“အ” သုံးလုံးကြေ

ဆိုရှယ်လစ်ခေတ်က မြန်မာပြည်မှာ၊ “အ” သုံးလုံးကြေရင် စာတတ်တယ်လို့ သတ်မှတ်ခဲ့ကြတယ်။ ဒါ့ကြောင့် ‘အ’ သုံးလုံး သင်ကြားရေးတွေ နယ်အနှံ့ဆင်းပြီး၊ သင်ကြ ကြားကြတယ်။ ပြီးတော့ ကမ္ဘာကို ကြေညာတယ်။ မြန်မာပြည်မှာ စာတတ်သူ ဦးရေ ဘယ်လောက် ဘယ်မျှ စသည်ဖြင့်။ “အ” သုံးလုံးဆိုတာ၊ အရေး အဖတ် အတွက်ကို ပြောတာဖြစ်ပါတယ်။ ရေးတတ်ရမယ်။ ဖတ်တတ်ရမယ်။ အပေါင်းအနှုတ်အမြှောက်အစား တတ်ရ မယ်။ ဦးနေဝင်းခေတ်မှာ၊ “အ” သုံးလုံးလှုပ်ရှားမှုကို တစ်နိုင်ငံလုံးချီပြီး ဖြန့်ကျက်လှုပ်ရှားခဲ့တယ်။ ဒါပေမယ့် ဆိုရှယ်လစ်ခေတ် တစ်လျှောက်လုံးမှာ၊ စာတတ်သူတိုင်းဟာ ပညာတတ်ဘွဲ့ရတွေ မဟုတ်ကြဘူး။ ဒီတော့ စာတတ်တိုင်း ပညာတတ်တယ်လို့ ယူဆလို့ မရဘူး။ ဆိုရှယ်လစ်ခေတ်တစ်လျှောက်လုံးမှာတော့၊ လူထုပညာ ရေးဟာ “အ” သုံးလုံးကြေရုံလောက်နဲ့ တင်းတိမ်ခဲ့ရတဲ့သဘော။ ဒါကလည်း၊ တစ်နိုင်ငံလုံးဆိုပေမယ့်၊ တောင်ပေါ်ဒေသတွေအထိ အကုန်ပေါက်ရောက်ကြတာ မဟုတ်ဘူး။ အညိုရောင်နယ်မြေတွေ၊ အမည်းရောင် နယ်မြေတွေနဲ့ ဝေးလံခေါင်ဖျားတဲ့ တိုင်းရင်းသားဒေသတွေ အနှံ့ခြေဆန့်နိုင်တာ မဟုတ်ဘူး။ မြန်မာပြည် အလယ်ပိုင်း၊ ကျေးလက်တောရွာ၊ ဗမာအများစု နေထိုင်တဲ့ ဒေသတွေကိုသာ “အ” သုံးလုံး လှုပ်ရှားမှု ဖြစ် မြောက်ခဲ့တာလို့ယူဆရတယ်။

ဒါဟာ အတိတ်က အကြောင်းအခြင်းအရာကို ကောက်နှုတ်တာဖြစ်ပါတယ်။ ဒီခေတ်မှာတော့ “အ” နှစ်လုံး အပိုစောင်းပြီး ထပ်ပြောတယ်။ အင်္ဂလိပ်စာ နဲ့ အင်တာနက်။ ဒီနေရာမှာ ခေတ်နဲ့အညီ စာတတ်တယ်ဆိုတာကို ချဲ့ထွင်တွေးတောကြဖို့ဖြစ်ပါတယ်။ ဒီခေတ်မှာ အင်္ဂလိပ်စာ မတတ်ရင်၊ အင်တာနက် မသုံးတတ်ရင် စာတတ် တယ်လို့ ပြောဖို့ခဲယဉ်းသွားပြီ။

သရီးအယ်လ် (3L)

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထုတ်တဲ့ ပေတံရှိပါတယ်။ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းကို တိုင်းတာ တဲ့အခါမှာ ပေတံ (၃) ချောင်းနဲ့ တိုင်းပါတယ်။ သရီးအယ်လ် (3 L) လို့ အလွယ်နားလည်ထားနိုင်ပါတယ်။

