ဗမာတစ်ပြည်လုံး ကိုလိုနီလက်အောက်ကျရောက်စဉ်အချိန်က၊ ဗမာ့စရိုက်သည် ဘယ်သို့ဘယ်ပုံရှိခဲ့ပါသလဲ။ ဒီအချက်ဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အကြောင်းကတော့၊ ကိုလိုနီစနစ် နှစ်ပေါင်းရာကျော် အသက် ရှည်ခဲ့ရခြင်းအကြောင်းတရားဟာ၊ ဗမာ့စရိုက်ဓာတ်ခံကို သိစွမ်းနိုင်မှုအပေါ် အများကြီး အမှီသဟဲပြုခဲ့ပါတယ်။

အင်္ဂလိပ်ဟာ အသိဉာဏ်မဲ့စွာ အုပ်ချုပ်ခဲ့တာ မဟုတ်။ အကင်းပါးပါးနဲ့ ပါးရည်နပ်ရည်ရှိရှိ အုပ်ချုပ်ခဲ့တာလို့ ပြောလို့ရနိုင်ပါ တယ်။ ဗမာ့စရိုက်သဘောဝနဲ့ ဓလေ့ထုံးတမ်းကို ကောင်းကောင်း မသိရှိဘဲ အခုလို နှစ်ပေါင်း များစွာ ဖိနှိပ်အုပ် ချုပ်လို့ မရပါ။ အုပ်ချုပ်မှုစနစ်တစ်ခု သက်ဆိုးရှည်ချင်ရင်၊ အုပ်ချုပ်သူ လူတန်းစားဟာ အအုပ်ချုပ်ခံရဲ့ စရိုက်၊ ဗီဇ၊ ဖြတ်သန်းမှု၊ ဓလေ့ကို ကောင်းကောင်းနားလည် သဘောပေါက်ထားဖို့ လိုပါတယ်။

ဗမာပြည် တစ်ပြည်လုံး ကို မသိမ်းပိုက်ခင် အချိန်ကတည်းက၊ ဗမာမှာ ဘယ်လို ဓလေ့စရိုက်တွေ ရှိကြောင်း၊ ဗမာဟာ ဘယ်လိုဗီဇမျိုး ရှိကြောင်း အင်္ဂလိပ်တွေဟာ ကောင်းကောင်းလေ့လာထားပြီးဖြစ်ပါတယ်။ အခုအချိန် ထိလည်း အင်္ဂလိပ်တွေဟာ ဗမာတွေအကြောင်း နောကြေအောင် သိနေဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ဒီနေရာမှာတော့၊ အင်္ဂလိပ်တွေ လို ဆိုလိုခြင်းဟာ အင်္ဂလိပ်စကားပြောတတ်တဲ့ အနောက်တိုင်းလူတတ်တွေ အားလုံးကို ညွှန်းဆိုပါကြောင်း။

“သံ” တို့အလုပ် ။

အင်္ဂလိပ်ဟာ သူတို့ရဲ့ အင်္ဂလိပ်သံတမန်တွေကနေ တစ်ဆင့်၊ ဗမာ့ပဒေသရာဇ်စရိုက်သကန်ကို ကောင်းကောင်း နားလည်အောင် လုပ်ခဲ့တယ်လို့ ယူဆလို့ ရပါတယ်။ တစ်ဖက်မှာလည်း လူ့အဖွဲ့အစည်းအတွင်းက လူမှုစီးပွား ရေးအခြေအနေကို ရေရေလည်လည် နားလည်အောင် လေ့လာခဲ့ပါတယ်။ မင်းနဲ့ ပြည်သူ အကြား၊ နန်းတော် နဲ့ ကျောင်းတော်အကြားက ဆက်ဆံရေးကိုလည်း နားလည်သဘောပေါက်အောင် ကြိုးစားခဲ့ပါတယ်။

