မျိုးဆက်ဟောင်းဆီကနေ လက်ဆင့်မကမ်းသင့်တဲ့ ရောဂါ (၂) မျိုးရှိတယ်။ လူတော်ကြောက်ရောဂါနဲ့ မနာလိုမစ္ဆိရိယရောဂါ ဖြစ်ပါတယ်။

လူတော်ကြောက်ရောဂါဟာ ဘာ့ကြောင့် စဖြစ်တာလဲ။ အကြောင်းကတော့ ကိုယ်ကိုယ်တိုင် မတော်လို့ ဖြစ်ပါ တယ်။ ကိုယ်ကိုယ်တိုင် မတော်တဲ့သူဟာ လူတော်ကို ကြောက်တယ်။ အထူးသဖြင့် ကိုယ့်နဘေးကလူ တော်မှာ ကို သိပ်ကြောက်တယ်။ ပြီးတော့ ကိုယ့်အောက်က လူတော်မှာကို သိပ်ကြောက်တယ်။ ကိုယ်နဲ့ ငယ်ပေါင်းကြီး ဖော်တစ်ယောက် တော်သွားမှာ၊ ထူးချွန်သွားမှာ၊ ပေါက်မြောက်သွားမှာကို သိပ်ကြောက်တယ်။ ကိုယ်နဲ့ တစ်မြေ တည်းနေ တစ်ရေတည်းသောက်တဲ့သူ အောင်မြင်သွားမှာ၊ ကြီးပွားသွားမှာ သိပ်ကြောက်တယ်။

လူတော် ကြောက်ရောဂါ ရတဲ့သူတွေမှာ ပညာကိုယ်ခံအား နည်းတာတွေ့ရတယ်။ သူတို့ဟာ ပညာနဲ့ပတ်သက် ရင် ဟိုစပ်စပ် ဒီစပ်စပ်ပဲ သိကြတယ်။ အပေါ်ယံပဲ နားလည်ထားကြတယ်။ ဒါကို သူတို့ကိုယ်တိုင် သတိထားမိ တယ်။ သူတို့ဟာ တစ်ခုခုကို သေချာ တတ်မြောက်အောင် ကြိုးစားဖို့၊ လုံ့လထုတ်ဖို့တော့ ပျင်းတယ်။ တစ်ဖက် မှာလည်း အတ္တနဲ့ လောဘက ကြီးနေပြန်ရော။ ဒါ့ကြောင့် လောဘကိုလည်း မလျော့ချင်၊ အတ္တကိုလည်း မချိုး နှိမ်နိုင်တဲ့အခါမှာ သူတို့ဟာ သူတို့ တည်မြဲရေးအတွက် ကြံဆကြရတယ်။ အဲဒါကတော့ လူတော်ဖယ်ရှားရေး ဖြစ်ပါတယ်။

သစ်ချောင်း တစ်ချောင်းဟာ ကောက်သလား ဖြောင့်သလားကို ရှင်းရှင်းလင်းလင်း သိချင်လား။ လွယ်ပါတယ်။ သူ့ထက် ပိုဖြောင့်တဲ့ သစ်ချောင်း တစ်ချောင်းကို ယှဉ်ချထားလိုက်ပါ။ ဒါဆိုရင် အဖြေက ပေါ်သွားပြီ။ ဒါဆိုရင် အဖြေက သိသာသွားပြီ။ လူတော်ကြောက်တဲ့သူတွေကလည်း ထိုနည်းလည်းကောင်းပါပဲ။ သူဟာ သူ့နဘေး က သာမန်လူတွေအကြားမှာတော့ လူတော်ကြီး၊ လူတတ်ကြီး လုပ်လို့ရတယ်။ ဒီတော့ သူဟာ သူ့နဘေးက လူတွေကို ရွှီးလို့ရတယ်၊ ဖြီးလို့ရတယ်၊ ပညာပြလို့ရတယ်၊ လှည့်စားလို့ရတယ်။ ဖိန့်လို့ရတယ်။ ဒါပေမယ့် သူ မရတော့တဲ့ အနေအထားရှိတယ်။

