေရိကန်နှင့် အင်္ဂလန်က ဝက်စ်ပွိုင့်နှင့် ဆင်းဟက်ပ်ဆိုသည့် စစ်တက္ကသိုလ်များ၌ ဆွန်ဇ ၏ စစ်ရေးအတွေးအခေါ်များကို ထည့်သွင်းသင်ကြားရပါသည်။ ဆွန်ဇ၏ စစ်ရေးအတွေးအခေါ် (တနည်း) စစ်ပညာ ကျမ်းသည် အတွေးအခေါ်၊ ဒဿနနယ်ပယ်၌လည်း အကြုံးဝင်သလို၊ စစ်ရေးမဟာဗျူဟာ၊ နည်းဗျူဟာများနှင့် လည်း တိုက်ရိုက်ဆက်စပ်နေပါသည်။ မြင့်သန်းသည် မြန်မာပြည်တွင် ထုတ်ဝေထားသော ဆွန်ဇူးနှင့်ပတ်သက် သည့် ဘာသာပြန်စာအုပ်များထဲ၌ နန္ဒာသိန်းဇံ ရေးသားထားသော စီးပွားရေးနှင့် စစ်ရေးပညာ ဆိုသည့် စာအုပ်ကိုမူ ဝေဖန်ရန် လက်ရှောင်ထားတာတွေ့ရပါသည်။ စီးပွားရေးဖြင့် ချိတ်ဆက်ရေးသားထားသောကြောင့်ဟု အကြောင်း ပြချက်ပေးသည်။ သို့သော် ရန်ကုန်တက္ကသိုလ် ဖီလိုဆိုဖီပါမောက္ခ ဒေါက်တာသိန်းဇံ မို့လို့များ၊ အကြောင်းပြချက် ကောင်းအောင် လက်ရှောင်ထားခြင်းလားဟု ထင်ချင်စရာ ရှိသည်။ မြင့်သန်းကတော့ ဒေါက်တာသိန်းဇံကို သူ့၏ ကျူတာဖြစ်ခဲ့ဖူးသူဟု အမှာစာမှာ ရေးထားသည်။ ထားတော့။ တကယ်တမ်း ပြောရလျှင် နန္ဒာသိန်းဇံ၏ စီးပွားရေးနှင့် စစ်ရေးပညာ စာအုပ်နှင့် မြင့်သန်း၏ ဆွန်ဇ၏ စစ်ပညာစာအုပ်သည် ကျနော် သဘော အကျဆုံး စာအုပ်နှစ်အုပ်ဖြစ်ပါသည်။

မြင့်သန်း၏ ဆွန်ဇ၏ စစ်ပညာစာအုပ်၌ ထူးခြားချက်များ အများအပြား ရှိသည်။ ပထမတစ်ချက်ကို အရင် ပြောချင် ပါသည်။ ဘာသာပြန်သူ၏ အမှာစာ၌၊ ဆွန်ဇ၏ စစ်ပညာကို ဘာသာပြန်သည်မှာ (၈) နှစ်သာသာ ကြာခဲ့ပါသည် ဟု ဝန်ခံထားပါသည်။ (၈) နှစ်ဟူသော အတိုင်းအတာကာလသည် အင်မတန်များပြားသော အချိန်ကာလဖြစ်ပါသည်။ မြင့်သန်းလိုလူမျိုးတစ်ယောက်အနေဖြင့်၊ တခြားသော ပေါ့ပေါ့ပါးပါး စိတ်လိုလက်ရ ရေးသော ဆောင်းပါးများ၊ စာများကို စာအုပ်တစ်အုပ်စာခန့် ရေးရသည်မှာ သိပ်ကြာမည် မထင်ပါ။ ကျနော်လို သေးသေးမွှားမွှားကလောင် သမားကတောင် ရေးဖို့ မခက်ဟု ယူဆလျှင်၊ မြင့်သန်းလို လူတစ်ယောက်အတွက် သိပ်ခက်ခဲမည် မထင်ပါ။ သို့သော် ဆွန်ဇ၏ စစ်ပညာစာအုပ်သည် မူရင်းကလည်း ကမ္ဘာသိ၊ နိုင်ငံတကာသိ စာအုပ်ဖြစ်သလို။ ကမ္ဘာအရပ်ရပ် ၌ ပျံ့နှံ့သိရှိပြီးသော စာအုပ်မျိုးဖြစ်သည်။ ဆွန်ဇကိုယ်တိုင်ကလည်း တရုတ်ဒဿနတွေးခေါ်ရှင်စာရင်းမှာ ပါဝင်နေ သည်။ မူရင်းဌာနေဖြစ်သော စစ်ရေးနယ်ပယ်တွင်လည်း အင်မတန် အရာရောက် ပေါက်မြောက်သော အတွေး အခေါ်ဒဿနမျိုးဖြစ်နေပြန်သည်။ နိုင်ငံတကာနိုင်ငံအသီးသီး၏ စာပေနယ်ပယ်မှာ ဆွန်ဇ၏ အတွေးအခေါ်နှင့် ဆက်စပ်၍ စစ်ရေး၊ စီးပွားရေး၊ နည်းဗျူဟာ၊ မဟာဗျူဟာ၊ ဒဿန စသည်တို့အကြောင်း စာအုပ်အမျိုးမျိုး ရေးသား ထုတ်ဝေခဲ့ပြီးဖြစ်သည်။ မြန်မာပြည်၌မူ မြင့်သန်း၏ ဘာသာပြန်ချက် ပေါ်မလာခင်က တို့ကနန်းဆိတ်ကနန်း ရွှီး ဖောထားသော ဘာသာပြန်စာအုပ်အပါးလေးတွေကိုသာ ဖတ်နေရသည်။ မြင့်သန်း ဘာသာပြန်ချက် ထွက်လာ​ တော့မှ၊ ဟုတ်ပြီကွ… ဟု ကြွေးကြော်နိုင်ခြင်းဖြစ်သည်။