• ဗမာဘုရင် ပိုင်ဆိုင်တဲ့ လက်နက်ကိုင်တပ်ဟာ ဘယ်လောက်စွမ်းရည်ရှိကြောင်း၊
• အင်အားကို ဘယ်လိုစုစည်းကြောင်း၊
• ဘယ်လိုလေ့ကျင့်သင်ကြားပေးမှုတွေရှိကြောင်း၊
• စားနပ်ရိက္ခာကို ဘယ်လိုဖြည့်တင်းရကြောင်း၊
• ဘယ်လို လူတွေက ဦးဆောင်ကြောင်း၊
• ဘယ်လိုလက်နက်ကို ဦးစားပေး သုံးစွဲကြောင်း၊
• စစ်ဝတ်စစ်စား ဝတ်ပုံစားပုံကအစ ဘယ်လို ရှိကြောင်း၊
• ဘုရင်ဟာ လက်နက်ကိုင်တပ်အပေါ်မှာ ဘယ်လောက် ဩဇာလွှမ်းမိုးမှု ရှိကြောင်း၊
• တပ်မှူး၊ တပ်ဗိုလ်တွေနဲ့ ဘုရင့်အကြားက ယုံကြည်မှုအစေးကပ်မှုဟာ ဘယ်လောက်ရှိကြောင်း၊
• တပ်မှူး၊ တပ်ဗိုလ်တွေနဲ့ အရာခံ အကြပ်တပ်သားအချင်းချင်းအကြား ယုံကြည်မှုစည်းဘယ်လောက် ရှိကြောင်း
• တပ်မင်း ဗိုလ်မှူးနဲ့ နန်းတွင်းအသိုင်းအဝိုင်းက လူထုကို ဘယ်လိုဆက်ဆံကြောင်း၊
• လူထုရဲ့နေ့စဉ်စားဝတ်နေရေးအခြေအနေက ဘယ်လိုလည်ပတ်ကျင်လည်နေကြောင်း…… စတဲ့ ကိစ္စရပ်တွေကို ဂဃနဏ နားလည်သဘောပေါက်အောင် လုပ်ခဲ့ပါတယ်။

ပြီးစလွယ်မလုပ်

ဗမာလို နိုင်ငံငယ်လေးကို သိမ်းဖို့အတွက်တောင် အင်္ဂလိပ်ဟာ ဘာကိုမှ ပြီးစလွယ် မလုပ်ခဲ့ပါဘူး။ လက်နက် အင်အားသာရင် ပြီးပြီဆိုတဲ့ သဘောမျိုး မထားခဲ့ပါဘူး။ ဗမာကို သိမ်းချင်ရင် စစ်အင်အားနည်းနဲ့ ခေတ်မီလက် နက်တွေသုံးပြီး သိမ်းလို့ ရတာ သိပေမယ့်၊ ဗမာကို သိမ်းပြီးရင် ဘယ်လို အုပ်ချုပ်မလဲဆိုတာက အင်္ဂလိပ် အတွက် ပိုခက်ပါတယ်။ အထူးသဖြင့် အနောက်တိုင်းဒေသတွေနဲ့ ရေမြေဓာတ်ခံ ဗီဇစရိုက်ချင်း ကွာခြားနေတဲ့ ဗမာနိုင်ငံကို အာဏာသက်ရှည်ရှည် နှစ်ပေါင်းများစွာ ဖိဖိစီးစီးအုပ်ချုပ်နိုင်ဖို့အတွက် ခက်ခဲပါတယ်။ ဒါ့ကြောင့် စစ်နိုင်ပြီးလို့ နိုင်ငံသိမ်းနိုင်တာဟာ အင်္ဂလိပ်ရဲ့ ကနဦးအောင်ပွဲသာ ဖြစ်ပါတယ်။ ရေရှည်အောင်ပွဲ မဟုတ်ပါဘူး။ ချန်ပီယံဖြစ်ဖို့ သိပ်မလွယ်ပေမယ့်၊ ချန်ပီယံအဖြစ် နှစ်ပေါင်းများစွာ ဗိုလ်စွဲထားဖို့က ပိုမလွယ်ပါဘူး။ ဒါ့ကြောင့် စစ်အောင်နိုင်ပြီးရင် လက်နက်ပြပြီး အုပ်ချုပ်ဖိနှိပ်တာမျိုး ရေရှည်ပြုမူပြီး အုပ်ချုပ်လို့ မရဘူးဆိုတာ အင်္ဂလိပ်က ကောင်းကောင်းနားလည်ပါတယ်။ ဒါ့ကြောင့် ဗမာ့ရေခံမြေခံနဲ့ ဗမာ့ဓာတ်ခံတွေကို သိနားလည်အောင် အမြင် ကျယ်ကျယ်နဲ့ လေ့လာခဲ့ပါတယ်။ ဒီလို စနစ်ကျတဲ့ စူးစမ်းလေ့လာသုံးသပ်နိုင်တဲ့ အလေ့အထရှိလို့သာ အင်္ဂလိပ် ရဲ့ ဗမာပြည်အပေါ် ကိုလိုနီအုပ်ချုပ်ရေးဟာ နှစ်ပေါင်း (၁၀၀) ကျော်ခဲ့တာဖြစ်ပါတယ်။