• နံပါတ်တစ် (အယ်လ်) ။ Literacy rate ဖြစ်ပါတယ်။
စာတတ်မှုနှုန်းကို တိုင်းတာဖြစ်ပါတယ်။ စာတတ်မှ လူသားဖွံ့ဖြိုးတယ်လို့ သတ်မှတ်ပါတယ်။ ဒါပေမယ့် ကျန်ပါသေးတယ်။ စာတတ်ရုံနဲ့ မလုံလောက်သေးပါဘူး။

• နံပါတ်နှစ် (အယ်လ်) ။ Living Standard ဖြစ်ပါတယ်။
လူနေမှုအဆင့်အတန်းလို့ ပြောပါတယ်။ စာတတ်ရုံအပြင်၊ အလုပ်အကိုင်အခွင့်အလမ်း ကောင်းကောင်း ရပြီး ဝင်ငွေမြင့်မှ၊ လူနေမှုအဆင့်အတန်း မြင့်မြင့် သုံးနိုင် စွဲနိုင် စားနိုင် သောက်နိုင် နေနိုင် ထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စာတတ်ရုံနဲ့ မလုံလောက်သေးဘူး။ လူနေမှုအဆင့်အတန်းမြင့်မြင့် နေနိုင်မှသာ လူသားဖွံ့ဖြိုးတယ်လို့ ဆိုလိုလို့ ရပါတယ်။ ဒါနဲ့လည်း မလုံလောက်သေးပါဘူး။

• နံပါတ်သုံး (အယ်လ်) ။ Life expectancy ဖြစ်ပါတယ်။
အသက်ရှည်နှုန်းလို့ နားလည်နိုင်ပါတယ်။ စာတတ်ရုံအပြင် ဝင်ငွေကောင်းဖို့ လိုသလို အသက်ရှည်ရှည် နေနိုင်ဖို့လည်းလိုပါတယ်။ မမွေးခင်ကတည်းက အသေလေးမွေးတာ။ မွေးကင်းစမှာသေတာ။ ငယ်ငယ် ရွယ်ရွယ်နဲ့ သေတာ။ အရွယ်မရောက်မီ သေတာ။ သက်လတ်ပိုင်းမှာ သေတာ။ အသက်ကြီးပေမယ့်၊ လူ့သက်တမ်း မစေ့ခင် သေတာ။ ဒီလိုသေနှုန်းတွေ မြင့်နေရင်လည်း အဲသည့်တိုင်းပြည်ကို လူသားဖွံ့ ဖြိုးတယ်လု့ိ ဆိုလိုလို့ မရနိုင်ပါဘူး။

အပြုံးစုစုပေါင်းရလဒ်

ခေတ်သစ်ဘောဂဗေဒပညာရှင်တွေဟာ၊ ဂျီဒီပီ တက်တိုင်း တိုင်းပြည်တိုးတက်တယ်၊ တိုင်းပြည်ဖွံ့ဖြိုးတယ်လို့ မယူဆကြတော့ဘူး။ ဘူတန်လိုနိုင်ငံမျိုးမှာ၊ အသက်သွင်း ကျင့်သုံးတဲ့ ဂျီအန်အိတ်ချ် (GNH – Gross National Happiness) က အရာဝင်လာပါတယ်။ တိုင်းပြည်မှာ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဘယ်လောက်ပဲ တိုးတက်နေပါစေ၊ တိုင်းပြည်မှာ နေထိုင်တဲ့ ပြည်သူတွေဟာ ဘယ်လောက် ပျော်ကြသလဲဆိုတာဟာ အရေးကြီးလာတယ်။ လူသားဘဝ ဖြစ်တည်မှုမှာ ပျော်ရွှင်ခြင်းဟာ အရေးကြီးလာတယ်။ ဘဝအပေါ် ကျေနပ်ခြင်းဟာ အရေးကြီးလာ တယ်။ နေပျော်တဲ့ လူနေမှုဝန်းကျင်ကို တည်ဆောက်ရေးဟာ အရေးကြီးလာတယ်။ တစ်ဦးချင်းအနေနဲ့ ဘဝမှာ နေပျော်သလို၊ လူ့အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့လည်း ပျော်ရွှင်မှုအပေါင်းလက္ခဏာမြင့်တက်နေရပါမယ်။ တိုင်း ပြည်အတွင်းမှာ လူထုရဲ့ အပြုံးစုစုပေါင်းရလဒ် ဘယ်လောက်ရှိသလဲဆိုတာ အရေးကြီးလာပါတယ်။ ကျနော်တို့ မြန်မာပြည်မှာရော လူတွေ ဘယ်လောက် ပျော်ကြသလဲ။

