သမိုင်းဖြစ်ရပ်များကို၊ စစ်ထုတ်လေ့ကျက်ခြင်းသည် ပစ္စုပ္ပန်တိုင်းပြည် ပြုပြင်ရေးနှင့် အနာဂတ်တိုင်းပြည်တည် ဆောက်ရေးအတွက် ကျေးဇူးပြုလိမ့်မည်ဟု ယုံကြည်ပါသည်။ ပါတော်မူ ဇာတ်ကြောင်းကို၊ သမိုင်းစာအုပ် အထွေထွေက ပုံနှိပ်မှတ်တမ်းပြုခဲ့ပြီးဖြစ်သည်။ ရာဇဝင်မှတ်တမ်းတွင်လည်း အထင်ကရဖြစ်သလို၊ လူ့အဖွဲ့ အစည်း၏ အမှတ်သညှာထဲ၌ ကိန်းဝပ်နေပြီးသော အကြောင်းဖြစ်ရပ်ဖြစ်ဖြစ်ပါသည်။

သမိုင်းဖြစ်ရပ်

• မြန်မာသက္ကရာဇ် ၁၂၄၇ ခု၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်

• ခရစ်သက္ကရာဇ် ၁၈၈၅ ခု၊ နိုဝင်ဘာလ၊ ၂၉ ရက်

• ကာနယ်စလေဒင် ဦးဆောင် ပြည်သိမ်းတပ်

• ကြေးမုံတံခါး (ခေါ်) မင်္ဂလာတံခါးမှ

• မင်္ဂလာ တံတားထိပ်ဆီသို့

• (ရှေ့) အမှတ် ၂၃ မဒရပ် (ဝါလဂျာဗတ်) ခြေလျင်တပ်ဖွဲ့

• (နောက်) အမှတ် ၉ ဖဲ ၅ ပွင့်တပ် နှင့် ဘုရင့်အမြောက်တပ်

• ဘီရိုလှည်း ၂ စီး

• ထီးဖြူ ၂ လက်မိုး

• နောက်ဆုံး ဝက်ဝံရေ ဦးထုပ်ဆောင်း တပ်ဖွဲ့

• ညနေ ၃ နာရီစထွက်

• သူရိယသင်္ဘောသို့ ဦးတည်

• ညနေ ၆ နာရီ ၁၅ မိနစ်

• မှောင်ရီဖြိုးပျ မိုးချုပ်စ

• ရတနာဂီရိသို့

• ပါတော်မူ။

ဤအခင်းအကျင်းသည်ပင်၊ ပါတော်မူ မှတ်တမ်းဖြစ်ပါသည်။

“ပါတော်မူ” ဟူသည့် စကားလုံးသည်ပင်၊
• လွမ်းဟန်ပေါက်နေသည်၊
• နှမြောတ,သ ဟန်ပေါက်နေသည်၊
• ယူကျုံး ရနေဟန်ပေါက်နေသည်၊
• ကရုဏာသက်ဟန်ပေါက်နေသည်။

ပါတော်မူစ အခြေအနေကို ရှုမြင်ရန် မှတ်တမ်းဖြင့် မလုံလောက်ပါ။ လူ့အဖွဲ့အစည်း၏ စိတ်ဝိညာဉ်ကို အကဲ ဖြတ်နိုင်မည့်၊ ကဗျာစာပေမှ ထောင့်ချင့်၍ ခံစားသိမြင်ရန် လိုအပ်ပါသည်။ ကဗျာသည် ခံစားမှု၏ ဝိညာဉ်ဖြစ်နိုင် ပါသည်။ ဤစစ်တမ်းအား၊ ကဗျာကို အသုံးချ၍ ဆန်းစစ်ကြည့်ပါမည်။