မြင့်သန်းကြုံတွေ့ခဲ့သော ဖြစ်ရပ်ကို အမှာစာတွင် ရေးသားထားသည်။ ဤအချက်ကို ကြည့်ပါ။

  • …ရှန်ဟိုင်းမြို့တွင် အမှတ်မထင် မြန်မာပြည်မှ ထွက်ခွာလာသော တရုတ်ကြီးတစ်ဦးနှင့် တွေ့ဆုံရခြင်း ဖြစ်လေသည်။ … သူနှင့်စကားပြောနေစဉ် ခင်ဗျား ဆွန်ဇကို ဖတ်ဖူးသလားဟု မေးရာ၊ “ကျွန်တော်က ဖတ်ဖူးပါတယ်၊ ဘာသာပြန်ထားတာလေးတွေတောင် ရှိသေးတယ်” ဟု ဖြေလိုက်ရာ၊ “ပြန်စမ်းပါဗျာ၊ မြန်မာလို ပြန်ထားတာတစ်ခုကို ဖတ်ပြီး ကျုပ်စိတ်မချမ်းသာရလွန်းလို့ပါ” ဟု ပြောပြီး မြန်မာလို ပြန်ထား သော စာအုပ် တစ်အုပ် ထုတ်ပြသည်။ “ကျုပ် မီးရှို့မလိုပဲ၊ တခြားစာအုပ် တစ်အုပ် နှစ်အုပ်တော့ ရှို့ပြီးပြီ” ဟုလည်း ပြောသည်။ ထိုဘာသာပြန်စာအုပ်ကို ဖွင့်၍ ဖတ်မိသည်တွင် နားလည်ပုံ လွဲထားခြင်းများ စ၍ တွေ့ရတော့သည်။ … စစ်မှုထမ်းဖြစ်သဖြင့် စစ်ဝတ်စုံ ဝတ်ဖူးသဖြင့် “ဆွန်ဇကို ငါ နားလည်သည်” ဟူသော မယောင်ရာဆီလူး အယူအဆတွင် အခြေခံ၍ ဘာသာပြန်ပုံမျိုးဖြစ်လေသည်။ (မြင့်သန်းအမှာ၊ စာ / ၄ -၅)