အဲဒါကတော့ သူ့နဘေးမှာ သူ့ထက်တော်တဲ့သူ ရောက်လာခြင်းပဲ။ အဲဒီ့အခါမှာ သူဟာ သူ့စိတ်ကို သူ မလုံ တော့ဘူး။ ခါတိုင်း သူ့နဘေးက လူတွေကို သူ ခါတိုင်းဖြီးနေကျ၊ ရွှီးနေကျ၊ ဖိန့်နေကျအတိုင်း လုပ်လို့မရတော့ ဘူး။ အကြောင်းကတော့ သူ့စိတ်ကို သူ မလုံတော့လို့ဖြစ်တယ်။ ဒီတော့ သူ့စိတ်မလုံတော့ဘူး။ စိတ်က မသိုး မသန့်ဖြစ်လာတယ်။ သူက ဒီအတိုင်းနေရင် သူ့ကို နဘေးက လူတွေက ကိုးကွယ်တယ်၊ ဆည်းကပ်တယ်။ ဒါပေမယ့် သူ့ထက်တော်တဲ့သူ ရောက်လာတဲ့အခါမှာ သူ့ကိုယ်စား အဲဒီ့လူတော်ကို လေးစားသွားမှာ၊ ကြည်ညို သွားမှာ၊ ကိုးကွယ်သွားမှာ ကြောက်တယ်။ အဲဒီ့ထက် ပိုကြောက်တာကတော့၊ သူ ရောချ လှိမ့်ချ၊ ရွှီးတာ၊ ဖြီးတာ ကို လူသိသွားမှာ သိပ်ကြောက်တယ်။

မြန်မာစကားပုံ ရှိတယ် မဟုတ်လား။ ဆင်ဖြူ့မျက်နှာ ဆင်မည်း မကြည့်သာ… တဲ့။
ဒီသဘောပါပဲ။

ဒီတော့ ပညာအားဖြင့်၊ အသိဉာဏ်အားဖြင့် ကိုယ်ခံအားမကောင်းတဲ့အခါမှာ လူတော်ကြောက်ရောဂါ ရလာ တယ်။ လူတော်တော်များများဟာ ကိုယ်နဂိုသိထားပြီးသား အသိနဲ့ ဆရာကြီး လုပ်ချင်တယ်၊ ခေါင်းဆောင် လုပ်ချင်တယ်၊ လူတွေအပေါ် ဩဇာလွှမ်းမိုးချင်တယ်၊ ရှိထားတဲ့အသိကလေးနဲ့ တစ်သက်လုံး လူတတ်ကြီး လုပ်သွားချင်တယ်။ ဆက်လက်လေ့လာအားထုတ်ဖို့ ကျတော့ ပျင်းတယ်။
ဆက်လက်လေ့လာအားထုတ်ဖို့ ပျင်းတာကြောင့် အသိတွေက မတိုးတော့ဘူး။ နဘေးက လူတွေက သူ့အသိ တွေကို ရိုးလာမှာ ကြောက်တယ်။ သူ့မှာလည်း ဒါပဲရှိတာ။ ဒါ့ထက် ပိုကောင်းတာ ကျွေးတဲ့သူ ရှိလာလို့ သူ့ နဘေးကလူတွေက စားမိကြိုက်မိသွားရင် သူ ဂွမ်းမှာပေါ့။ ဒီတော့သူက သူ့ထက် တော်တဲ့သူ ၊ ထူးချွန်တဲ့သူ သူ့နဘေး ရောက်လာရင် အလိုလိုနေရင်းကို စိတ်က မလုံတော့တာ။ ဒီတော့ သူ့ထက်တော်တဲ့သူ အရေးပါ၊ အရာ မရောက်ဖို့ကြိုးစားတော့တယ်။ လုံ့လထုတ်တော့တယ်။ သူ့ထက်တော်တဲ့သူမှန်သမျှကို ဖယ်ရှားဖို့ ကြိုး စားတော့တယ်။

လူတော်ကြောက်ရောဂါရနေတဲ့သူတွေဟာ သူ့အသိဉာဏ်နဲ့ သူ့ပညာကို ဆက်လက် ဆည်းပူးဖို့နေရာမှာသာ ပျင်းရိကြတာ၊ လုံ့လ မထုတ်ကြတာ၊ အိရောအိရောနဲ့ နေ့ရွှေ့ညရွှေ့ ရွှေ့နေကြတာ။ သူ့ထက်တော်တဲ့သူကို ဖယ်ရှားဖို့ လုံ့လထုတ်တဲ့နေရာမှာတော့ သိပ် တက်ကြွတယ်၊ သိပ်ကြိုးစားတယ်။ အင်မတန်လည်း အားထုတ် ကြတယ်။ အဲဒီ့အကြောင်းအရင်းက ဘာဖြစ်နိုင်ပါသလဲ။ မနာလိုတာ၊ ဝန်တိုတာ၊ မစ္ဆိရိယစိတ်ဆိုတဲ့ လောင်စာ တွေကြောင့်ဖြစ်ပါတယ်။

