• ၁၉၅၂ ခုနှစ်၊ ဧပြီလ၊ ၂၀ ရက်နေ့တွင် မွေးဖွား။
• စစ်ကိုင်းတိုင်း၊ မုံရွာမြို့ဇာတိ။
• မွေးချင်း (၇) ယောက်အနက် အငယ်ဆုံးသား။
• မန္တလေးဆေးတက္ကသိုလ်ကျောင်းထွက်။
• ကွန်မြူနစ်ဝါဒီ ဖြစ်ခဲ့ဖူးသူ
• တော်လှန်ရေး၌ ပါဝင်ခဲ့သူ
• လက်နက်ကိုင်လမ်းကြောင်းကို ရွေးချယ်ခဲ့ဖူးသူ
• နိုင်ငံရေးအကျဉ်းသားဘဝကို လျှောက်ခဲ့ရသူ
• သပိတ်ခေါင်းဆောင်
• ကျူရှင်ဆရာ
• နိုင်ငံရေး သုတေသီ
• ဂလိုဘယ် အိုင်ဒီယာများနှင့်မိတ်ဆက်ပေးသူ
• ဘာသာပြန်သမား
• စာရေးဆရာ
• အယ်ဒီတာ
• ရှားရှားပါးပါး စာရေးခြင်းဖြင့်သာ အသက်မွေးသူ
• သမိုင်းအဖြစ်အပျက်၌ လစ်ဘရယ်ရှုထောင့်ဖြင့် ချည်းကပ်သူ
• ရီယယ်ပိုလိုက်တစ်၌ ရီယယ်လစ်ရှုထောင့်ဖြင့် ချည်းကပ်သူ
• အိုင်ဒီယယ်လစ် ဝါဒီ
• မြန်မာလူထုအား လစ်ဘရယ်အိုင်ဒီယာများဖြင့် မိတ်ဆက်ပေးခဲ့သူ။

မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှုနဲ့ပတ်သက်ရင်၊ လူထုကို စာပေအားဖြင့် ကျေးဇူးပြုခဲ့တဲ့ စာရေးဆရာ၊ နိုင်ငံ ရေးသမား အများအပြား ရှိပါတယ်။ အဲသည့်အထဲက နိုင်ငံရေးသုတေသီ၊ စာရေးဆရာ ကျော်ဝင်းကို ထုတ်နှုတ် ဖော်ပြချင်ပါတယ်။ အကြောင်းကတော့ စာပေအားဖြင့် ထုလိုက်ထည်လိုက် ရေးသားနိုင်ပြီး နိုင်ငံရေးအယူအဆ တွေကို လူထုအကြားမှာ ဦးနှောက်ဆွစရာဖြစ်အောင် ရေးသားပြီး ကျေးဇူးပြုခဲ့လို့ဖြစ်ပါတယ်။ နိုင်ငံရေးစာ အများစုရေးကြတဲ့လူတွေ ရှိကြပါတယ်။ သို့ပေမယ့် စာရေးဆရာကျော်ဝင်းဟာ နိုင်ငံရေးသမားလည်းဖြစ်ခဲ့ဖူး တယ်။ ကွန်မြူနစ်လည်းဖြစ်ခဲ့ဖူးတယ်။ မန္တလေးဆေးကျောင်းထွက် တစ်ယောက်ဖြစ်တယ်။ နိုင်ငံရေးလူထု လှုပ်ရှားမှုတွေမှာလည်း သပိတ်တွေမှာ ပါဝင်ခဲ့ဖူးသူဖြစ်တယ်။ လက်နက်ကိုင်တောခိုတဲ့လမ်းစဉ်ကိုလည်း လျှောက်ခဲ့ဖူးတယ်။ နိုင်ငံရေးအကျဉ်းသားအဖြစ်လည်း ထောင်ကျခဲ့ဖူးတယ်။ ထောင်ကထွက်လာပြီးနောက်ပိုင်း မှာလည်း၊ စာပေစိစစ်ရေးတွေ ရှိနေတဲ့အကြားက မြန်မာလူထုကို လစ်ဘရယ်အိုင်ဒီယာတွေနဲ့ မိတ်ဆက်တို့ထိ ပေးခဲ့သူဖြစ်ပါတယ်။ စာရေးခြင်းအလုပ်ကို နှစ်ပေါင်းများစွာ တစိုက်မတ်မတ်လုပ်လာပြီး၊ နိုင်ငံတကာက လစ်ဘရယ်စာပေတွေကိုလည်း ဘာသာပြန်ရေးသားခဲ့သူဖြစ်ပါတယ်။

မြန်မာ့အသွင်ကူးပြောင်းရေးကာလ တစ်လျှောက်လုံးမှာလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ပတ်သက်ပြီး ဖြစ်စဉ်တိုင်းလိုလိုကို အစဉ်တစိုက် ရေးသားခဲ့တဲ့ ဆောင်းပါးပေါင်း ရာနဲ့ချီ ရှိခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာလူထု စဉ်းစားစရာတွေ ရအောင် စာတွေရေးသားခဲ့သူဖြစ်ပါတယ်။

စာရေးတဲ့ နေရာမှာလည်း ရေးသမျှ ဟာ အရည်အသွေးရှိသလို အရေအတွက်အရလည်း အမြောက်အမြားရှိခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာ့အသွင်ကူး ပြောင်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတကာအမြင်တွေနဲ့ ချိန်ထိုးယှဉ်စပ်ပြတဲ့ စာပေမျိုးကို စာရေးဆရာ ကျော်ဝင်းက အစဉ်တစိုက်ကျေးဇူးပြုခဲ့ပါတယ်။ ဒါ့ကြောင့် အခု မြန်မာ့နွေဦးစစ်တမ်းရဲ့ လစ်ဘရယ်မျိုးစေ့ကို စာပေအားဖြင့် ပို့ချခဲ့သူ စာရင်းမှာ ကျော်ဝင်းကို ထည့်ချင်ပါတယ်။

ကျော်ဝင်းရေးသားတဲ့ စာအုပ်၊ ဆောင်းပါးတိုင်းကို ပြည်သူအားလုံးဟာ သဘောညီချင်မှ ညီပါလိမ့်မယ်။ မညီနိုင် ပါဘူး။ သို့ပေမယ့် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ပတ်သက်ရင် မြန်မာစာပေမှာ ထုလိုက်ထည်လိုက်၊ အစဉ်တစိုက်ဖြန့်ချိရေးသားပြီး လူထုကို စဉ်းစားဉာဏ်ထက်သန်စေခဲ့လို့ ၊ ဒီစာရင်းမှာ ထည့်ရင် ထိုက်တန်တယ် လို့ ယူဆပါတယ်။

လစ်ဘရယ်ရေစီးကို တွန်းခဲ့သူများ အပိုင်း။
ရေးသားနေဆဲ “မြန်မာ့နွေဦးစစ်တမ်း” စာအုပ်မှ /

မင်းသေ့

Previous post မောင်စူးစမ်း (၁၉၂၇ – ၂၀၁၇)
Next post နေဝင်းမောင် (၁၉၆၂ – ၂၀၁၂)