• မနေမဖြစ်လို့ နေနေကြတာလား။
• တိုင်းပြည်ကို ချစ်လွန်းလို့ နေနေကြတာလား။
• မခွဲနိုင် မခွာရက်လို့ နေနေကြတာလား။
• နေစရာ မရှိလို့ နေနေကြတာလား။
• မတတ်သာလို့ နေနေကြတာလား။
• ကျနော်တို့ မြန်မာတွေ နေပျော်ရဲ့လား။

အိုင် ၊ ဒီ ၊ စီ ၊ အိတ်ချ် (IDCH)

ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ လိုပါတယ်။ နေပျော်တဲ့ လူ့အသိုင်းအဝန်းဖြစ်ဖို့ လိုပါတယ်။ နှစ်လိုဖွယ် ရှိတဲ့ လူ့အမူအကျင့်တွေ ထွန်းကားတဲ့ တိုင်းပြည်ဖြစ်ဖို့ လိုပါတယ်။ ဒီလိုဖြစ်နိုင်ဖို့အတွက် ပညာရေးမှာ ဘာပေါင်း ထည့်ပေးရမလဲ။

ပညာရေးမှာ စာတတ်ခြင်း (နီတိ) (၄) ပါး ပေါင်းထည့်ရပါမယ်။


• Information Literacy
• Digital Literacy
• Civic Literacy
• Health Literacy

အင်ဖော်မေးရှင်းနီတိ၊ ဒစ်ဂျစ်တယ်နီတိ၊ နိုင်ငံရေးနီတိ နဲ့ ကျန်းမာရေးနီတိ တို့ဖြစ်ပါတယ်။ ပညာရေးဟာ လူ့အဖွဲ့အစည်းအတွက် လက်တွေ့ကျတဲ့ နီတိတွေ ပေါင်းထည့်သင်ကြဖို့ လက်မနှေးသင့်ဘူး။ ထိုနည်းလည်း ကောင်းပဲ ဒီ နီတိလေးပါးဟာ ဘွဲ့မရသူ လူထုအကြားမှာပါ ပေါက်ဖွားတတ်မြောက်နေပြီးဖြစ်ရမှာဖြစ်ပါတယ်။ ၂၁ ရာစု အခင်းအကျင်းဟာ ယခင်ကနဲ့ မတူတော့ပါ။ လူ့အဖွဲ့အစည်းဟာ ကသောင်းကနင်းတွေကြားမှာ၊ ဗြောင်းဆန်မှုတွေ မဖြစ်အောင် ပညာမျိုးစေ့ထည့်မပေးနိုင်ရင်၊ တည်ငြိမ်တဲ့ အေးချမ်းတဲ့ နေပျော်တဲ့ လူ့အဖွဲ့ အစည်း မဖြစ်ပါ။ နှစ်လိုဖွယ်ရှိတဲ့ တိုင်းပြည် မဖြစ်ပါ။ လူတစ်ဦးချင်းစီမှာ နီတိလေးပါး ကပ်ပါသင့်ပါတယ်။

အင်ဖော်မေးရှင်းနီတိ

Information Literacy လို့ နားလည်လို့ ရပါတယ်။

ဒီနေ့ခေတ်မှာ၊ သတင်းတွေဟာ ဘောက်သောက်။ သတင်းတွေဟာ အထက်အောက်၊ ဘေးတိုက်၊ ချောင်ကြို ချောင်ကြားကအစ စီးဝင်နေတယ်။ သတင်းရေအလျင်ဟာ စက္ကန့်မလပ် စီးဆင်းနေသလို၊ အမှိုက်သရိုက်တွေ ဟာလည်း ဒရပ်ကြမ်း။ နိုင်ငံရေးပယောဂတွေ၊ လူမျိုးရေးအပ,မှီနေတာတွေဟာလည်း လုံးထွေးရစ်ပတ်နေ တယ်။ လော်ခြင်း၊ ဆော်ခြင်းတွေကလည်း ဒုနဲ့ဒေး။

