မြန်မာပြည်မှာ ဘာသာရေးစာအုပ်တွေ အများကြီးရှိပါတယ်။ ဘာသာရေးလို့ ပြောတဲ့နေရာမှာ ၊ ဗုဒ္ဓဘာသာ ကို ညွှန်းတာဖြစ်တယ်။ ဘာသာရေးစာအုပ်တွေကို ရဟန်းပုဂ္ဂိုလ်တွေကလည်း ရေးသားပြုစုတယ်။ လူပုဂ္ဂိုလ်တွေ ကလည်း စီရင်ရေးသားတယ်။ မြန်မာပြန်တွေလည်း ရှိသလို၊ ဇာတ်နိပါတ်တွေလည်း ရှိတယ်။ ဗုဒ္ဓဝင်တွေလည်း အမျိုးမျိုး ရှိသလို၊ ထေရုပ္ပတ္တိတွေလည်း အမြောက်အမြားပါပဲ။ ဝိနည်းဆိုရင်လည်း ဝိနည်းအလျောက်၊ ဝိနိစ္စယ ဆိုလည်း ဝိနိစ္စယအလျောက် စာအုပ်အမျိုးမျိုးတွေ့ရပါတယ်။ ပရိတ်တွေ၊ ပဌာန်းတွေလည်း အမျိုးမျိုးအဖုံဖုံ ရှိတယ်။ ဗုဒ္ဓစာပန်းချီတွေ၊ အဘိဓမ္မာတွေ၊ ဗုဒ္ဓဟောကြားခဲ့တဲ့ သုတ္တန် သာဓကတွေလည်း အမျိုးမျိုး အဖုံဖုံပါပဲ။ ဗုဒ္ဓဘာသာသမိုင်းကို ရေးသားပြုစုထားတာတွေလည်း တွေ့ရတယ်။ ဝိပဿနာနဲ့ပတ်သက်ပြီး မြောက်မြားစွာ သော စာအုပ်တွေ ရှိပါတယ်။

ဒီအကြောင်းအရာတွေနဲ့ဆက်စပ်ပြီး ကျနော် မြင်မိ၊ တွေးမိတာ တစ်ချို့ကို ပြောချင်ပါတယ်။ ဘုန်းတော်ကြီး တွေ ကိစ္စပါ။ ရဟန်းသံဃာကိစ္စတွေ ဖြစ်ပါတယ်။ ဗုဒ္ဓသာသနာတော်ကို လက်ဆင့်ကမ်း သယ်ပိုး၊ သယ်ဆောင် ဖြန့်ချိလာသူတွေဟာ ရဟန်းသံဃာတွေ ဖြစ်ပါတယ်။ ဒါယကာ၊ ဒါယိကာမတွေရဲ့ အလှူဒါနတွေကို လယ်ယာ မြေကောင်းသဖွယ် ဖြစ်ထွန်းစေတာလည်း ရဟန်းသံဃာတွေ ဖြစ်ပါတယ်။

လူသားတွေမှာ ဘာသာတရားရဲ့အခန်းကဏ္ဍဟာ သိပ်အရေးကြီးတယ်။ အရေးလည်းပါတယ်။ ထိုနည်းလည်း ကောင်းပဲ မြန်မာပြည်အတွက်ဆိုရင် ဗုဒ္ဓဘာသာဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေတယ်။ ဗုဒ္ဓသာသနာမှာ လည်း ရဟန်းသံဃာတွေရဲ့အခန်းကဏ္ဍဟာ အရေးပါတယ်။ အရေးကြီးတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ရဟန်းသံဃာတွေရဲ့ အခန်းကဏ္ဍဟာ သိပ်အရေးပါတယ်။