ပါတော်မှု ရှုထောင့်

ပါတော်မူအဖြစ်အပျက်နှင့်ပတ်သက်၍ ခံစားချက်အထွေထွေ ရှိပါသည်။ ထိုခံစားချက်များ မျိုးကွဲများခြင်းကြောင့် ကောက်ယူချက်များလည်း အမျိုးမျိုးဖြစ်ပါလိမ့်မည်။ ဤအထဲတွင် ခံစားသက်ဝင်တတ်လွန်းသော၊ လွမ်းဆွေး တ,သ တတ်လွန်းသော ဗမာ့ဓလေ့စရိုက်များကို တွေ့မြင်နိုင်ပါသည်။ ဗမာတို့သည်၊ ဗီဇစရိုက်အရ သုံးသပ် ဆင်ခြင်မှုထက် ခံစားလွမ်းဆွတ်တတ်ခြင်းကို ပို၍ တိမ်းညွှတ်ဟန်ရှိသည်။ ပါတော်မူ အဖြစ်အပျက်က သက်သေ ဖြစ်ပါသည်။

ပါတော်မူ ဖြစ်ရပ်သည် …..
• လွမ်းစရာလော…
• နာကျည်းစရာလော…..
• သင်ခန်းစာ ယူစရာလော….
• အပြစ်ဖို့စရာလော….
• မုန်းတီးစရာလော…..
• မခံချင်မှုလော….
• ဝမ်းမြောက်စရာလော…..

ဤမေးခွန်းများကို ဖြေနိုင်ရန် အချက်အလက်ကို ဗဟိုပြုဖို့ လိုပါသည်။ လူ့အဖွဲ့အစည်း၏ နှလုံးသည်းပွတ်ကို ကြည့်မြင်နိုင်ရန် ယဉ်ကျေးမှုအမွှမ်းလက်ရာများကို ချဲ့ကြည့်ဖို့ လိုပါသည်။ ဗမာများသည် ပါတော်မူကို အလွမ်း ဇာတ်ဟု ထင်သလော…..၊ နာကျည်းဇာတ်ဟု ထင်သလော….၊ ကျွန်ဇာတ်ဟု ထင်သလော။

ဤနေရာတွင် ပါတော်မူခြင်းကို ဝမ်းသာသည်ဟု ဗမာတစ်ယောက်က ဆိုလျှင်၊ မျိုးချစ်စိတ်ပေတံဖြင့် ခေါက်၍ ထိုဗမာအား အညွှန့်ချိုးပါလိမ့်မည်။ ဗမာသည် မျက်ကန်းမျိုးချစ်စရိုက်ကို မဖျောက်နိုင်ခြင်းသည် တစ်ခုသော အကြောင်းဖြစ်ပါ၏။ ဗမာစစ်စစ်များ၌ ပါတော်မူခြင်းကို “တိုင်းပြည်၏ ကောင်းသော အချိုးအကွေ့ဖြစ်ရန် ကျေးဇူးပြုခဲ့သော အကြောင်း” ဟု ယခုအချိန်ထိ ဘယ်ဗမာလူမျိုးကမှ လူထုအကြား ပေါ်ပေါ်ထင်ထင် ရေးသား ပြောဆိုဖူးလိမ့်မည် မဟုတ်။ ဤစစ်တမ်းသည် ဤအချက်ကို ဗဟိုပြုမည်ဆိုလျှင် ကျေနပ်ပါမည်လော….။

ပါတော်မူခြင်းသည် လွမ်းစရာ ဖြစ်ကောင်းဖြစ်မည်။
သို့သော်…. လွမ်းစရာ မလို။
မလွမ်းထိုက်။
လွမ်းလျှင်လည်း ပဒေသရာဇ် အလွမ်းသာဖြစ်မည်။
ပါတော်မူခြင်းကြောင့် အလွမ်းစိတ်ထက် မခံချင်စိတ်သာ ပိုဖြစ်သင့်သည်။
ဤကား…. ကျနော့်၏ ကောက်ချက်ဖြစ်ပါသည်။
အကြောင်းမှာ ဤသို့……။