ပြတင်းပေါက်တွေ ဖွင့်လိုက်တဲ့အခါ၊ လေကောင်းလေသန့်တွေနဲ့အတူ အမှိုက်သရိုက်တွေလည်း ပါလာတယ်။ ဖုံမှုန်တွေလည်း ပါတယ်။ အချက်အလက်တွေဟာ သတင်းအနေနဲ့ ဖြစ်တည်လာသလို၊ ကောလဟာလတွေ ကလည်း သတင်းအသွင်ဆောင်လာတယ်။ ယခင်က အိမ်တကာလည် အတင်းတုပ်တာတွေက၊ အခုတော့ ကမ္ဘာလည် အတင်းတုပ်သလိုဖြစ်လာတော့တယ်။ နိုင်ငံရေးကစားကွက်ထွင်မှုတွေ ရှိသလို၊ ဆိုင်ရာဆိုင်ရာ အကျိုးစီးပွားတွေအတွက် လေသေနတ်ပစ် ရန်ပွဲတွေလည်း ပုံထနေပါတယ်။

မြန်မာပြည်မှာ၊ ဆင်ခြင်တုံတရား အရင်မရောက်ခင် ကောလဟာလတွေ အရင်ရောက်ပါတယ်။ ပညာရေးဟာ ဆင်ခြင်တုံတရားနဲ့ ဝေဖန်ပိုင်းခြားစီစစ်မှုကို မမွေးမြူပေးနိုင်ခဲ့ပါ။ ပညာရေးအခြေမခိုင်ခင်မှာပဲ၊ သတင်းအရှုပ် အထွေး ရေစီးကြောင်းကြီးက “ဗြုံးခနဲ” ဝင်လာပါတယ်။ တွေ့သမျှကို အကုန်တိုက်ချသွားပါတယ်။ အားလုံးဟာ သတင်းပလင်း မြစ်ရေစီးမှာ ကောလဟာလချေးပုံတွေနဲ့အတူ ပေါလောမျောပါနေကြတယ်။ စာဖတ်ခြင်းအလေ့ မထုံခင်မှာ အင်တာနက်ရောက်လာတော့၊ လူ့အဖွဲ့အစည်းဟာ အကျိုးထက် အပြစ်ပိုများသလိုဖြစ်နေတယ်။ လူတွေဟာ သတင်းကို ကောင်းကောင်း မစီမံ၊ မခန့်ခွဲတတ်တော့ဘူး။ ထင်ရာမြင်ရာတွေနဲ့ စခရင်ထက်မှာ လူမှု ပဋိပက္ခတွေ ထူပြောများပြားနေတယ်။

ဒါဟာ ဘာ့ကြောင့်ပါလဲ။

မြန်မာလူထုဟာ မကြုံဖူး၊ မမြင်ဖူးခဲ့တဲ့ သတင်းစားသုံးမှုကို ရလိုက်တဲ့အခါ။ လူတွေ ကိုယ်တိုင်ကလည်း ဝေဖန်စိစစ်ပိုင်းခြားမှုနဲ့ ဆင်ခြင်တုံတရား နိမ့်ပါးတဲ့အခါ။ အင်ဖော်မေးရှင်းနီတိဟာ ဘာလဲလို့ ဂဃနဏ နားမလည်ထားတဲ့အခါမှာ သတင်းကြောင့် ဆိုးပြစ်တွေ ပိုများလာရပါတယ်။

အင်ဖော်မေးရှင်းနီတိကို ပညာရေး အားဖြင့် လူ့အဖွဲ့အစည်းထံကို ပေါင်းထည့်ဖို့ လိုနေပြီဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်နီတိ

Digital Literacy လို့နားလည်လို့ရပါတယ်။

အင်ဖော်မေးရှင်းဟာ ဒစ်ဂျစ်တယ်နဲ့ အင်တာနက်၊ အိုင်တီကို အပေါင်းအဖော်ပြုပြီး မြန်မာ့လူ့အဖွဲ့အစည်းထဲ တိုးဝင်လာပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဒစ်ဂျစ်တယ်ကို ငြင်းပယ်လို့ မရပါ။ how to apply, how to use ဆိုတာကိုပဲ စဉ်းစားရမှာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ကို ကျနော်တို့ ဘယ်လို သုံးကြမလဲ။