ဆွန်ဇ၏ စစ်ပညာ စာအုပ်၌ မြင့်သန်း၏ အားထုတ်မှုကို ထင်ထင်ရှားရှားတွေ့ရမည်ဖြစ်သည်။ ဆွန်ဇ၏ စစ်ပညာ စာအုပ် နိဒါန်းကို ဖတ်လိုက်ရသည်နှင့်ပင် မြင့်သန်းသည် ဘာသာပြန်ကိစ္စကို ရေဆုံးမြေဆုံးလိုက်ထားသည်ဟု မှတ်ချက်ပြုရမည် ဖြစ်ပါသည်။ အလွယ်တကူ ပြီးကပစ် ဘာသာပြန်ထားသော မူ မဟုတ်ကြောင်း သူ့ရေးသော အောက်ခြေမှတ်စုများကို ကြည့်ရုံဖြင့် သိသာလွန်းသည်။ ထူးခြားသည်ကား၊ စကားလုံးအနက် ဖလှယ်မှုတွင် အင်္ဂလိပ်လို ဝေါဟာရအသံထွက်များတင်မက တရုတ်ဝေါဟာရစကားလုံးများကိုပင် ပူးတွဲတင်ပြထားချက်ဖြစ်ပါ သည်။ ဤလို အသေးစိတ် ဘာသာပြန်ရှင်းလင်းချက်၊ တည်းဖြတ်မှုမျိုးကို သာမန်မြန်မာဘာသာပြန်ဆရာ၊ သာမန် မြန်မာစာရေးဆရာတို့ အားမထုတ်တတ်ကြ။ ပျင်းတာလည်း ပါမည်။ စိတ်မရှည်တာလည်း ပါမည်။ ပြီးကပစ် လုပ်ချင်တာလည်း ပါလိမ့်မည်။ အလွယ်တကူ စာအုပ်ဖြစ်လွယ်အောင် လုပ်တာလည်း ပါလိမ့်မည်။ မြင့်သန်း၏ ဘာသာပြန်ချက်တွင်မူ ထိုအခြင်းအရာမျိုးကို မတွေ့ရ။ ဒါ့ကြောင့် ထူးခြားသည်ဟု ကျနော် ပြောခြင်းဖြစ်ပါသည်။

စစ်ဆိုသည်မှာ လှည့်ဖြားခြင်း (တနည်း) စစ်ဆိုတာ လှည့်ဖြားခြင်းအပေါ် အခြေခံတယ်…။ ဤအယူအဆသည် ပင် စစ်ရေးဗျူဟာ၏ အနှစ်ချုပ်ဖြစ်သည်ဟု မြင့်သန်းက ရေးသားတင်ဩည်ကို ဖတ်ရသည်။ ဤဘာသာပြန်ချက်ကို ကျေကျေလည်လည်အားထုတ်ခဲ့ရသည်ဟုလည်း ဆိုသည်။ မြင့်သန်း၏ ဆွန်ဇ၏ စစ်ပညာစာအုပ် ဘာသာပြန်ချက် တွင် အခန်းဆုံး မှတ်စု (စာအုပ်၌ အပိုင်းဟု သုံးနှုန်း) များသည် တန်ဖိုးရှိလှသည်။ ဆွန်ဇ၏ စစ်ရေးဒဿန အယူအဆနှင့် မဟာဗျူဟာအမြင်အတွေးအခေါ်များသည် သိပ်များများစားစား မဟုတ်။ ခပ်ပါးပါးမျှသာဖြစ်ပါ သည်။ သို့သော် ဘာသာပြန်ပုံ ကျစ်လစ်ခြင်းသည် အခရာဟု နားလည်ပါသည်။ ထိုနည်းလည်းကောင်း မူရင်း ဒဿန၏ ဆိုလိုရင်း အနက်အဓိပ္ပာယ်ကို တိကျစွာ နားလည်သဘောပေါက်ရေးသည် အထူးအရေးကြီးသည်။ ဤ အချက်ကို မြင့်သန်း၏ ဘာသာပြန်ချက်တွင် ထင်ထင်ရှားရှားတွေ့ရပါသည်။ အပိုင်းဆုံးမှတ်စုများကို မကျော်မလွှား ဘဲ ဖတ်ရမည်၊ ဖတ်သင့်သည်ဟု ကျနော် တိုက်တွန်းချင်ပါသည်။ အသေးစိတ် မှတ်ချက်ရေး၊ ရှင်းလင်းတင်ပြချက် များသည် သုတေသီတို့အဖို တန်ဖိုးဖြစ်သလို၊ အပေါ်ယံစာဖတ်သမားမဟုတ်သော စာသမားများအတွက်လည်း အဖိုးမဖြတ်နိုင်သော တန်ဖိုးဖြစ်ပါသည်။ ဤအချက်ကို သတိချပ်မိရန် ထပ်မံရေးသားတင်ပြခြင်းဖြစ်ပါသည်။

ဆွန်ဇ၏ စစ်ပညာစာအုပ် ဘာသာပြန်မှ နောက်ဆက်တွဲ ကောက်နုတ်ချက် တချို့ကို တင်ပြချင်ပါသည်။