ဤကောက်ချက်ကို မျိုးချစ်စိတ်မဲ့၍ ယူဆခြင်း မဟုတ်ပါ။ အကြောင်းအကျိုးရှိ၍ ဖြစ်ပါသည်။ သမိုင်းကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာလျှင်၊ ကျနော့်၏ ကောက်ချက်ဖြင့် သဘောညီစရာများ ရှိနိုင်ပါသည်။ သမိုင်းဖြစ်ရပ် အား မှန်ကူကွက်မျိုးစုံဖြင့်၊ စကြာမှန်ပြောင်းလှည့်သလို ထောင့်ပြောင်းလေ့လာမှုများ များများလုပ်နိုင်ရန် တိုက် တွန်းဆော်ဩပါသည်။ အကြောင်းကား….. ဤသို့။

ဆီးဘန်နီ

ဆီးဘန်နီဆရာတော်၏ “သေသော်မှတည့်၊ ေဩာ်….ကောင်း၏” ကဗျာဖြင့် စချင်ပါသည်။

ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်း သုည
သုဉ်းသုံးဝဖြင့် ၊ သုဉ်းရပြန်လစ်၊
သုညခေတ်ဝယ်၊ ဖြစ်လာရလေ
တို့တစ်တွေသည်…
သေသော်မှတည့်….
ေဩာ်…. ကောင်း၏။

ဤကဗျာသည်၊ ဆီးဘန်နီဆရာတော် ရေးသားသည့် “တစ်ဖန်မှတ်စေ” ချီ ရတုဖြစ်ပါသည်။ လူသိများသော၊ “သေသော်မှတည့်…ေဩာ်…ကောင်း၏” သည် ရတုပိုဒ်နိဂုံးဖြစ်ပါသည်။ ဆီးဘန်နီဆရာတော်က၊ သူ့ကျွန်ဖြစ်ရ ခြင်းထက် သေရခြင်းက မြတ်သည်ဟူသော ဇာတိမာန်စိတ်၊ မျိုးချစ်စိတ်၊ သူ့ကျွန်မခံလိုစိတ်ဖြင့် မချိတင်ကဲ မြည်တမ်း၍ အသုံးသတ်လိုက်ပါသည်။ ဤကား မခံချင်စိတ်ဖြစ်ပါသည်။ သို့သော် ဤမျှဖြင့် မပြီးသေး။ ထီးသုဉ်း ရသော အကြောင်းရင်းများ၊ နန်းသုဉ်းရသော အကြောင်းရင်းများနှင့် မြို့သုဉ်းရသော အကြောင်းရင်းများကို လေ့လာမှုပြုရန် လိုပါသေးသည်။ ဗမာတွေ ကျွန်ဖြစ်ခြင်းသည် ကျွန်ကျင့်ကျွန်ကြံများကြောင့် ဖြစ်သလားဆိုတာ မေးခွန်းထုတ်ရပါလိမ့်မည်။

အချုပ်တန်း ဆရာဖေ

အချုပ်တန်းဆရာဖေက ဤသို့ဖြစ်ပါသည်။

မြန်မာတွေ စည်းကမ်းဖောက်လို့
ထီးနန်းပျောက်ဖြစ်ပြီ
မှီးငြမ်းထောက် အသစ်မှီတယ်
ညစ်ပလီ လူမျိုး။

မိပစ်လို့ ဘရှောင်သွေသည်
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။

မြန်မာချင်း ကြွားကြချင်
ဓားပြသွင် လူဆိုး
ကုလားမြင် သူ့အမေရိုးတော့မလို
ခုမြေလျှိုး ပုန်းရှောင်
မိုက်မနော် ပြုမဟေးရယ်နှင့်
သူ့ပထွေးတော့ ခွေးသို့ မဟောင်
ပြောရော့ဟဲ့ ရာဇဝင်ပြောင်အောင်
စာဇင်တောင် ဦးချလို့
ပလူးကြ ပြေးကြို့ခါခါ
ခွေးသို့ ပမာ။