လူတော်တော်များများဆီကို ဒစ်ဂျစ်တယ်တွေ အမျိုးမျိုး အဖုံဖုံရောက်လာပါတယ်။ ကျေးလက်နေ လူတန်းစား အပါအဝင် မြို့ပြနေ လူတန်းစား တစ်ခုလုံးဆီမှာ ဒစ်ဂျစ်တယ်လှိုင်းရိုက်ခတ်ပါတယ်။ ဒစ်ဂျစ်တယ်လှိုင်း ရိုက်ပုတ် ခံရပါတယ်။ တချို့လည်း ဒစ်ဂျစ်တယ်လှိုင်းအပုတ်ကောင်းလို့ ကမ်းပေါ်တင်၊ ကျွန်းပေါ်ရောက်သွား သလို တချို့လည်း ဒစ်ဂျစ်တယ်လှိုင်းကြောင့် မြုပ်သွား၊ မျောသွာပါတယ်။ မြန်မာတွေဟာ လက်ထဲက ဖုန်းကို မျောက် အုန်းသီးရသလို ဖြစ်ခဲ့ကြပါတယ်။ ဖြစ်လည်းဖြစ်နေဆဲဖြစ်ပါတယ်။ ဖုန်းစခရင်ထက်မှာ အတ္တတွေ ဗလောင်ဆူ နေသလို၊ လောဘတွေ၊ တဏှာရာဂတွေ ဗြောင်းဆန်နေပါတယ်။

ဒစ်ဂျစ်တယ်ဟာ စီးပွားရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေအတွက် သုံးတတ်ရင် ဆေးတစ်ပါးဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်အီကော်နော်မီ၊ ဒစ်ဂျစ်တယ်အုပ်ချုပ်စီမံမှုစနစ်…. စတာတွေဟာ ဖွံ့ဖြိုးပြီး တိုင်းပြည်တွေကို ကျေးဇူးပြုလို့ ကောင်းကျိုးတွေ ရတာ သာဓကဖြစ်ပါတယ်။ ဒါပေမယ့် ခေးအော့စ်ဖြစ်နေတဲ့ လူ့အဖွဲ့အစည်း ဟာ ဒစ်ဂျစ်တယ်ကို ဘယ်လို အသုံးပြုရမလဲဆိုတာ နားမလည်ဘူး။ ဒစ်ဂျစ်တယ်ကို ဘယ်လို အသုံးချရမလဲ ဆိုတာကို နားမလည်ဘူး။ တစ်လွဲဆံပင် ကောင်းနေလို့ မရပါ။ လူအားလုံးနဲ့ အနီးစပ်ဆုံးဟာ ဖုန်းတွေဖြစ်ပါ တယ်။ မြန်မာပြည်မှာ ဒစ်ဂျစ်တယ်နီတိကို ကြီးထွားစ ကလေးအရွယ်ကတည်းကနေ စနစ်တကျ အသုံးပြုစေဖို့ လိုပါတယ်။ မြန်မာမိဘတွေမှာ ဒစ်ဂျစ်တယ်နီတိ ခေါင်းပါးလို့ ဖြစ်ထွန်းလာမယ့် မျိုးဆက်ကလေးတွေကို ရင်မော နေရနိုင်ပါတယ်။

လူ့အဖွဲ့အစည်းဟာ အင်ဖော်မေးရှင်းနီတိလည်း နားမလည်၊ ဒစ်ဂျစ်တယ်နီတိလည်း မတတ်မြောက်။ ဒီလိုနဲ့ ဘယ်လိုလုပ် နှစ်လိုဖွယ်ဖြစ်တဲ့ လူ့အဖွဲ့အစည်းသစ်ကို တည်ဆောက်နိုင်ကြမှာပါလဲ။

ဒစ်ဂျစ်တယ်နီတိကို ပညာရေးအားဖြင့် လူ့အဖွဲ့အစည်းထံ ပေါင်းထည့်သင်ကြားကြဖို့ ဖြစ်ပါတယ်။

နိုင်ငံရေးနီတိ

ဒီနေရာမှာ Civic Literacy ကို ပြည်သူ့နီတိလို့ ဖလှယ်ရင်လည်း ရနိုင်ပါတယ်။ သို့ပေမယ့် နိုင်ငံရေးနီတိဆိုတာ ကို ပိုသဘောကျလို့ ဒီလိုပဲ အနက်ဖော်လိုက်ပါတယ်။