• အတိတ်ကို လေ့လာကြည့်ပါ။
• သမိုင်းကို လေ့လာကြည့်ပါ။
• တိုင်းပြည်ထူထောင်ရေးကာလတွေကို လေ့လာကြည့်ပါ။
• နိုင်ငံတည်ဆောက်ရေးကာလတွေကို လေ့လာကြည့်ပါ။
• အာဏာစက်ဖြန့်ကျက်ရေးဖြစ်စဉ်တွေကို လေ့လာကြည့်ပါ။
• တော်လှန်ရေးသမိုင်းကို လေ့လာကြည့်ပါ။
• အမျိုးသားရေးလှုပ်ရှားမှုတွေကို လေ့လာကြည့်ပါ။
• လူမှုပြုပြင်ပြောင်းလဲရေးကာလတွေကို လေ့လာကြည့်ပါ။
• ပဋိပက္ခ ဖြေရှင်းရေးနဲ့ ငြိမ်းချမ်းရေးဖြစ်ရပ်တွေကိုလေ့လာကြည့်ပါ။

ရဟန်းသံဃာတွေရဲ့ အခန်းကဏ္ဍဟာ ကြီးမားစွာ ပါဝင်နေတာ တွေ့ရပါလိမ့်မယ်။ တချို့နေရာတွေမှာ ဦး ဆောင်သူ အခန်းကဏ္ဍမှာ ပါဝင်တယ်။ တချို့နေရာတွေမှာ သံဃာတွေဟာ ဦးဆောင်မှု အစိတ်အပိုင်းတစ်ရပ် အနေနဲ့ပါဝင်တယ်။ တချို့နေရာတွေမှာ နောက်ကွယ်က ထောက်ခံရပ်ခံသူအဖြစ် ပါဝင်တယ်။ တချို့နေရာတွေ မှာ ကြားဝင်ဖြန့်ဖြေသူအဖြစ် ပါဝင်တယ်။ တချို့နေရာတွေမှာ လမ်းညွှန်ပြသသူအဖြစ် ပါဝင်တယ်။ တချို့နေရာ တွေမှာ ကိုယ်တိုင် တော်လှန်သူ အဖြစ်ပါဝင်တယ်။ တချို့နေရာတွေမှာ ထောက်ပံ့ကူညီသူအဖြစ် ပါဝင်တယ်။ ပါဝင်အားဖြည့်သူ အဖြစ် ပါဝင်တယ်။ တချို့နေရာတွေမှာ ကြီးမှူးသူအဖြစ် ပါဝင်တယ်။ တချို့နေရာတွေမှာ ထိန်းကျောင်း ပဲ့ပြင်သူအဖြစ် ပါဝင်တယ်။ ရဟန်းသံဃာတွေရဲ့ ပါဝင်မှုဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်းရှိနေပါတယ်။

တိုင်းပြည်အစိုးရဟာ ပြည်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကို ဖြည့်ပေးဖို့ တာဝန်ယူပြီး၊ ရဟန်းသံဃာ ဘုန်းတော်ကြီးတွေဟာ ပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ပို့ တာဝန်ယူပါတယ်။ ဒါယကာ၊ ဒါယိကာမတွေ ကျွေးတဲ့ဆွမ်းကို စားပြီး ဒါယိကာ၊ ဒါယိကာမတွေရဲ့ အကျိုးကို ရိုးသားစွာ လိုလားတော်မူတဲ့ ရဟန်းသံဃာတွေ သမိုင်းမှာ အမြောက်အမြားရှိခဲ့တယ်။ အတိတ်မှာ များပြားစွာ ရှိခဲ့တယ်။

တစ်ဖက်မှာလည်း အစိုးရတွေ၊ အာဏာရှိသူတွေ၊ လက်နက်ကိုင်တွေ၊ ပါတီအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး ကစား ကွက် ထွင်မှုကြောင့် ကြားညှပ်ပြီး ကပြ အသုံးတော်ခံရတဲ့ ဘုန်းကြီးတွေလည်း အများကြီး ရှိခဲ့တယ်။ ရှိနေတယ်။ အတိတ်သမိုင်းကို ကြည့်လိုက်ရင် ဘုန်းတော်ကြီးတွေရဲ့ လုပ်ရပ်တွေဟာ များစွာသော အမှား အယွင်း မရှိခဲ့ပါ။ သို့သော် ချွင်းချက်များတော့ ရှိပါတယ်။ ခေတ်တွေ စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ ဘုန်းကြီးတွေရဲ့ ပြုမှုတုံ့ပြန်ပုံတွေဟာ ပြောင်းလဲလာခဲ့ပါတယ်။