တွေးမိတိုင်း အရိုးနာသည်
အမျိုးပါဆဲချင်ပေါ့လေး….။

ဤကား အချုပ်တန်းဆရာဖေ၏ တေးထပ်ဖြစ်ပါသည်။ ဤတွင် ဒေါသသံစွက်၍၊ ကိုယ့်အမျိုးကို ကိုယ် နာနာ ကြည်းကြည်းဖြစ်နေသည့်စိတ်ခံစားမှုကိုတွေ့မြင်ရပါသည်။ အဘယ်ကြောင့် ကိုယ့်အမျိုးကို နာနာကြည်းကြည်း ခံစားနေရပါသနည်း။ ကိုယ့်အမျိုး၏ လုပ်ရပ်များမှာ ဘယ်သို့ ဘယ်ပုံဖြစ်နေ၍ ဖြစ်ပါသနည်း။ သမိုင်းမှတ်တမ်း များလေ့လာရာ၌ ပါတော်မူစ အဖြစ်အပျက်ကွက်ကွက်ကလေးကိုသာ ဝိုက်၍ လေ့လာလို့ မရပါ။ ကုန်းဘောင် မင်းဆက်၏ နိဂုံးဖြစ်လာမည့်၊ မင်းတုန်းမင်းနှင့် သီပေါမင်းတို့၏ အာဏာအဝန်းအဝိုင်းက ပြုမူချက် စရိုက်သကန် များကို ချဲ့၍ လေ့လာရန် လိုအပ်ပါသည်။

အချုပ်တန်းဆရာဖေ၏ “မြတ်ကောဇာလှစ်လို့ ပြရမှာဖြင့်” ချီ လေးဆစ် ငိုချင်းတွင် “ခေတ်ညိုလှ မြန်မာပြေ၊ ဟစ်ငိုစရာ့အခါပေ” ဟု ဝမ်းနည်းစွာ မြည်တမ်းလျက် “မျိုးကနက်နွယ်ဖွား မြန်မာများ၏ တန်ခိုးပျက်ဖွယ်အမှား” ဟု ကြေကွဲစွာဖော်ထုတ်ရေးစပ်ထားပြန်သည်။ ငိုခြင်း၊ ကြေကွဲခြင်း၊ ဝမ်းနည်းခြင်းတို့ ဖြစ်သော ပါတော်မူခေတ် ဗမာများ၏ စိတ်ခံစားချက်ကို နားလည်နိုင်မည် ထင်ပါသည်။ ပါတော်မူခြင်းသည် ဘယ်သို့သော တင်ကြို အကြောင်းများကြောင့် ဖြစ်ပါသနည်း….။

မင်းတုန်းမင်း လက်ထက် အာဏာလွန်ဆွဲပွဲနှင့် မြင်ကွန်းမြင်းခုံတိုင် အရေး။ ကနောင်ကိုယ်တော်၏ စက်မှုတော်လှန်ရေးနိဂုံးနှင့် မင်းတုန်းမင်း စရိုက်သကန်များ။ ကိုလိုနီတို့ ချဲ့ထွင်ရေးသဘောတရားများ။ သီပေါမင်းလက်ထက်၊ နန်းတွင်း သွေးချောင်းစီးပွဲများမှသည်၊ သီပေါမင်း ဗိုလ်ရှုသဘင်စီရင်သည့် စစ်ရေးပြ အခမ်းအနား သဏ္ဍာန်။ သီပေါမင်းလက်ထက် သံခင်းတမန်ခင်း ဗျူဟာနှင့် နန်းတွင်း အမတ်များ အားပြိုင်ပွဲ၊ သီပေါဘုရင့်တပ်တော်၏ တပ်အရည်အချင်း၊ အရည်အသွေးနှင့် စီမံကွပ်ကဲပုံ နည်းနာ။ စသည်တို့ကို လေ့လာ ရန် လိုအပ်ပါသည်။