ဆိုလိုတာကတော့ ပြည်သူတစ်ယောက်၊ လူတစ်ယောက်၊ နိုင်ငံသားတစ်ယောက်ဟာ နိုင်ငံတော်ဆီကနေရမယ့် အခွင့်အရေးတွေ ရှိတယ်။ ထိုနည်းလည်းကောင်း ယူရမယ့် တာဝန် ဝတ္တရားတွေ ရှိတယ်။ ဒါကိုပဲ ပြည်သူ့နီတိ နားလည်ခြင်းလို့ ပြောလို့ ရပါတယ်။ အခြေခံ နိုင်ငံရေးနီတိကို နားလည်ခြင်းလို့ သဘောယူလို့ရပါတယ်။ မြန်မာ ပြည်ဟာ ဒီမိုကရေစီကို လေ့ကျင့်နေတာဖြစ်တာကြောင့် ဒီမိုကရေစီကျင့်ထုံးတွေကို သိနားလည်ဖို့ လိုပါတယ်။ အခြေခံအားဖြင့် လူတစ်ယောက်ဟာ အခွန်ဆောင်ရမယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြဌာန်းထားတဲ့ နိုင်ငံသား အခွင့်အရေးတွေကို အပြည့်အဝ ရပိုင်ခွင့်ရှိရမယ်၊ တည်ဆဲ တရားဥပဒေတွေကို လိုက်နာရမယ်၊ မဲပေးခြင်း၊ မဲထည့်ခြင်းဆိုတာကို တန်ဖိုးထားရမယ်။ လွတ်လပ်စွာ ပြောဆိုရေးသားဖော်ထုတ်ခွင့်တွေကို တာဝန် ယူမှု၊ တာဝန်ခံမှုနဲ့အတူ တစ်ပါတည်း ကျင့်သုံးနားလည်နိုင်တဲ့ ဉာဏ်ရှိဖို့ လိုတယ်။

ဒီမိုကရေစီမှာ တိုင်းပြည်ရဲ့ကြမ္မာကို ပြည်သူတစ်ဦးချင်းစီက ဝိုင်းဝန်းပြီး ပြဌာန်းစီရင်ဆိုတာကို ကောင်းကောင်း နားလည်ရမယ်။ ဒါဟာ အခြေခံ နိုင်ငံရေးနီတိဖြစ်ပါတယ်။ ထပ်ပြီး ရှင်းရှင်းလင်းလင်း ပြောရရင် အရွယ်ရောက် ပြီးတဲ့ ပြည်သူတစ်ယောက်ဟာ နိုင်ငံတော်ထံက ရမယ့် အခွင့်အရေးတွေက ဘာလဲဆိုတာကို နားလည်ထားဖို့ လိုသလို၊ နိုင်ငံတော်ကို ပြန်ပေးရမယ့် တာဝန်ဝတ္တရားကိုလည်း ရှင်းရှင်းလင်းလင်း လက်ခံသိနားလည်ထားရ မယ်။ နိုင်ငံတော်နဲ့ တိုင်းပြည်အပေါ်မှာထားအပ်တဲ့ ကျင့်ဝတ်ကို စောင့်ထိန်းရမယ်။ ဒါဟာ အခြေခံနိုင်ငံရေးနီတိ လို့ ဆိုချင်ပါတယ်။

နိုင်ငံရေးနီတိကို ပညာရေးအားဖြင့် လူ့အဖွဲ့အစည်းထံ ပေါင်းထည့် သင်ကြားနိုင်ကြဖို့ ဖြစ်ပါတယ်။

