• ကလောင်အမည် အောင်ထွဋ် ။
• ၁၉၆၂ ခုနှစ်တွင် မွေးဖွား။
• ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် ချက်မြှုပ်။
• အဘ ဦးသန်းမောင် (ပါမောက္ခ၊ ဒုတိယဗိုလ်မှူးကြီး၊ ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား)၊ အမိ ဒေါ်ယဉ်ယဉ် (လက်ထောက် ကထိက၊ အငြိမ်းစား)။
• ရန်ကုန်ဆေးတက္ကသိုလ် (၁) ကျောင်းထွက်။
• ဆရာဝန်။
• နိုင်ငံရေးကျောင်းဆရာ။
• အယ်ဒီတာ။
• Myanmar Egress တည်ထောင်သူ။
• The Voice Journal တည်ထောင်သူ။
• Living Color မဂ္ဂဇင်း ထုတ်ဝေသူ။
• သတင်းစာဆရာ။
• ရေးသားထုတ်ဝေခဲ့ပြီး စာအုပ် (၄) အုပ် ရှိခဲ့။
• အသွင်ကူးပြောင်းရေး စပ်ကူးမတ်ကူးကာလများ၌ အယ်ဒီတာ့အာဘော်နှင့် ဆောင်းပါး အမြောက် အမြားရေးသားခဲ့။
• ၂၀၁၂ ၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်။

နေဝင်းမောင်ဟာ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးစိတ်ဝင်စားတဲ့ ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်။ ကလောင်နာမည်က အောင်ထွဋ်ဖြစ်ပါတယ်။ စစ်အစိုးရခေတ်နှောင်းပိုင်းမှာ စာနယ်ဇင်းနယ်ကို ဝင်လာပြီး အသွင်ကူးပြောင်းရေးအတွက် အထောက်အပံ့ကောင်းရစေမယ့် မဂ္ဂဇင်းတစ်စောင်ကို ထုတ်ဝေခဲ့ပါ တယ်။ ထိုနည်းလည်းကောင်း The Voice Journal မှာ အယ်ဒီတာလုပ်ပြီး သတင်းစာဆရာဘဝကို ခံယူပါ တယ်။

အထူးသဖြင့်…. တပ်စပွန်ဆာပေးပြီး ပြောင်းတယ်လို့ ယူဆတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို မူ အားဖြင့် ထောက်ခံတဲ့ အရပ်သားပညာတတ်တစ်ယောက်ဖြစ်ပါတယ်။ တပ်က စပွန်ဆာလုပ်ပြီး အသွင်ကူး ပြောင်းရေးကို အထက်စီးကနေ ပြောင်းတဲ့အပြောင်းဖြစ်လို့၊ အတိုက်အခံဒီမိုကရက်တစ် နိုင်ငံရေးအင်အားစုက သဘောမကျပါဘူး။ ဒါပေမယ့် တပ်ကို လူစိတ်ပေါက်အောင်လုပ်ရမယ်လို့ နေဝင်းမောင်က ယူဆခဲ့ဟန်တူပါ တယ်။ ဒါ့ကြောင့်လည်း တပ်နဲ့ တစ်စုံတစ်ရာနီးစပ်မှု ရှိခဲ့တယ်။ အသွင်ကူးပြောင်းရေးကာလမှ ဦးသိန်းစိန်ရဲ့ ဖြေလျော့ရေးလုပ်ငန်းစဉ်တွေကို တစ်ဆင့်ချင်းစီ အားပေး ထိန်းကျောင်းရေးသားခဲ့တဲ့ သတင်းစာဆရာတစ် ယောက်ဖြစ်ပါတယ်။ သမ္မတရုံးဝန်ကြီးဖြစ်တဲ့ ဦးအောင်မင်းနဲ့ ပုဂ္ဂိုလ်ရေးအရ နီးကပ်တဲ့ ယုံကြည်မှုရှိထားသူဖြစ် ပါတယ်။ နေဝင်းမောင် ကွယ်လွန်အပြီး၊ မန္တလေးမှာ ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ အဖွဲ့နဲ့ စာရေးသူတို့ လူငယ်တစ်စု တစ်ခါဆုံခဲ့ဖူးပါတယ်။ နေဝင်းမောင်နဲ့ ပတ်သက်ပြီးတော့ ဦးအောင်မင်း မှတ်ချက်ပေးတာ ကြားခဲ့ဖူးတယ်။ “ကျွန်တော်တို့က နေဝင်းမောင်ကို ရလို့ ကံကောင်းတယ်။ နေဝင်းမောင်မှာ အိုင်ဒီယာရှိတယ်။ ကျွန်တော်တို့မှာ အာဏာရှိတယ်။ နေဝင်းမောင်ကလည်း သူ့အိုင်ဒီယာကို အသက်သွင်း ချင်တယ်….” တဲ့။ ဒီမှတ်ချက်ဟာ နေဝင်းမောင်ရဲ့ ရပ်တည်ချက်နဲ့ ရွေးချယ်မှုကို ကောင်းကောင်းဖော်ညွှန်းနိုင် မယ်လို့ ယူဆပါတယ်။