• ပညာမတတ်သည့်၊
• ကိုယ်ခံအားမကောင်းသည့်၊
• အာဏာမက်မောသည့်၊
• ခေတ်အမြင် မကျယ်ပြောသည့်၊
• တပ် အင်အား စနစ်မကျသည့်၊
• အမြော်အမြင်ကင်းမဲ့သည့်၊
• ဝါးလုံးခေါင်းထဲ လသာသည့်၊
• ကိန်းကြီးခမ်းကြီး နိုင်လွန်းလှသည့်၊
• လူမမာကဲ့သို့ ချိနဲ့ လွန်းလှသည့်….
…… အာဏာ အဆောက်အအုံက ဦးဆောင်သည့် လူ့အဖွဲ့အစည်းသည်၊ “ပဒေသရာဇ်ကျွန် မှသည် ကိုလိုနီကျွန်ဘဝသို့” အသွင်ပြောင်းသွားခြင်းသာ ကွာခြားသည်။ ကျွန်အဖြစ်၊ ကျွန်သနစ်နှင့် ကျွန်ဘဝသည် ထူးထွေ ပြောင်းလဲသွားခြင်း မရှိကြောင့် သတိချပ်စေအပ်ပါသည်။ ထိုနည်းလည်းကောင်း ပဒေသရာဇ်ကျွန်ဖြစ် ရခြင်းသည် ကိုလိုနီကျွန်ဖြစ်ရသည်ထက် မြတ်သည်ဟု ခံယူနေသော ဗမာများ ရှိနေရော့သလား…..။

ရှိနေနိုင်ပါသည်။ ရှိနေနိုင်ပါသည်။

ဗမာဘုရင်တို့သည်လည်း ဗမာလို့ကို ကျွန်လို ဆက်ဆံသည်သာဖြစ်ပါသည်။ ဗမာဘုရင် လက်ထက်၌ သခင်လို နေရသော ဗမာလူထုများ အဘယ်မျှ ရှိမည်ဟု ထင်ပါသနည်း။ နန်းမျိုးနန်းဆက် နန်းတွင်းအဆက်အနွှယ်များ သာလျှင် လူရောင်သူရောင် ပြောင်ပါလိမ့်မည်။ နန်းတွင်းနှင့် ဝေးသော အောက်ခြေတန်း လူတန်းစား နင်းပြား ကျောမွဲလူထုမှာ ပဒေသရာဇ်ကျွန်ဘဝလက်အောက်တွင် ရှင်သန်ရပ်တည်ခဲ့ရပါသည်။ ထို့ကြောင့် ပါတော်မူ အဖြစ်အပျက်သည် ဤရှုထောင့်က ကြည့်လျှင်၊ မဆန်းကြယ်ပါ။ ရေးကြီးခွင်ကျယ် လုပ်နေရမည့်ကိစ္စ မဟုတ်ပါ။ ထူးထွေပြီး အလွမ်းဇာတ်ခင်းနေရမည့် ဖြစ်ရပ် မဟုတ်ပါ။

• ညံ့လို့ ခံလိုက်ရသည့်
• ပညာမတတ်လို့ ခံလိုက်ရသည့်
• အာဏာသာမက်
• လူ့အဖွဲ့အစည်းကို မြှင့်တင်ရန် မစုံမက်သည့် ပဒေသရာဇ်ဇာတ်၏ နိဂုံးသာဖြစ်ပါသည်။

ဤတွင် ပဒေသရာဇ်စနစ်ကို နိဂုံးချုပ်ပေးလိုက်သည့်၊ ကြားလူ ကိုလိုနီအစိုးရကို ကျေးဇူးတင်ဖွယ်ရာ မရှိပါ။ ၎င်း သည်လည်း သူ့အကျိုးစီးပွားကြောင့်သာ ပြုမူခြင်းဖြစ်ပါသည်။ သို့သော် အဆိုးထဲက အကောင်း။