ကျန်းမာရေးနီတိ

Health Literacy ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ အစားအစာကို ဘယ်လို စားသောက်မလဲ။ အသက်ရှင်နေရုံနဲ့ မရ၊ ကျန်းမာအောင် ဘယ်လိုနေထိုင်ရမလဲ။ ထိုနည်းလည်းကောင်း ကိုယ်ကာယသန်စွမ်းအောင် ဘယ်လို အလေ့အထမျိုးကို မွေးမြူ မလဲ။ ဒါကို နားလည်ဖို့ လိုပါတယ်။ အစားအစာကို စားတဲ့အခါ၊ ဘယ်လို အစားအစာမျိုးကို ရွေးမလဲ၊ အာဟာရ ကို ဘယ်လို မှီဝဲမလဲ။ အစာကြေအောင်၊ အာဟာရဖြစ်အောင်၊ ခွန်အားဖြစ်အောင်၊ ခန္ဓာကိုယ်ကြီးထွားသန်မာ အောင် ဘယ်လို စားသောက်မလဲ။ သန့်ရှင်းလတ်ဆတ်တဲ့အစားအစာကို ဘယ်လိုရွေးမလဲ၊ ဘယ်ဟာက သင့် တယ်၊ ဘယ်ဟာက မသင့်ဘူးလို့ နားလည်ခြင်း၊ ဘယ်လောက်အတိုင်းအတာအထိ အကန့်အသတ်ထားပြီး စားသောက်နေထိုင်ကျင့်ကြံမလဲဆိုတာ ကျန်းမာရေးနီတိဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းရဲ့ အခြေခံပြဿနာဟာ အစာအာဟာရဖြစ်ပါတယ်။ နေ့စဉ်လိုလို ကြုံတွေ့နေရတဲ့ကိစ္စဖြစ်ပါ တယ်။ လူ့အဖွဲ့အစည်းထံကို အရေးမကြီးဘူး ထင်ရပေမယ့်၊ ရိုက်ခတ်မှု သက်ရောက်မှု အားကြီးတဲ့အရာဟာ အစာအာဟာရကိစ္စဖြစ်ပါတယ်။ ခန္ဓာကိုယ် ဖွံ့ဖြိုးခြင်းဆိုင်ရာ ကိစ္စဖြစ်ပါတယ်။ အသက်ရှည်ခြင်း/တိုခြင်းဆိုတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ သန့်ရှင်းတဲ့အစားအစာ၊ ပြည့်ဝတဲ့ အာဟာရ၊ ဘေးထွက်ဆိုးကျိုးကင်းတဲ့ အစားအစာ။ ထိုနည်းလည်းကောင်း သန့်ရှင်းသောရေ၊ သန့်ရှင်းသော လေ၊ မိလ္လာစွန့်ပစ်မှု၊ သွားလာနေထိုင်မှုပုံစံ၊ ဝတ်စားမှု၊ စားသောက်မှုပုံစံ၊ အာဟာရ ချက်ပြုတ်ခြင်းဓလေ့တွေဟာ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်နဲ့ ကံကြမ္မာကို ပြဌာန်း စီရင်တဲ့ကိစ္စဖြစ်ပါတယ်။

မိဘတွေဟာ ကြီးထွားနေဆဲကလေးသူငယ်တွေကို ဘယ်လို ပြုစုကျွေးမွေးမလဲ။ မသေရုံ၊ မငတ်ရုံ၊ အသက်ရှင် ရုံ၊ ကျွေးမွေးခြင်းဟာ တိုင်းပြည်ကို အထိနာပါတယ်။ နေ့စဉ် ရောင်းဝယ်ဖောက်ကားမှုတွေမှာလည်း ကျန်းမာရေး ထိခိုက်နိုင်တဲ့ သယ်ပို့မှု၊ ထုတ်ပိုးမှု၊ သိုလှောင်မှု စတာတွေဟာ မူဝါဒနည်းနာအားဖြင့် ကြပ်ကြပ် မတ်မတ် လုပ်ဆောင်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။

မြန်မာတွေဟာ ဖြစ်သလိုစားတယ်၊ ဖြစ်သလိုနေထိုင်ပါတယ်။ ကလေးသူငယ်တွေကို ကျွေးတဲ့ မုန့်ပဲသရေစာက အစ ဖြစ်သလို၊ ပြီးစလွယ်၊ လက်လွှတ်စပယ်လုပ်ပါတယ်။ ကျန်းမာရေးနီတိဆိုတာဟာ ကိုယ်ကိုယ်တိုင် ဘယ်လို ကျန်းမာအောင် နေထိုင်စားသောက်သွားလာလေ့ကျင့်ရမယ်ဆိုတာ နားလည်ခြင်းဖြစ်သလို၊ နားလည် သလောက်လည်း ကျင့်သုံးတာဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း ကိုယ့်မိသားစု၊ ကိုယ့်သားသမီးကိုလည်း ကောင်းစွာ ပြုစုကျွေးမွေးမွေးမြူထားနိုင်ခြင်းကို ခေါ်ပါတယ်။ ဒါဟာ တစ်ဦးချင်းကိစ္စဖြစ်သလို၊ ကျန်းမာတဲ့ ဝန်း ကျင်ဖြစ်ဖို့ အစိုးရက ရေစနစ်၊ မိလ္လာစနစ်၊ ဈေးစနစ်၊ ရောင်းဝယ် ထားသို သယ်ပို့ ထုပ်ပိုးခြင်းနဲ့ ထုတ်လုပ် စိုက်ပျိုး မွေးမြူခြင်း ကဏ္ဍကြီးတစ်ခုလုံးကို ခိုင်မာတဲ့ မူဝါဒနဲ့ အသက်သွင်း နိုင်ခြင်းဖြစ်ပါတယ်။

