လူကိုမွေးပါ။ စနစ်ကို တည်ဆောက်ပါ။

ကျနော်တို့ တိုင်းပြည်ဟာ အင်္ဂလိပ်လက်အောက်ကို နှစ်အကြာကြီးရောက်ခဲ့တယ်။ သို့ပေမယ့် အင်္ဂလိပ်ရဲ့ အမွေကောင်းကို မရပါ။ မရဘူးဆိုတာ အင်္ဂလိပ်က မပေးလို့ မဟုတ်ဘူး။ အင်္ဂလိပ်ဆီက မယူနိုင်ခဲ့တာဖြစ်ပါ တယ်။ ယူနိုင်တဲ့လူတချို့ရှိပေမယ့်လည်း မြန်မာအများစုဟာ အင်္ဂလိပ်အမွေကောင်းကို ငြင်းပယ်ခဲ့တယ်။ ဒါ့ကြောင့် ကိုလိုနီလက်အောက်ခံဖြစ်ခဲ့ဖူးတဲ့ တိုင်းပြည်တွေဟာ လွတ်မြောက်ပြီး မကြာမီ ထူထူထောင်ထောင် ဖြစ်ခဲ့ပေမယ့်၊ ကျနော်တို့ တိုင်းပြည်ဟာ အနိမ့်ကျဆုံး ကျဆင်းခဲ့ပါတယ်။

မြန်မာတွေဟာ စနစ်ကို မတည်ဆောက်တတ်ဘူး။ မြန်မာတွေဟာ စနစ်တစ်ခုကို မထူထောင်တတ်ဘူး။ စနစ် ကောင်းကို လက်ဆင့်ကမ်း အမွေယူဖို့လည်း မတတ်ပါဘူး။ အင်္ဂလိပ်က မြန်မာကို စနစ်တွေ အမွေပေးခဲ့ပါ တယ်။ မြို့ပြစနစ်ကို ဘယ်လို တည်ဆောက်မယ် ဆိုတာ။ ပညာရေးစနစ်ကို ဘယ်လို အသက်သွင်းမယ်ဆိုတာ။ သယ်ယူပို့ဆောင်ရေးစနစ်ကို ဘယ်လို စီမံရမယ်ဆိုတာ။ ဗြူရိုကရေစီစနစ်ကို ဘယ်လို တည်ဆောက်ရမယ် ဆိုတာ။ သယံဇာတထုတ်ယူနည်း စနစ်ဆိုတာ ဘယ်ပုံ၊ ဘယ်ကဲ့သို့။ စသည်ဖြင့်….။

မြန်မာတွေဟာ စနစ်ဆိုတာနဲ့ ဝေးပါတယ်။ ပုဂ္ဂိုလ်ရေး ကိစ္စတွေ အပေါ် အာရုံပြုတာများလို့ စနစ်ဆိုတာကို လူပုဂ္ဂိုလ်ထက် အလေးမထားခဲ့ဘူး။ မူနဲ့ စနစ်နဲ့သွားတဲ့လမ်းစဉ်ကို မနှစ်မြို့ဘူး။ မကြိုက်ဘူး။ မခုံမင်ဘူး။ လူအပေါ်မူတည်ပြီး သွားရတာကို ကြိုက်တယ်။ သဘောကျတယ်။ နှစ်ခြိုက်တယ်။ လူနဲ့ မူ ယှဉ်ရင် မူကို ပစ်တယ်။ လူကို ချစ်တယ်။ မူဆိုတာ၊ စနစ်ဆိုတာကို အပေါ်ယံသဘောပဲ သုံးတယ်။ ကိုယ့်ကျိုးစီးပွားချဲ့ထွင်ဖို့ သုံးတတ်တယ်။ မူတို့စနစ်တို့ ဆိုတာကို လက်ခုပ်ထဲကရေလို မှောက်လိုမှောက်၊ သွန်လိုသွန် လုပ်တတ်တယ်။ ဒီတော့ မြန်မာတွေဟာ မူတို့ စနစ်တို့နဲ့ ဝေးတယ်။

စနစ် မကျခဲ့လို့လည်း မြန်မာတွေဟာ အခုအချိန်ထိ၊ စားသောက်နေထိုင်မှုမှာဖြစ်ဖြစ်၊ ရောင်းရေးဝယ်တာမှာပဲ ဖြစ်ဖြစ်၊ သွားမှုလာမှုမှာပဲဖြစ်ဖြစ်၊ လေ့လာသင်ကြားရေးမှာပဲဖြစ်ဖြစ်၊ စီမံအုပ်ချုပ်မှုမှာပဲဖြစ်ဖြစ် ပရမ်းပတာ ဖြစ်နေတာ တွေ့ရတယ်။ ဗြဲလရမ်းကြီး ဖြစ်နေတာ တွေ့ရတယ်။ စနစ်ဆိုတာနဲ့ မြန်မာတွေဟာ ဂလိုဘယ်လိုက် ဇေးရှင်း ခေတ်မှာတောင် ဝေးနေတုန်းဖြစ်ပါတယ်။