အကောင်းများ၌၊ ပညာရေး၊ စစ်တပ်၊ ဗြူရိုကရေစီ၊ စာပေ၊ ဒီမိုကရေစီ၊ စက်မှုနည်းပညာ၊ မြို့ပြစနစ်… စသည်တို့ ကျွဲကူး ရေပါ ပါလာခြင်းဖြစ်ပါသည်။ ခေတ်သစ်ပညာရေး၏ အစ၊ ခေတ်သစ် တပ်မတော်ထူထောင်ခြင်း အစ၊ ခေတ် စာပေထွန်းကားခြင်း အစ၊ ဒီမိုကရေစီအလေ့အကျင့်ပါလာခြင်း အစ၊ စက်မှုနည်းပညာဖြင့် နှီးနွှယ်လာခြင်း အစ၊ မြို့ပြတည်ဆောက်မှုပုံစံ ကနဦးအစ…. စသည်တို့ အကျိုးကို အဆိုးထဲက နှိုက်ယူရရှိခဲ့ကြ ပါသည်။

ဦးကြော့

ဦးကြော့က ပါတော်မူမြင်ကွင်းကို လွမ်းလွမ်းဆွေးဆွေး ရေးဖွဲ့သည်။ “ကမ္ဘာတွင် စဉ်သမိုင်းဝယ်နှင့်” အရှင်နှစ် ပါး ပါတော်မူရပုံမှာ “ရာဇဝင်စာတင်၍ ရိုင်းလေငဲ့” ဟု မြည်တမ်းရင်း လွမ်းလျက် ဖွဲ့ပါသည်။ ပါတော်မူဖြစ်ရပ်ကို လွမ်းသည့်ဇာတ်ဖြစ်ပါသည်။ မြစ်နဒီ ရေလျင်ကြောမှာ သင်္ဘောဖြင့် ရတနာဂီရိသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသော အရှင်နှစ်ပါးက သမီးတော်ကလေးများကို ရင်ဝယ်ပိုက်လျက် ဝေဇယန္တာနတ်နန်းအလား မန္တလေး ရွှေနန်းတော်ကြီးကို ရည်ရော်လွမ်းဆွတ်နေရှာလိမ့်မည်ဟု မြင်ယောင်ရင်း ခံစားချက်ဖြင့် လွမ်းရင်းဖွဲ့ဆိုသည်။

ပါတော်မူခြင်းသည် လွမ်းစရာဖြစ်ကောင်းဖြစ်မည်။ သို့သော် မလွမ်းထိုက်ပါ။ လွမ်းထိုက်လောက်အောင်၊ မင်းကျင့်မင်းကြံ မရှိသည့်အပြင် နန်းတွင်းဓလေ့စရိုက်များသည်လည်း လူမိုက်၊ လူရမ်းကားဆန်သော၊ အာဏာ အတွက် လည်မြိုကို ဝါးရင်းတုတ်ဖြင့် အစိမ်းလိုက်ရိုက်သတ်ခဲ့သော စရိုက်ကြမ်းများပင် တွေ့ခဲ့ရသည်။ ပညာ တတ်သိ၊ ဆင်ခြင်ခြင်း အသိတို့သည် ဓလေ့အမှောင်ထဲ၌ ဖုံးလျက် ကွယ်လျက် မြုပ်ခဲ့သည်။ ပညာရှိ၊ ပညာတတ်တို့သည် အရာ မရောက်၊ ရှေ့မရောက်၊ တန်ဖိုးထား အလေးအမြတ်ပြုခြင်း မခံရ။ လူ့အဖွဲ့အစည်း သည် ဖရိုဖရဲ၊ ကသောင်းကနင်း။ ပဒေသရာဇ်မင်းနှင့် အမျိုးအနွယ်များသည် သခင်နှင့် ကျွန် ဆက်ဆံရေးဖြင့် ဗမာပြည်ကို အုပ်ချုပ်မင်းလုပ်ခဲ့သည်ချည်းဖြစ်သည်။