မြန်မာမိဘတွေဟာ ကျန်းမာရေးနီတိခေါင်းပါးသလို၊ ဆရာ/ဆရာမတွေလည်း ပညာရေးမှာ ကျန်းမာရေးနီတိ ကို ကောင်းကောင်း ပေးနိုင်ဖို့ အားနည်းလှပါတယ်။ မြန်မာပြည်မှာ ပြည်သူ့ကျန်းမာရေး (community health) အားနည်းသလို စားသောက်နေထိုင်မှုနဲ့ပတ်သက်ပြီး အခြေခံကောင်းတွေ ဖြည့်စွမ်းထားမှု အားနည်းတယ်။ ဒီလို နဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ လူငယ်တွေဟာ ကျုံ့လှီလာတယ်။ သေးကွေးလာတယ်။ လေးလံနေတယ်။ ထိုင်းမှိုင်းနေတယ်။ ကြံ့ခိုင်မှု မရှိ လူဗလံလေးတွေဖြစ်နေကြတယ်။ ဒါဟာ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်အတွက် သိပ်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။

မြန်မာတွေဟာ ဆင်းရဲမွဲတေလွန်းတော့၊ အသားများများ မစားကြရဘူး။ အသီးအနှံစုံစုံလင်လင်စားဖို့ အခွင့်မရ ကြဘူး။ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းအောင် လေ့ကျင့်ဖို့ ဝန်းကျင်ကောင်းတွေ ပျောက်ဆုံးနေကြရတယ်။ ဆေးရုံ ဆေးခန်းတွေမှာ လူတစ်နေပြီး၊ အရည်အသွေးနိမ့် အရက်ယမကာတွေကို အလွန်အကျွံ သောက်သုံးနေကြ ရတယ်။

ကျန်းမာရေးနီတိကို ပညာရေးအားဖြင့်၊ နိုင်ငံအဆောက်အအုံကောင်းတွေ ပံ့ပိုးပြီး လူ့အဖွဲ့အစည်းထံ ပေါင်းစည်း တန်ဖိုးမြင့်လာစေဖို့ဖြစ်ပါတယ်။

@@@

အမူအကျင့်ကောင်းတွေ ဖြစ်ထွန်းပြီး ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလတွေ ဖွံ့ဖြိုးသန်မာစေဖို့ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းဟာ တစ်ဦးချင်းစီရဲ့ အပြုအမူတွေရဲ့ စုစုပေါင်း ရလဒ်နဲ့ တန်ဖိုးကို တည်ဆောက် ယူရတာဖြစ် ပါတယ်။

လေ့ကျင့်ပျိုးထောင်နိုင်ကြပါစေ….
ကျနော်တို့ ပြည်သူတွေ ဘယ်လောက်ပြုံးနိုင်ကြပါသလဲ…..။

မင်းသေ့
ညနေ ၅ း ၁၉
၂၂ ၊ စက်တင်ဘာ၊ ၂၀၂၀။
ရန်ကုန်မြို့။

မှတ်ချက်။ ။ ဤဆောင်းပါးသည်၊ ဒဂုံတက္ကသိုလ်၊ ကျောင်းနံရံ စာစောင်အတွက် ပေးပို့ပြီးစာမူဖြစ်ပါသည်။

Previous post ▄ ပါတော်မူ စစ်တမ်း
Next post ▄ သရီးစီ နှင့် ချည်းကပ်နည်း သုံးသွယ်