  • စစ်ပညာထဲမှာ ဆွန်ဇက ထောက်ပြတယ်။ “အရေးအကြီးဆုံးဟာ ရန်သူရဲ့ မဟာဗျူဟာကို ဖျက်ပစ်နိုင် တာပဲ။ ဒီနောက် သူ့ရဲ့ မဟာမိတ်တွေကို သံတမန်နည်းလမ်းအရ ဖျက်ဆီးပစ်တာ။ အဲဒီနောက် အကောင်း ဆုံးကတော့ ရန်သူ့တပ်ကို တိုက်ခိုင်တာ။ အဆိုးဆုံးစစ်ဆင်ရေးကတော့ မြို့ပြပြည်ရွာကို တိုက်တာပဲ” တဲ့။ …ကျူးကျော်စစ်မဟုတ်တဲ့ စစ်ပွဲတွေမှာ ဒီအချက်ကို ဂရုထားကြရတယ်။ (နောက်ဆက်တွဲ – နှစ်၊ စာ – ၂၂၄)
  • စစ်ပွဲတစ်ရာ တိုက်လို့ အောင်ပွဲတစ်ရာရတာဟာ ကျွမ်းကျင်မှုရဲ့ အထွတ်အထိပ်မဟုတ်ပေဘူး။ ရန်သူကို မတိုက်လိုက်ရဘဲ နိုင်လိုက်ရတာမှ အထွတ်အထိပ်အောင်မြင်မှုပဲ။ (နောက်ဆက်တွဲ – နှစ်၊ စာ – ၂၂၁)

စစ်သေနင်္ဂဗျူဟာကျမ်းလာ ဒဿနတချို့ကို တိုက်ရိုက်ကောက်နုတ်ဖော်ပြချင်ပါသည်။ အခုလို…။

  • အကျိုးမရှိရင် မလုပ်နဲ့။ အောင်ပွဲရဖို့ မဟုတ်ရင် စစ်သည်တွေကို မသုံးနဲ့။ တိုက်စရာ မလိုရင် မတိုက်နဲ့။
  • ပြည်ကြီးရှင်တစ်ဦးအနေနဲ့ ဒေါသကြောင့် ဘယ်တော့မှ စစ်မပြင်လေနဲ့။ စစ်သူကြီး တစ်ဦးအနေနဲ့ မကျေနပ်လို့ ဘယ်တော့မှ စစ်မတိုက်လေနဲ့။
  • တိုင်းပြည်တစ်ပြည် ငြိမ်းချမ်းဖို့၊ တပ် … အန္တရာယ် မများဖို့ပဲ။
  • နယ်မြေပိုင်စိုးထားသူတွေရဲ့ အစီအစဉ်သဘောထားကို မသိရင် မဟာမိတ်ဖွဲ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
  • ရှေးက ကျွမ်းကျင်တဲ့စစ်သည်ဟာ ရန်သူရဲ့ ရှေ့တန်းက တပ်ဦးကို သူ့ရဲ့ နောက်တန်းနဲ့ အဆက်အသွယ် မရအောင် တားထားနိုင်တယ်။ တပ်စု၊ တပ်ခွဲတွေနဲ့ တပ်တွေ ပေါင်းမသွားအောင် တားထားနိုင်တယ်။ အင်အားနည်းတဲ့တပ်တွေကို မကူနိုင်အောင် တားထားနိုင်တယ်။ အရာရှိတွေနဲ့ သူ့လူတွေအကြား အပြန်အလှန် မကူညီနိုင်အောင် တားထားနိုင်တယ်။ ရန်သူဟာ အစိတ်စိတ်ကွဲသွားကြရင် ပြန်ပြီး မစုစည်းနိုင်တော့ဘူး။ ပြန်စုစည်းနိုင်ခဲ့ရင်တောင် စနစ်တကျ မဖြစ်နိုင်တော့ဘူး။
  • စစ်သူကြီးက ပျော့ညံ့တဲ့အခါ ပြင်းထန်ပြတ်သားမှုလည်း မရှိလေတော့။ သူ့ရဲ့အမိန့် အာဏာဟာ မပီမပြင် တော့။ အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေမှာ တိကျရေရာတဲ့ စည်းကမ်းနည်းလမ်း မရှိတော့။ တပ်ဖွဲ့ဝင်တွေ လည်း စည်းကမ်းကလနား မဲ့ကုန်တယ်။ ရလဒ်ကတော့ ဖရိုဖရဲတွေ ဖြစ်ကုန်ကြတာပဲ။
  • စစ်မှာ အရေအတွက်ဟာ အဓိက အချက် မဟုတ်။ စီးစီးပိုးပိုး တိုက်တယ်၊ မတိုက်ဘူး ဆိုတာကသာ အခရာ။ ကိုယ့်အင်အားက ခိုင်မာပေစေ၊ ရန်သူ့အနေအထားကို နားလည်အောင် လုပ်။ ကိုယ့်လူတွေက ယုံကြည်မှု ရှိလာပေစေ၊ ဒါဆို လုံလောက်တယ်။
  • ရန်သူ့အခြေအနေကို စစ်စစ်ပေါက်ပေါက် မတွက်ဆဘဲ တော်စွာ လျှော်စွာ သဘောထားခဲ့ရင် စစ်ရှုံးလို့ အဖမ်းခံရမှာ သေချာတယ်။
  • ခက်ခဲတဲ့ မြေမှာ စခန်းချ တပ်မစွဲနဲ့။ အချက်အချာကျတဲ့ မြေမှာ အခြားသူတို့နဲ့ မဟာမိတ်ပြု။ အဆက်အသွယ် ပြတ်တဲ့မြေမှာ စိတ်လွတ်လက်လွတ်မနေနဲ့။ ပိတ်ပင်ကာဆီးနေတဲ့ မြေမှာ တိုက်ခိုက်နိုင်ဖို့ ဗျူဟာပြင်။ ပြေးပေါက်မရှိတဲ့မြေမှာ မဆုတ်တမ်းတိုက်။ မသွားသင့်တဲ့လမ်းတွေ ရှိတယ်။ မတိုက်သင့်တဲ့ တပ်တွေ ရှိတယ်။ မသိမ်းသင့်တဲ့မြို့တွေ ရှိတယ်။ မတိုက်ခိုက်သင့်တဲ့မြေနေရာတွေ ရှိတယ်။ မနာယူသင့်တဲ့ ပြည်ကြီးရှင်ရဲ့ အမိန့်တွေ ရှိတယ်။ ပြောင်းလဲနိုင်တဲ့ အချက် ကိုးချက်ရဲ့ အကျိုး တရားကို သိတဲ့ စစ်သူကြီးဟာ စစ်ဆိုတာကို နားလည်တယ်။
  • စစ်ရေးအရ နေရာချထားမှုတွေဟာ ရေလိုပဲ။ ရေဟာ မြင့်ရာကို ရှောင်ပြီး နိမ့်ရာကို အရှိန်နဲ့ စီးတယ်။ စစ်မှာ အင်အားကြီးတာကို ရှောင်။ နည်းတာကို တိုက်။ ရေဟာ မြေသားပုံစံကို လိုက်လို့ ရေစီးကို ပုံစံချတယ်။ စစ်သည်ဟာ ရန်သူရဲ့ လှုပ်ရှားမှုကို လိုက်လို့ အောင်ပွဲကို ပုံစံချတယ်။ စစ်မှာ ယတိပြတ် လှုပ်ရှားမှု မရှိ။ ရေမှာ ယတိပြတ် ပုံစံ မရှိ။ စစ်ရေးမှာ တကယ်တမ်း ကျွမ်းကျင်တယ်ဆိုတာဟာ ရန်သူ့ရဲ့ ပြောင်းလဲနေတဲ့ အနေအထားကို လိုက်လို့ အောင်ပွဲကို ရယူနိုင်တာမှာ တည်တယ်။