နေဝင်းမောင်ဟာ ၁၉၆၂ မှာ မွေးတယ်။ ၂၀၁၂ မှာ နှလုံးရောဂါနဲ့ ကွယ်လွန်တယ်။ မြန်မာပြည်အသွင်ကူးပြောင်း ရေးကို သူ အစပဲ မြင်လိုက်ရတယ်။ နေဝင်းမောင်ရဲ့ ကျေးဇူးပြုမှုဟာ စာပေအားဖြင့် အမြောက်အမြားရှိတယ်လို့ မပြောနိုင်ပေမယ့်၊ ရှိထားတဲ့ စာပေပမာဏဟာ မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အထောက် အပံ့ကောင်းဖြစ်ခဲ့တယ်။ နေဝင်းမောင်က စာနယ်ဇင်းသမားအနေနဲ့ နိုင်ငံရေးလုပ်ခဲ့တယ်။ နိုင်ငံရေးကျောင်း ဆရာအနေနဲ့ ကျေးဇူးပြုခဲ့တာလည်း ရှိတယ်။ Myanmar Egress အဖွဲ့ဟာ နေဝင်းမောင် ထူထောင်ခဲ့တဲ့ အဖွဲ့ ဖြစ်တယ်။ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်မယ့် မြန်မာပြည်အတွက် နိုင်ငံရေးသိပ္ပံဘာသာရပ်တွေကို ပို့ချ သင်ကြားပေးတဲ့ ပြင်ပအဖွဲ့အစည်းကျောင်းတစ်ခုအနေနဲ့ အီးဂရက်စ်က ရပ်တည်ခဲ့တယ်။ နေဝင်းမောင်ကို တိုင်လည်း ကျောင်းဆရာဘဝကို ခံယူပြီး နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဘာသာရပ်တွေကို ပို့ချသင်ကြားပေးခဲ့တယ်။ တစ်ဖက်မှာလည်း အသွင်ကူးပြောင်းရေး အစိုးရအတွက် လိုအပ်တဲ့ အိုင်ဒီယာအပံ့အပိုးတွေဖြစ်မယ့် ကျွမ်းကျင် တတ်သိသူ အုပ်စုကို ဖွဲ့စည်းပြီး အာဏာကော်ရစ်ဒါနဲ့ နီးစပ်ခဲ့တာကို တွေ့နိုင်တယ်။

ဒီမိုကရေစီအတိုက်အခံအင်အားစုတော်တော်များများကတော့၊ နေဝင်းမောင်ဟာ စစ်အစိုးရလျှောက်မယ့်လမ်း ကို တရားဝင်ဖြစ်အောင် ခင်းပေးသူလို့ ယူဆလို့ နေဝင်းမောင်ကို မနှစ်မြို့ခဲ့ပါဘူး။ ထိုနည်းလည်းကောင်းပဲ၊ နေဝင်းမောင် တည်ထောင်ခဲ့ဖူးတဲ့ Myanmar Egress ထွက် သင်တန်းသား၊ ကျောင်းသားတွေကိုလည်း သံသယနဲ့ ကြည့်မြင်လေ့ရှိပါတယ်။ လွတ်လပ်စွာ သဘောအမြင်ကွဲလွဲမှုကို လက်ခံထားပြီး နေဝင်းမောင်က တော့၊ ဖြစ်နိုင်ချေရှိတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် လျှောက်ခဲ့တယ်။ နေဝင်းမောင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ မြန်မာပြည်အသွင်ကူးပြောင်းရေးအတွက် အပြုသဘောဆောင်တဲ့ အကျိုးတွေ ဖြစ်ထွန်းခဲ့ပါတယ်။

နေဝင်းမောင် ကွယ်လွန်တာက ၂၀၁၂ ဇန်နဝါရီမှာဖြစ်ပါတယ်။ သူကွယ်လွန်ချိန်မှာ မြန်မာပြည်ရဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးက တစ်နှစ်သား သက်တမ်းပဲ ရှိပါသေးတယ်။ ဒါပေမယ့် နေဝင်းမောင်က တင်ကူးအခြေ အနေကောင်းတချို့ကို ရေခံမြေခံကောင်းအဖြစ် ဖန်တီးပေးသွားနိုင်ခဲ့တယ်။ ဒါ့ကြောင့် နိုင်ငံရေးအရ သဘော ကွဲလွဲချက်တွေ ရှိသည့်တိုင်၊ နေဝင်းမောင်ကို မြန်မာပြည်ရဲ့ လစ်ဘရယ်အိုင်ဒီယာရေစီးကို တွန်းသူတွေ စာရင်း မှာထည့်သွင်းဖော်ပြလိုက်ပါတယ်။

လစ်ဘရယ်ရေစီးကို တွန်းခဲ့သူများ အပိုင်း။
ရေးသားနေဆဲ “မြန်မာ့နွေဦးစစ်တမ်း” စာအုပ်မှ /

မင်းသေ့

Previous post ကျော်ဝင်း (၁၉၅၂ – )
Next post ကိုလိုနီခေတ် ဗမာ