ထို့ကြောင့် လွမ်းစရာ မလို။

မဟာဒါန်ဝန် ဦးရွှေဝ

ဤအချက်နှင့်ဆက်စပ်လျက်၊ မဟာဒါန်ဝန် ဦးရွှေဝ၏ “မန်းမကိုဋ်မှာမှ” ချီ လေးချိုးကို ထပ်မံလေ့လာအပ်သည်။ သီပေါလက်ထက်မှာမူ၊ ပညာအနှစ်သာရ မရှိသော မင်းပီပီ မင်းတို့ ကျင့်သုံးအပ်သော ရှေးထုံးအစဉ်အလာကို မလိုက်နာဘဲ ငွေနောက်လိုက်ကာ “တိုင်းအလုံးကို ဈေးနှုန်းနှင့်ထပ် အမွေအပ်” သည့်အတွက် “မကပ်တရား၊ ရှေ့ဆောင်နွားကြောင့်၊ နောက်သားတစ်သိုက်၊ လမ်းကောက်လိုက်” ပြီး “တရားမမှန် ကျင့်ဖောက်ပြန်” ကြသည့် အတွက် အဖြစ်ဆိုးနှင့် ကြုံရခြင်းဖြစ်သည်ဟု ရေးဖွဲ့ခဲ့သည်။

ဤအခြင်းအရာသည် မင်းနှင့် မှူးမတ်အကြားက ဆက်ဆံရေးအခြေအနေကို ညွှန်ပြနေပါသည်။ ခေါင်းဆောင် ညံ့ ၊ နောက်လိုက်ဖျင်းများဖြင့် အဆုံးသတ်ခဲ့သော ဗမာ့ပဒေသရာဇ်နိဂုံးသည်၊ ပျော်စရာ မကောင်းစေကာမူ၊ နောင်ရာစုနှစ်တစ်ဝက်ကျော် ကာလအတွက် အချိုးအကွေ့တစ်ခုတော့ ဖြစ်ခဲ့သည်သာ။

တောင်ခွင်ဆရာတော်

တောင်ခွင်ဆရာတော်က “လုဇ္ဇန ပလုဇ္ဇန တေန လောကော” ချီ တမ်းချင်းတွင် မင်းမိဖုရား၊ မှူးမတ်တို့ မညီညွှတ်ဘဲ၊ မာန်မာနထောင်လွှားနေကြသည့်အတွက် သူ့ကျွန်ဘဝသို့ ရောက်ရခြင်းဖြစ်ကြောင်း ရေးသားခဲ့ သည်။

နန်းတွင်း အာဏာအခင်းအကျင်းသည်၊ ယုံကြည်မှုကော်စေး ပျက်ယွင်း၍ ဂိုဏ်းဖွဲ့ အုပ်စုဖွဲ့ခြင်းများဖြင့် အတိ ပြီးနေခဲ့သည်။ ထိုမျှမက၊ အာဏာအတွက် သတ်ဖြတ်ခြင်းကို ယဉ်ပါးနေသည့် ဗမာ့ပဒေသရာဇ်စရိုက်ဆိုးကို နည်းနာလုပ်လျက်၊ အင်္ဂလိပ်ကို မမြင် နန်းတွင်းမှာပဲ သတ်ပုတ်နေခဲ့ကြပါသည်။ ဤအခြင်းအရာသည် မလွမ်း ထိုက်၊ ဂုဏ် မယူထိုက်၊ နှစ်လိုဖွယ် မရှိထိုက်၊ ကဲ့ရဲ့ ရှုတ်ချထိုက်သော အာဏာဝန်းကျင်ဓလေ့ဖြစ်ပါသည်။

ညောင်ကန်ဆရာတော်

ညောင်ကန်ဆရာတော်ကမူ၊ ပညာသည်သာ အခရာဟု မှတ်ချက်ချပါသည်။
“တစ်ဖန်ဇာတ်နေ၊ ထပ်၍ ကြေစိမ့်” ချီ ဧကပိုဒ်ရတုတွင်၊ မြန်မာတို့ ကံ၊ ဉာဏ်၊ ဝီရိယ ချို့ယွင်းသည့်အပြင် “ပျက်ကိန်းကျကာ၊ သုတပညာ၊ အရှင်းကွာ” သည့်အတွက် သူ့ကျွန်ဘဝသို့ ရောက်ရခြင်းဖြစ်ကြောင်း ထောက် ပြသည်။