ဆွန်ဇ၏ စစ်ပညာ ဘာသာပြန်စာအုပ်ထဲက ကောက်နုတ်စရာတွေကို ရေးရင် တော်ရုံနဲ့ ပြီးနိုင်မယ် မထင်။ တစိမ့်စိမ့်တွေးခေါ်ရမယ့် ဒဿနတွေအများကြီး ပါဝင်တယ်လို့ ပြောချင်သည်။ စာအုပ်တွေ သဲကြီးမဲကြီး ဖတ်သည့် လူငယ်ဆယ်ကျော်သက်ဘဝတုန်းက ကြားဖူးခဲ့သည့် ဆွန်ဇ၏ အဆိုအမိန့်တစ်ခုနှင့်တင် ကျနော် ကြွေခဲ့ရသည်။ အခုတော့ စာအုပ်လိုက် တစ်ပြုံတစ်မကြီးဖတ်ခွင့်ရလို့ ပျော်သည်။ ဆွန်ဇက ပြောသည်။

  • ရန်သူ့အကြောင်းကို သိ၊
  • မိမိအကြောင်းကို သိ။
  • ဒါဆိုရင် တိုက်ပွဲ တစ်ရာ အောင်ပွဲ တစ်ရာ…တဲ့။

ဤမျှနှင့် နိဂုံးချုပ် နိတ္ထိတံလိုက်ပါပြီ။

မင်းသေ့

ည ၉း ၂၈

၁၀ ၊ ဒီဇင်ဘာ၊ ၂၀၂၁။

Previous post သတင်းစာဆရာမှ စာရေးဆရာသို့
Next post သုတေသနနည်းနာ