နယ်ချဲ့တော်လှန်ရေး၊ ဝံသာမှုလှုပ်ရှားမှု၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲမှာ ရဟန်းသံဃာတွေရဲ့ လုပ်ရပ် နဲ့ ရပ်တည်ချက်ဟာ တစ်မျိုး တစ်ဘာသာဖြစ်ပါတယ်။ လွတ်လပ်ရေးရအပြီး တိုင်းပြည်ထူထောင်ရေးကာလမှာ အာဏာစက်နဲ့ ဓမ္မစက်ပေါင်းပြီး တိုင်းပြည်ရဲ့ ပြည်သူလူထုကို ပြုပြင်ဖို့ တာဝန်ယူတုံ့ပြန်တဲ့ လုပ်ရပ်တွေက တစ်မျိုးတစ်ဖုံ ကွဲပြားလာပါတယ်။ ကောင်းကျိုးဖြစ်ထွန်းမှု များပြားခဲ့တဲ့ ကာလတွေလို့ ဆိုလို့ရပါမယ်။ သို့ပေ မယ့် အစဉ်အတိုင်း အမြဲ မတည်ပါ။ ပြောင်းလဲမှုများ ချွင်းချက်များ ရှိလာပါတယ်။
ခေတ်ရဲ့ အပြောင်းအလဲ၊ စနစ်နဲ့ အချိုးအကွေ့မှာ တုံ့ပြန်မှုတွေ ကွဲလွဲလာပါတယ်။ သဘောထားအမြင်တွေ ပြောင်းလဲလာပါတယ်။ အာဏာရှိသူ အစိုးရဟာ နိုင်ငံတော်လမ်းစဉ်နဲ့ အပ်စပ်မယ့် အသွင်သဏ္ဍာန်ကို ပုံဖော်ပါ တယ်။ ဒီလိုပုံဖော်တဲ့နေရာမှာ သာသနာတော်ကို ပုံသွင်းမှု ရှိခဲ့တယ်။ မင်းတုန်းဘုရင်ခေတ်မှာလည်း ရှိခဲ့သလို၊ အနော်ရထာခေတ်မှာလည်း ရှိတယ်။ ဗမာဘုရင်အဆက်ဆက်မှာ ပုံဖော်တည်ဆောက်မှု အမျိုးမျိုးရှိခဲ့တယ်။

လွတ်လပ်ရေးရအပြီး ပါလီမန်ခေတ်မှာ ဦးနုအစိုးရရဲ့ သာသနာအပေါ် ထားတဲ့ သဘောထားရှိတယ်။ ဗိုလ်နေဝင်းခေတ်မှာ သံဃာ့အဖွဲ့အစည်းကို ဘယ်ပုံဘယ်နည်းနဲ့ ပုံဖော်တွဲဆက်ခဲ့သလဲ။ ၈၈ အရေးအခင်း ကာလမှာ ဘုန်းတော်ကြီးတွေ၊ သံဃာတွေရဲ့ အရေးပါတဲ့အခန်းကဏ္ဍက ဘာလဲ။ နဝတခေတ်နဲ့ နအဖခေတ်မှာ အသွင်ပြောင်းလာတဲ့ ဘုန်းတော်ကြီးတွေ၊ သံဃာတွေရဲ့ တုံ့ပြန်မှုတွေဟာ ဘယ်လို ကွဲပြားဖြစ်တည်လာခဲ့ သလဲ။ အသွင်ကူးပြောင်းရေးခေတ်မှာ ပါဝင်လာတဲ့ ဘုန်းကြီးသံဃာတွေရဲ့ ပုံစံတွေက ဘယ်နယ်ပယ်တွေမှာ ဘယ်လို ဘယ်ကဲ့သို့လဲ။