လူတော်ကြောက်ရောဂါရှိတဲ့သူမှာ အလိုလိုနေရင်းနဲ့ မစ္ဆိရိယရောဂါ စွဲကပ်ပါလာတယ်။ ကိုယ်ခံအားနည်းတဲ့သူ ဆီကို တခြားသော ရောဂါဘယတွေ ထပ်တိုးဝင်ရောက်လာသလိုပဲ။ လူတော်ကြောက်ရောဂါ ရှိတဲ့သူဆီကို မနာလို၊ ဝန်တို၊ က္ကဿာမစ္ဆိရိယဗိုင်းရပ်စ်တွေကလည်း ဝင်ရောက်ကူးစက်တော့တယ်။ ဒီလိုနဲ့ ဒီလိုလူတွေဟာ လူ့အဖွဲ့အစည်းရဲ့ လူမမာတွေဖြစ်လာတယ်။ ဒီလိုလူမမာတွေဟာ သူ့တို့မှာ ရှိတဲ့ရောဂါကို ပျောက်အောင် လည်း မကုနိုင်ဘူး။ ကုနိုင်တဲ့ ပညာလည်း မရှိဘူး။ ကုချင်စိတ်လည်း မရှိဘူး။ အဲသည့်ရောဂါရနေမှ အသက်ရှင် သလို ခံစားနေရတယ်။ ဒီလိုပဲ လူတော်ကြောက်ရောဂါတို့၊ က္ကဿာမစ္ဆိရိယဗိုင်းရပ်စ်ပိုးတွေဟာ အလိုလိုကူးစက် နိုင်တဲ့ သဘောရှိတယ်။ လူမမာတွေဟာ တစ်ဦးကနေ တစ်ယောက်၊ တစ်ယောက်ကနေ အများကို ကူးစက် သွားလိုက်တာ တဖြည်းဖြည်းနဲ့ လူမမာ လူ့အဖွဲ့အစည်းဖြစ်လာတယ်။

မြန်မာပြည်ကို ကြည့်လိုက်ရင်လည်း သမိုင်းအမွေဆိုးတွေ လက်ဆင့်ကမ်းခဲ့တာတွေ့ရတယ်။ ရောဂါပိုးတွေကို၊ မျိုးဆက်ဟောင်းက မျိုးဆက်သစ်ကို အမွေပေးတာ တွေ့ရတယ်။ မျိုးဆက်သစ်ကလည်း ပညာနုပ်နည်းတဲ့အခါ ရောဂါပိုးမှန်း မသိဘူး။ မျိုးဆက်ဟောင်းက လူကြီးတွေဟာ ရှေးဟောင်းဆိုတာ ထိန်းသိမ်းရကောင်းတယ်ဆိုတဲ့ ဂျင်းကို ထည့်တယ်။ အမွေဆိုတာ ထိန်းသိမ်းရမယ်ဆိုတဲ့ ဂျင်းကို ထည့်တယ်။ အမွေဆိုတာ ဆက်ခံရမယ်ဆိုတဲ့ ဂျင်းကို ထည့်တယ်။ ဒီနည်းနဲ့ ရှေးရိုးစွဲဝါဒကို ထူထောင်ပြီး ယုတ္တိအမှားတွေကို သူတို့အတ္တတွေ အဓွန့်ရှည်ဖို့ အတွက် ဖိုထိုးလောင်ကျွမ်းစေတော့တာပဲ။ ပညာနုပ်နည်းတဲ့မျိုးဆက်သစ်က ဒါကို မသိပါဘူး။ ရှေးထုံးကို မပယ် ကောင်းဘူးဆိုတဲ့ တရားသေအစွဲနဲ့ လက်ဆင့်ကမ်းယူတယ်။ မွေခံထိုက်စေ…. ဆိုတဲ့ စကားရပ်က ပါသေး။ ဒီတော့ လူမမာ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာတယ်။ ခိုင်မာလာတယ်။ ကြီးမားလာတယ်။ ကျယ်ပြန့်လာတယ်။
အရူးတွေဟာ အရူးတွေအချင်းချင်းအကြားမှာ သူတို့ကိုယ် သူတို့ အရူးလို့ မထင်ကြပါဘူး။ မိုးခါးရေသောက်ပြီး ရူးသွားတဲ့ အရူးတွေ များလာပြီး လူကောင်းတွေကို အရူးလို့ လက်ညှိုးထိုးကြတယ်။ လူကောင်းတွေထဲမှာလည်း group think လို့ခေါ်တဲ့ အုပ်စုတွေးကို မကျော်နိုင်တဲ့သူတွေက အများလိုပဲ မိုးခါးရည်သောက်လိုက်ကြတယ်။ ဒီလိုနဲ့ လူမမာ လူ့အဖွဲ့အစည်းမှာ လူကောင်းသူကောင်း မကျန်တော့လောက်တဲ့အထိဖြစ်လာတယ်။