မြန်မာဟာ စနစ်ကို မတည်ဆောက်တတ်သလို၊ လူကိုလည်း မမွေးတတ်ဘူး။ လူကို ဘယ်လိုမွေးမြူရမလဲ ဆိုတာကို နားမလည်ဘူး။ ဘာသာရေးမှာ သားသမီးကို ဘယ်လို ပြုစုပျိုးထောင်ရမယ်ဆိုတာ ဗုဒ္ဓက ဥပမာ၊ ဥပမေယျတွေနဲ့ လမ်းညွှန်ခဲ့ပေမယ့် လုပ်ရင် တလွဲလုပ်တယ်။ အဲဒါ မြန်မာဖြစ်ပါတယ်။ ပညာရေးစနစ်မှာလည်း ကျောင်းသားကို အကောင်းဆုံး ပျိုးထောင်ဖို့ မလုပ်နိုင်သလို၊ လမ်းလွဲနေတဲ့ သွန်သင်မှုတွေကလည်း ယုတ္တိ အမှားတွေ အဖြစ် မင်းမူနေဆဲဖြစ်ပါတယ်။

မြန်မာ့သမိုင်းကို ကြည့်ရင် လူကို မမွေးတတ်လို့ လူကောင်းသူကောင်းတွေ ပြည်ပရောက်သွားကြတာတွေ့ရမှာ ပါ။ ထိုနည်းလည်းကောင်းပဲ ဗီဇကောင်းတွေ သင်းသတ်ခံရတာကိုလည်း တွေ့ရမှာပါ။ လူကောင်းသူကောင်းကို ပျော်အောင် မထားတတ်လို့ လူသူတော်ကောင်း မပျော်တဲ့တိုင်းပြည်အဖြစ် မြန်မာပြည်ဟာ ဖြစ်တည်နေပါ တယ်။ လူ့စွမ်းအားအရင်းအမြစ်ဆိုတာ လောက်လောက်လားလား ပြစရာ မရှိပါ။ နိုင်ငံခြားပညာသင်ယူနိုင်ရင်ပဲ စိန်နားကပ်ရောင်နဲ့ ပါးပြောင်တတ်တဲ့အကျင့်က သာလို့ ဆိုးပါသေးတယ်။

မြန်မာတွေဟာ လူကို မမွေးတတ်သလို၊ လူကိုလည်း တန်ဖိုးမထားတတ်ပါဘူး။ ဘာ သယံဇာတမှ မရှိပေမယ့်၊ လူကို မွေးတတ်လို့ စင်္ကာပူဟာ ချမ်းသာကြွယ်ဝလာပါတယ်။ လူကို တန်ဖိုးထားတတ်လို့၊ လူတော်ကို မွေးပြီး စားတတ်နေပါတယ်။ ကိုယ့်တိုင်းပြည်မှာ လူတော်မရှိသေးပေမယ့် လူတော်ကို မြူဆွယ်ဆွဲဆောင်တဲ့နေရာမှာ စင်္ကာပူက သိပ်တော်ပါတယ်။ မြန်မာဟာ ဒါကို မသိပါ။ မတတ်ပါ။ မြန်မာခေါင်းဆောင်တွေရော၊ မြန်မာလူကြီး သူမတွေရော အားလုံးလိုလိုဟာ လူတော်ကြောက်ရောဂါ ရှိပါတယ်။ ထိုနည်းလည်းကောင်းပဲ မနာလိုဝန်တို မစ္ဆရိယစိတ်အားကြီးပါတယ်။

မနာလိုဝန်တို မစ္ဆရိယစိတ်အားကြီးတာကြောင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ လူတော်ဟာ ကြာကြာ မနေနိုင်ပါ။ ဝေးဝေးပြေးဖို့သာ ကြိုးစားပါတယ်။ မတတ်သာလို့ နေချင်နေရမယ်၊ မပျော်ပါဘူး။ ဒီတော့ မြန်မာ့လူ့အဖွဲ့ အစည်းမှာ လူတော်မနေပျော်ကြဘူး။ လူတော်တွေ မနေပျော်ကြလို့လည်း တိုင်းပြည်မှာ၊ တစ်ဖက်ကန်းတွေ မင်းမူကြီးစိုးနေတာဖြစ်ပါတယ်။

မင်းသေ့
ည ၁၁ း ၀၀
၁၀ ၊ မတ် ၊ ၂၀၂၀
ရန်ကုန်မြို့။

Previous post ၂၀၂၀ ရွေးကောက်ပွဲ proxy party ဘယ်ပါတီလဲ…
Next post သံဃာ့အဖွဲ့အစည်း

One thought on “လူကိုမွေးပါ။ စနစ်ကို တည်ဆောက်ပါ။

  1. မှန်တယ် ဆရာရေ့ လူကျန်ရင် အရင်းပဲ့ လူလုပ်လို့ ကြိုးစားလို့ ဖြစ်တည်လာကြတာပဲ့ လူကြောင့်ပဲ့ တဖန်ပြန်လည် ပျက်စီးမယ်မဟုတ်လား ကျွန်နော်တို့က စဉ်းစားပုံစဉ်းစားနည်းကိုမှ
    တော်တော် ကျန်ခဲ့ပါပြီ အနောက်ကလူတွေကလေယာဉ်မောင်းသူ
    တွေကိုတောင် အသက် အန္တရာယ်
    ကင်းအောင် စဉ်းစားပေး ထားတယ် သူ့ထိုင်ခုံမှာ လေထီး တပ်ပေးထားလိုက်တယ်လေ လူကို ဘယ်လောက် တန်ဘိုးထားတယ်ဆိုတာပေါ်လွင်နေတယ် ဗျာ
    ကျွန်တော်တို့ ဆီနဲ့ တ ခြားစီဗျာ

Comments are closed.