ဒီမေးခွန်းတွေကို ဖြေဖို့အတွက် ကျနော် မတတ်နိုင်ပါဘူး။ သို့ပေမယ့် မြန်မာပြည်မှာ လိုအပ်ချက် တစ်ခုကို နားလည်လာရပါတယ်။ ပညာရပ်နယ်ပယ်အသီးသီးမှာ ခေတ်မီပညာရပ်တွေကို သင်ကြားတဲ့ လူငယ်ပညာ တတ်တွေက လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ဒီလူငယ်တွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ရှိတဲ့ ဘုန်းကြီး သံဃာတွေရဲ့ အခန်းကဏ္ဍကို သေချာ နှိုက်နှိုက်ချွတ်ချွတ်လေ့လာပြီး သုတေသနလုပ် ရေးသားပြုစုကြဖို့ ကောင်းတယ်။ မြန်မာ့နိုင်ငံရေးကို နားလည်ဖို့အတွက် ဘုန်းကြီးသံဃာအဖွဲ့အစည်းအကြောင်းကို ပြည်သူတွေ ဟာ ဂဃနဏ နားလည်ဖို့ လိုတယ်။ မြန်မာ့လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲဖို့အတွက် လူ့အဖွဲ့အစည်းရဲ့ ထိပ်ပိုင်းအလွှာမှာ အရေးပါတဲ့ ဘုန်းကြီးအလွှာ၊ သံဃာ့အဖွဲ့အစည်းရဲ့ ပြုမူမှု အခန်းကဏ္ဍကို လေးလေး နက် နက် သိနားလည်ဖို့ လိုတယ်။

ရဟန်းသံဃာတွေရဲ့ တာဝန်မှာ ဗုဒ္ဓအဆုံးအမအတိုင်း ပါရှိပြီးသားဖြစ်ပါတယ်။ သို့ပေမယ့် ဗုဒ္ဓအဆုံးအမဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ဘာသာရေးတစ်ခုအနေနဲ့ ပြောင်းလဲ ရှင်သန်လာစဉ်မှာ ရဟန်းသံဃာတွေရဲ့ တာဝန်နဲ့ လုပ်ရပ်တွေ၊ အပြုအမူတွေ၊ ပါဝင်ပတ်သက်မှုတွေကလည်း လူ့အဖွဲ့အစည်းရဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေရဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း နှီးနွှယ်ပတ်သက်လာပါတယ်။ ဒါဟာ လူမှုဗေဒ မှာ အရေးကြီးတယ်။ လူမှုသိပ္ပံမှာ အရေးကြီးတယ်။ လူ့အဖွဲ့အစည်းအကြောင်းကို ကောင်းကောင်းနားလည်မှ ပြုပြင်ပြောင်းလဲရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးကို သွားနိုင်လိမ့်မယ်။

မြန်မာပြည်မှာ ဘုန်းကြီးတွေရဲ့ အခန်းကဏ္ဍ မသေးလှဘူး။ သံဃာတွေရဲ့ သဘောထားဟာ အရေးပါတယ်။ ဘုန်းတော်ကြီးတွေရဲ့ လုပ်ရပ်ဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ သက်ရောက်မှု အားကြီးတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းကလည်း ဘုန်းကြီးသံဃာရဟန်းတွေအပေါ် ယုံကြည်ကိုးစားမှုဟာ နက်နဲစွာ ရှိနေတယ်။ ဒါ့ကြောင့် နိုင်ငံရေးအပြောင်းအလဲ၊ လူမှုပြုပြင်ပြောင်းလဲရေး၊ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနဲ့ လူမှုပဋိပက္ခတွေကို ကိုင်တွယ်စီရင်နိုင်ဖို့အတွက် ဘုန်းကြီးသံဃာ့အဖွဲ့အစည်းရဲ့ ကဏ္ဍအကြောင်းရပ်တွေကို အထူးပြုလေ့လာပြီး၊ စာအုပ်စာတမ်းတွေ ရေးသားပြုစုသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

ကျောင်းတော်က အာဏာပိုင်များကို လေ့လာပါ…

မင်းသေ့
နံနက် ဝ း ၄၄
၁၇ ၊ မတ် ၊ ၂၀၂၀
ရန်ကုန်မြို့။

Previous post လူကိုမွေးပါ။ စနစ်ကို တည်ဆောက်ပါ။
Next post လူမမာ လူ့အဖွဲ့အစည်း