ကျနော်တို့မျိုးဆက်ဟာ ဒီဖြစ်စဉ်ကို နားလည်ရမယ်။ ဒီဖြစ်စဉ်ကို နားလည်သင့်တယ်။ ကျနော်တို့ဟာ အမှုမဲ့ အမှတ်မဲ့နေတဲ့ မျိုးဆက် မဖြစ်သင့်ဘူး။ ကျနော်တို့ဟာ ဆန်ကုန်မြေလေးတွေ မဖြစ်သင့်ဘူး။ လတ်လျားလတ် လျားနဲ့ အိရောအိရော ယောင်ဝါးမျိုးဆက် မဖြစ်သင့်ဘူး။ အတိတ်ကို လေ့လာသင့်တယ်။ အတိတ်မှာတော့ မနေထိုင်သင့်ဘူး။ လူကြီးသူမတွေ လက်ဆင့်ကမ်းတဲ့အရာဟာ မသင့်ရင် လက်ဆင့်ကမ်းတဲ့လက်ကို ရဲရဲဝံ့ဝံ့ ပုတ်ချပစ်လိုက်ရတယ်။ ပြတ်ပြတ်သားသား ငြင်းဆန်ရမယ်။ အမွေတိုင်းကို မယူသင့်ဘူး။

ကျနော့်တို့ကို ပေးတဲ့အမွေတွေက ဘာတွေလဲ။ အာဃာတ အမွေတွေလား၊ မုန်းတီးခြင်းအမွေအနှစ်တွေလား။ မနာလို၊ ဝန်တို၊ က္ကဿာမစ္ဆိရိယစိတ်နဲ့ ကဖျက်ယဖျက်လုပ်တတ်တဲ့ အမူအကျင့်တွေလား။ ကျနော်တို့မျိုးဆက် ဟာ ကျနော်တို့ရှေ့က မျိုးဆက်ကို မေးခွန်းထုတ်ရတယ်။ မေးခွန်းတွေ နာနာထုတ်ရမယ်။ နိုင်နိုင်ထုတ်ရမယ်။ ကျနော့်ခေါင်းထဲမှာ အသိနဲ့ ပညာနုပ်နည်းရင် မေးခွန်းတွေ ထုတ်တတ်မှာ မဟုတ်ဘူး။ ထုတ်တတ်တယ်ဆိုရင် လည်း သိပ်လွယ်လွန်းအားကြီးနေလိမ့်မယ်။ ကျနော်တို့ဟာ ကျနော်တို့ရှေ့က မျိုးဆက်ဟောင်းကို အားမနာ သင့်ဘူး။

လူကြီးဆိုတာ ကိုယ့်ထက် အသက်ကြီးလို့ လူကြီးဖြစ်နေတာ။ ကိုယ့်ထက် အရင်မွေးလို့ လူကြီးဖြစ်နေတာ။ လူကြီးဖြစ်တာ တစ်ခုတည်းနဲ့တော့ လေးစားရိုသေ ညွှတ်တွားလို့ မဖြစ်ဘူး။ လူကြီးတစ်ယောက်မှာ လူကြီး တစ်ယောက်နဲ့ ထိုက်တန်တဲ့ ကိုယ်ကျင့်တရား၊ အသိဉာဏ်ပညာ၊ အတွေ့အကြုံ၊ စိတ်ဓာတ်နဲ့ ရင့်ကျက်မှုတွေ ရှိမှ။ ဒီလိုတန်ဖိုးတွေ ကိန်းအောင်းနေမှ ကျနော်တို့ဟာ လူကြီးတွေကို လေးစားရမယ်။ လေးစားဖို့ လိုတယ်။ အဲသည်လိုမှ မဟုတ်ရင် လေးစားဖို့ မထိုက်ဘူး။