အမာ / အပျော့

ဗမာ့ဓလေ့စရိုက်ကို လေ့လာတဲ့နေရာမှာလည်း နယ်မြေအားဖြင့်၊ ပထဝီအားဖြင့်၊ လူမျိုးအားဖြင့် မတူညီကွာခြား မှု ရှိတာကြောင့် နယ်မြေအလိုက်၊ ပထဝီအလိုက်၊ လူမျိုးအလိုက် ဘယ်လို ခွဲခြားနားလည်ပြီး အုပ်ချုပ်ရမလဲ ဆိုတာကို အင်္ဂလိပ်က ကောင်းကောင်းသိပါတယ်။ လက်နက်အားကိုး အုပ်ချုပ်ခြင်းထက်၊ ဉာဏ်သုံးပြီး အုပ်ချုပ် ခြင်းဟာ ကိုလိုနီစနစ်ကို သက်ဆိုးရှည်စေကြောင်း အင်္ဂလိပ်က ကောင်းကောင်းသိပါတယ်။ ခေတ်စကားနဲ့ ပြောရရင် hard power သုံးပြီး ဘယ်လို အုပ်ချုပ်မလဲ၊ soft power ကို ဘယ်လိုသုံးပြီး အုပ်ချုပ်မလဲဆိုတာကို ကောင်းကောင်း နားလည်ပါတယ်။ အုပ်ချုပ်နေစဉ်အတွင်းမှာလည်း အင်္ဂလိပ်ဓလေ့၊ အင်္ဂလိပ်စရိုက်၊ အင်္ဂလိပ် အကျင့်အကြံကို အားကျပြီး အင်္ဂလိပ်စိတ်ပေါက်အောင် လူတန်းစားတစ်ရပ် မွေးဖွားအသက်သွင်းဖို့ စနစ်တကျ ကြိုးစားခဲ့ပါတယ်။ ဒီကြိုးစားခဲ့မှုဟာ အင်္ဂလိပ်တွေအတွက် အင်မတန်အောင်မြင်ခဲ့ပါတယ်။

စနစ်တကျ ဂုတ်သွေးစုပ်

အင်္ဂလိပ်ဟာ ကိုလိုနီပြုပြီး ဗမာပြည်ကို ဂုတ်သွေးစုပ်ခဲ့တယ်လို့ ယူဆလို့ရပါတယ်။ ဒါပေမယ့် အင်္ဂလိပ်ဟာ ဉာဏ်မနည်းပါဘူး။ လူမိုက်နည်းနဲ့ ဂုတ်သွေးစုပ်ရင် ရေတိုပဲ ရပါမယ်။ ရေရှည်မရပါဘူး။ ဒါ့ကြောင့် ရေရှည် နှစ်ပေါင်းများစွာ အကျိုးစီးပွားရဖို့၊ စနစ်တကျ ဂုတ်သွေးစုပ်တဲ့ ကျင့်ထုံးကို အသက်သွင်းပါတယ်။ စနစ်တကျ ဂုတ်သွေးစုပ်ဖို့ ဆိုတာလည်း ဉာဏ်တစ်မိုက် တစ်ထွာနဲ့ မရပါ။ ဉာဏ်ကြီးဖို့ လိုပါတယ်။ ကောင်းခြင်း ဆိုးခြင်းကို ဝေဖန်နေတယ်ဆိုတာထက် ဖြစ်စဉ်ကို နားလည်အောင်ကြည့်ကြဖို့ ဖြစ်ပါတယ်။ အင်္ဂလိပ်ဟာ သူ့အကျိုး အတွက် ဂုတ်သွေးစုပ်ရမယ်ဆိုရင်တောင် ဉာဏ်ပါပါနဲ့ စနစ်တကျ ဂုတ်သွေးစုပ်တဲ့နည်းကို ကောင်းကောင်း နားလည်တတ်ကျွမ်းကြောင်း…. သတိချပ်သင့်ပါတယ်။

မင်းသေ့

Previous post နေဝင်းမောင် (၁၉၆၂ – ၂၀၁၂)
Next post ဗမာမျိုးချစ်