ညောင်ကန်ဆရာတော်၏ ကောက်ချက်သည်ပင်၊ ပါတော်မူစစ်တမ်း၏ အခရာ အချုပ်ဖြစ်ပါတော့သည်။

နိဂုံး အချုပ်

ပညာမဲ့ ကင်း လူ့အဖျင်းတို့သည် ဆင်ခြင်မရှိ၊ တတ်မသိဘဲ အချင်းချင်း အာဏာခွက်စောင်းခုပ်၍ အဖေ့သတ်ရန်လည်း ဝန်မလေး၊ ညီအစ်ကို မောင်နှမ၊ ဦးကြီး အဒေါ် သတ်ရန်လည်း ဝန်မလေး….. ဗုဒ္ဓသာသနာတော်အတွက် ပဉ္စမမြောက်သင်္ဂါယနာတင် မင်းတရားကြီး၏ သားတော်၊ သမီးတော်၊ မိန်းမ၊ ချွေးမများဖြစ်ပါလျက်နှင့် ဤမျှ ရိုင်းစိုင်း စုတ်ပဲ့သော လုပ်ရပ်များကို ပြုလျက် ဗမာပြည်ကြီးကို ကိုလိုနီလက်အပ် ကုလားဖြူဇာတ် အသွင်းခံရသည့် အဖြစ်ကို ရောက်ခဲ့ရပါသည်။

ပါတော်မူခြင်းသည် လွမ်းစရာ ဖြစ်ကောင်းဖြစ်မည်။
သို့သော်…. လွမ်းစရာ မလို။
မလွမ်းထိုက်။
လွမ်းလျှင်လည်း ပဒေသရာဇ် အလွမ်းသာဖြစ်မည်။
ပါတော်မူခြင်းကြောင့် အလွမ်းစိတ်ထက် မခံချင်စိတ်သာ ပိုဖြစ်သင့်သည်။
ဤကား…. ကျနော့်၏ ကောက်ချက်ဖြစ်ပါသည်။
ပညာသည်သာ အခရာဖြစ်ပါသည်။

ဤစစ်တမ်း ပြီး၏။

မင်းသေ့
နံနက် ၃ း ၀၈
၆၊ အောက်တိုဘာ၊ ၂၀၂၀။
ရန်ကုန်မြို့။

ဖတ်ညွှန်းများ စာရင်း

• ဆရာကြီးသခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ၊ လူထုဒေါ်အမာ၊ လူထုကြီးပွားရေးစာအုပ်တိုက်၊ တတိယကြိမ်၊ ၂၀၁၉။

• ကိုလိုနီခေတ် မြန်မာစာပေသမိုင်း၊ မောင်ခင်မင် (ဓနုဖြူ)၊ စိတ်ကူးချိုချိုစာပေ၊ ဒုတိယအကြိမ်၊ ၂၀၁၄။

• မြန်မာစာပေခရီး၊ မောင်ခင်မင် (ဓနုဖြူ)၊ ရာပြည့်စာပေ၊ ပထမအကြိမ်၊ ၂၀၁၄။

• ကျွန်နိဒါန်းနှင့် ပါတော်မူပြီးစ မြန်မာနိုင်ငံ၊ မောင်ကျောက်တိုင်၊ ရန်ကုန်လမ်းမများစာပေ၊ ပထမအကြိမ်၊ ၂၀၂၀။

• ဗမာ၊ တင်ထွေး၊ စိတ်ကူးချိုချိုစာပေ၊ ဒုတိယအကြိမ်၊ ၂၀၁၄။

• They Reigned in Mandalay, E.C.V.Foucar

• Burma After The Ganauest, Grattan Geary

• The Burman His Life and Notions, Shway Yoe (Sir James Geoge Scott)

Previous post ▄ ကိုဗစ် လွန် / မလွန်
Next post ▄ နီတိ လေးပါး၊ အပြုံးသက်သေ