ကျနော့် အစ်မတစ်ယောက် ငယ်ငယ်တုန်းက ဘုရားရှိခိုးရင်၊ အမြဲတမ်း ထည့်ရွတ်တဲ့ ရှိခိုးနည်းနဲ့ ကျနော်က တော့ ဘယ်တုန်းကမှ ဘုရားမရှိခိုးခဲ့ဖူးဘူး။ နောက်လည်း ရှိခိုးမှာ မဟုတ်ဘူး။ ဘုရားရှိခိုးရင်းနဲ့ “ကိုယ့်ထက် တစ်နာရီကြီးသောသူ၊ တစ်မိနစ်ကြီးသောသူ တို့ကို ရှိခိုးပါ၏…ဘုရား…” တဲ့။

ကျနော်ကတော့ ဒီလိုပုံစံမျိုး ဘယ်တော့မှ ရှိခိုးမှာ မဟုတ်ပါဘူး။ ကျနော်တို့မျိုးဆက်ဟာ ပေးတဲ့ အမွေတိုင်းကို မျက်စိမှိတ်ပြီး အားလုံး ဇွတ်အတင်း လက်ခံနေရလောက်တဲ့အထိ မတုံးဘူး။ မ,အ ဘူး။ မညံ့ဘူး။ မနုပ်နည်းဘူး။ ကျနော်တို့ဟာ စိစစ်မယ်။ စဉ်းစားမယ်။ တွေးမယ်။ ချင့်ချိန်မယ်။ ဆင်ခြင်မယ်။ လေ့လာကြည့် မယ်။ ရှာဖွေကြည့်မယ်။ ယုတ္တိရှိမရှိ၊ ယထာဘူတကျ မကျ၊ ဓမ္မဓိဌာန်ကျ မကျ သုံးသပ်မယ်။ အကဲဖြတ်မယ်။ အဲသည်လို မဟုတ်ဘဲနဲ့ ငါတို့က အကြီး၊ ငါတို့က လူကြီး၊ ငါတို့က ဆရာတွေ၊ မိဘတွေ ဆိုပြီးတော့ အရမ်းကာ ရော ထိုးသိပ်လက်သိပ်ထိုးလောက်ရအောင် ကျနော်တို့ မျိုးဆက်က မညံ့ဘူး။ ကျနော်တို့မှာ ခေါင်းပါတယ်။ ခေါင်းထဲမှာ ဦးနှောက်ရှိတယ်။ ကျနော်တို့ စဉ်းစားချင်တယ်။ ကျနော်တို့ လေ့လာချင်တယ်။ ကျနော်တို့ကို ဝါဒ မဖြန့်နဲ့။ ကျနော်တို့ကို ဂျင်းမထည့်နဲ့။ ကျနော်တို့ဟာ ကျနော်တို့ ခေတ်မှာ ရှေ့မျိုးဆက်ဟောင်းက အနာနဲ့ ရောဂါတွေကို ကျနော်တို့မှာ မကူးအောင် ကြိုးစားဖို့ လုပ်ရမယ်။ အဲသည်လိုမှ မဟုတ်ရင်တော့ လူမမာ လူ့အဖွဲ့ အစည်းဟာ ဘယ်တော့မှ ဆုံးမှာ မဟုတ်တော့ဘူး။

အပင်ကြီးလို့သာ နတ်ဖြစ်နေတာ၊ ပြစရာ တန်ခိုးက မရှိတဲ့ နတ်တွေကို သိပ်မလေးစားချင်ဘူး။ ပညာတန်ခိုး၊ ကိုယ်ကျင့်တရားတန်ခိုး၊ ရင့်ကျက်တည်ငြိမ်ဖြောင့်မတ်တည်ကြည်မှု တန်ခိုးတွေကို ပိုင်ဆိုင်တဲ့ နတ်တွေ ဖြစ်စေ ချင်ပါတယ်။ အသက်ကြီးလို့ လူကြီးဖြစ်နေတာကို အလကားပဲတင်း အလေးစားမခံချင်စမ်းပါနဲ့….. လို့ ပြောချင် ပါတယ်။

မင်းသေ့
နံနက် ဝ း ၁၅
၁၄ ၊ မတ် ၊ ၂၀၂၀ ။
ရန်ကုန်မြို့။

Previous post သံဃာ့အဖွဲ့အစည်း
Next post စာဖတ်သမားသို့/